လိုအပ် ……….တောင့်တ ………..မျှော်လင့်………..ကြောင့်ကျ( အပိုင်းတစ်)
“လိုအပ် တောင့်တ ……..မျှော်လင့်…….ကြောင့်ကျ”
2011 ဇူလိုင်26 ကျနော်နဲ့ကိုအောင်မောင်း အလုပ်ကိစ္စနဲ့မိုးကုတ်ကို တက်ခဲ့ကြပါတယ်။
ရတနာမြေ ဒယ်အိုးထဲက မြို့ကလေး ဓါတ်ပုံတွေထဲမှာသာ ငေးခဲ့ရပေမယ့်တစ်ခါမှတော့မရောက်ဘူးခဲ့။
အကွေ့ပေါင်း 999 ကွေ့ရှိတယ်လို့ ကြံကြံဖန်ဖန်မှတ်သူက မှတ်ထားပါသေးတယ်။
မန်းလေးမြို့မြောက်ဘက် မန်းလေးတောင်ကြီးကိုပတ်လို့ထွက်၊
အိုးဘို ရွှေကျင်ကို ကျော်လိုက်ပြီဆိုတာနဲ့ ရိတ်သိမ်းချိန်နီးနေတဲ့အဝါရောင် စပါးခင်းတွေမှာတွေ့ရတာ
စိတ်ကြည်နူးစရာကောင်းလှပါတယ်။
မန္တလေးမြို့မြောက်ဘက်ကိုထွက်တဲ့လမ်းဘက်ကို မရောက်တာ ကြာပြီလို့ဆိုနိုင်ပါတယ်။
ကြာနီကန်သုဿန်ကို နာရေး လိုက်ပို့တာကလွဲရင် သူ့ရဲ့မြောက်ဘက်ကိုကျော်လွန်လို့မသွားဖြစ်ခဲ့ပါဘူး။
တဖြည်းဖြည်းနဲ့မြို့ပြင်ကိုရောက်လေ ကျယ်ပြန့်လွတ်လပ်တဲ့မြင်ကွင်းတွေကို တွေ့ရလေပါဘဲ။
မတ္တရာကိုကျော်တာနဲ့အရှေ့ဘက်မှက တောင်စဉ်တန်း တွေ၊
အနောက်ဘက်မှာတော့ စိမ်းတချို့ဝါတစ်ချို့စပါးခင်းတွေထဲမှာနေပူတာတောင်ဂရုမထားနိုင်အားဘဲလုပ်ငန်းခွင်ဆင်းနေကြ။
ကားလေးက မြောက်ဘက်ကိုသွားရင်း ဟိုး အနောက်ဘက်ဝေးဝေးမှာဖြူဖွေးနေတဲ့ကျောက်ဆောင်ကြီးတွေ့လို့မေး
ကြည့်တော့ “ စကျင်တောင်”လို့ဖြေပါတယ်။
မျက်စေ့တစ်ဆုံးရှိနေတဲ့လယ်ကွင်းတွေရဲ့အလွန်မှာ ထီးထီးကြီးရှိနေတဲ့ဖြူဖွေးမြင့်မားတဲ့တောင်ကြီးမြင်ရတာတမျိုးလှပ၊
တဖြည်းဖြည်းနဲ့နီးလာမှ ဖြူဖွေးနေတဲ့စကျင်ကျောက်တွေကိုထမ်းထားတဲ့အကြီးအသေးတန်းစီနေတဲ့
တောင်ကြီးလေးလုံးကိုမြင်ရပါတယ်။
ဟိုငေးဒီငေးနဲ့လိုက်သွားလိုက်တာ 11နာရီလက်ပန်လှရောက်တော့ထမင်းစား။
ကြက်ကြော်ရောင်းတဲ့အသယ်လေးတွေကတော့ ပေါမှပေါ။
ကားတစ်စီးဆိုက်ပြီဆိုတာနဲ့ ဆိုင်ပိုင်ရှင်ကျေနပ်အောင်
စားပွဲထိုးတာဝန်ကိုပါတွဲလို့ထမ်းရွက်ရင်း အပြေးအလွှားဈေးရောင်းကြတာမြင်တော့ရင်ထဲမှာ………………..။
နာရီဝက်လောက်နားပြီးဆက်သွား။
မန်းလေးနဲ့လက်ပန်လှ အကွာအဝေးမိုင်ငါးဆယ်။
မိုးကုတ်ရောက်ဘို့ဆက်သွားမယ်ဆိုရင် 76မိုင်။
ဆက်သွားလိုက်တော့ ရွှေတူးတဲ့စခန်းတွေရှိလို့ အတော်လေးစည်ကားနေတဲ့ဇရပ်ကွင်းကိုဖြတ်လာခဲ့ပါတယ်။
ဇရပ်ကွင်းကိုကျော်လို့တော်တော်လေးသွားလိုက်လို့တောင်တက်လမ်းစပြီဆိုတာနဲ့
ရာသီဥတုကလဲပြောင်းလဲလို့လာပါတယ်။
တောရိပ်တောင်ရိပ်နဲ့ အေးချမ်းလို့လာပါတယ်။
သိ်ပ်မကြာခင်မှာဘဲ သပိတ်ကျင်းနဲ့မိုးကုတ်လမ်းခွဲ”ဖောတော “ကိုရောက်လာပါတယ်။
နိုင်ငံခြားသားများကတော့ ခွင့်ပြုချက်မရှိဘဲ ဒီဖောတော စခန်းထက်ကျော်လွန်ပြီးမသွားရဘူးဆိုတာ စာရေးထားလို့
သိလို်က်ရပါတယ်။
ကျနော်တို့စီးလာတဲ့ကားလေးက အုံ့မိူင်းညို့ဆိုင်းနေတဲ့တောင်တန်းတွေကို ကွေ့ဝိုက်လို့တက်နေပါတယ်။
ကားနံဘေးဝဲယာမှာတော့ ကြီးမားတဲ့သစ်ပင်တွေက အပေါ်က စီးမိုးလို့ ကားလမ်းမကို ငုံ့ကြ ည့်နေသလိုပါဘဲ။
ကျနော်တို့ကားလေးကတောင်ပေါ်ကိုရောက်လာတဲ့အခါမှာ ကားလမ်းနံဘေးနားကတောထဲကနေပြီး
ပုလိုင်းထဲမှာမျှစ်စို့ပေါက်တွေအပြည့်နဲ့ထွက်လာကြတဲ့လူတွေ၊
ဝါးလုံးစိမ်းတွေကို ထမ်းလာကြတဲ့လူတွေကိုတွေ့ရပါတယ်။
လူနေအိမ်ခြေနဲ့ မနီးမဝေးနေရာမှာတော့ မျှစ်တွေကို ဒိုင်ခံဝယ်တဲ့ တဲလေးတွေကို တွေ့ရပါတယ်.
ကားဆရာကိုမေးကြည့်တော့ လူတစ်ယောက်ကို ငါးပိဿာအများဆုံးဆယ်ပိဿာလောက်တော့ရတယ်ပြောပါတယ်။
တောင်ပေါ်ဘက်ရောက်လေ” မျှစ်မုဆိုး”တွေကို များလာလေလေပါဘဲ။
တစ်ဦချင်းစီရော နှစ်ယောက်သုံးယောက်တွဲရော အုပ်စုလိုက်ရော၊
ယောက်ျားရော မိန်းမရော လူကြီးရော လူလတ်ရော လူငယ်ရောကားလမ်းနံဘေးမှာခြေလျင်လျှောက်နေသူတိုင်းမှာ
ပုလိုင်းတစ်လုံး ဓါးတစ်ချောင်း၊
နောက် ခေါင်းပေါ်ချိတ်ပြီးလွယ်ထားတဲ့ ပုလိုင်းထဲမှာတော့ဖြူဖြူဖွေးဖွေး မျှစ်စို့ပေါက်ကြီးတွေ ၊။
ဖြူဖွေးနေတဲ့ မျှစ်တုတ်တုတ်ကြီးတွေကို မြင်ရတာနဲ့စားချင်စရာ။
တစ်လမ်းလုံးမှာလဲ မျှစ်ရှာသူတွေ အဆက်မပြတ်တွေ့နေရပါတယ်။
သွားနေရင်းတစ်နေရာမှာတော့ မိန်းမရွယ်တစ်ယောက်လက်ထဲမှာ မိူဦးနက်တွေ အတွဲလိုက်ကြီးဆွဲလာတာတွေ့တော့
ကားဆရာက ကားကိုလမ်းဘေးထိုးရပ်လိုက်ပါတယ်။
(ကောင်မလေးလက်ထဲက မိူတွေက ဆယ်ပွင့်လောက်ရှိပါတယ်။
နောက်အခုမှခူးလာတော့ လတ်လတ်ဆတ်ဆတ်နဲ့အပွင့်တွေကလဲ အကြီးကြီးပါ)
မိူတွေကိုင်ထားတဲ့သူကိုဘယ်လောက်နဲ့ရောင်းမှာလဲလို့မေးတော့ 1500လို့ပြောပါတယ်။
ကားဆရာက တစ်ထောင်ရမလားလို့ ဆစ်လိုက်တော့ ယူသွားဆိုပေးလိုက်ပါတယ်။
ကျနော့်တို့ကားရှေ့ခန်းမှာထိုင်လာတဲ့အမျိုးသမီးက အဲဒီမိူအတွဲကြီးကို ကြည့်ပြီးသွားရည်ယိုနေပါတယ်။
ပါးစပ်ကလဲ “တန်လိုက်တာ တန်လိုက်တာ”နဲ့တဖွဖွ။
ကားဆရာကလည်းပြောပါတယ်။
“ဒါလမ်းမို့လို့ဒီဈေးနဲ့ဆစ်ရတာ ရှေ့နားလေးကဆိုင်တွေကိုရောက်ရင် သုံးလေးထောင်လောက်ပေးရမှာ”လို့ပြောသံကြားတော့
ရောင်းလိုက်တဲ့ကောင်မလေးအစား ကြားထဲက ကျနော်က နှမျောနေမိပါတယ်။
ဒီလိုမိူအတွဲလိုက်ကြီးတွေ့ရတော့ မနှစ်တုန်းက မေမြို့ကိုသွားရင် ကြုံခဲ့တာလေးကို ပြန်သတိရမိလိုက်မိလို့ပါ။
မနှစ်ကဒီလိုမိုးရာသီမှာဘဲမေမြို့ကို ကျနော်တို့အဖွဲ့သွားကြပါတယ်။
ပြည်ချစ်ဘုရားက အပြန် ဈေးလေးနားရောက်ခါနီး လမ်းဘေးက သစ်ပင်အောက်မှာ မိူတွေကိုချရောင်းနေတာ
တွေ့တော့ ဆိုင်ကယ်ရပ်ပြီးဈေးမေးကြပါတယ်။
တစ်တွဲမှာ မိူခြောက်ပွင့်စီလောက် အကြီးအသေးမျှစီးထားပါတယ်။
မိူကလဲငါးတွဲလောက်ရှိပါတယ်။
ကျနော်တို့အဖွဲ့က ဆိုင်ကယ်သုံးစီး။
ဈေးမေးကြည့်တော့တစ်တွဲ ၅၀၀ဝကျပ်။
အားလုံးယူမယ် တတွဲကို ၄၀၀ဝ ထားပါဆိုတော့ ထိုင်နေတဲ့အမေကြီးက တစ်ချက်စဉ်းစားသလိုလုပ်ပြီး
ခေါင်းငြိမ့်ပါတယ်။
ကျနော်တို့အဖွဲ့ က ပိုက်ဆံရှင်းမယ်လုပ်နေတုန်းခပ်လှမ်းလှမ်းက ဂေါ်ရခါးညွန့်တွေရောင်းနေတဲ့
ကောင်မလေးက ထလာပြီး “အမေ မိူတွေ ကိုဘယ်လောက်နဲ့ပေးလဲလိုက်လဲ”လို့ မေးတော့
သူ့အမေက“တစ်တွဲ ၄၀၀ဝ နဲ့ အကုန်ပေးလိုက်တာ “လို့
ပြန်ဖြေရော “ ဒီဈေးဘယ်ရမလ”ဲ ဆိုပြီး ကျနော်တို့ကို သူ့အမေက မသိလို့ဈေးမှားရောင်းတာလို့ပြောပါတယ်။
၄၅၀ဝ တော့ပေးပါလို့ပြောတော့ ကျနော်တို့ကလဲ ဈေးပြတ်ပြီးသားကို တိုးမပေးနိုင်ဘူးလို့ပြောလိုက်ပါတယ်။
ဒါနဲ့ဘဲ မဝယ်ဖြစ်ခဲ့ကြပါဘူးဆိုပါတော့။
ကျနော်တွေးကောင်းနေတုန်း စကားအပြောကောင်းတဲ့ကားဆရာလေးက
“လေးလေးရာ သူတို့က တောထဲက ခူးလာတဲ့သူဆိုတော့ လူဘဲရင်းရတာလေ။
နောက်ပြီး အသားငါးကလဲ ဝယ်ချင်တိုင်းဝယ်စားလို့မရ။
ဒီတော့အိမ်နားက အသီးအရွက်ကလေးတွေခူးခက်ချက် ဆန်ဘိုးဆီဘိုးရရင်သူ့အတွက်အဆင်ပြေပြီ
ဆိုတော့ တစ်ထောင်ဆိုလဲရောင်းမှာဘဲ။” လို့ပြောနေပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
@ @ @ @ @ & @ @ @ @ @ & @ @ @ @ @ & @ @ @ @ @ &
One comment
ကိုပေါက်(မန္တလေး)
August 8, 2011 at 6:20 pm
ဒီပထမပိုင်းက တင်နေတုန်းကော်နက်ရှင်ပြုတ်သွားကျသွားတော့
တစ်ဝက်တစ်ပိုင်းလဲဖြစ် ကော်မင်လဲပိတ်နေလို့ အခုမှပြန်ပြင်ရပါတယ်။