လွတ်ကျသွားသော ရွှေလင်ဗန်း
ခုံတန်းလေးမှာ ထိုင်ပြီးပြုံးရယ်နေတဲ့
ကလေးငယ်လေးက
ရွှင်ရွှင်မြူးရယ်မောပျော်ရွှင်လို့………..
(သားလေးကို သူ ပွေ့ချီမထားမိတော့ဘူး။)
ကစားကွင်းထဲက လွတ်လပ်စွာပျော်နေတဲ့ ဟန်ပန်နဲ့
သူ့ရင်ထဲက တစ်စင်းတည်းသော
အလင်းတန်း
စကားတွေ တတွတ်တွတ်ဆိုလိုက်တာဗျာ။
(သားလေးကို သူ ပွေ့ချီမထားမိတော့ဘူး။)
ဒီတစ်ခါတော့…..
တိရစာ္ဆန်ဥယျာဉ်ထဲမှာ ကလေးငယ်လေးက မေးရဲ့
“လူဆိုတာ ဟိုး…….. မျောက်တွေက ဖြစ်လာတာလား” တဲ့။
“မဟုတ်ဘူး။ လူဆိုတာ ဟောဒီ……
လက်ဝဲရင်ထဲက ဖြစ်လာတာ။”
(“လက်ဝဲရင်ထဲက ဝင်းကနဲ ထွန်းလိုက်တာပါ”..
ဝင်းကနဲ၊ လက်ကနဲ……….)
ပညာရှင်လေး စဉ်းစားသွားရရော……
(သားလေးကို သူ ပွေ့ချီမထားမိတော့ဘူး။)
ပုံပြင်ဆုံးတဲ့အခါ
သူငယ်လေးက အိပ်ပျော်သွားပြီ။
သူ့မှာသာ လုံးချာဝန်းချာလိုက်လို့
သန်းခေါင်ထက် နက်ခဲ့ရဖူးရဲ့……..
(သားလေးကို သူ ပွေ့ချီမထားမိတော့ဘူး။)
ပုံပြင်ထဲမှာတော့
စုန်းအိုကြီးလက်က သားကို
အဖေက မေတ္တာတရားနဲ့ ကယ်ဆယ်နိုင်ခဲ့တယ်။
ဒီပုံပြင်စာအုပ်လေးကို
အစကပြန် ထပ်ကာထပ်ကာ ဖွင့်ဖွင့်ဖတ်မိပေါ့……
(သားလေးကို သူ ပွေ့ချီမထားမိတော့ဘူး။)
လမင်းကြီးကတော့ သာနေတာပါပဲလေ။
ရွှေလင်ဗန်းကြီးကိုင် ထမင်းဆီဆမ်းတွေကိုတော့
မတောင်းပေးဖြစ်တော့တာ ကြာပြီ။
(သားလေးကို သူ ပွေ့ချီမထားမိတော့ဘူး။)
သူပဲယောင်ရမ်း လွှဲမိသွားတာလား။
လေပဲတိုက်လိုက်လို့လား။
ဒန်းငယ်လေးက ရယ်ရင်းမောရင့် လှုပ်ရှားလို့………….
ဘုန်းသန့်ခန့်
UN08
အဲဒီ ကဗျာလေးကို ကျွန်တော် လူတစ်ယောက်အတွက်ရေးပေးခဲ့တာပါ။ သူကလည်း ကျွန်တော့်ကို မသိဘူး။ ကျွန်တော်ကလည်း သူ့ကို မသိဘူး။ ပိုဆိုးတာက ဒီကဗျာလေးကို သူ့အတွက် ရေးပေးလိုက်တယ် ဆိုတာတောင် မသိပါဘူး။ လက်ဘက်ရည်ဆိုင်ထိုင်နေရင်း ကြားလိုက်ရတဲ့ စကားလေးတစ်ခွန်းကြောင့် ကျွန်တော်ရေးဖြစ်သွားတာ။ ဖခင်တစ်ယောက်ဆိုပြီး ကိုယ့်ကိုယ်ကို စတင်ဂုဏ်ယူကာစ၊ ဖခင်တစ်ယောက်ရဲ့ ရင်တွင်းစေတနာကို ကိုယ်တွေ့သိကာစ၊ တီတီတာတာ စကားတတ်ကာစ သားငယ်လေး၊ နောက်ပြီးအများကြီးပေါ့……….. လွတ်ကျသွားတဲ့လူတစ်ယောက်၊ သူ့ကိုယ်သူပြန်တည်ဆောက်နေတဲ့ အကြောင်းလေးပေါ့……..