ကိုယ့်အမြင် ကိုယ့်အယူ နဲ့ ကိုယ့်အတွေး

စာရေးသူ ချမ်းချမ်းရဲ့ “စာဖတ်သူများအားဝန်ချတောင်းပန်ခြင်း” ဆိုတဲ့ပိုစ့်ကို ကွန်မင့်ပေးမလို့ပါပဲ။ ဒါပေမယ့် လူဆိုတာ အသက်ကြီးလာရင် စကားများတတ်လာသတဲ့။ ကျုပ်လဲ ရေးရင်းနဲ့ရှည်သွားလို့ ဒါလေးကို ပိုစ့်အဖြစ်တင်ပါတယ်။

ချမ်းချမ်း ပြီးခဲ့တဲ့ အပတ်က တင်ခဲ့ဖူးတဲ့ “ဗုဒ္ဓဘာသာဝင် တို ့အတွက် ဆောင်ရန် ရှောင်ရန် ”ပို ့စ် လေး ထဲက ကုသိုလ် အကုသိုလ် အကျိုးပေးပုံ ကို အဆတွေနဲ ့ထွက်ပြထားတာနဲ ့ပက်သက်ပြီး  ကွန်မန် ့ပေးကြတဲ့ သူူတွေထဲက အဲ့ဒီအကြောင်းအရာဟာ အမှန်မဟုတ်ဘူး – ဆိုတိုင်း ရေးသူကအပြစ်ရှိမသွားပါဘူး။ ဒါမျိုးက ဝန်ချတောင်းပန်စရာလဲမလိုပါဘူး။ ဒီလို net မှာက လူတိုင်းလိုပဲ ကိုယ်ထင် ကိုယ်မြင် ကိုယ်ယူဆတာကို  ဒီလိုဆိုက်မျိုးတွေမှာ လွပ်လွပ်လပ်လပ် ရေးသားတင်ပြကြတာမျိုးပါပဲ။ ကြိုက်တဲ့သူကယူ မကြိုက်တဲ့သူ မယူရုံပါပဲ။ လက်ခံသူကလက်ခံ လက်မခံသူကပြန်ငြင်းရင်းနဲ့ အမြင်အမျိုးမျိုး အတွေးအမျိုးမျိုး အယူအမျိုးမျိုးကို ဖတ်ကြရတာ အမြတ်ထွက်ပါတယ်။

ဘုရားဟော မဟုတ်ပဲ တင်မိရင် ဓမ္မအန္တရာယ် ဖြစ်မှာ လဲ မစိုးရိမ်ပါနဲ့။ ဓမ္မ န္တရာယ်ဆိုတာမျိုးက  ကျုပ်လို  ချမ်းချမ်းလို  သူကြီးလို  အခြားရွာသားအများစုလို ရိုးရိုးလူက လုပ်နိုင်တာမျိုးမဟုတ်ပါဘူး။ အဲသလိုဖြစ်မှာစိုးပြီး ကိုယ့်အတွေး ကိုယ့်အမြင်ကို ရဲရဲမပြောရဲတာ ရဲရဲ မတွေးရဲတာကမှ ပိုအန္တရာယ်များတာပါ။

အဲသည်လိုပြောလို့ ချမ်းချမ်းရဲ့ပိုစ့်ပါအကြောင်းအရာတွေကို လက်ခံ သဘောတူတာတော့ မဟုတ်ပါဘူး။ ကျုပ်ရဲ့ ကိုယ်ပိုင်အမြင် ကိုယ်ပိုင်အယူအဆတွေနဲ့ ၉၀% ကွဲလွဲပါတယ်။ ဟုတ်ပါတယ် ။ လွပ်လပ်စွာကွဲလွဲပါတယ်။

အခုကစလို့ ကျုပ်ပြောမှာတွေက တကယ်တော့ ကျုပ်မွေးကတည်းက အလိုလိုသိလာတာတော့ ဘယ်ဟုတ်မလဲ။ ဒီလိုပဲ ဟိုတစ သည်တစ ကြားထား ဖတ်ထား မှတ်ထားတာတွေအပေါ် အခြေခံတာပေါ့။ ဒါပေမယ့် ဘယ်သူက ဘယ်တုန်းကပြောတယ်.. ဘယ်စာအုပ်မှာပါတယ်.. စသည်ဖြင့် ပြန်မရှာနိုင်တော့ပါဘူး။ ကျုပ်မှာ အချိန်လဲမရ မျက်စေ့လဲသိပ်မကောင်းလို့ မလှန်မလှောနိုင်တော့ပါဘူး။ (ဒါကတော့ လူပျင်းတွေရဲ့ဆင်ခြေတမျိုးပေါ့)။ ဒါကြောင့် ကျုပ်ပြောသမျှ ကျုပ်သာလျှင် တာဝန်အပြည့်ရှိပါကြောင်း ကြိုတင်အသိပေးထားလိုပါတယ်။

တိရိစ္ဆာန်ကိုလှူလျှင် ဘဝတစ်ထောင် (တစ်ရာမဟုတ်ပါ) ချမ်းသာတယ်၊ သာမန် သီလအထူးမရှိတဲ့လူကိုလှူလျှင် ဘဝတစ်သိန်းချမ်းသာတယ်၊ သီလရှိ သရဏဂုံတည်တဲ့လူကိုလှူလျှင် ဘဝပေါင်းမရေမတွက်နိုင်အောင်ချမ်းသာတယ်ဆိုတာ တွေက မုချအမှန်(အတိအကျအမှန်)လို့ ယူဆရတာမျိုး မဟုတ်ပါဘူး။ နားလည်လွယ်အောင် အရေအတွက်တင်ပြတာမျိုးပါ။

တကယ့် အဓိပ္ပါယ်အမှန်က ဒါနပြုလို့ဖြစ်တဲ့ ထက်ထက်သန်သန်ကုသိုလ်စိတ်တခုမှာ ဇော(စိတ်ရဲ့အရှိန်အဟုန်ရိုက်ခတ်မှု့) ခုနှစ်ကြိမ် ကပ်လျှက်ဆက်ဖြစ်ပါတယ်။ (အကုသိုလ်ပြုတဲ့အခါလဲ ထိုနည်းအတူပဲ)။

ပထမဆုံးဇောက အားကောင်းလျှင် အဲဒီကုသိုလ်ကံက ဒီမျက်မှောက်ဘဝမှာ အကျိုးပေးပါတယ်။ တကယ်တော့ ပထမဆုံးဇောဆိုတာ စဖြစ်ရတဲ့ဇောမို့ အားကောင်းဘို့ အလွန့်အလွန် ခဲယဉ်းပါတယ်။

နောက်ဆုံး ခွန်နှစ်ကြိမ်မြောက်ဇောက အားကောင်းလျှင် ကပ်လျှက်ဒုတိယဘဝမှာအကျိုးပေးခွင့်သာပါက အကျိုးပေးပါတယ်။ အကျိုးပေးခွင့်မသာပါက အဟောသိကံလို့ဆိုတဲ့ အကျိုးမရ/မဖြစ်တဲ့ကံအဖြစ် ပျက်သွားပါတယ်။ အဲဒီဇောကလဲ ကုန်ဆုံးခါနီး နောက်ဆုံးဇောမို့ အားကောင်းဘို့ သိပ်မလွယ်လှပါဘူး။

ဒုတိယဇောမှ ဆဌမဇောအထိ ဇောငါးကြိမ်မှာ တခုခုက အားကောင်းလျှင် ယခုဘဝနှင့် ဒုတိယဘဝမှအပ နောင်ဖြစ်ခွင့်ရှိသောဘဝများမှာ အခွင့်ကြုံလျှင်ကြုံသလို အကျိုးပေးကောင်းပေးနိုင်ပါတယ်။ အဲဒါကို ကံရဲ့သတ္တိ လို့ ဆိုနိုင်ပါတယ်။ အခွင့်သာလျှင် အများဆုံး အကျိုးပေးနိုင်တဲ့ ဘဝ သို့မဟုတ် အကြိမ်အရေအတွက် က တိရိစ္ဆာန်ဆိုလျှင် ဘဝပေါင်း သို့မဟုတ် အကြိမ်ပေါင်း တစ်ထောင်…….စသည် စသည် ဖြင့် ဖြစ်ပါတယ်။ သို့သော် လုံးဝအကျိုးမပေးပဲ ပျက်သွားတဲ့ (အဟောသိကံဖြစ်သွားတဲ့) အခြေအနေတွေလဲ ဖြစ်နိုင်ပါတယ်။ နဲနဲပဲအကျိုးပေးပြီး အရှိန်ကုန်သွားတာမျိုးကတော့ အများဆုံးဖြစ်ပါလိမ့်မယ်။

ဒီနေရာမှာ ပြောချင်တာလေးက ဒါနပြုလို့ ရတဲ့အကျိုးက ချမ်းသာတာ တခုထဲလဲမဟုတ်ပါဘူး။ ချမ်းသာတာလဲ ဟုတ်ချင်မှဟုတ်တာပါ။ အခြားအရာလဲဖြစ်နိုင်ပါတယ်။ မုန့်ဖက်ထုပ်တစ်ခုလှူပြီး အကျိုးရတော့ဘီလျံနာဖြစ်မယ်လို့လဲ မဆိုပါဘူး။ အဲဒါက လူတွေက ကိုယ့်လောဘနဲ့ကိုယ် လျှောက်ထင်တာပါ။ ညောင်စေ့လောက်လှူပြီး ညောင်ပင်ကြီးလောက် ဖြစ်မယ်ဆိုတာမျိုးကို ဇောတိကသူဌေးနဲ့ ပုံခိုင်းပြီး ပြောဟောတတ်ကြတယ်။ တကယ်က ကြံတချောင်းလှူတဲ့အချိန်မှာဖြစ်တဲ့ ကုသိုလ်စိတ်တခုထဲက ဇောတိကဘဝကို ဖန်တီးထုဆစ်ခဲ့တာမဟုတ်ပါဘူး။ ကနဦးအကြောင်းအဖြစ်သာ အကြောင်းပြုတာပါ။ တခါလှူတယ်။ ဝမ်းမြောက်တယ်။ ထပ်လှူချင်တယ်။ အခြားကုသိုလ်တွေပါ လုပ်ဖြစ်သွားတယ်။ အဲဒီအထုံတွေ ဘဝအဆက်ဆက်ပါသွားတယ်။ ဘဝအဆက်ဆက်မှာ ကုသိုလ်လုပ်ဖြစ်မယ့် အခြေအနေတွေကြုံလာတယ်။ အဲဒါတွေပေါင်းပြီးတော့ အရိယာဖြစ်ရမယ့်ဘဝမှာ ဇောတိကဖြစ်လာတာပါ။အကြောင်းတွေ ဘယ်လိုကျေးဇူးးပြုပုံကတော့ ပဌာန်းကျမ်းကြီးကြည့်ရုံပါပဲ။

ထင်ရှားအောင်လို့ ဂေါတမဗုဒ္ဓ ဘုရားရှင်ရဲ့ ဘုရားဖြစ်လာပုံနဲ့ ထင်ဟပ်ပြပါမယ်။ ဘုရားဆုမပန်ခင် ကမ္ဘာပေါင်း အသင်္ချေ မရေမတွက်နိုင်ခင်ကတည်းက ဘုရားဖြစ်ချင်စိတ်ဖြစ်ခဲ့တယ်။ ကမ္ဘာဆိုတာ ကျုပ်တို့နေတဲ့ earth ဆိုတဲ့ ခနော်ခနဲ့ဂြိုလ် ကိုပြောတာမဟုတ်ဘူး။ အနီးစပ်ဆုံးကတော့ glaxy လို့ခေါ်တဲ့ကြယ်စုလိုဟာမျိုးကို ဆိုလိုတာလို့ ကျုပ်ယူဆပါတယ်။

အဲသည်ဘုရားဖြစ်ချင်စိတ်တွေဖြစ်ပြီး ဘုရားဆုတောင်းတာ ဘုရားဖြစ်လိမ့်မယ်လို့ ဗျာဒိတ်မရခင်ကြားမှာ ဘုရားပေါင်း ငါးသိန်းတစ်သောင်းနှစ်ထောင်ပွင့်ခဲ့တယ်။ ငါးသိန်းကစိတ်ပဲဖြစ်တာ။ တစ်သောင်းနှစ်ထောင်က ဆုတောင်းတာ။ ဗျာဒိတ်ရပြီးမှ ဘုရားဖြစ်သည်အထိ ဘုရားနှစ်ဆယ့်ခွန်နှစ်ဆူ ပဲ ပွင့်ခဲ့တယ်။အချိန်ချင်း ချိန်ထိုးကြည့်ဘို့ပါ။

ဘုရားဖြစ်ချင်စိတ်ကစလို့ (အကြောင်းပြုလို့) ဒီလောက်ကြာတဲ့ကာလတလျှောက်လုံး ဘုရားဖြစ်ဘို့ချည်းရည်မှန်းပြီး ကုသိုလ်တွေ ဘယ်လောက်တောင်ပြုဖြစ်ခဲ့မလဲ။ ဒါ့ကြောင့် ဘုရားတဆူဆူကို ကြည်ညိုတဲ့ကုသိုလ်စိတ် တခုကစတာမှန်ပေမယ့် အဲဒီကုသိုလ်စိတ်ကြောင့် (ချည်း) ဘုရားဖြစ်တယ်လို့မဆိုသာသလိုပဲ ….

ကြံလေးတစ်ချောင်းလှူတာကြောင့် ဇောတိကသူဌေးဖြစ်ရတယ်လို့ မဆိုသာပါကြောင်း ကိုယ့်အထင်ကိုယ် ရဲရဲပြောလိုပါတယ်။

အခုဒီမှာပြောမိတာတွေက ဘုရားဟောမဟုတ်ဘူးလို့ သူကြီးနဲ့တကွ အခြားပညာရှင်များက ယူဆထားတဲ့ အဘိဓမ္မာသဘောတွေမို့ ကျုပ်ကလဲ ဘုရားဟောပါလို့ မပြော/မငြင်း ပါဘူး။ မိမိကြားနာဖတ်မှတ်သင်ယူဘူးသမျှထဲက ခေါင်းထဲစိတ်ထဲဝင်သမျှကို တင်ပြတာသာဖြစ်ပါကြောင်း ….။

(ချမ်းချမ်းရဲ့ပိုစ့် က အကြာင်းအရာတွေ အလွန်များပြားစွာပါဝင်နေပါတယ်။ ကျုပ်ကတော့ အကုသိုလ်ကံ ကုသိုလ်ကံတို့ရဲ့ အကျိုးပေးပုံတစိတ်တဒေသကိုသာ တို့ရုံထိရုံကလေး ပြောနိုင်တာမို့ ဒီစာဟာ အဲသည်ပိုစ့်ကို ပြန်ဝေဖန် ပြန်ကွန်မင့်ပေးတယ်လို့ မဆိုနိုင်ပါဘူး။ အကြောင်းပြုရုံသာ ဖြစ်ပါကြောင်း။)

5 comments

  • ရွှေဘိုသား

    July 23, 2011 at 10:18 am

    အစ်ကို ပါလေရာ ကအကြောင်းသင်.ရုံလေးရှင်းပြတော.
    ဖတ်တဲ.လူတွေကလည်း အကျိုးရှိစွာ ဖတ်ပြီး ဗဟုသုတ ယူသွားပါကြောင်း

  • manawphyulay

    July 23, 2011 at 10:27 am

    ဟုတ်ပါတယ်။ ဖူးစာရှင်လေးမှာ ရေးတဲ့ပိုစ့်ကို တောင်းပန်ထားတာဖြစ်ပါကြောင်း….

  • moethidasoe

    July 23, 2011 at 10:56 am

    ကုသိုလ် အလုပ် အကုသိုလ် အလုပ် .. ဇော ခုနစ်တန် ကိစ္စကို အသေးစိတ်သိသွားကြရင်
    ကိုယ်ဆိုရင် ဘာလုပ်မှာလဲ .. သေခါနီး ဘယ်လို ဖြစ်စေချင်သလဲ ဆိုတာကို ဆုံးဖြတ်ပြီး
    အနီးကပ်ဆုံးနေတဲ့လူ ကို မှာထားဖို့ လိုလိမ့်မယ် ..
    အေးအေးချမ်းချမ်း .. တိတ်ဆိတ်ငြိမ်သက်ပြီး .. ကုသိုလ်တွေကို အာရုံပြုနိုင်ရင် နောင်ဘဝအတွက် ကောင်းမယ် ဆိုတာ

  • MOEPWINTPHYU

    July 23, 2011 at 3:46 pm

    အခုလိုရှင်းပြပေးတဲ အတွက်ကျေးဇူးတင်ပါတယ် အတွေးတွေရသွားတာပေါ

  • nature

    July 23, 2011 at 6:09 pm

    ကောင်းပါတယ် palayar46 ရေ။ ပြောတာတွေကို သဘောကျပါတယ်။ parlayar46 လည်း အဘိဓမ္မာ လေ့လာဘူးတဲ့သူတယောက်ဆိုတာသိရတဲ့ အတွက် လေးစားပါတယ်။
    လှုတဲ့သူတွေဟာလည်း ညောင်စေ့လောက်လှုပြီးညောင်ပင်ကြီးလောက် ရအောင် လှုနည်းတွေ ကိုသိအောင်ဗုဒစာပေ တွေကို ယုံကြည်လေးစားစွာ လေ့လာပြီး ယုံကြည်စာွ လိုက်နာဘို့လိုပါတယ်။ မလှုတတ်ရင်တော့ ညောင်ပင်ကြီလောက်လှုပြီး ညောင်စေ့လောက်ပဲရတတ်ပါတယ်။ လှုနည်းလွဲမှားပြီး ဒီထက်ဆိုးရင်တော့ ကုသိုလ်တပဲ ငရဲ တပိဿာ ဖြစ်တတ်ပါတယ်။ ငွေကုန်ရကျိုးမနပ် ဖြစ်တတ်ပါတယ်။

Leave a Reply