Ashinindaka ထံ ပြန်လည် ရှင်းလင်း လျှောက်ထားချက် (၁)

researcherApril 7, 20111min1171

အရှင်ဘုရားရဲ့ ပြောပြစရာတွေ တပုံကြီးကို ဖတ်ပြီး အရှင်ဘုရားထံ ပြန်လည် ရှင်းလင်း ပါမယ်လို့ ရေးထားတဲ့အတွက် တပည့်တော်ပြန်ရေးလိုက်ခြင်းဖြစ်ပါတယ်ဘုရား။

လောကီကို တကယ်မစွန့်လွှတ်နိုင်လျှင် ရဟန်းမဝတ်သင့်ပါ လို့ထင်ကြောင်း တပည့်တော်က ရေးထားပါတယ်။ အရှင်ဘုရားပြန်လည်ရေးထားတဲ့ထဲမှာ ၁၂ နှစ်၊ ၁၃ နှစ် အရွယ် လောကီမှန်း၊ လောကုတ္တရာမှန်း မသိသေးတဲ့ အချိန်မှာ မိဘတွေ ကိုရင် ဝတ် ပေးလို့ သာသနာ့ဘောင် ထဲရောက်ပြီး သာသနာ့အာဇာနည်တွေအဖြစ် သာသနာ့ တာဝန်တွေထမ်းဆောင်နေကြတဲ့ ဆရာတော် ကြီးတွေ၊ ရဟန်း၊ သံဃာတော်တွေကို ထောက်ပြထားပါတယ်။ အရှင်ဘုရားက သာသနာ့ဘောင်ထဲက ဆိုတော့ သာသနာ့ ဘောင်မှာ တင်ကျန်နေတဲ့ သူတွေကိုမြင်နေတာပေါ့ဘုရာ့။ တပည့်တော်တို့က လောကီ လူ့ဘောင်မှာ နေသူတွေဖြစ်လေတော့ သာသနာ့ဘောင်မှာ မတင်ကျန်ပဲ လောကီထဲ ပြန်ရောက်လာသူတွေကို မြင်ဘူးပါတယ်။ မိဘကဝတ်ဆိုလို့၊ ကိုယ်တိုင်ကလဲ ဝတ်ရ တာပျော်လို့ဝတ်လိုက်တာပဲ။ နောင်တချိန် မပျော်လို့ပဲဖြစ်ဖြစ်၊ ပျော်သော်လည်း အကြောင်းအမျိုးမျိုးကြောင့်ပဲ ဖြစ်ဖြစ်လူ့ဘောင်ကို ပြန်လာရတဲ့အခါ ကြတော့မှ လောကီပညာရပ်တွေ သင်ချိန်မှာ မသင်လိုက်ရပဲ အချိန်တွေကုန်သွားခဲ့တဲ့ အတွက် ဟိုဘက်မှာလဲမထူးချွန်၊ ဒီဘက်မှာလဲ မဖြစ်မြောက်ဆိုတာ ဖြစ်သွားရတဲ့ သူတွေကို မြင်မိလို့ ရေးလိုက်တာပါ။ တပည့်တော်ကတော့ အရေအတွက်များခြင်းထက် အရည် အချင်းပြည့်ဝ ခြင်းကို ပိုသဘောကျလို့ ဒီလိုရေးရတာပါ။ နောက်ပြီး မိဘဝတ်ခိုင်းလို့၊ ကိုယ် ကိုယ်တိုင်လဲ ပျော်လို့ဆိုပြီး ဝတ်လိုက်တာ လောကီစိတ်လဲမကုန်တော့ သင်္ဃန်း ဝတ်ကြီးနဲ့ ပျော်ပွဲ၊ ရွှင်ပွဲတွေမှာ တွေ့နေရတာမျိုး မဖြစ်ချင်တာလဲ ပါပါတယ်ဘုရာ့။

နောက်တခု ဘုန်းကြီးများ ပရဟိတလုပ်ငန်းဆောင်ရွက်ခြင်းနဲ့ ပတ်သက်ပြီး တပည့် တော်ရေးတဲ့ထဲမှာ ဘုန်းကြီး ရဟန်းတွေ ပရဟိတ လုပ်တာကို မကြိုက်ဘူး၊ မလုပ်သင့် ဘူးလို့ မပါပါဘူးဘုရာ့။ ပရဟိတလုပ်ငန်း ဆောင်ရွက်ခြင်းအမှုကို ဘုန်းကြီးပဲ ဖြစ်ဖြစ်၊ လူဝတ်ကြောင်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊ ခရစ်ယာန်ပဲဖြစ်ဖြစ်၊ ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်၊ ဆင်းရဲ၊ ချမ်းသာ မရွေး ဘယ်သူပဲ ဆောင်ရွက်၊ ဆောင်ရွက် ကောင်း တာပါပဲဘုရာ့။ တပည့်တော်က ကိုးကွယ်ခြင်း ရဲ့ လေးနက်မှုကို ပိုပြီးပေါ်လွင်အောင် လေးစားခြင်းနဲ့ နှိုင်းယှဉ်ပြတာပါ။ စာဖတ်သူမှာ တမျိုးအဓိပ္ပာယ် ဖြစ်သွားတယ် ဆိုရင်တော့ တပည့်တော် အရေးအသား ညံ့လို့ပါဘုရာ့။

အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အရှင်ဘုရားက သီတဂူဆရာတော်ကြီးရဲ့ ဆောင်ရွက်ချက်တွေနဲ့ သာဓကဆောင်သွားပါတယ်။ တပည့်တော်ကလဲ အဲဒီလို သီလ၊ သမာဓိ၊ ပညာ ပြည့်ဝတဲ့ ဆရာတော်ကြီး တွေနဲ့ပဲ နှိုင်းယှဉ်မြင်ပြီး ပြောလိုတာပါဘုရာ့။ တကယ်ပဲ သီလ၊ သမာဓိ၊ ပညာ တွေ ပြည့်ဝနေတဲ့ ဆရာတော်ကြီးတွေက ပရဟိတ လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ လူတွေဆောင်ရွက်တာထက် ပိုပြီး လွယ်ကူ၊ အောင်မြင်တယ်ဆိုတာကို တပည့်တော်တို့အားလုံး သိမြင်နေကြတာပဲလေ။ အဲဒီလိုပဲ သာသနာတော် ပြန့်ပွားရေးလုပ်ငန်းတွေမှာလည်း သီလ၊ သမာဓိ၊ ပညာ ပြည့်ဝတဲ့ ဆရာတော်ဘုရားကြီးများ ဆောင်ရွက်တာနဲ့၊ သာမန် ရဟန်းတော်တပါး ဆောင်ရွက် တာ၊ ဓမ္မာစရိယ လူပုဂ္ဂိုလ်တယောက် ဆောင်ရွက်တာမှာ ပြီးမြောက်မှုခြင်း ကွာပါတယ် ဘုရာ့။ ဒါကြောင့်လဲ တပည့်တော်က သီလ၊ သမာဓိ၊ ပညာ တွေသာ ပြည့်စုံနေရင် သာသနာတော်ပြန့်ပွားရေးလုပ်ငန်းဟာ သိပ်အားထုတ်စရာမလိုပဲ ပြီးမြောက် ပါလိမ့် မယ်လို့ ရေးထားတာပါ ။ မိုးကုတ်ဆရာတော် ဘုရားကြီးတိုလို ၊ မဟာစည်ဆရာတော် ဘုရားကြီးတို့လို သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးတွေဟာ မြတ်စွာ ဘုရားရဲ့ နည်းလမ်း၊ ကျင့်စဉ်၊ တရားတော် တွေကို သာမန်လူတွေ နားလည်အောင် နည်းလမ်းတွေရှာပြီး သူ့နည်းနဲ့သူရှင်းပြနိုင်ခဲ့ကြပါတယ်။ မိုးကုတ်နည်း၊ မဟာစည် နည်း ရယ်လို့တောင် ခုချိန်ထိ တည်ရှိနေဆဲပါ။ ဒီဆရာတော်ကြီးတွေဟာ နည်းလမ်း၊ ကျင့်စဉ်တွေကို ကိုယ်တိုင် ကျင့်ကြံ၊ ပွားများ၊ အားထုတ်ခဲ့လို့သာလျှင် ခုလိုမျိုးကိုယ်ပိုင် နည်းစနစ်တွေ ထွင်ပြီး သာမန်လူတွေ နားလည် အောင် ရှင်းပြနိုင်ခဲ့တာပါ။ နည်းစနစ် တွေက ကောင်းတော့၊ နားလည်သူတွေလဲရှိတော့ ပျံလွန်တော်မူပြီး ချိန်မှာတောင် မိုးကုတ်ရိပ်သာ၊ မဟာစည်ရိပ်သာ ဆိုပြီး တပည့် ရဟန်းသံဃာတော်တွေ၊ ဥပသကာ တွေ၊ ဒါယိကာ၊ ဒါယိကာမ တွေက ဆက်လက်ဆောင်ရွက်ပြီး ပြန့်ပွားနေပါတယ်။ ဒါကြောင့်လဲ တပည့်တော်က ရဟန်းတော်တွေရဲ့ တာဝန်မှာ မြတ်စွာဘုရားရဲ့ နည်းလမ်း၊ ကျင့်စဉ်တွေကို ကိုယ်တိုင် ကျင့်ကြံ၊ ပွားများ အားထုတ်ဖို့က အဓိကကျ တယ်လို့ဆိုလိုတာပါ။ တကယ်တမ်း သီလ၊ သမာဓိ၊ ပညာပြည့်ဝရင် သာသနာတော် ပြန့်ပွားဖို့ လွယ်ပါတယ်ဘုရာ့။ တပည့်တော်က ဒါကိုရည်ညွှန်းချင်တာပါ။

One comment

  • researcher

    April 7, 2011 at 10:14 am

    တပည့်တော်က သာသနာတော်မှာ သီလ၊ သမာဓိ၊ ပညာ နဲ့ ပြည့်စုံတဲ့ ရဟန်းတော်တွေ ပေါများစေချင်တာရယ်၊ သာသနာတော် သန့်ရှင်းစေချင်တာရယ်ကြောင့်သာ ရေးလိုက်တာပါ။ အခြားဘယ်လိုမှ ဆိုလိုရင်း မဟုတ်ပါဘူး။ တပည့်တော် အရေးအသားတွေကြောင့် အရှင်ဘုရားတို့မှာ စိတ်အနှောင့်အယှက် ဖြစ်သွားရရင် ခွင့်လွှတ်တော် မူပါဘုရား။

Leave a Reply