Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“မအမ်းစကောင်း……….အမ်းစကောင်း “

“မအမ်းစကောင်း ………အမ်းစကောင်း………………”
အလုပ်ပိတ်တဲ့တစ်ရက် နေပူတော့ အပြင်လဲမထွက်ချင် မီးပျက်တော့ ရုပ်ရှင်လဲကြည့်မရ
စာကလဲမဖတ်ချင်၊အိမ်မှာကလဲစကားပြောဖော်ကမရှိ ၊
ပျင်းပျင်းရှိတာနဲ့ အိမ်က ဘီရိုကို ရှင်းဘို့ အတွေးရလာတာနဲ့ ချက်ခြင်းအကောင်အထည်ဖော်ပါတော့တယ်။
ဘီရိုထဲက ပစ္စည်းတွေအပြင်ထုတ်အောက်ခံစက္ကူတွေ အသစ်ပြန်ခင်း ပရုပ်လုံးတွေထပ်ထည့် ၊
မဝတ်တော့တဲ့ အကျီင်္တွေ အပြင်ထုတ်လို့ အလုပ်မဟုတ်တာကို အလုပ်လိုသဘောထားလုပ်လို်က်တာ
အပြင်ထုတ်ထားတဲ့ပစ္စည်းတွေဘီရိုထဲ အကုန်ပြန်ထည့်ပြီးတော့ မှ နာရီကို ပြန်ကြည့်မိတဲ့အခါ
ပျင်းစရာကောင်းတဲ့အချိန်တစ်နာရီလောက်တော့ အလိုလိုကုန်သွားပါတယ်။
ဘာများအပြင်မှာကျန်သေးလဲ လို့ ပြန်ကြည့်မိတော့ ခပ်လှမ်းလှမ်း နို့မူန့်ပုံးတစ်ပုံးကျန်နေတာကိုတွေ့လိုက်ရပါတယ်။
အဲဒီနုို့မူန့်ပုံးကို ထိုင်ရက်ကနေလှမ်းပြီးယူတာပါမလာပါဘူး။
မပါဆို အတော်လေး လေးနေလို့ပါ။
အဲဒီပုံးနားကို သွားပြီးဖွင့်ကြည့်လိုက်တော့ အကြွေစေ့တွေဖြစ်နေတာကိုတွေ့ရပါတယ်။
အဲဒီဘူးကို ဖင်ကမတဲ့ပြီး ဖျာပေါ်သွန်ချလိုက်တော့ မကြားရတာ ကြာနေပြီးဖြစ်တဲ့ အနုတ်သံတချွမ်ချွမ်ကြားရပါတော့ တယ်။
ဖျာပေါ်မှာ ပြန့်ကျဲနေတဲ့ အနုတ်တွေကို ကြည့်လိုက်တော့………………..
ဟိုအရင်ခပ်ငယ်ငယ်က သုံးခဲ့တဲ့ အတွန့်အတွန့်လေးတွေအများကြီးပါတဲ့ “ငါးပြားစေ့”၊
လေးဒေါင့် စပ်စပ် “ ဆယ်ပြားစေ့“ ဒေါင့်လေးတွေနဲ့လှပစွာရှိနေတဲ့ “မတ်စေ့ “(25ပြား)
ဝိိုင်းဝိုင်းစက်စက်ပုံသဏ္ဍန်ရှိပြီး အရွယ်အစားနဲ့အလေးချိန်သာကွာသွားတဲ့ ငါးမူးစေ့နဲ့
ကျပ်စေ့ ခဲရောင်အလေးစေ့တွေရယ်၊
1966ခုနှစ်ကမှထုတ်ထားတဲ့ ဒါန်ရောင် အပေ့ါစေ့လေးတွေရယ်အခုနောက်ပိုင်းမှာမှထုတ်တဲ့ရွှေရောင်
အကြွေစေ့လေးတွေ တပုံကြီးတွေ့လိုက်ရပါတယ်။
အရင်ကထုတ်ခဲ့တဲ့ အကြွေစေ့လေးတွေကတော့ခဲရောင် ဒါန်ရောင်မပျက်ပေမယ့်
အခုနောက်ပိုင်းထုတ်တဲ့ရွှေရောင်အကြွေစေ့လေးတွေကို တွေ့လိုက်ရပါတယ်။
ဒီအကြွေစေ့လေးတွေမြင်ပြန်တော့ ကို်ယ်ငယ်ငယ်က အကြွေခေါ်ခေါ်အနုတ်ခေါ်ခေါ်
မရှိမဖြစ် ပို်က်ဆံအသေးလေးတွေ အကြောင်းကို ပြန်တွေးမိပါတော့တယ်။

ကျွန်တော် ဆယ်တန်းဖြေပြီးလို့ အောင်စာရင်းစောင့်နေတုန်းမှာ အိမ်မှာအလကား နေမယ့်အတူတူဆိုပြီး
ကျွန်တော့် အဘွားမိတ်ဆွေရဲ့ဈေးချိုထဲက ဆိုင်မှာ ဆိုင်အကူသွားလုပ်ခိုင်းပါတယ်။
ဆိုင်အကူဆိုတာ ဈေးဝယ်လာတဲ့ ဧည့်သည်ကြိုပေးရတယ် နောက် သူတို့ ဝယ်ထားတဲ့ပစ္စည်းတွေကို
ယူလာတဲ့တောင်းတွေပလုံးတွေထဲကို ထည့်ပေးရတယ်။
ညနေဆိုင်သိမ်းပြီဆိုရင် ဆိုင်ရှင်ရဲ့အိမ်ကိုလိုက်သွားပြီး တစ်နေကုန်ရောင်းထားတဲ့ ပိုက်ဆံတွေကို စီပေးရတယ်။အဲဒီခေတ်က ပိုက်ဆံမှာ 20ကျပ်တန်ဆိုတာ အကြီးဆုံး တစ်ဆယ်တန်၊ငါးကျပ်တန်
တစ်ကျပ်တန်ဆိုပြီး ကြီးစဉ်ငယ်လိုက်ထုတ်ထားပါတယ်။
အိမ်ရောက်တာနဲ့ ထန်းခေါက်ဖာထဲ ငွေစက္ကူတွေကိုတော့ ဆိုင်ရှင် သမီး မမကြီးတို့စီပြီး ထန်းခေါက်တောင်းထဲကအနုတ်တွေကိုတော့ ကျွန်တော်က စီရပါတယ်။
စစခြင်း တစ်ပြား ငါးပြား ဆယ်ပြား တစ်မတ် ငါးမူးနဲ့ကျပ်စေ့တွေကို အမျိုးအစားတွေခွဲ ရင်း ဆယ်ခုစီ ရေပြီး ကြမ်းပြင်ပေါ်မှာချထား၊
နောက်တော့ မှ အမျုးိအစားတူတာတွေကို ခုရေ(100)စီပြန်ပုံ ၊
ပုံ ပြီးရင် စက္ကူနဲ့အတောင့်လေးဖြစ်အောင်ပတ်ပြီးလိပ်၊
ပြီးရင် အဲဒီစက္ကူပေါ်မှာပိုက်ဆံအမျိုးအစားခွဲပြီးစာရေးရပါတယ်။
နောက်နေ့ကျတော့ ဒီအလိပ်ကလေးတွေကို ထန်းခေါက်ဖာထဲပြန်ထည့်လို့ ဈေးကိုပြန်ယူသွားပြီး ဈေးဝယ်တွေကို အနုတ်အဖြစ် ပြန်အမ်းပါတော့တယ်။
နောက်ဈေးဝယ်တွေကလဲ ဈေးပြန်လာဝယ်ရင် ဒီပိုက်ဆံအလိပ်ကလေးတွေဘဲပြန်ယူလာကြတယ်ဆိုတေ့ာ၊
ဒီပိုက်ဆံလိပ်ကလေးတွေက လွန်းပျံသလို ဆို်င်ပြန်ရောက်လိုက် ပြန်ပါသွားလို်က်နဲ့သံသရာလည်ပါတော့တယ်။
အဲဒီတုန်းကများဈေးဝယ်က ကျွန်တော်တို့ကို အဲလို အကြွေလိပ်ကလေးတွေပေးရင် သိပ်သဘောကျတာလေ။
ဘာလို့လဲဆိုတော့ပိုက်ဆံ တစ်စေ့ခြင်း ရေ စရာမလိုတော့လို့ပါ။
ငါးပြားလိပ်ဆိုရင် ငါးကျပ်၊
ဆယ်ပြားလိပ်ဆိုရင်တစ်ဆယ်၊
တမတ်လိပ်ဆိုရင် 25ကျပ်၊
ငါးမူးလိပ်ဆိုရင် ကျပ်ငါးဆယ် ကွက်တိဘဲ။
ဒါပေမယ့် ဈေးဝယ်ကို အဲလိုအကြွေလိပ်ပြန်အမ်းရင်တော့ သူတို့က မယူချင်ကြပါဘူး။
သယ်ရတာ လေးလို့ပါတဲ့။
အဲဒါကတော့ ငါးပြား ဆယ်ပြားသုံးခဲ့ရတဲ့ အချိန်ပေါ့။
အကြွေတို့ အနုတ်တို့ပေးရင် စိတ်ဆိုးတယ်လေ။

နောက်ခေတ်တွေပြောင်းလာတော့ ငါးပြားဆယ်ပြားသုံးရတဲ့ခေတ်ကိုကျော်လွန်လို့ ကျပ်ခေတ်ကိုရောက်လာခဲ့ပါရော။
လက်ဖက်ရည်တစ်ကျပ် ပလာတာတစ်ကျပ် ဆိုတဲ့ခေတ်ပေ့ါ။
အဲဒီခေတ်မှာတော့ အကြွေပြဿနာ အနုပ်ပြဿနာ တစ်ပါတ်လည်လာပြန်ပါတယ်။
လက်ဖက်ရည်တစ်ခွက်သောက်ပြီး ငါးကျပ်ပေးရင် အမ်းစရာကျပ်တန်လေးရွက်မရှိပြန်တော့လဲ
အခက်တွေ့ပြန်ပါရော။အဲလိုအခါမျိုးတော့ဆိုင်ရှင်က စိတ်ဆိုးတတ်ပါတယ်။
“အနုတ်လာ လဲတာလား ?”ဆိုတော့မေးခွန်းနဲ့ဘုတောခံရတတ်ပါတယ်။
ဆိုင်ရှင်ကလဲအနုတ်မရှိလိုဆိုပြီး ဟိုပစ္စည်းအမ်းဒီပစ္စည်းအမ်းမလုပ်ပါဘူး။
အကြွေမပါရင်စားသွားနောက်နေ့မှပေးဆိုတာနဲ့ဘဲပြေလည်လို်က်ကြပါတယ်။
ဘာလိုလဲ့ဆိုတော့ အဲဒီခေတ်ကလူတွေကလဲစားပြီးနားမလည်မလုပ်တတ်ဘူးလေ။
2000ခုနှစ်မတိုင်ခင်မှာတော့ငါးကျပ်တန်ဆိုငါးထောင်စီး၊တစ်ဆယ်တန်ဆိုလဲငါးထောင်စီး၊နှစ်ဆယ်တန်ဆိုလဲငါးထောင်စီး၊လုပ်ပြီး ငွေပေးငွေယူတွေလုပ်ကြကုန်ဘိုးတွေငွေချေကြပါတယ်။
တစ်ခါတစ်လေအဲဒီငါးထောင်တန်အုပ်တွေက ကိုယ်က သူများပေး သူများကနောက်တစ်ယောက်ပေး၊
အဲဒီလူက ကိုယ့်ပြန်ပေးနဲ့ ဒီပိုက်ဆံထုပ်ကို ဖြည်မသုံးဘဲဟိုအိမ်ရောက် ဒီအိမ်ရောက်နဲ့ ရွာတွေလည်နေတတ်ပါတယ်။
အဲနောက်ဆုံးဖြည်သုံးလိုက်တဲ့လူလက်ရောက်တဲ့အခါ ငါးထောင်မပြည့်ဘဲစီးထားတာလဲကြုံရတတ်ပါတယ်။
အဲလိုပိုက်ဆံအရွက်သေးတွေပေါတဲ့ခေတ်က အနုတ်စီးဖြစ်တဲ့ငါးထောင်စီးပေးရင် သယ်ရတာလေးလို့ဆို
ပြီး စိတ်ဆိုးတတ်ပါတယ်။တတ်နိုင်သလောက်အဲဒီအနုတ်တွေကို မယူချင်ကြပါဘူး။

အဲဒီနောက်ပိုင်းမှာတော့ လေးဆယ်ငါးကျပ်တန်တွေ ငါးဆယ်တန်တွေ ကိုးဆယ်တန်တွေကလဲပေါမှပေါ။
လေးဆယ့်ငါးတို့ ငါးဆယ်တို့ကိုးဆယ်တန် တစ်ရာတန်ဆိုရင်ငါးထောင်စီး ၊နှစ်ရာတန်ဆိုရင်တော့ အရွက်တစ်ရာတစ်အုပ်ကို နှစ်သောင်း ဆိုတော့ ငါးအုပ်ကို တစ်သိန်းစီး စီးကြပါတော့တယ်။
အရင်တုံးကတော့ ဒီလိုငါးဆယ်တန်တို့ လေးဆယ့်ငါးကျပ်တန်တို့ တစ်ရာတန်တို့ နှစ်ရာတန်တို့ကို
လေးတာရယ် ဝန်ပွတာရယ်ကြောင့် တတ်နိုင်သလောက်မယူဘဲ ငြင်းပါတယ်။
အဲဒီတုံးကလဲ ဒီလိုအနုတ်စီးတွေက ဘယ်သူမှ ဖြည်မသုံးဘဲတစ်လက်ကနေတစ်လက်ပြောင်းနေတတ်ပြန်တော့
ပိုက်ဆံစီးတွေက ညစ်ပတ်စုတ်ပြတ်နေပါတယ်။
ဒါပေမယ့်လဲ ဘယ်လောက်စုတ်စုတ် ဘယ်လောက်ညစ်ပတ်ညစ်ပတ် ပိုက်ဆံဆိုတဲ့အသိနဲ့လက်ခံကြရတာပါဘဲ။

2000ခုနှစ်နောက်ပိုင်းမှာတော့ ဒီ အနုတ်စီးတွေက ဘယ်ကိုရောက်လို့ ဘယ်မှာများသွားပုန်းနေတယ်မသိ
နိုင်လောက်အောင်ကို ပျောက်ခြင်းမလှပျောက်ကွယ်လို့သွားပါတယ်။
တစ်ယောက်နဲ့တစ်ယောက် ငွေပေးငွေယူလုပ်ရင်လဲ ငါးရာတန် တစ်ထောင်တန်ဆိုတဲ့အရွက်ကြီးတွေနဲ့ဘဲ
ပေးကြ ယူကြလုပ်ကြပါတော့တယ်။
ငွေပမာဏဖောင်းပွလာတာလဲ ပါမယ်ထင်ပါတယ်။
200တန် 100တန်ဆိုတာအဟောင်းအစုတ်ဘဲမြင်ရပါတော့တယ်။
နောက်တော့ ဒီအဟောင်းအစုတ်ကို လိုချင်လို့မရနိုင်အောင်ဖြစ်သွားပါတယ်။
အရင်က မလိုချင်လို့ ငြင်းပယ်ခဲ့ကြတဲ့ 100တန် 200တန်တွေကို ပါရင်လဲပေးခဲ့စမ်းပါလို့တောင်
တောင်းဆိုရတဲ့ခေတ်ကို အလိုလိုရောက်သွားပါတယ်။
အနုတ်ရှားပါးစအချိန်တုံးကတော့ ပိုက်ဆံအစုတ်ကို အမ်းရင် ဘယ်သူမှ မယူဘဲငြင်းပါတယ်။
အခုနောက်ပိုင်းမှာတော့ နဲနဲစုတ်စုတ် များများ စုတ်စုတ်ယူရပါတော့တယ်။
မယူရင်လဲ မရယုံဘဲ ရှိတာကိုး။
အခုနောက်ပိုင်းမှာဆိုရင် ပိုက်ဆံတွေက အဖာရာဗလပွနဲ့ကိုင်မရတော့လို့ပိုက်ဆံကို ပလပ်စတစ်အိပ်လေးထဲ
ထည့်ပြီး မီးနဲ့ပိတ်ပေးထားပါတယ်။
တစ်ရာတန်ငါးဆယ်တန် နှစ်ရာတန်အားလုံးဒီအတိုင်းပါဘဲ။

အနုတ်ရှားတော့ ရောင်းကြဝယ်ကြတဲ့နေရာမှာ အထူးသဖြင့်လက်လီသမားများမှာအခက်တွေ့ပါတော့တယ်။
ကားစပယ်ယာ၊အကြော်သည်၊ပဲပြုတ်သယ်၊လက်ဖက်ရည်ဆိုင်အ စရှိတဲ့အခြေခံလူတန်းစားများနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရောင်းဝယ်နေရတဲ့သူတွေရဲ့ဒုက္ခကလဲ မသေးပါဘူး။
လာဝယ်တဲ့သူကိုလဲအနုတ်ပြန်မအမ်းနိုင် ၊
ကိုယ်လိုချင်တဲ့ပစ္စည်းထက်ပိုပြီးမလိုတာတွေ ဝယ်ဘို့ဆိုပြန်တော့လဲ ဈေးလာဝယ်တဲ့သူက ပိုက်ဆံအပိုမသုံးနိုင်။
လာဝယ်တဲ့သူကလဲ ပိုက်ဆံတွက်သုံးရတဲ့သူဆိုပြန်ရင် အနုတ်ကို ချန်မထားခဲ့နိုင်ပြန်သလို၊
ဈေးသယ်ဘက်ကလဲတစ်ယောက်ကိုတစ်ရာချန်ထားမယ်ဆိုရင်တောင်မှ ဆယ်ယောက်ဆိုတစ်ထောင် ဆိုတော့အရင်းလျော့ သွားပြန်ရော။
တစ်နေ့ကိစ္စမှ မဟုတ်တာဘဲနော်။

ပို်က်ဆံကို တစ်ရာစ နှစ်ရာစချန်ထားပြန်တော့လဲ ဈေးဝယ်က နောက်တစ်ခါလာဝယ်ရင်အမေ့ခံပြီးပြန်မပေးတာရှိသလို အရင်ကျန်တဲ့ပိုက်ဆံကို မပေးချင်တော့ ဆိုင်ပြောင်းလို့ဝယ်ပါတယ်။
အဲလိုလဲ အခက်အခဲကြုံရော ဈေးသည်တွေက လာဝယ်တဲ့သူကို ငါးဆယ်တစ်ရာအစား
ချိုချဉ်၊ခေါင်းလျှော်ရည် ၊အချိုမူန့်၊တစ်သျှုးပေပါ၊ကော်ဖီမူန့်ထုပ်၊လက်ဖက်ခြောက်ထုပ်၊သနပ်ခါးခဲတွေကို
ကြိုက်တာယူဆိုပြီးဈေးနုန်းသင့်လို့ အမ်းပေးပါတယ်။
တစ်ချို့သောဈေးသယ်တွေကလဲ အမြတ်ကြီးစားချင်ကြပါတယ်.။
သုံးကျပ်တန်ချိုချဉ်တို့ပီကေတို့ကို တစ်ဆယ်သဘောထားပြီးအမ်းပါတယ်။
မသိသူကိုဆိုရင်လေးဆယ့်ငါးကျပ်တန် တစ်သျူးထုပ်ကို တစ်ရာဆိုပြီးခပ်တည်တည်အုပ်ပါတယ်။
အဲဒီအမ်းလိုက်တာကို ပြန်ပေးရင်မယူပါဘူး။
ကြာတော့ ဈေးဝယ်က မခံနိုင်တော့ ပစ္စည်းအမ်းရင် မယူဘူးဆိုပြီးလုပ်ပါတော့တယ်။
အဲဒီတော့မှ နောက်တစ်ခါဒါနဲ့ပြန်ဝယ်ပါဆိုပြီး လိုက်လျှောပါတယ်။
အဲလိုလဲ လိုက်လျောရောတစ်ချို့သော ဈေးဝယ်လူလည်များက လဲ ချိုချဉ်အထုပ်လိုက်ဝယ်ထား၊တစ်သျှူးအထုပ်လိုက်ဝယ်ထားပြီး
ဈေးဝယ်တဲ့အခါပြန်ထည့်ဝယ်တော့သူ့ဆိုင်ကပေးလိုက်တာ မဟုတ်တော့ မရဘူးဆိုလဲဆိုင်ရှင်က ငြင်းရော စကားတွေများကုန်ပါတော့တယ်။
အဲတော့ ဈေးသည်တွေကလဲ အနုတ်ပြန်မအမ်းရတဲ့အောင်ဈေးတင်ဖွင့်ပါတော့တယ်။
ပစ္စည်းတစ်ခု လေးရာတန်ဆိုပါတော့ အနုတ်ပေးရင်လေးရာ ပါဘဲ။
မပါရင်တော့ ငါးရာ ဝယ်ချင်ဝယ်မဝယ်ချင်နေပါဘဲ။
တစ်ချို့က ပိုက်ဆံအစားကူပွန်ကို သုံးခဲ့ကြပေမယ့်ခွင့်မပြုဘူးဆိုတော့လဲသုံးလို့မရဘူးပေါ့။
အဲတော့လဲ ပိုက်ဆံအနုတ်မရှိတော့ ရှိတာအမ်းတာကိုယူချင်ရင်ယူ မယူချင်ရင်ကိုယ်ကြိုက်တာကို
အနုတ်နဲ့ကိုက်အောင်တွက်ဝယ်ရပါတော့တယ်။
အဲတော့လဲ ဈေးဝယ်ရတာ အတော်လေးကို အုံးစားပါတယ်။
ဒီအနုတ်ကိစ္စပြောရမယ်ဆိုရင် ဈေးဝယ်ပေါ်မှာ အမြတ်ထုတ်ချင်တဲ့ဈေးသည်ရှိသလို
ဈေးဝယ်ကို သူမလိုချင်တဲ့ပစ္စည်းတွေကိုအမ်းရတာကို အားနာတဲ့ဖြစ်နိုင်ရင်ငွေကိုဘဲ
အမ်းချင်တဲ့ဆိုင်ရှင်တွေအများကြီးပါ။
ဘဏ်တွေမှာ အစုတ်တွေရှိရင်လဲပေးတယ်ဆိုပေမယ့်လဲ များများလဲလောက်စရာ အနုတ်က
လက်ထဲမှာကို မရှိတော့တာပါ။
ပိုက်ဆံလဲပေးတယ်ဆိုပေမယ်လဲ လွယ်လွယ်ကူကူလဲမရပြန်တော့
ပိုက်ဆံအသစ်လက်ထဲမှာရှိသူ လဲလို့ရသူက ဈေးတင်ပြီးပြန်ရောင်းကြပါတယ်။
အနုတ်ဝယ်ပြီးလဲပေးမယ်ဆိုရင်လဲ ဈေးသည်တွေအတွက်က အမြတ်မကျန်တော့အဆင်မပြေပါဘူး။
အခုခေတ်မှာ အပြိုင်အဆိုင်ဈေးလျှော့ရောင်းတဲ့ခေတ်တော့ အမြတ်ကလဲ ပါးပါးလေးဆိုတော့ အပိုထပ်အကုန်မခံနိုင်ပါဘူး။
အရင်တုံး က တစ်ယောက်နဲ့တစ်ယောက်လက်လွှဲပေးနေကြတဲ့
ငါးဆယ်တန် လေးဆယ့်ငါးကျပ်တန်ကိုးဆယ်တန် တစ်ရာတန် နှစ်ရာတန်တွေဘယ်များရောက်ကုန်သလဲ
ဆိုတာကို တွေးမိတော့ အဖြေမရဘဲခေါင်းသာချာချာလည်သွားပါတယ်။
ဘဏ်တွေက နေပြီး နှစ်ရာတန် အသေးလေးတွေထုတ်တာတွေ့လိုက်ရပေမယ့် တကယ်လိုအပ်ချက်ကိုပြည့်မီအောင်တော့မလုံလောက်သေးဘူးလို့ဘဲယူဆပါတယ်။
ကျွန်တော်အလုပ်ထဲက ကလေးများက ကော်ဖီသောက်ချင်ရင်ကျွန်တော်ဆီလာတောင်းပါတယ်။
ကျွန်တော်လက်ဘက်ရည်ဆိုင်ကပြန်လာရင် ကော်ဖီမစ်ထုပ် ဒါမှမဟုတ် တစ်သျှုးထုပ်ကပါလာစမြဲပါ။
လက်ဖက်ရည်တစ်ခွက် 250 ပြန်အမ်းရင် တစ်သျူးတစ်ထုပ်နဲ့ နှစ်ရာတန်အစုတ်တစ်ရွက်။
တစ်ခါတစ်လေ တစ်ရာတန်အစုတ်တစ်ရွက်ငါးဆယ်တန်အစုတ်တစ်ရွက်နဲ့ကော်ဖီမစ်တစ်ထုပ်။
ဆိုင်ကတော့ “လေးလေး ဒါတွေပြန်ယူလာခဲ့နော်” လို့ပြောပေမယ့်လည်းလက်ဘက်ရည်ဆိုင်ကို
ဒီအထုပ်တွေတကူးတကမယူမိတာကလဲအမှန်ပါဘဲ။
အဲတော့ ရုံးက ကလေးတွေနေ့လည်ကော်ဖီသောက်ချင်ရင်အံဆွဲထဲ ဖွင့်ယူသွားကြတာများပါတယ်။
ကျွန်တော်ကတော့ ကော်ဖီမကြိုက်ဘူးလေ အဲတော့ ကြိုက်တဲ့သူယူသောက်ပေါ့။
အဲတော့ ဒီအနုတ်အမ်းရတဲ့ကိစ္စက ဒုက္ခတစ်ခုလို့တော့ ပြောလို့မရပေးမယ့် နေ့စဉ်စိတ်အနှောင့်အယှက်
ဖြစ်ရတဲ့ကိစ္စတစ်ခုကတော့ အမှန်ပါဘဲ။
ဒီအနုတ်တွေအစား ပစ္စည်းတွေအမ်းနေရတာကို ဆိုင်တွေကလဲ မအမ်းချင်သလို ကျွန်တော်တို့ကလဲမယူချင်ပါဘူး။
မအမ်းချင်ပေမယ့်လည်း လက်တွေ့မှာအမ်းနေရတာကလဲ အမှန်ပါဘဲ။
စုတ်ပြတ်သတ်နေ ညစ်ပတ်ပေပွနေတဲ့ မသတီစရာ ပိုက်ဆံတွေကိုလဲ ကျွန်တော်အပါအဝင်
ဘယ်သူတစ်ဦးတစ်ယောက်မှ မယူချင်မကိုင်ချင်ပါဘူး။
ဒါပေမယ့်လဲအဲဒီလောက်ငွေကြေးပမဏာကို အဆုံးရှုံးမခံနိုင်တော့ ရွံရှာစက်ဆုပ်ပေမယ့်လည်းကိုင်ရတာပါဘဲ၊
(သမ္မာအာဇီဝနဲ့ငွေရှာသူအဖို့ တော့ တစ်ရာကျပ်ကလဲ တစ်ရာ နှစ်ရာကျပ်ကလဲ နှစ်ရာ လွန်စွာအဖိုးတန်ပါတယ်)
အဲတော့ ခေတ်နဲ့အညီ မိုးနတ်မင်းကြီးကိုဘဲတိုင်တည်ရပါတော့မယ်။
ရွှေမိုးငွေမိုး တွေမရွာပါနဲ့တော့ မြန်မာပြည်အတွက် ငါးဆယ်တန်အသစ် တစ်ရာတန်အသစ်
နှစ်ရာတန်အသစ်တွေကိုသာ မိုးအဖြစ်ရွာချပေးလိုက်ပါတော့လို့ တိုင်တည်လိုက်ပါတယ်နော်။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(25-5-2011)

29 comments

  • unclegyi1974

    May 25, 2011 at 4:06 pm

    ဟဲ့မာတလိ လူ့ပြည်ကကိုပေါက်တောင်းတဲ့ဆုဆန်းလှတယ်
    အမြန်သွားစုံစမ်းချေဆိုပြီးသိကြားကခိုင်လိုက်တာ
    မာတလိလည်းအမြန်စုံစမ်းပြီးသိကြားကိုဖြေလိုက်တာက……..

    • eros

      May 26, 2011 at 3:35 am

      အိုဗျ၊ အန်ကယ်ကြီးရဲ့ လင်းစမ်းပါဦးလို့။။။။။။။။။။။။။။။

  • MaMa

    May 26, 2011 at 1:11 am

    မအမ်းလည်း ခက် အမ်းလည်းခက်လို့ ပြောရမယ်ထင်တယ်။ ကိုယ်ရောင်းတဲ့အခါ အစားထိုးပစ္စည်းတွေအမ်းရတာ အမျိုးမျိုးတုန့်ပြန်မှုတွေ ခံရတယ်။ မအမ်းရင်လည်း မဖြစ်။ အမ်းစရာလည်း မရှိဆိုတော့။ ဒါ့ကြောင့် ကိုယ်ချင်းစာတဲ့အနေနဲ့ ကိုယ်ပစ္စည်း ဝယ်တဲ့အခါ အစားထိုးပစ္စည်း အမ်းတာကို မငြိုငြင်ပဲ လက်ခံပေးလိုက်တယ်။ လူတိုင်းဖြစ်နေရတဲ့ အခက်အခဲတွေပဲ။

  • Shwe Tike Soe

    May 26, 2011 at 2:21 am

    အခုခေတ် ကလေးတွေဆိုရင် ပိုက်ဆံ အကြွေစေ့တောင် မမြင်ဘူးကြတော့ဘူး.. သိတောင်သိပမလားမသိ…
    ကလေးတွေကို အကြွေစေ့ ပြချင်ရင် ဗိုလ်ချုပ်ဈေးက ရှေးဟောင်းပစ္စည်းရောင်းတဲ့နေရာ ခေါ်သွားပြရမလိုဖြစ်နေပြီ…
    ပြီးတော့ ရေဆိုခံ အနုတ်တွေကလဲ ပေါမှပေါ (တိတ်အပြည့်ကပ်)….. ပြန်လဲခိုင်းလဲ ဒီထက်စုတ်တာပဲရှိတယ်…

  • eros

    May 26, 2011 at 3:32 am

    ဒီ စာမျက်နှာကို လည်း နိုင်ငံက တာဝန်ရှိသူတွေ ကို ကြည့်စေချင်တယ်။ ကျွန်တော့်အမြင်ပြောရရင်တော့ ပိုက်ဆံ တွေကို ၂၀ဝ တန် ဒါမှမဟုတ် ၁၀ဝ တန်လောက်အထိ အကြွေစေ့တွေ ထုတ်ပေးစေချင်တယ်။ စက္ကူပေါ်ရိုက်ထုတ်တာက အကြွေစေ့ထက် ကုန်ကျစားရိတ် ပိုများတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒီ ပိုက်ဆံတွေက အသုံးများ လည်ပတ်မှုများတဲ့ ပိုက်ဆံတွေလေ။ ဒီတော့ စက္ကူနဲ့ဆိုတော့ ပိုမြန်မြန်ပျက်ဆီးလွယ်တာပေါ့ဗျာ။ အကြွေစေ့ဆိုတော့ ကြာကြာခံတာပေါ့။ ဒီတော့ ပျက်ဆီးလို့ ပြန်ရိုက်ထုတ်ရတာ အကြိမ်ရေ များလာရင် ကုန်ကျစားရိတ်က အကြွေထက်ပိုသွားနိုင်ပါတယ်။ ဒီတော့ အကြွေကို ထုတ်သင့်ပါတယ်။ ပိုပြီးကုန်ကျစားရိတ်သက်သာအောင် ဂျပန် ၅ ယန်းတန် အကြွေစေ့တွေလို အလည်ခေါင်က အပေါက်ဖောက်လိုက်ပါလား တာဝန်ရှိသူများ။ အကြွေတွေ များလာရင် ပိုပြီး သတ္တုတွေပိုလာပြီး ပို ရိုက်လို့ရတာပေါ့။ အလယ်က အပေါက်နဲ့ဆိုတော့ သယ်ရလဲလွယ်မယ်ထင်တယ် ကြိုးနဲ့ သီပြီးလေ။ အစိုးရဆိုတာ လူထုသက်သာချောင်ချိအောင် ဝန်ဆောင်မှုပေးရတာဖြစ်တယ်။ ဒီလိုကိစ္စမျိုးမှာ လူထုကို စီးပွားရေးလုပ်နေသလိုမျိုး ရှုံးတယ်မြတ်တယ် တွက်နေရမှာ မဟုတ်ဘူး။

    နောက်တခုက ကျွန်တော်တို့ မြန်မာလူမျိုးတွေ ပိုက်ဆံကိုင်တာ စည်းကမ်းမရှိကျဘူး။ ထိုးချေချင်သလို ထိုးချေ၊ ရေးချင်ရာရေး ခေါက်ချင်သလိုခေါက်၊ သုတ်ချင်ရာသုတ်။ ဒါနဲ့ ညစ်ပတ်ပြီး မြန်မြန်ပျက်ဆီးရော။ နောက်တခုက အစိုးရက အကြွေစေ့ ထုတ်ပေးရင် မသုံးချင်ကျဘူး။ လက်မခံချင်သလိုလို ဘာလိုလိုနဲ့ အဲဒီ အကျင့်ဆိုးတွေ ဖျောက်ရမယ်။ နောက်ကြားဘူးတာတခုရှိတယ်။ အကြွေတွေ ဝယ်ပြီး အရည်ကြိုပစ်တယ်တဲ့ ဒါမလုပ်သင့်တဲ့ ကိစ္စပဲ။ နိုင်ငံအနေနဲ့ သုံးစွဲနေသော ငွေကြေး ငွေစက္ကူ ဒင်္ဂါး အကြွေစေ့ ဖျက်ဆီးမှု ဥပဒေကို ကြီးလေးတဲ့ အပြစ်ဒဏ်တွေနဲ့ တကွ သေသေချာချာ ချမှတ် ထိထိရောက်ရောက် အရေးယူဖို့လိုမယ်။ ဥပမာ အနှစ် ၁ဝနှစ် မှ ၃ဝ နှစ်အထိထောင်ဒဏ် နှင့်တကွပိုင်ဆိုင်မှုပါသိမ်း။ ဒါမျိုးလုပ်ဖို့လိုတယ် ဘာကြောင့်လဲဆိုတော့ တော်ရုံတန်ရုံပြစ်ဒဏ်လောက်နဲ့ မမှုဘူး။ ပြစ်ဒဏ်ကြီးရင် လိုက်နာကျတယ်။ မယုံရင် မီးရထား သံလမ်းကိစ္စကြည့် ဘယ်သံဝယ်တဲ့သူမှ ရထားသံလမ်း ၁ လက်မ၊ လက်မဝက်တောင် မဝယ်ရဲဘူး။ မယုံရင် သံတိုသံစ ရောင်းတဲ့ ဆိုင်မှာ ဖြတ်ထားတဲ့ သံလမ်းလေး ၁လက်မလောက်သွားချကြည့်၊ ဘီလူးကိုယ်ထင်ပြသလို ကြောက်နေလိမ့်မယ်။ သံလမ်းဝယ်မလားပဲ မေးရုံနဲ့တင် ကြောက်လှပါချီရဲ့ အော်နေမှာ။ ဒါကြောင့် ပြစ်ဒဏ်ကြီးကြီးလိုတယ်။

    • maythakhin

      May 26, 2011 at 7:21 am

      မှန်လိုက်တာ။မြန်မာနိုင်ငံမှာလည်း ပြစ်ဒဏ်တွေကို ပြင်သင့်ပြီ။ ဥပမာ ကလေးတွေကိုဖျက်ဆီးတဲ့ မုဒိမ်းမှုတို့ဆိုရင် သေဒဏ်လောက်ချသင့်တယ်။ ဒါပေမဲ့ (၃)နှစ်လောက်ပဲ ချတယ်။ရင်နာဖို့ကောင်းတယ်။ ကလေးတွေရဲ့ဘဝ တသက်လုံးအမဲစက်အတွက် သူတို့ရဲ့အသက်ကိုပေးသင့်တယ်။ ဘာမဟုတ်တဲ့ စတီးချိုင့်လေးခိုးတာကို ထောင်ဒဏ်(၇)နှစ်ချတယ်။ လူသတ်မှုကို ထောင်(၃)နှစ်ချတယ်။ကြားလို့ကောင်းကြရဲ့လားလို့သာ မေးလိုက်ချင်ပါတော့တယ်။ခုခေတ်မှာ တရားကိုနတ်မစောင့်တော့ဘူး။တရားကို ……………. ဘယ်သူစောင့်နေလဲ

      • maythakhin

        May 26, 2011 at 7:22 am

        ဆောရီးပါ ကိုပေါက် ……
        မေ့ဝေဖန်ချက်နဲ့ခေါင်းစဉ်လွဲသွားတယ်။

  • ဆူး

    May 26, 2011 at 3:34 am

    အိမ်မှာ ဆူး စုထားတဲ့ အကြွေ တဗူး ရှိတယ်။
    ကော်ဖီမစ်တုတ် ဆိုတာလည်း အထုတ်ကြီးနဲ့ ဝယ်သောက်ရင် ဈေးကြီးတဲ့ အထုတ်မှ ၆ဝ လောက် ကျတာ.. တောယုံဆို ၄ဝ ၄၅… ၁၀ဝ နဲ့ အမ်းတော့ ကိုက်တယ်။
    တစ်ရှူးဆိုတာလည်း တခါတလေ ၅ဝ နဲ့ ရောင်းတာ တွေ့ပေမဲ့ ၁၀ဝ နဲ့ အမ်းကြတယ်။
    အကြွေတွေ အစိုးရ ဘဏ်တွေက ထုတ်ပေးတယ် ပြောသံကြားနေတယ် တခါတလေ အသစ်လေးတွေ ရရလာတယ်။ တွင်ကျယ်လာရင်တော့ အဟောင်းပျောက်သွားမယ် ထင်တယ်။

  • eros

    May 26, 2011 at 3:37 am

    ဆူးရေ ဘာအကြွေတွေလဲ။ ၂ထပ်စေ့ တွေပါလား။

    • ဆူး

      May 26, 2011 at 4:38 am

      ၂ထပ် အစေ့ ဆိုရင် ကျပ်စေ့ ရှိတယ်။

      • eros

        May 26, 2011 at 7:32 am

        ရောင်းဖို့လေးဘာလေး မရှိဘူးလားဗျို့

        • ဆူး

          May 26, 2011 at 1:09 pm

          ရောင်းဘူး။ မြေးတွေ ပြဖို့ အမှတ်တရ သိမ်းထားတာ..

  • bigcat

    May 26, 2011 at 4:25 am

    ကျနော်ကတော့ မဆလခေတ်မှာ အသိမ်းခံရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့မြန်မာ့စောင်းပုံ ပါတဲ့ရာတန် အစိမ်းရောင်ကို အကြိုက်ဆုံးပဲ။ အလျားတူပေမဲ့ ဗျက်ကြီးလို့ မြင်ရတာ အားရှိတယ်။ ရုပ်ရှင်တွေထဲမှာ ဘိန်းဖြူအရောင်းအဝယ်လုပ်လို့ ငွေအထုတ်လိုက် သေတ္တာထဲထည့်ပြရင် အားရှိစရာကြီး။ တကယ်သုံးရသူတွေကတော့ သိမ်းရတာခက်လို့ သိပ်ကြိုက်မယ်မထင်ဘူး။ အသိမ်းခံရတဲ့ ၂၅ကျပ်တန် အနီရောင် ငွေစက္ကူလည်း ဒီလိုပဲ ဗျက်အကြီးမိုလို့ မြင်ရတာအားရှိတယ်။ ကျနော့်မှာရှိတဲ့ ဒေါင်းတံဆိပ် ဒင်္ဂါးပြားကို တခုဆယ်သိန်းပေးရင် ရောင်းမယ်၊ ဝယ်မဲ့သူရှိလားဗျို့….

    • eros

      May 26, 2011 at 7:31 am

      ဆြာကြောင် အကြွေက အင်လား အစစ်လားစစ်ရဦးမယ်။

  • moethidasoe

    May 26, 2011 at 5:53 am

    ကိုကြောင်ကြီးက ဒင်္ဂါးကို ဆယ်သိန်း ဆိုတော့ နည်းမနေဘူးလား .. အခုခေတ် တွေ့ဖူးသူ မရှိသလောက်ပါ .. အတုတော့ မဟုတ်လောက်ဘူးလို့ ထင်ပါတယ် ..

  • kai

    May 26, 2011 at 8:19 am

    One Kyat silver Burmese Peacock coin, 1852
    Item condition: —
    Time left: 3d 12h (May 29, 201113:22:11 PDT)
    Bid history: 0 bids
    Starting bid: GBP 12.00
    Approximately US $19.52
    http://cgi.ebay.com/One-Kyat-silver-Burmese-Peacock-coin-1852-/180671030931?pt=UK_Coins_World_RL&hash=item2a10d52693

    ၁၈၅၂ ဒေါင်းဒင်္ဂါးဆိုရင်တော့ … ဒေါ်လာ၂ဝ တန်တယ်..။ အရင်က.. ၅ဒေါ်လာအောက်မှာပဲရှိတာ..။
    တလောကတင်… တစေ့တောင်ဝယ်ထားလိုက်သေးတယ်..။
    pirate of the caribbean မှာ.. ဂျက်စပဲရိုးခေါင်းက အဆောင်က.. မြန်မာ ၅ပြားစေ့..။ အဲဒါက.. အဲဒီရုပ်ရှင်အပြီးမှာ တန်ဖိုးတော်တော်တက်သွားဖူးတယ်..။
    http://www.jacksparrowcostumes.com/acc_jack_sparrow_pirate_beads.html
    ကိုပေါက်စာမူနဲ့ မဆိုင်ပဲ.. ဗဟုသုတ ဝင်ပြောတာပါနော..။

    • eros

      May 26, 2011 at 8:59 am

      ဘာပဲပြောပြာ ကျေးဇူးပါ သူကြီးရေ။

    • ဆူး

      May 26, 2011 at 1:13 pm

      သဂျီးပြတဲ့ ခြင်္သေ့ထိုင်နေတဲ့ အကြွေစေ့ ဆူးမှာ ရှိတယ်။

  • maythakhin says:

    (ဆောရီးပါ ကိုပေါက် ……
    မေ့ဝေဖန်ချက်နဲ့ခေါင်းစဉ်လွဲသွားတယ်။)
    ရတယ်လွဲတာမလွဲတာ အဓိကအချက်မဟုတ်ဘူးဗျ။
    အတွေးပါးပါးလေးကနေဆက်ပြီးအတွေးများများလေးတွေ
    အကျိုးရှိတာလေးတွေကို အခုလိုဆက်ပြောစေချင်တာပါ။

    • eros

      May 26, 2011 at 12:47 pm

      ဟဲဟဲ စကားမစပ် စတော်ဘယ်ရီသီး ဖြစ်သွားပြီ။ ဦးပေါက်ရဲ့ သုံးသပ်ချက်တွေလည်း ကြားချင်ပါတယ်။

  • မမလေးတို့ပြောတဲ့ ပြစ်မူ့နဲ့ပြစ်ဒဏ်ကို ဘဲဆက်ပြောချင်ပါတယ်။
    မှန်ပါတယ် မြန်မာပြည်မှာ တစ်ချို့သောအမူ့တွေက ပြစ်မူ့ကျူးလွန်လိုက်တာနဲ့ ခံရတဲ့ပြစ်ဒဏ်
    ပြစ်ဒဏ်ကနည်းနေတော့ လူတိုင်းကျုးလွန်ရဲတယ်လေ။
    ဒါပေမယ် ့ ပြစ်ဒဏ်ပေးတာ များရင်လဲ လူ့အခွင့်အရေးဆိုတဲ့ လူတွေက ဝိုင်းအော်ကြအုံးမယ်။
    မှတ်လောက်သားလောက်တဲ့ အပြစ်တော့ ပေးသင့်တယ်လို့ ယုံကြည်ပါတယ်။
    တစ်ခါတ်တစ်လေ ခပ်စပ်စပ်လေးတီးပေးမှ မှတ်မှာလေ ဟုတ်တယ်မလား

    • eros

      May 26, 2011 at 1:17 pm

      အဲဒီလူ့အခွင့်အရေးအော်နေသူများကို ပြောလိုက်ပါ။ ခံရတဲ့သူဘက်က လူ့အခွင့်အရေးက ဘယ်ဂျောင်မှာ သွားထိုးမလဲ။ နေဦး ဒီကိစ္စတွေ အိုဘယ့် အန်ဂျီအို အပိုင်းဆက်တွေမှာ ရေးဦးမယ် အခု ၂ပိုင်းပဲ တင်ရသေးတယ်။

  • unclegyi1974

    May 26, 2011 at 3:19 pm

    လူ့အခွင့်အရေးဆိုတာလူ့အသိုင်းအဝိုင်းကြားထဲမှာ
    လူပီသစွာလူလိုနေထိုင်ကြတဲ့သူတွေမှပြောသင့်တဲ့စကားလို့ထင်ပါတယ်
    ကောင်းမွန်စွာနေထိုင်နေကြသူများကိုအမျိုးမျိုးစိတ်ဆင်းရဲအောင်
    အမျိုးမျိုးပြုလုပ်နေကြသူတွေပြောဖို့မလိုသူတို့အတွက်တွေးပေးဖို့မလို
    လို့ထင်မြင်ကြောင်းပါ

  • unclegyi1974

    May 26, 2011 at 3:27 pm

    er0s ရေသိရင်သိမသိရင်လည်းမလင်းပါရစေနဲ့တော့ကွယ်
    အန်ကယ်ကအသက်လည်းကြီးပြီကွယ့်
    ကောင်းကောင်းနေပါရစေကွယ်

  • leonus007

    May 26, 2011 at 4:56 pm

    ကိုပေါက် ရေးထားတာ တော်တော့်ကို ကောင်းပါတယ်။ ပိုက်ဆံအကြွေ နဲ ့ပတ်သက်တဲ့ ခေတ်ဟောင်း ခေတ်သစ် အတွေ ့အကြုံ တွေလည်းပါတယ်။ လူတိုင်းကြုံနေ ရတဲ့ ပြသနာ တွေကော သေချာ မြင်အောင်ရေးထားတယ်။ ဂျာနယ်တွေ တောင် ဒါမျိုး ရေးတာ မဖတ်ဖူးသေးဘူး။ သေချာမွန်းမံပြီး ဂျာနယ် ထဲထည့် လိုက်ရင် ကောင်းမယ်ဗျ။
    ပိုက်ဆံအကြွေနဲ ့ပတ်သက်လို ့ကတော့ ကိုပေါက် ရေးထားသလိုပဲ ဝယ်သူ ကော ရောင်းသူ မှာကော ဒုက္ခ ကိုယ်စီနဲ ့။ ဖြေရှင်းဖို ့ကတော့ နိုင်ငံတော်အစိုးရပဲတတ်နိုင်မှာပဲ။ လက်လီဆိုင်တွေမှာ ဈေးနှုန်း ပိုတင်ပြီးရောင်းနေ ကြရတာလဲ ဒီပြသနာကြောင့်လဲပါတယ်ထင်တာပဲ။
    ပိုက်ဆံအကြွေတွေကို ပြည်သူတွေ လိုသလောက် ထုတ်ပေးနိုင်မှပဲ ပြေလည်မှာပါ။ ငွေအကြွေ နဲ ့လုပ်စားတဲ့သူ တွေကို ဖမ်းရုံနဲ ့တော့မထူးပါဘူး။ ဗဟိုဘဏ်က လည်း ဒီဘက်သိပ်အာရုံမစိုက်နိုင်သေး ဘူးထင်ပါတယ်။ ပြည်သူလူထု အတွက် ဆိုတော့ သိပ်အရေးမကြီးဘူး ဆိုပါတော့။

  • researcher

    May 27, 2011 at 4:49 am

    ဟိုတနေ့က short course training တခုမှာ သင်တဲ့ ဆရာက ရယ်စရာလေးပြောသွားပါတယ်။ သူ့သူငယ်ချင်းတစ်ယောက် တက္ကသိုလ်မှာ ပါမောက္ခဖြစ်နေတယ်တဲ့။ သူငယ်ချင်းအမေက သူ့သားကို အစားအသောက်တွေ သိပ်ကျွေးတာတဲ့၊ ဟိုးငယ်ငယ်တုန်းကတည်းက အစားအသောက်တွေကျွေးရင် သားရေ..စားနိုင်တုန်းစားထားနော်လို့ပြောပြီးကျွေးတယ်တဲ့။ နောက်ကြီးလာတော့လဲ အဲသလိုပဲ သားရေ .. စားနိုင်တုန်းစားထားနော်လို့ပြောတယ်တဲ့။ နောက်တက္ကသိုလ်တက်တော့ ဒီအတိုင်းပဲ စားနိုင်တုန်းစားထားနော်လို့ ပြောတယ်တဲ့။ အဲ ဘွဲ့တွေရ တက္ကသိုလ်မှာ ဆရာဝင်လုပ်၊ အခုပါမောက္ခဖြစ်တဲ့ အချိန်ထိလဲ ပြောနေတုန်းပဲတဲ့။ သားရေ…စားနိုင်တုန်းစားထားနော်တဲ့။ ကျွန်တော်လဲ ဆရာ့ရဲ့ အမူအရာနဲ့ အပြောကို သဘောကျလို့ ရီနေရင်း ကိုပေါက်ရဲ့ မစားစကောင်း စားစကောင်းလေးကို သတိရလိုက်မိ ပါတယ်။
    တချို့သင်တန်းတွေမှာ ကို kai ရေးတဲ့ ကြယ်ငါးပုံပြင်လေးတွေကိုလဲ ကြားရတတ်ပါတယ်။ ကမ်းခြေကတော့ ချောင်းသာ ဖြစ်ရင်ဖြစ်နေတတ်ပါတယ်။

  • char too lan

    May 27, 2011 at 11:13 am

    အကြွေတွေတော့ ကောင်းကောင်းမမှတ်ဘူး
    လွယ်အိတ်ထဲဘယ်ချိန်လာကြည့်ကြည့် ရာတန်အစုတ်တွေရှိတယ် လိုင်းကားအမြဲစီးနေရတာကိုးးးး ဈေးသယ်တွေကလဲ မုန့်လေးတစ်ခုကောက်ကိုင်လို့ အကြွေပေးစရာမရှိရင် လက်ထဲကနေပြန်ဆွဲယူသွားတာဗျာ…………….
    ကာစတန်မာ ဖတ်စ် တွေဘာတွေလဲမရှိတော့ပါဘူး 🙂

  • thethtet87

    May 27, 2011 at 11:54 am

    အကိုတော်ကြာအတုဆိုပြီးအဖမ်းခံနေရအုန်းမယ်အကိုရာ

Leave a Reply