ကြားလား
တယ်လီဖုန်းပြောရင် စတင်နှုတ်ခွန်းဆက်စကားကို လူမျိုးအလိုက် ဘာသာစကားအရ အမျိုးမျိုးပြောကြပါတယ်။
“မိုရှိ မိုရှိ” ဆိုတာ ဂျပန်တွေပါ
“အညော်ဆေးရော” ကတော့ ကကြီး ကိုရီးယားတွေ
“ဝေ” ဆိုတာကျတော့ ဝေဝေတို့အမျိုး စိနတိုင်းသား တရုပ်တွေ ပြောတာ။
အများစုကတော့ “ဟယ်လို” “ဟဲလိုး” လေသံပြောင်းလို့ Hello ကိုပြောကြတာများပါတယ်။
သို့သော်လည်းပေါ့ မြန်မာပြည်ကိုရောက်လာတဲ့ ပြင်သစ်လူမျိုးတစ်ယောက်ခမျာမှာတော့ မြန်မာတွေ အသုံးအနှုန်းကို နားစွင့်ရင်း အလွဲကြီး လွဲသွားရှာပါတယ်။
အဲဒီပြင်သစ်လူငယ်က မြန်မာပြည်က ပစ္စည်းတွေဝယ်နေတဲ့သူပါ။ စီးပွားရေးသမားပေါ့။ သူဝယ်နေတဲ့ ပစ္စည်းတွေထုတ်ရာ မြန်မာပြည်က စက်ရုံကို အလုပ်ကိစ္စနဲ့ရောက်လာတာပါ။ စက်ရုံက လှိုင်သာယာ စက်မှု ဇုန်မှာပါ။ လှိုင်သာယာ စက်မှုဇုန်က စက်ရုံထဲမှာ booster / repeater တပ်မထားရင် ဖုန်းလိုင်းမမိပါဘူး။ တပ်ထားတာတောင်ကောင်းကောင်းမမိပါဘူး။ အဲဒီနေ့က ပြင်သစ်လူငယ်ဟာ စက်ရုံစည်းဝေးခန်းမထဲမှာ စကားပြောနေတုန်း စက်ရုံမန်နေဂျာရဲ့ ဖုန်းက ထမြည်ပါတယ်။ ကုန်ကြမ်းသွင်းတဲ့သူဆီကပါ။ အစည်းအဝေးလုပ်နေတုန်းဆိုတော့ ခပ်တိုးတိုးလေး“ကိုလှိုင်မြင့်လား၊ အင်း၊ ပြန်ဆက်လိုက်မယ်” လို့ပြောတာကို ဟိုဘက်က မကြားလို့ထင်ပါရဲ့“ကြားလား ကိုလှိုင်မြင့်၊ ပြန်ဆက်လိုက်မယ်” လို့အသံနည်းနည်းတင်ပြီး အော်ပြောပါတော့ တယ်။ ဒါနဲ့ အလုပ်ကိစ္စ ဆက်ပြီး ဆွေးနွေးပါလေရော။ ခဏနေတော့ သူဌေးလုပ်သူဆီကို သူ့အိမ်က ဆက်တယ်။ သူလည်း “ကြားလား အေး အေး ကြားလား” လုပ်ပြီး ပြောနေရတာပေါ့။ ဖုန်းလိုင်းက ကောင်းကောင်းမမိတော့။ ဒီလိုနဲ့ ဆွေးနွေးတာပြီး သွားတော့ စက်ရုံထဲ လှည့်ပြီး ကြည့်ရင်း အောက်ဘက်မှာ admin manager က ဖုန်းပြောနေတာ ထပ်ကြားရတယ်။ သူလည်း “ကြားလား” အေးအေး ကြားတယ်” လုပ်နေတာ ထပ်တွေ့ပြန်တယ်။ ပြင်သစ်လူငယ်လည်း အဲဒါတွေကို မှတ်ထားပုံရပါတယ်။ အလုပ်ကိစ္စတွေပြောဆိုပြီးတော့ အခြားထွေရာလေးပါးပြောရင်းနဲ့ သူက မေးလာတာက မြန်မာတွေ နှုတ်ဆက်ရင် တာ့တာ လို့ပဲ နှုတ်ဆက်တာကြားမိတယ်တဲ့။ ဟုတ်တယ်ပေါ့။ ဖုန်းပြောရင်ကောတဲ့၊ “ကြားလား” ဆိုတာ “ဟယ်လို” လို့ ပြောတာလား တဲ့။ အိုး….. ကျွန်တော်တို့မှာ ရီလိုက်ရတာ။ သူဘာများမှားသွားလို့ ရီတာလည်းဆိုပြီး ပြင်သစ်လည်း အူကြောင်ကြောင်မျက်နှာပေးနဲ့ ဘာဖြစ်လို့လည်း လို့မေးရှာပါတယ်။ အဲဒီတော့မှ ကိုယ်တိုင်လည်း ဖုန်းပြောရင် ကြားလား ကြားလား ဘယ်လောက်ပြောရတယ်ဆိုတာ သတိထားမိတော့တယ်။
ဒီနေ့ နေ့လည် ဖုန်းတွေပြောရင်း ကြားလား ကြားလား လုပ်မိတုန်း သတိရသွားလို့ ရေးတင်ပေးလိုက်ပါတယ်။ ကြားလား?
10 comments
nozomi
March 29, 2011 at 10:38 am
ကြားတယ် ကြားတယ် ……ဟာ…………………. သူပြောတာ ကိုယ်ကြားပြီး ကိုယ်ပြောတာ သူမကြားဘူး ပြော …ပြော…ကြားတယ်
naywoonni
March 29, 2011 at 10:57 am
hello ! လင်းဝေကျော် ကြားလား? ကြားရင် …….ပြီးရော……..
nigimi77
March 29, 2011 at 11:08 am
အရင်ကတော့ GSM တွေနဲ ့ပြောရင် နား နားကပ်ပြီး နားထောင်လိုက် ပါးစပ်နား ကပ်ပြီး ပြောလိုက်နဲ ့။
CDMA တွေကြတော့ အဆင်ပြေလို ့ သိပ်မကြာပါဘူး အဲဒီ နည်းစနစ်ကို ကျင့်သုံးရပြန်တာပဲ။
တခါ တလေ ကိုယ်ပြောတာကို Phone က ထပ်ပြီး Echo လိုက်နေပြန်ရော။
စနစ် ကို အသုတ်စုံ လုပ်မဲ့ အစား စနစ် တစ်ခုထဲကို ပိုပြီးကောင်း အောင် ဘာကြောင့် မလုပ် သလဲ နားမလည်ဘူး။
အသုံးအနှုံးတွေက အစုံပါပဲ။
(၁) လိုင်းဆွဲအားကောင်းတယ်။ လိုင်းဆွဲအား မကောင်းဘူး။
(၂) လိုင်းကျပ်တယ်။ လိုင်းမကျပ်ဘူး။
(၃) မိုးရွာလို ့။
(၄) လေတိုက်လို ့။
(၅) မြေအောက်ခန်းရောက်နေလို ့။
(၆) တိုက်ကွယ်နေလို ့။
(၇) အိမ်ထဲရောက်နေလို ့။
(၈) သစ်ပင်အောက်ရောက်နေလို ့။
(၉) ဓါတ်ကြိုးအောက် ရောက်နေလို ့။
intro
March 29, 2011 at 11:59 am
နံပါတ် (၁၀) ထပ်ဖြည့်ပေးလိုက်မယ်၊ မြန်မာပြည်က မိုဘိုင်းဖုန်းမို့လို့။ 😛
ယောလေး
March 29, 2011 at 2:45 pm
ကြားလား ကြားလား… ဒီမှာ ကော်နက်ရှင်ကောင်းဘူးဟာ နင်ပြန်ခေါ်လိုက်…..:)
unclegyi1974
March 29, 2011 at 3:50 pm
နဂျီ ရေတမျိုးထဲဆိုတမျိုးထဲလေ
အသုပ်စုံဆိုအသုပ်စုံရတယ်လေ
ကြားတယ်မဟုတ်လား
nigimi77
March 29, 2011 at 4:06 pm
ကြားတစ်ချက် မကြားတစ်ချက်ပါပဲ Uncle Gyi ရေ။
kopauk mandalay
March 29, 2011 at 4:10 pm
ဒါကြောင့်လဲ ဒီနှစ်သင်္ကြန်သီချင်းမှာ အေသင်ချိုဆွေက ဆိုထားတာပေါ့။
ကြားလား ကြားလား ပြောနေတာ ကြားရဲ့လားတဲ့ သူ့ကောင်လေးကိုမေးခွန်းတွေထုတ်နေတာလေ
nature
March 29, 2011 at 4:15 pm
ကျားလား ကြောင်လားကြွက်လား။
pasi
March 30, 2011 at 8:29 am
ကြားလားဆိုတာကြားတယ် ကျန်တာကြားဘူး ဟဲဟဲ အကြွေးတောင်းတာမို့လို့