မဆုံးတဲ့…..သီချင်း—၈
အဲဒိတော့ ဆရာတစ်ခွက် တစ်ပြည့် တစ်ခွက်သောက်ဖို့ရာ အဆောင်ကိုပြန်လာရသေးတယ်..။ အရက်ဆိုင်မှာ ကိုမျိုးတို့နဲ့ချည့် လစ်မစ်ကုန်အောင် သောက်ပစ်လို့ မဖြစ်ဘူးလေ…..။ ကိုမြင့်ဇော်က မူးလာရင် အလွမ်းသီချင်းဆိုပြီး သီချင်းကိုခံစားပြနေသေးတယ်…..။ ဘယ်နေရာမှာ ဘယ်လိုအကြောင်းအရာကို ဘယ်လိုရေးထားတာ ဘာညာ ပေါ့……။ နေဝန်းနီတို့က တော့ အဲဒိလို အလွမ်းသီချင်းတွေ (မြန်မာသံစဉ်)သီချင်းတွေ မကြိုက်ပါဘူး..။ အဲဒိအချိန်က ပလေးဘွိုင်တို့…. ကိုညီထွဋ် (ဇော်ဝင်းထွဋ် )တို့ ချစ်ကောင်းတို့လောက်ပဲ ကြိုက်တာ..။ နားထောင်တာလေ….။ ဇော်ဝင်းထွဋ်တို့ ချစ်ကောင်းတို့က အခွေထွက်ကာစ ….။ ဦးကျော်သီချင်းတွေ အကြောင်းပြောရင်းက ကော်ပီ သီချင်းတွေရေးတဲ့ မင်းလေးမင်း အကြောင်းရောက်လိုရောက် ………။ အဲဒိအကြောင်းကိုပြောပြတာက ချစ်ခင်ရတဲ့ အကိုကြီး ကဗျာဆရာ လင်းသူပြောပြတာလေ…။ မန္တလေးက ကဗျာဆရာပဲ…။ ( အဲဒါပြီးမှဆက်ပြောပြမယ်…။ )
နေဝန်းနီ အံ့ဩတာက သဘောကျတာက ကိုယ်ပိုင်သံစဉ်မဟုတ်ဘဲနဲ့ အခြားသံစဉ် ထဲမှာ အသံတူစာသားတွေ သွင်းထားတာပြီး အဲဒိစာသားတွေက ကဗျာဆန်နေတာ အဓိပါယ် ရှိနေတာပဲ…။ လေးနက်နေတာပဲ..။
‘ဒါဏ်ရာတွေ ဘယ်လောက်များလဲxxxxx မင်းထိုးရက်တဲ့ ဓါးကိုနမ်းမယ် xxxxx မာနတွေ ကြွေလေပြီ…။ တစ်လောက လုံးနဲ့ ဆန့်ကျင်ဝံ့တယ်..။ အို……..မင်းကိုငါမစွန့်ဘူး……….”
ကဲ ….မိန်းကလေး တစ်ယောက်ကို ချစ်တဲ့ အကြောင်းပြောနေတာပါပဲ..။ နူးညံ့မှု တစ်ခုမှမပါပါဘူး…။ ဒါဏ်ရာတွေ ဘယ်လောက်များများ မင်းထိုးရက်တဲ့ ဓါးကို နမ်းမလို့တဲ့……..။ ပြီးတော့ တစ်လောက လုံးနဲ့ ဆန့်ကျင် နေရင်တောင် မင်းကို မစွန့်ဘူးတဲ့လေ…။ (ချစ်ကောင်းရဲ့ ရော့ခ် ကဗျာပါ..။ )အဲဒါတွေနဲ့ မူးယစ်..။ အရက်သောက်ပြီး မူးယစ်….။
ကျောင်းကိုတော့ နေစဉ်ရောက်နေတာပဲ….။ ဒါပေမဲ့ နေဝန်းနီရှိရမဲ့ စာသင်ခန်းထဲမှာတော့ မရှိခဲ့ပါဘူး…။ တစ်ခါတစ်လေများ နယ်ကျွံပြီး ပင်မတက္ကသိုလ် မိန်းဘက်ရောက်သွားသေးတယ်..။ နေ့လည်နေ့လည် ကျရင် ရာဇာတ်ခန်းမ(တက္ကသိုလ်-စာကြည့်တိုက် ပါ) ပေါ်တက်…။ အဲဒိမှာ မျတ်စု စာအုပ်တစ်အုပ်နဲ့ တစ်ကုပ်ကုပ်….။ ညည မူးယစ် ရီဝေစွာ ပြောနိုင်ဖို့ စာသွားဖတ်ရပါတယ်..။ မှတ်စုထုတ်ရပါတယ်…..။ မိုးဝေ စာပေ မဂ္ဂဇင်း အဖြစ်ပြောင်းပြီး ထုတ်တဲ့ မိုးဝေ အမှတ်(၁) ဟာ နေဝန်းနီထက် ကိုးလ လောက်ကြီးပါတယ်…။ အဲဒိမှာ မဂ္ဂဇင်းတိုင်း အမှတ်(၁)ကနေ နောက်ဆုံးရောက်နေတဲ့ လအထိ အစဉ်လိုက်ရှိပါတယ်…။ သတင်းစာတွေလည်း လအလိုက်တွဲထားပါတယ်..။ အဲဒိစာအုပ်တွေက အပြင်ကိုမငှားပါဘူး…..။ ရည်ညွှန်းစာအုပ် အဖြစ်သတ်မှတ်ထားပြိး အပေါ်ထပ်မှာပဲ ဖတ်ရပါတယ်…။ အခန်းထဲကို ထီး လွယ်အိတ် ယူခွင့်မပေးပါဘူး…။ မှတ်ချင်ရင် မှတ်စု စာအုပ်တစ်အုပ်နဲ့ ဘော့ပင်တစ်ချောင်း ဒါပဲ ခွင့်ပြုပါတယ်..။ 70 မိုးဝေ ကဗျာခောတ်ကို 86 ခုနှစ်မှ ဖြတ်သန်းရတာပါ…။ သူတို့တွေ ဒီလိုရေးခဲ့ကြလို့ 70 မိုးဝေ ကဗျာခောတ်ဖြစ်လာတာကိုး ..။နေဝန်းနီ တို့ တစ်အံ့တစ်ဩ……။ အဲဒိအချိန်က မိုးဝေမှာရေးတဲ့ ကဗျာဆရာဆရာတွေက လေးစားကြတယ်..။ ချစ်ကြတယ်..။ နေဝန်းနီတို့လည်း ကဗျာတွေထိုင်ကူးတာပဲ…။
အဲဒိလို နေ့လည်ခင်းက နေဝန်းနီ ကူးလာခဲ့တဲ့ ကဗျာတွေကို ညညကျတော့ ကိုမြင့်ဇော်ကိုဖတ်ပြ..။ ဆရာမောင်လေးအောင်က ဒီနေရာမှာ ဒီလိုရေးတာ…။ ဆရာဗမိုးရေးလိုက်တာက ဘယ်လို…။ သူနဲ့မူးပြီးကဗျာအကြောင်းပြော….။မတူတဲ့ အယူအဆကျတော့ ငြင်း…။ အဆောင်ပိုင်ရှင်က စကားတိုးတုးိပြောဖို့ လာပြီး သတိပေးရတဲ့ အထိ…။ အဲဒိတော့ အဆောင်ရှေ့က ကွက်လပ်သွားထိုင်ပြော ….။ ပြောရင်းပြောရင်းနဲ့ အာခြောက်…။ အမူးပြေ…။ ထပ်သောက်…။ ဆိုင်တွေက ညလုံးပေါက်ဖွင့်တာကိုး…။ ဒါကြောင့်လည်း ကျောင်းသားဘဝ လွတ်လပ်မှုကို ဘယ်သူမှ မမှီဘူးပြောတာကိုး…။ (ခုတော့လည်း ဒါတွေ ဒါတွေ ပြီးခဲ့ပါပြီ…။ ပြီးခဲ့ပါပြီ….။)
ဆရာမောင်လေးအောင်က သိုးတွေက ကဗျာ မရေဘူးတဲ့…။ အဲဒိကဗျာကိုဖတ်ပြီး သိုးဆိုတာနဲ့ ကဗျာဆိုတာရဲ့ အနက်ကို ဖွင့်ရင်း ကိုမြင့်ဇော်နဲ့ မိုးလင်းအောင်ထိုင်ပြောခဲ့ဖူးတယ်..။ အရက်ဆိုင်မှာလေ…။ ဆိုင်ရှင်ကိုယ်တိုင်ကတောင် ဒီနှစ်ယောက် အရွယ်နဲ့ မလိုက်အောင် ပြောနိုင်တယ် ..။ ပြောတတ်တယ် ဆိုပြိး အရက်ဖိုးမယူဘူး…။ နောက်ညတွေလည်းလာခဲ့ဦးတဲ့…။
နေဝန်းနီတို့က ဒီလို……။
နောက်တစ်နှစ်ရောက်တော့ ကိုမြင့်ဇော်က တတိယနှစ်..။ မိန်း (ပင်မ တက္ကသိုလ်) ထဲ ရောက်သွားတယ်..။ သူတို့ မေဂျာက လူနဲတာရယ် အမှတ်ကောင်းတာရယ်နဲ့… အဆောင်လည်းရသွားတယ်..။ အဲဒိတုန်းက ကျောင်းသားကနဲနဲလေးရယ်…။ ဒါကို ကျောင်းသားတိုင်း အဆောင်မရဘူး…။ အမှတ်ကောင်းတဲ့ သူတွေလောက်နဲ့ လူကြီး သားသမီးတွေလောက်ပဲရတာ…။ အပြင်ဆောင်မှာနေရင် ထမင်းနဲ့ အဆောင်လခက သုံးရာအောက်ထစ်…။ အတွင်းဆောင်က 120/-နဲ့ပြီးတာ…။ နေဝန်းနီနဲ့ လူချင်းကွဲသွားတယ်..။ ဒါပေမဲ့ ရံဖန်ရံခါတွေ့ရင် စကားပြောက မပြတ်သလို အရက်ခွက်ကလည်းသူ့ဘက်ရောက်လိုက် ကိုယ့်ဖက်ရောက်လိုက်နဲ့…….။
ကိုမြင့်ဇော်ကောင်းမှုနဲ့ ပထမနှစ် မကုန်ခင်လေးမှာ လက်ရေး ကဗျာ စာအုပ်လေး ထုတ်ဖြစ်သေးတယ်..။ အုပ်ရေကတစ်ရာ…။ တန်ဘိုးက သုံးကျပ်…။ အဲဒိငွေက လကျော်မဂ္ဂဇင်းတစ်အုပ် ဝယ်လို့ရတယ်..။ ကိုမြင့်ဇော်နဲ့ မေဂျာတူ ကိုမောင်မောင်ကလည်း ဝင်ရေးတယ်..။
ကဗျာစာအုပ်က…။ ဖယောင်းစက္ကူပေါ်မှာ ကညစ်နဲ့ ရေးပြီး မှင်နဲ့ ဆွဲတာ…။
ဟုတ်တယ်..။ ရေးပြီးသားဖယာင်းစက္ကူကို စားပွဲခုန်ပေါ်မှာ ငြိမ်အောင် သံမှိုသေးသေးရိုက်ပြီး ထိန်းထား…။မှင်သုတ်လိုက်…။ အောက်က စက္ကူဖြူခံထား ပြီးတော့ အပေါ်ကနေ မီးချောင်းအကျွမ်းလို ဟာမျိုးနဲ့ ထိပ်ဘက်ကနေ ဖြေးဖြေးချင်းဆွဲ..။ နေဝန်းတို့ ကိုယ့်ဖာသာကိုယ်လုပ်ယူကြတာ..။ အကြံပေးတဲ့သူက ကိုမောင့်မောင့်ဘော်ဒါ ..။ လုပ်တာက ကိုမောင်မောင်နဲ့ နေဝန်းနီ…။ ကိုမြင့်ဇော်က အရက်ငှဲ့ပြီးအားပေးတယ်..။ လက်မှာမှင်တွေပေနေလို့ အရက်ခွက်နဲ့ ပါးစပ်ကပ်ပြီးတိုက်တယ်..။ ပြီးတော့ အမြည်းခွံ့ကျွေးတယ်..။ အဲဒိလောက်ချစ်ကြတာ….။ အပူအပင်လည်း မရှိဘူး…။ ဘာလို့လဲဆိုတော့ ဒီစာအုပ်လုပ်တာ ဘယ်သူ့ဆီကမှ ခွင့်ပြုချက် တောင်းထားတာမဟုတ်ဘူးလေ…။ ဒါပေမဲ့ ကျောင်းပိတ်ခါနီးရင်တော့ ဒီလို စာအုပ်လေးတွေက အလျှို အလှျိုထွက်လာနေကြ……။
စက္ကူတွေကို ဖြတ် စာအုပ်ဖြစ်အောင်လုပ်ပြီးတော့ အောင်ပွဲခံတဲ့ ပွဲကို 83 လမ်းက ရှန်ဟိုင်း စားသောက်ဆိုင်မှာ လုပ်လိုက်တယ်……။ အင်းတောင်မြောက်လမ်းက 35×36 လမ်းကြားမှာလေ……။ လမ်းအရှေ့ဘက်မှာရှိတာပါ…..။ ခုတော့ ရှိမရှိ မပြောတတ်ဘူး….။ ရမ်တစ်ပက်က ငါးကျပ်နဲ့တူတယ်…။ တစ်လုံးလုံး ဝယ်ရင် ငါးဆယ်လား ငါးဆယ့်ငါးကျပ်လားမသိတော့ဘူး….။ လေးရောက်ဆိုတော့ တစ်လုံးပဲမှာလိုက်တယ်…။ ပြီးတော့ နေဝန်းနီကို အမြည်းမှာလို့ပြောတယ်…..။ နေဝန်းနီကလည်း menu ကြည့်ပြီး ဘာမှာရမှန်းမသိဘူး….။ နောက်ဆုံးတော့ ငုံဥတစ်ပွဲလို့ မှာလိုက်တယ်…..။ နေဝန်းနီ မှာလိုက်တဲ့ အမြည်းက ပြောစမှတ် တွင်သွားတယ်…..။ ဘာလို့ဆို ငုံးဥ ပြုတ်ကို ဆီနဲ့ လှမ့်လာလို့ပဲ……။ ဘယ်လောက်လဲမေးကြည့်တော့ တစ်ပွဲ 15ကျပ်တဲ့……..။ ကိုမြင့်ဇော်က အရက်သုံးပက်ဖိုးတဲ့လေ….။ အဲဒိလိုအပြောခံရပြီးကတည်းက နေဝန်းနီ အမြည်းမှာဖို့ နှမြောသွားတာ…….။ ဟုတ်တယ်…။ ဆိုင်ကြီးတွေဝင်ထိုင်ရင် တစ်ချို့ အရက်ထက်အမြည်းကို ပိုပြီး ဦးစားပေးစားကြတယ်တဲ့….။ ဆိုင်ကတော့ အချဉ်တွေပေါ့…။ အရက်ကိုလည်း ဆိုင်ကြီးတွေမှာ ပက်ချိန်နဲ့ မမှာရဘူးတဲ့…။ ကိုမြင့်ဇော်က သင်နေတာ…။ ခဏခဏမှာလေ… သူတို့ကြိုက်လေပဲတဲ့…။ ဘာလို့လဲဆိုရင်.. ပထမ တစ်ခါနှစ်ခါလောက်ပဲ အရက်စစ်တာလာချပေးပြီး နောက်ပိုင်းကျရင် အတုပဲလာလိမ့်မယ်…။ ဒါမှမဟုတ်ရင် ရေများများရောထားတဲ့ အရက်ပဲရလိမ့်မယ်တဲ့…..။
အဲဒိထဲမှာ နေဝန်းနီတစ်ယောက်ပဲ ပထမနှစ်ပါတာ…။ ကျန်တဲ့သူတွေက ဒုတိယနှစ်တွေ…။ ကိုမောင်မောင့်ဘော်ဒါက တတိယနှစ်နဲ့တူတယ်…။ အရက်အကြောင်းသာပြောနေကြတာ…။ စာမေးပွဲနီးပြီ စာကျက်ဖို့ ဘယ်သူမှ မပြောကြသေးဘူး….။ ခဏနေတော့….။ အရက်ပုလင်းနဲ့ ဖန်ခွက်တွေရောက်လာတယ်…။