ရွှေတောင်မြို့သို့ရောက်သောအခါ
ရွှေနတ်တောင်ဘုရားကြီးအကြောင်းကတော့ ပြည်ခရိုင် ရွှေတောင်မြို့နယ်ရှိ ရွှေနတ်တောင်ဘုရားသည် မြန်မာနိုင်ငံတွင် ထင်ရှား၍ တန်ခိုးကြီးဘုရားစေတီတော်တို့တွင် တစ်ဆူအပါအဝင် ဖြစ်တယ်။ ရွှေနတ်တောင် ဘုရားသည် ရွှေတောင်မြို့တောင်ဖက် လေးမိုင်အကွာ ဒေဝါဂီရီခေါ် ရွှေနတ်တောင်ကုန်းမြင့်ပေါ်တွင် တည်ရှိပြီး စေတီတော်ဆိုင်ရာ သမိုင်းဟောင်း၊ သမိုင်းလတ်များအပြင် ပါဠိဘာသာဖြင့် ရေးသားထားသော သမိုင်းသစ် စသည်ဖြင့် အထင်အရှားရှိပါသည်။ သမိုင်းအဆိုအရ မြတ်စွာဘုရား သခင်သည် သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရတော်မူပြီးနောက် တစ်နှစ်မြောက်ဖြစ်သော သက္ကရာဇ် ၁၀၄ ခုနှစ်တွင် ရာဇဂြိုဟ်ပြည်ဝေဠုဝန်ကျောင်းတိုက်မှ ယခု ရွှေနတ်တောင် ဘုရားတည်ရာ ဒေဝါဂီရိတောင်သို့ အရံသံဃာမပါ ကိုယ်တော်တစ်ပါးတည်းသာလျှင် တောင့်စောင့်ကြီးနတ်ကြီးအသွင်ဖြင့် ကြွရောက်တော်မူသည်။ ထိုကာလက ယင်းတောင်ကြီး၏ အနီးရှိ ယခု ရွှေတောင်မြို့ နေရာဖြစ်သော ကဉ္စန ဂီရိ နိဂုံးသူ နိဂုံးသားတို့သည် ဘာသာအလိုက် စရိုက်အားလျော်စွာ နတ်ကိုးကွယ်ကြရာ ထိုတောင်ကြီးပေါ်၌ နတ်ကွန်းဆောက်၍ တပေါင်းလတိုင်း ထိုတောင်စောင့်နတ်ကြီးကို ဆည်းကပ် ပသတင်မြှောက် ပူဇော်ကြသည်။
ဒေဝါဂီရိတောင်ထိပ်ပေါ်သို့ ဘုရားရှင်ကြွချီတော်မူသည့်ကာလ နတ်ဗြဟ္မာတို့လည်း ပူဇော်ရန် အသီးသီး ရောက်ရှိလာကြကုန်သည်။ ထိုအခါ တောင်အလုံးသည် ဘုရားရှင်၏ ရောင်ခြည်တော်တို့ဖြင့် တလျှပ်လျှပ် ထွန်းပ၍ နေလေသည်။ ယင်းသို့ အလျှံအဝါ တောက်ပပုံကို မြင်ရသော နိဂုံးသူနိဂုံးသားတို့သည် တအံ့တဩဖြစ်ကာ နောက်တစ်နေ့ နံနက်တွင် တောင်သို့တက်၍ ကြည့်ကြရာ သိကြားမင်းခင်းအပ်သော ပလ္လင်ညောင်စောင်း၌ နတ်သားအသွင် ဘုရားရှင်ကို ဖူးတွေ့ရသောအခါ သူတို့ ကိုးကွယ်သော နတ်မင်း ကိုယ်ထင်ပြသည်ဟု ယူဆကြကုန်သည်။ ဘုရားသခင်အား နတ်ကြီးအမှတ်ဖြင့် ရှိခိုးပူဇော်ကြ၍ ဘုရားသခင် ဟောတော်မူသော တရားကို နာယူကြသည်တွင် အချို့သော ပရိသတ်သည် သရဏဂုံ သုံးပါးနှင့် တကွ ငါးပါးသီလ မြဲကြကုန်သည်။ ဘုရားသခင်သည် ခုနှစ်ရက်ပါတ်လုံး တရားဒေသနာများ ဟောတော်မူပြီးနောက် ရှစ်ရက်မြောက်သောနေ့၌ နိဂုံးသူနိဂုံးသားတို့ ကိုးကွယ်ဆည်းကပ်ရန် ဘုရားရှင် ကိုယ်စား နတ်သားအသွင်ဖြင့် နိမ္မိတရုပ်ပွားတော်ကို ထားတော်မူခဲ့ကာ ရာဇဂြိုဟ်သို့ ပြန်ကြွတော်မူသည်။ နိဂုံးသူနိဂုံးသားတို့သည် ရုပ်ပွားတော်ကို ပျက်ပြားဆုတ်ယုတ်ခြင်း မရှိစေရန် အင်္ဂတေအုတ်ရိုးတို့ဖြင့် ပုထိုးစေတီငုံ၍ တည်လေသည်။ စေတီတည်ကြရာတွင် နေ့တွင် လူတို့က တစ်ရစ်တည်၍ ညဉ့်တွင် နတ်တို့က တစ်ရစ်တက်တည်သည်ဟု အဆိုရှိသည်။ ထို့ကြောင့် သမိုင်းရင်း၌ `လူနတ် နှစ်လီ၊ တရစ်စီ၊ စေတီရွှေနတ်တောင်´ ဟုဆိုသည်။ စေတီတော် ဘုရားပွဲကိုလည်း နိဂုံးသူနိဂုံးသားတို့သည် ရှေးဦးမဆွ ကျ်းပပြုလုပ်မြဲဖြစ်သည့် အတိုင်း နှစ်စဉ် တပေါင်းလ၌ ကျင်းပကြရာ ယုခုခေတ်တိုင်ပင်ဖြစ်သည်။ နတ်ကြိးနေရာတောင်တွင် ရွှေတောင်၊ ရွှေတုံးကြီးကဲ့သို့ အရောင်အဝါများ တဖိတ်ဖိတ် တောက်သည်ကို အစွဲပြု၍ ရွှေနတ်တောင်ဟု တွင်ရာမှ ယင်းတောင်ပေါ်တွင် တည်ထားသော ဘုရားသည် ရွှေနတ်တောင်ဘုရားဟု ကျော်ကြားခဲ့လေသည်။
ရွှေနတ်တောင်ဘုရားကို ဒွတ္ထပေါင်မင်းကြီးမှ အစ မင်းအပေါင်းတို့သည် ဆက်လက် ပြုပြင်ကိုးကွယ်ကြသည်။
ဒွတ္ထပေါင်မင်းကြီး လက်ထက်တွင် မိဖုရားနှစ်ပါး ဖြစ်ကုန်သော ပိဿနိုးနှင့် စန္ဒာဒေဝီ တို့သည် ပျက်စီးယိုယွင်းနေသော ရွှေနတ်တောင် ဘုရားကို အုတ်အင်္ဂတေများ ရှင်းလင်းပြီးနောက် ဘုရားရှင်၏ ဓါတ်တော်ပေါင်း ၁၈၂ဆူကို ရတနာကြုတ်ဖြင့် ထည့်ကာ ဌာပနာ၍ ရွှေစေတီတစ်ထပ် ငွေစေတီတစ်ထပ် မွမ်းမံပြီးလျှင် အုတ်ရိုးစေတီ15တောင်အမြင့် တည်သည်။ ဒွတ္တပေါင်မင်းကြီးကလည်း စေတီတော်ပြိးစီးသော အခါ နေထွက်နေဝင်အခါတွင် စေတီတော်အရိပ်ထွက်သမျှ ဌာနကို ဘုရားမြေဖြစ်စေ၊ ဤနယ်မြေမှ ထွက်သမျှ ဌာနကို ဘုရားမြေဖြစ်စေ၊ ဤနယ်မြေမှ ထွက်သမျှ အခွန်ကို စေတီတော်၌ ဆွမ်းတော်ဝတ်၊ ဆီမီးဝတ် ဖြစ်စေ ဟုု လှူ၍ တပေါင်းလတိုင်း ပွဲလမ်းသဘင် ဆင်ယင်ကျင်းပ ပူဇော်သည်။ ထို့နောက် ပုဂံပြည် တရုတ်ပြေးမင်း၏သားတော် ပြည်စားသီဟသူသည် ခမည်းတော် မှာထားချက်အရ ခမည်းတော်လက်စွပ်ကို ရောင်းချ၍ ရွှေနတ်တောင်စေတီတော်ကို ထပ်မံပြုပြင်ရာ ဉာဏ်တော် ၄၄ တောင် မြင့်လေသည်။ တောင်ငူဘုရင် တပင်ရွှေထီးလက်ထက်တွင် လည်း ကိုယ်တော် လုံးပတ်ပြည့် ရွှေသင်္ကန်းကပ်လှူတော်မူသည်။ ထို့နောက် ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက် သားတော်အိမ်ရှေ့မင်းသည် ရခိုင်ကို အောင်၍ ပြန်လာသည်တွင် ရွှေနတ်တောင်ဘုရားအား ဖူးမြော်၍ ကိုယ်လုံးပြည့်ရွှေသင်္ကန်းကပ်ခဲ့သည်။ ကုန်းတော်ရင်ပြင်ဝယ် တင့်တယ်ထူးဆန်း ခြူးပန်းခြူးနွယ် အသွယ်သွယ်သော ရတနာတို့ဖြင့် ချယ်လှယ်အပ်သော ရွှေပြဿဒ်တော်ကိုလည်းကောင်း၊ စောင်းတန်းလှေကားများစွာသော အရုဏ်ခံတန်ဆောင်းတု့ိကိုလည်းကောင်း ဆောက်လုပ်လှူဒါန်းတော်မူသည်။ ယင်းသို့ မင်းအဆက်ဆက် ပြုပြင်ပူဇော်ခဲ့ရာ ယခု အခါ စေတီတော်သည် ထီးတော်မပါ ဉာဏ်တော် ၆၄တောင်ရှိသည်။ ထီးတော်ပါမူ အတောင်၈ဝမြင့်သည်။ စေတီတော်၏ ဝန်းကျင်ပတ်လည်တွင် စေတီရံ ၁ရဆူနှင့် ရွှေပန်းခိုင်ကြိး၁၅ခိုင်ရှိသည်။ ဘုရားကုန်းတော်ပေါ်၌ ကြေးခေါင်းလောင်းပေါင်း ၂၁လုံး၊ ထီးတိုင်ပေါင်း ၁၄ခုနှင့် ဘုရားဖူးပရိသတ်တို့ နားနေရန် သုံးထပ် ဇရပ်ကြီးနှင့် တကွ ဇရပ် စုစုပေါင်း ၁၅ခုရှိသည်။ မြန်မာနိုင်ငံ ဗြိတိသျှလက်အောက်၌ ရှိစဉ် အိနိ္ဒယနိုင်ငံ နှင့် ခွဲရေးတွဲရေး ပြဿနာ ပေါ်ပေါက်လာရာ ၁၉၃ရခုနှစ် ဧပြီလ၁ရက်နေ့တွင် ခွဲရေးအောင်မြင်သည်ကို အမှတ်ရစိမ့်သောငှာ ဘုရားကုန်းတော်ပေါ်၌ပင် ကျောက်စာတိုင် စိုက်ထူထားသည်ကို တွေ့ရသည်။ စေတီတော်ကုန်း၏ တောင်ဖက်တွင် နှစ်ကျိပ် ရှစ်ဆူ ရုပ်ပွားတော်များ တန်ဆောင်းရှိ၍ ယင်းသို့ သွားရာလမ်းတွင် ဝင်္ကပါတောင်လမ်းရှိသည်။
ထို့ပြင် ဒွတ္တပေါင်မင်းကြီး လက်ထက် အလယ်နန်း ပိဿနိုးမိဖုရားသည် ရှင်မဟာယသမထေရ် ဟောကြားတော်မူသော တေမိဇာတ်တော်ကို ကြည်ညိုလှသဖြင့် တေမိဇာတ်၌ ပါရှိသည့် ကာသိကရာဇ်တိုင်း ဗာရာဏသီပြည်သို့ သွား၍ တေမိမင်းသား ရဟန်းပြုလုပ်သည့် တိုင်အောင်သော အဖြစ်အပျက် နေရာထိုင်ခင်းတို့ကို ရှုမြင်လိုသည့် ချင်ခြင်း ပြင်းပြစွာ ဖြစ်၏။ မိဖုရား၏ ဆန္ဒကို ပြည့်ဝစေရန် ကဉ္စနာဂီရိခေါ်ရွှေတောင်မြို့ကို ဗာရာဏသီမြို့၊ ယင်းမြို့၏ အနီးဝန်းကျင်ကို ကာသိတိုင်းအဖြစ် စီရင်၍ မိဖုရားအား လိုက်လံ ပြသသည်ဟု ဆိုလေသည်။
ထို့ကြောင့် ရွှေနတ်တောင်၏ အနီးဝန်းကျင်တွင် မိဖုရားကြီးလှည့်လည်ကြည့်ရှုစဉ်က တေမိမင်းသားအား မြေမြှုပ်ရန် တွင်းတူးသည့်နေရာဟု ပြသရာ ဖြစ်သော တွင်းတောင်အရပ်၊ ရထားရပ်ရာအရပ်ဖြစ်သော ရပ်တော်မူအရပ် (ယခု မှတ်တော်မူအရပ်)၊ မင်းသားရထားမှ ဆင်း၍ အားစမ်းအံ့သောငှာ ရထားကို မွှေ့၍ လည်စေသောဌာနဟု ပြသည့်အရပ်ဖြစ်သော ယခုအခေါ် မွေလယ်ရပ်၊ တေမိမင်း၏ ခမည်းတော် မယ်တော်တို့လိုက်လာ၍ ရသေ့ရဟန်းပြုကာ နေထိုင်ရာ ဌာနဟု ပြသသည့်အရပ်ကို ခမည်းတော် သင်္ခမ်း၊ မယ်တော် သင်္ခမ်းဟုတွင်သော သင်္ခမ်းကြီးတောင် စသည်တို့သည် ယခုတိုင်ရှိသေးသည်။ သင်္ခမ်းကြီးတောင်တွင်လည်း ဒွတ္တပေါင်မင်းကြီး မိဖုရား ပိဿနိုးနှင့် စန္ဒာဒေဝီတို့က ဓာတ်တော်ဌာပနာ၍ တည်ထားသော သင်္ခမ်းကြီးစေတီလည်း တွေ့ခဲ့ရပါတယ်။
ရွှေနတ်တောင်မှာ ဘုရားအတွက် ပြုပြင်မွမ်းမံများကို လုပ်အားပေးကြသော အနီးအနားမှ ရွာများက လူများအား သာကူကြိုပြီး တိုက်နေကြတာကို တွေ့ရှိရပြီး ဂေါပကမှ အတင်းဖိတ်သဖြင့် ဝင်ပြီး ငတ်တီးကျ အဲ ဝင်ရောက် အားနာပါးနာနဲ့ ခေါင်းမဖော်တမ်း သောက်ကြသေးတယ်။ ကျွန်မတော့ သိပ်မသောက်နိုင်ဘူး ထန်းလျက်များပြီး အတော်ချိုလို့ တစ်ဇွန်းနှစ်ဇွန်းပဲ သောက်ခဲ့လိုက်တော့တယ်။ ရွှေနတ်တောင်ဘုရားမှအပြန် လမ်းခရီးတွင် ခဏအနားယူ အပန်းဖြေခဲ့ကြပါသေးတယ်။
4 comments
unclegyi1974
March 3, 2011 at 3:31 pm
မနော ရ ကိုယ်တိုင်ရောက်တာတောင်
ဓာတ်ပုံလေးတပုံတောင်မရိုက်လာဖူး
ကြည်ညိုရအောင်လို့
လင်းငယ်
March 3, 2011 at 4:48 pm
ကိုယ့်လူရေ…ဖတ်လို့တော့ အဆင်ပြေပါရဲ့။ စာလုံးပေါင်းလေးကိုတော့ ပြန်ပြီး ပြင်လို်က်ပါဦး။ ခုဟာက ခေါင်းစဉ်ကြီးမို့လို့ပါ။
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
March 3, 2011 at 10:56 pm
ဝါရင့်စာရေးဆရာကြီးတစ်ဦးက ပြောဖူးလို့ ကျွန်တော်မှတ်သားထားမိတာက မြန်မာပြည်ကို မြတ်စွာဘုရားရှင် လုံးဝမကြွခဲ့ပါဘူးတဲ့။ မြန်မာပြည်ဘုရားသမိုင်း တွေကလည်း အကုန်လုံးတူတူနီးပါးပဲတဲ့။ တဆိတ်ရှိ သံဃာအပါး ၅၀ဝ ဆိုတာ ပါတယ်တဲ့။ တကယ်တန်းမှာ သံဃာအပါး ၅၀ဝနဲ့ ဒီလောက်ဝေးတဲ့နေရာကို မြတ်စွာဘုရားမကြွဘူးတဲ့။ ပထဝီသဘောကိုကြည့်ပါတဲ့။ မဟာမြတ်မုနိဘုရားဟာ မြတ်စွာဘုရားကိုယ်တော်တိုင် ရင်ငွေ့လှုံပေးတယ်ဆိုတာလည်း မဖြစ်နိုင်ပါဘူးတဲ့။ ရွှေတိဂုံဘုရားအကြောင်းသာပြောရင် သူ့ကို ဝိုင်းသတ်ကြ လိမ့်မယ်တဲ့။
ဒါ ဝါရင့်သမာ္ဘရင့် စာရေးဆရာကြီး (မြန်မာပြည်စာပေလောကမှာ ဩဇာအင် မတန်ကြီးတဲ့ စာရေးဆရာကြီး) က ပြောပြခဲ့တာပါ။ ကျွန်တော့်ကိုယ်ပိုင်အမြင် မဟုတ်ပါ။ ကျွန်တော့်ကို ဝိုင်းမဆဲကြပါနဲ့။
nigimi77
March 4, 2011 at 10:32 am
ကောင်းလိုက်တဲ့ လံကြုတ် သမိုင်း။
” သက္ကရာဇ် ၁၀၄ ခုနှစ်တွင် ရာဇဂြိုဟ်ပြည်ဝေဠုဝန်ကျောင်းတိုက်မှ ယခု ရွှေနတ်တောင် ဘုရားတည်ရာ ဒေဝါဂီရိတောင်သို့ အရံသံဃာမပါ ကိုယ်တော်တစ်ပါးတည်းသာလျှင် တောင့်စောင့်ကြီးနတ်ကြီးအသွင်ဖြင့် ကြွရောက်တော်မူသည်။ ”
ဒီ လန်ကြုတ်ကို ရေးသားတဲ့ ဆရာက မြတ်စွာ ဘုရားကို တောစောင့်နတ်
တောင် ဖမ်းဖြစ်ခိုင်းလိုက်သေးတယ်။ မြတ်စွာဘုရား အသွင်နဲ ့သွားရင် မကြည်ညိုမှာ စိုးလို ့လား။
စဉ်းစားမိတာကို ပြောတာပါ။