အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၂၁)

ည ကိုးနာရီထိုးပြီ။ဆလင်းက ရုပ်ရှင် မဂ္ဂဇင်းတစ်စောင်ကို ဟိုလှန်ဒီလှန်နဲ့ကြည့်နေတယ်။ကျွန်တော်ကတော့

အိပ်ယာပေါ်မှာ ဒူးထောက်ပြီး ဟိုဘက်အခန်းက အသံတွေကို နားထောင်မလို့ ခွက်ကလေးနဲ့ နံရံမှာ ကပ်နေတယ်။

ခွက်ဖင်လေးမှာ ကျွန်တော့် ဘယ်ဘက်နားကိုကပ်ပြီး နားထောင်ကြည့်တော့ ..ဟော မစ္စတာ ရှမ်တာရမ် သူ့သမီးကို

စကားပြောနေတာကြားရတာ။

“သမီး ဂူဒီယာ ဒီမှာလာကြည့်..အဖေ တယ်လီစကုပ်ကို ညှိလိုက်ပြီ..အဲ..အနီရောင်တောက်နေတဲ့ဟာလေး

တွေ့လား..အလယ်မှာလေ..အေး အဲဒါ..အင်္ဂါဂြိုဟ်ပေါ့ သမီးရဲ့..”

ကျွန်တော် ဆလင်းကို တိုးတိုးလှမ်းခေါ်လိုက်တယ်။

“ဟေ့ကောင် ခွက်တစ်လုံးယူပြီး လာနားထောင်လှည့်..”

ဆလင်းလည်း ခွက်လေးတစ်လုံးပြေးယူပြီး လာနားထောင်တယ်။နောက် နာရီဝက်လောက်ကြာအောင်တော့

ကျွန်တော်တို့လည်း မစ္စတာရှမ်တာရမ်ရဲ့ နန်းစတော့ပ် လက်ချာတွေ နားထောင်နေရတာပေါ့။နတ္ခတ်တာရာတွေ

ကြယ်တွေ ဂြိုဟ်တွေအကြောင်းတို့၊ဂလက်ဆီ လို့ခေါ်တဲ့ ကြယ်စုကြီးတွေအကြောင်းတို့၊ကြယ်တံခွန်တွေအကြောင်း

တို့ ပါတယ်ဗျ။နောက် တာရာတွေဆိုရင်လည်း ဝက်ဝံကြီးတာရာ ဝက်ဝံလေးတာရာ တို့အကြောင်း

နားထောင်ရတယ်။နဂါးငွေ့တန်းတို့ ဓူဝံကြယ်တို့အကြောင်းလည်းကြားရတယ်။စနေဂြိုဟ်ကိုပတ်နေတဲ့ ကွင်းတွေရယ်

ကြာသပတေးဂြိုဟ်ရဲ့ ဂြိုဟ်ရံလတွေအကြောင်းလည်း သိရတယ်လေ။

သူပြောနေတာတွေ နားထောင်ရင်းနဲ့ ကျွန်တော့်စိတ်ထဲ ထူးထူးခြားခြားတောင့်တမှု တစ်ခုမွတ်သိပ်လာတယ်ဗျာ။

ကျွန်တော့်မှာလည်း အဲဒီလိုကြယ်တွေ ဂြိုဟ်တွေအကြောင်း ပြောပြပေးနိုင်မဲ့ အဖေတစ်ယောက်လောက် ရှိချင်မိတယ်။

အဲဒီလို အဖေတစ်ယောက်လိုချင်လာတယ်။ညကောင်းကင်ကြီးက ကျွန်တော့်အဖို့ အရင်ကတော့ အဆုံးမဲ့တဲ့

နက်ပြာပြာ ပြင်ကျယ်ကြီးတစ်ခုပဲလေ။ခုချက်ချင်းပဲ ဒီကောင်းကင်ကြီးဟာ နက်နဲထူးဆန်းတဲ့ အဓိပ္ပါယ်တွေ

နဲ့ ပြည့်နှက်နေတယ်ဆိုတာ သိလိုက်ရတာဗျ။သူ့သင်ခန်းစာပို့ချချိန်လည်းပြီးရော ကျွန်တော်နဲ့ ဆလင်း

နှစ်ယောက်သား ပြတင်းပေါက်ကနေ ခေါင်းလေးတွေပြူပြီး သူပြောခဲ့တဲ့ တာရာ အမှတ်အသားတွေကို

ရှာကြည့်မိကြတာပဲ။တယ်လီစကုပ်မရှိတော့ ကောင်းကင်ကြီးကြည့်လည်း ဘာမြင်ရမှာမှတ်လို့။တမှိတ်မှိတ်

တလက်လက်နဲ့ အလင်းစက်ကလေးတွေ ပြန့်ကျဲနေတာပဲတွေ့တာပေါ့။ဒါပေမဲ့ ဝက်ဝံကြီးတာရာက

ကြယ်ခုနစ်လုံး(ခုနစ်စဉ် ကြယ်ပေါ့) ကို မြင်တော့ တော်တော်လေး ကျေနပ်သွားကြတယ်။နောက်ပြီး လပေါ်က

အရိပ်တွေက ရွှေလမှာယုန်ဝပ်လို့ ဆန်ဖွပ်သည့် အဖိုးအိုဆိုတာမျိုးမဟုတ်ဘဲ ဧရာမကျင်းကြီးတွေ၊

ချိုင့်ကြီးတွေ၊မီးတောင်ထိပ်ဝတွေ ပဲဆိုတဲ့ အသိကိုလည်းရလိုက်တော့ ကျွန်တော်တို့ နှစ်ယောက်လုံး စိတ်ထဲမှာ

သဘောတွေကျ၊ ကျေနပ်သွားကြတာပေါ့လေ။

အဲဒီညကတော့ ဆာရီအဖြူနဲ့ အမျိုးသမီးကို အိပ်မက် မမက်ဘဲ စနေဂြိုဟ်ရဲ့ ကွင်းတွေ နဲ့ ကြာသပတေးဂြိုဟ်ရဲ့

လတွေအကြောင်းကို မက်နေမိတာပဲ။

 

***************************

 

တစ်ပတ်လောက်ကြာတော့ သူတို့အခန်းဘက်က ထူးထူးဆန်းဆန်း အသံကြားလို့ ကျွန်တော်လည်း

လူးလဲထပြီး ခွက်ကလေးနဲ့ နံရံကပ်ပြီးပြေးနားထောင်မိတာပေါ့။

“ညောင်..”

ဟော ဂူဒီယာ စကားပြောနေပြီ။

“ပါပါ..ဒီမှာကြည့်ဦး..သမီး ကြောင်ပေါက်လေးတစ်ကောင်ရလာတယ်..ချစ်စရာလေးနော်..အဲဒါ

သမီးသူငယ်ချင်း ရောဟိနီ ပေးတာ..သူ့ကိုမွေးမယ်နော်..ပါပါ။”

“သမီးရယ်..ပါပါက အိမ်မွေးတိရိစာ္ဆန်တွေမွေးတာ သဘောမကျပါဘူး..။ဒီမှာ လူတွေနေဖို့တောင်

အခက်ဟာကို သမီးကြောင်လေး ဘယ်သွားထားမလဲ။”

“မာမာ..သမီးမွေးချင်လို့ပါနော်..သူကသေးသေးလေးပဲဟာကို ..ပါပါ..နော်လို့..”

“ကဲ..မွေး.. မွေး..။ ဒါနဲ့ သမီးကြောင်လေးကို နာမည်ပေးရဦးမှာပေါ့..”

“ဟား..ဝမ်းသာလိုက်တာ..ပါပါ..သူ့ကို တော်မီလို့ပေးလိုက်မယ်လေ”

“အာ..ဒါက သူသူငါငါလျှောက်ပေးတတ်တဲ့ နာမည်ပါ သမီးရာ..။ဒီကြောင်လေးက နတ္ခတ္တဗေဒပညာရှင်ရဲ့

မိသားစုမှာ နေမယ်ဆိုတော့သူ့ကို ဂြိုဟ်တစ်လုံးလုံးရဲ့နာမည်ပေးရမှာပေါ့ကွယ်..ဟုတ်လား”

“ဘာပေးရလဲ ..ဂျူပီတာလို့ပေးရမလားဟင်..”

“မဟုတ်တာ သမီးရယ်..သူက တို့အိမ်မှာ အသေးဆုံးလေးဆိုတော့ ပလူတို လို့ခေါ်ရမှာပေါ့ကွဲ့”

“အိုး..ကောင်းလိုက်တာ အဲ့နာမည်ကြိုက်တယ် ပါပါ။..ဟေ့ ပလူတိုရေ..ပလူတို ..မီ..မီ.မီ.မီ လာ လာ ဒီမှာ နို့လာသောက်”

“ညောင်..”

 

****************************

 

သူတို့မိသားစု အဲဒီလို ထွေထွေရာရာလေးတွေပြောတာ နားထောင်ပြီး မစ္စတာရှမ်တာရမ်က သိပ်အဆိုးကြီး

မဟုတ်ပါဘူးလို့ ကျွန်တော် ထင်မိတယ်။ဒါပေမဲ့ နောက်တော့ အထင်နဲ့အမြင်ဆိုတာ ပါစင်အောင် လွဲတတ်တာမျိုး

ဆိုတာကျွန်တော် သဘောပေါက်လာတယ်။အကောင်းနဲ့အဆိုးကို ပိုင်းထားတဲ့ မျဉ်းဆိုတာလည်း သေးသေးမျှင်

မျှင်လေးရယ် ဆိုတာလည်း သိလာတာပေါ့။

တစ်ရက်တော့ ဘိုးတော် မူးပေပြီး အိမ်ပြန်လာတယ်။တော်တော်ကွဲလာတဲ့ပုံပဲ။အရက်နံ့ကလည်း

တထောင်းထောင်းထလို့။ယိုင်ထိုး ယိုင်ထိုးနဲ့လှေကားပေါ်တောင်မနည်း တက်ယူနေရတာလေ။နောက်နေ့လည်း

ဒီပုံအတိုင်းပြန်လာတာပဲ။နောက်တစ်ရက်လည်း ထူးမခြားနား။ဟော.. နောက်ဆုံးတော့ ဒီ တန်းလျားမှာ

မစ္စတာရှမ်တာရမ်တစ်ယောက် အရက်သမားကြီး ယစ်ထုပ်ကြီး ဆိုပြီး နာမည်တွင်သွားတော့ပဲ။

အရက်သမား ဇာတ်ရုပ်ဆိုတာ ဟိန္ဒူရုပ်ရှင်တွေထဲမှာဆို ရီစရာကောင်းတယ်။ကျွန်တော်တို့ ကက်ရှ်တူ

မူကာဂျီ တစ်ယောက် အရက်ပုလင်းကိုင်ထွက်လာပြီဆို မပြုံးဘဲ ဝါးလုံးကွဲရီမိကြတာပဲ မဟုတ်လားဗျ။

လက်တွေ့ဘဝမှာတော့ အရက်သမားတွေ က ရီစရာမဟုတ်ဘူး။ကြောက်စရာကြီး။မစ္စတာရှမ်တာရမ်

မူးကွဲပြီး ပြန်လာပြီဆို ချောင်းနားထောင်ဖို့ ခွက်တွေဘာတွေတောင်မလိုတော့ဘူး။အသံကုန်ဟစ်ပြီး

ဆူပူကြိမ်းမောင်းနေလိုက်တာကျွန်တော် နဲ့ ဆလင်း တောင် သူတို့သားအမိနဲ့ ရော အကြိမ်းခံနေ

ရသလိုထင်ပြီး ကြောက်လို့ တုန်နေတာပဲ။နောက်တော့ သူဆဲဆိုအော်ဟစ်နေတာတွေက ထုံးစံလိုဖြစ်

လာတော့ သူ တခေါခေါနဲ့ အိပ်ပျော်သွားတာ စောင့်ပြီးမှ ကျွန်တော်တို့လည်း အိပ်ရတော့တယ်။ညညဆို

သူပြန်လာခါနီးရင် လန့်လန့်နေရတော့တာပဲ။ဟို သားအမိတော့ ဘယ်လိုနေမယ် မသိဘူး။ကျွန်တော်

တို့တောင် အဲဒီလူကြီး သောင်းကျန်းပြီဆို ဘယ်ပြေးလို့ပြေးရမှန်းကို မသိတာ။

ကျွန်တော်တို့ ထင်တာက ဒီဘိုးတော် နောက်တော့လည်း ပြန်ပြီးကောင်းကောင်းမွန်မွန် ဖြစ်လာမှာ။

သတိတရားရလာမှာပါလို့ထင်နေကြတာ။ဘယ်ဟုတ်လိမ့်မလဲ။ပိုပိုဆိုးလာတာ။ပိုပိုသောက်လာတာလေ။

အရင်ကလို ဆူဆူပူပူလုပ်ရုံမဟုတ်ဘဲ ဟိုဟာကိုင်ပေါက် ဒီဟာပစ်ခွဲ လုပ်လာတယ်။ပထမတော့ ပလတ်စတစ်

ခွက်တို့ စာအုပ်တို့ ပစ်ပေါက်တာ။နောက်တော့ ရေအိုး ရေခွက်ကစလို့ အိမ်ရှိပစ္စည်းတွေ့ကရာ အကုန်ဆော်တော့

တာပဲ။သူ သောင်းကျန်း ဆူပူနေတော့ ဘေးချင်းကပ်အခန်းနေတဲ့ ကျွန်တော်တို့က ဒုက္ခရောက်ကြရတာပဲ။

အိပ်ကောင်းခြင်းမအိပ်ရ ၊စားကောင်းခြင်း မစားရနဲ့။မစ္စတာ ရာမကရစ်ရှနား သွားပြောလည်း ထူးမယ်မထင်ပါ

ဘူးဗျာ။မကြာခဏ ဆိုသလို အခန်းခမပေးနိုင်လို့ သွားသွားတောင်းပန်နေရတဲ့ ဆယ့်သုံးနှစ်သား နဲ့ ဆယ့်

တစ်နှစ်သား ငတိလေးနှစ်ယောက်စကားက သူ့ပြောလို့ပေါက်မယ်မထင်ဘူးလေ။အဲဒီတော့ ဒီလူကြီးသောင်း

ကျန်းသမျှ ကြိတ်ခံပေရော့ပဲ။အခန်းနှစ်ခုကြားပိုင်းထားတဲ့ နံရံကို ဘာလာပြီးမှန်မှန် ကျွန်တော်တို့နှစ်ယောက်

ကြောက်ကြောက်နဲ့ ပု နေရတော့တာပဲ။

အဲ..ဒီအဆင့်မှာလည်း သူရပ်နေတာမဟုတ်ဘူးဗျ။သိပ်မကြာဘူး ပစ္စည်းတွေကို အရင်က

နံရံပေါက်နေရာက လူတွေကိုပေါက်လာတယ်လေ။ဘယ်သူရှိရမလဲ။သူ့မိန်းမနဲ့ သမီးကိုပေါ့။သူ့ မိန်းမ

အပေါ်တော့ အဆိုးဆုံးပေါ့ဗျာ။

“ခွေးမ..သောက်ခွေးမ.. နင့်ကြောင့်..နင့်ကြောင့် ငါ့ဘဝ ခုလိုဖြစ်တာ..နောက်မို့ ငါ ခုချိန်လောက်ဆို

တွင်းနက်တွေအကြောင်းသုတေသနစာတမ်းရေးနေရလောက်ပြီ..ငါ့လခွီး..ခုလို ဘလောက်စ်

အင်္ကျီတွေ ဆာရီတွေကို ဟိုသောက်သုံးမကျတဲ့ အိမ်ရှင်မတွေကို ရောင်းနေစရာမလိုတော့ဘူး..

..မုန်းတယ်..နင်ဘာလို့မသေသေးတာလဲ ဟေ.. ခွေးမ..”

ပြောရင်းဆိုရင်း တွေ့ကရာပစ္စည်းတွေနဲ့ လျှောက်ပစ်တော့တာပဲ။သူ့မိန်းမရော သူ့သမီးရော။ကြောင်

တောင်မလွတ်ဘူး။တစ်ည သူ ရေချိန် အသားကုန်လွန်ပြီး လုံးဝကွဲပြဲလာတာ။အိမ်ရောက်တော့ သူ့မိန်းမကို

အငွေ့ချောင်းချောင်းထနေတဲ့ လက်ဘက်ရည်ခွက်ပူပူကြီးနဲ့ ပစ်ပေါက်လိုက်တာ ဂူဒီယာက သူ့အမေရှေ့က

ပြေးကာတယ်လေ။သူရေနွေးပူလောင်ပြီး မချိမဆန့်အော်လိုက်တဲ့ အသံက ကျွန်တော့် နားထဲ သံချွန်ကြီး

ရုတ်တရက်ထိုးထည့်လိုက်သလို စူးစူးရှရှကြီးဖြစ်သွားတာပဲဗျာ။ငနဲကြီးက သောက်ရမ်းမူးပြဲနေတာ

သူ့ဟာသူဘာလုပ်လို့လုပ်မိမှန်းတောင် မသိဘူး။ကျွန်တော်လည်း ချက်ချင်း အပြင်ပြေးထွက်ပြီး တက်စီ

တစ်စီးပြေးငှား၊ ဂူဒီယာကို ဆေးရုံပို့ဖို့လုပ်ရတာပေါ့။နောက်နှစ်ရက်လောက်ကြာတော့မစ္စစ် ရှမ်တာရမ်

ရောက်လာပြီး ဂူဒီယာကိုဆေးရုံမှာတွေ့ဖို့ သူနဲ့လိုက်ခဲ့မလားလို့လာမေးတယ်။

“သူ..အရမ်း အထီးကျန်နေတယ်ကွယ်..မင်းတော့သူ့ကို စကားပြောပေးနိုင်မှာပဲ..”

အဲဒါနဲ့ ကျွန်တော်လည်း မစ္စစ် ရှမ်တာရမ်နဲ့လိုက်သွားတယ်။အဲဒါ ပထမဦးဆုံး ဆေးရုံကိုရောက်ဖူးတာပဲ။

 

*****************************