“ဆာသော်နှင့်ဘောစမျိုးများတွေ့ဆုံခြင်း”
“ဆာသော်” နှင့် “ဘောစမျိုး”များတွေ့ဆုံခြင်း……………………. ”
တစ်ရက်လမ်း80က ကမ္ဘောဇ ဘဏ်မှာ ငယ်ပေါင်းမိုက်ဖော်မိုက်ဘက် “သော်ကြီး”ကို တွေ့လိုက်ရပါတယ်။
သူက ဘဏ်အပြင်ဘက်မှာရှိတဲ့ အုဌ်ခုံလေးပေါ်မှာ ဂျာနယ်တစ်စောင်ကို ခင်းပြီး ခပ်ခန့်ခန့်ကြီးထိုင်နေတာပါ။
“ဘာစောင့်နေတာတုန်း………ဟ”
“ ဟာ ငပေါက် ရုံးကလာကြိုမယ့်ကားစောင့်နေတာ ငွေလာသွင်းတာလေ၊ မင်းကရော…………..“
“ငါက လာထုတ်တာ…………… “
ကို်ယ့်အလုပ်နဲ့ကိုယ်ဆိုတော့ ဒီလောက်ဘဲနုတ်ဆက်ပြီး အထဲဝင်ခဲ့ပါတယ်။
ခါတိုင်း ကိုယ့်လိုဘဲ ဖြစ်သလိုဝတ်စားနေတတ်တဲ့ကောင်က ယူနီဖောင်းနဲ့သပ်သပ်ရပ်ရပ်။
ဆံပင်ကလဲ ဖြီးသင်ထားလိုက်တာသေသေ သပ်သပ် ဒါပေမယ့် တော်တော်လေးတော့ဖြူနေပါပြီ။
မြင်ရတာအရင်” သော်ကြီး”နဲ့တော့ တစ်ခြားစီ။
ငွေထုတ်မယ့်နေရာရောက်တော့ ဖြည့်စရာ ရေးစရာရှိတာရေးပြီးထိုင်စောင့်နေုရင်း “ သော်ကြီး“ အကြောင်းပြန်စဉ်းစားနေမိပါတယ်။
ကျနော်နဲ့သူက တကယ့်ကို ငယ်ပေါင်း။
အိမ်ကလဲ အိမ်နီးနားခြင်း ပြန်တွက်ရင် သားချင်းကလဲ မကင်း ရွယ်ကလဲရွယ်တူဆိုတော့
ငယ်စဉ်အထက်တန်းကျောင်းသားဘဝရော တက္ကသိုလ်တက်နေစဉ်မှာရော တတွဲတွဲ ည အတူမအိပ်ရုံတမယ်။
မိဘတွေက အဆူခံ အဆဲခံ အရိုက်ခံ တေတေပေပေ နေချင်သလိုနေခဲ့ကြ။
အချိန်တန်အရွယ်ရောက်မှ အိမ်ထောင်တွေကျ သူကလဲ ရန်ကုန်ပြောင်း
ကျနော်တို့ကလဲရပ်ကွက်ပြောင်းမှ သူနဲ့ကွဲသွားခဲ့ကြတာ ဆယ်စုနှစ် နှစ်ခုမက။
လွန်ခဲ့တဲ့ 3 နှစ်လောက်ကမှ သူကလဲ မန်းလေးပြန်ပြောင်းလာတယ်ဆိုတာကိုသိရပါတယ်။
သွားရင်းလာရင်းလမ်းမှာ တစ်ကြိမ်တွေ့ကြတော့ သူကလဲပေစုတ်စုတ် မူမပျက်အရင်ပုံစံအတိုင်းပါဘဲ။
ဒါပေမယ့်လည်း နေရာမတူ အလုပ်မတူ ဘဝမတူတော့ လမ်းမှာသွားရင်းလာရင်းတွေ့တဲ့အခိုက်
လေးမှာသာပြီးစလွယ်နုတ်ဆက်မိတာကလွဲလို့ အရင်လိုတော့လဲမတွဲဖြစ်တော့ပါဘူး။
မနှစ်ပိုင်းလောက်ကတော့ ငယ်သူငယ်ချင်းတစ်ယောက်နဲ့တွေ့တော့ “ သော်ကြီး“ကြီးပွားနေတဲ့အကြောင်း၊
အရင်လိုဖြစ်သလိုဝတ်နေချင်သလိုနေ ကြုံရာအရက်သောက်တဲ့ “ သော်ကြီး“မဟုတ်တော့တဲ့အကြောင်း၊
အတော်လေးကို တောင့်တင်းတဲ့လုပ်ငန်းပိုင်ရှင် ဘောစိ တစ်ယောက်က “ သော်ကြီး“ကြေးကောင်းကောင်းပေးပြီး
ခေါ်ထားတဲ့အကြောင်း၊
သူ့အလုပ်မှာ အဲကွန်းနဲ့မွှေးပွကော်ဇောနဲ့ အင်တာနက်နဲ့တခမ်းတနား စံပယ်လို့ သူ့အခန်းထဲဝင်ရင်
ဖိနပ်ချွတ်ဝင်ရတဲ့အကြောင်း၊
သူတို့ရုံးက ဝန်ထမ်းကောင်မလေးတွေကလဲ စကပ်တိုဝဲဝဲ လေးတွေ၊
ဒါပေမယ့် မဲမဲသဲသဲမပါ မြင်ရတာ အင်မတန်မှ ကျက်သရေရှိလှကြောင်းကို
မစားရ ဝခမန်းဖောက်သည်ချသွားဘူးပါတယ်။
သူ့လက်အောက်က ဝန်ထမ်းများကလည်း သူ့ကို “ဆာသော်” လို့ခေါ်ကြကြောင်းအပါအဝင်ပေါ့။
သူရဲ့သတင်းမွှေးမွှေးလေးတွေသာကြားနေပေမယ့် လူချင်းကတော့ မတွေ့ဖြစ် ဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင်လာတွေ့တာပါ။
ခဏအကြာနာမယ်ခေါ်သံကြားမှ တွေးလက်စအတွေးတွေရပ် ကောင်တာရှေ့ရပ်လို့ ငွေယူပြီးဘဏ်အပြင်ထွက်လာတဲ့အခါ
“ သော်ကြီး“ကတော့ ထိုင်နေတုန်းပါ။
ဒါနဲ့ဘဲ အဲဒီနားမှာရှိတဲ့ “ထိပ်ဆုံးကိုရွေး”ဆိုတဲ့ လက်ဖက်ရည်ဆိုင်မှာ ခဏထိုင်ရအောင်ဆိုနှစ်ယောက်သားထွက်လာခဲ့ကြပါတယ်။
သူကတော့ သူ့ကိုလာကြိုမယ်ဆိုရင် ဖုန်းအရင်ဆက်ဘို့ အခုမိတ်ဆွေနဲ့ ကော်ဖီဘားတစ်ခုမှာ မုန့်သွားစားမလို့ လှမ်းပြောနေသံကြားရပါတယ်။
ကျနော်က
“လက်ဖက်ရည်ဆိုင်သွားမှာလေကွာ”လို့ လှမ်းပြောတော့ သူက တိတ်တိတ်နေဘို့လက်ကာပြပါတယ်။
နောက်လမ်းလျှောက်ထွက်လာရင်းမှ
“ငါ့ဘောစိက ငါ့ကို လက်ဖက်ရည်ဆိုင်မထိုင်ရဘူး။ကော်ဖီဘားတို့ စနက်ရှော့ တို့မှာဘဲထိုင်ရမယ်လို့ မှာထားတာဟ”
“ အောင်မာ လမ်းဘေးလက်ဖက်ရည်ဆိုင်က ဘာဖြစ်လို့လဲ“
“ ငါ့ဘောစိက သူ့ကုမ္မဏီမှာနေရင် အဆင့်မြင့်မြင့်နေပါတဲ့ လူအထင်သေး မခံရပါစေနဲ့တဲ့ဗျား“
ဒီလိုပြောသံကြားရတော့ ကျနော်က ရီလိုက်မိပါတယ်။
“ မရီနဲ့ ငါ့ကောင် ။ပြောရအုံးမယ် တစ်ခါက အခုလိုဘဏ်ကိုလာတာ၊
ငါ့အလုပ်တွေကပြီးသွားရော။
ကားကလဲ တော်တော်နဲ့လာမကြို ၊အဲတော့ငါကလဲထိုင်စောင့်ရတာ ပျင်းလာရော။
ဘဏ်နဲ့ရုံးနဲ့ကလဲ သိပ်မဝေးတော့ အညောင်းပြေလမ်းလျှောက်ပြန်လာတာပေါ့ကွာ။
ရုံးရောက်လို့ခဏနေတော့ဘောစိက ခေါ်တယ်ဆိုတာနဲ့ဝင်တွေ့ရတာပေါ့ကွာ။
သူ့ရှေ့လဲရောက်ရော
ဘဏ်ကနေ လမ်းလျှောက်ပြန်လာလို့ ဆိုပြီး နာရီဝက်လောက် တရားဟောပါတော့တယ်။
သူ့လုပ်ငန်းကို ဆောင်ရွက်တဲ့အခါ ဒီလို ပြန်မလာဘို့ အကြောင်း၊
တစ်ခြား ကုမ္မဏီတွေက မြင်သွားရင် အထင်အမြင်သေးစရာဖြစ်သွားနိုင်တယ် ဆိုတဲ့အကြောင်း၊
ဆာသော်လို့ အဆင်မြင့်ဝန်ထမ်းတစ်ဦးအနေနဲ့ပိုပြီး ဂရုတစို်က်နေသင့်ကြောင်း။
ဒါချည်းဘဲထပ်ခါထပ်ခါ ပြောတာကွာ ငါ့မှာထွက်ပြေးလို့လဲမရ
စိတ်ကိုအတော်ကုန်သွားတာ။ ဇီဇာတော့ အတော်ကြောင်တဲ့လူကွာ“
“ ဒါနဲ့များ မင်းနေနိုင်တာ အံ့ဩပါရဲ့“
“ တစ်လ လေးပုံးဆိုတဲ့ငွေက ငါ့ကို အသေချည်ထားတာလေကွာ။
ကျန်တာတော့ ကောင်းပါတယ် စိတ်လေစရာကောင်းတာက သူ့လုပ်ငန်းမှာ သူ့အမျိုးတွေထည့်ထား၊
ရာထူးတွေပေးထား၊လုပ်ငန်းထဲဝင်ပါ၊လုပ်ချင်သလိုလုပ်၊
ရိုင်းတော့လဲ မရိုင်းကြပါဘူးဆက်ဆံတာပြုတာ ယဉ်ကျေးကြပါတယ်။
ဒါပေမယ့် တစ်ယောက်အမိန့်တစ်မျိုးပေး ဖြစ်သမျှငါလိုက်ဖြေရှင်း။
သူတို့အချင်းချင်းမညိအောင်ရှန်တိ်န်တွေလုပ်ပေးရ၊
ဖာရထေးရနဲ့ စိတ်တော့လဲညစ်ပါတယ် တစ်နေ့တစ်မျိုး ရိုးကို မရိုးတာ“
“မင်းကလဲလုပ်စမ်းပါအုံး မရိုးရတဲ့ဇာတ်လမ်းလေးတွေ”
အဲဒီမှာ သူက “ဆာသော်”နဲ့ “ဘောစမျိုး”များရဲ့တစ်နေ့တစ်မျိုးမရိုးရတဲ့အကြောင်းတွေကို ပြန်ပြောပြတာကတော့……………………………..။
ငါမန်းလေးကနေထွက်သွားပြီးတော့ ကိုယ်တတ်ထားတဲ့စာရင်းကိုင်ပညာနဲ့ အဲဒီတုံးက ခေတ်စားတဲ့
“သမဝါယမလုပ်ငန်း”အသင်းစုတွေမှာဝင်ပြီးဆယ်နှစ်ကျော်ကျော်ဆယ့်ငါးနှစ်လောက်လုပ်တာပေါ့ကွာ။
အဲဒီမှာလုပ်တာ တော်တော်လေးကို ပညာရခဲ့ပါတယ်။
စီမံခန့်ခွဲတာတို့ စာရင်းကိုဘောင်ဝင်အောင်ဆောင်ရွက်ရတာတို့ ဒါတွေမင်းလဲသိပြီးသားတွေပါ။
နောက်တော့ အပြောင်းအလဲဖြစ်တော့ ငါတို့လုပ်ငန်းတွေကလဲ ပျက်တဲ့ဟာကပျက် ဖျက်တဲ့ဟာကဖျက်ဆိုတော့ ငါတို့ကလဲဟိုရွှေ့ဒီရွှေ့ပေါ့ကွာ။
နောက်ငါလဲ စိတ်မပါတော့ အလုပ်ကထွက်လိုက်တယ်။
အိမ်မှာလည်ရာပြန်စာရေးလုပ်နေတုံးသူငယ်ချင်းတစ်ယောက်ဆက်ပေးတော့ပုဂ္ဂလိကလုပ်ငန်းထဲ ရောက်သွားတယ်။
ရှယ်ယာတွေနဲ့လုပ်ကြတဲ့လုပ်ငန်းထဲမှာစဝင်တာပေါ့ကွာ။
အဆင်မပြေပါဘူး ငါက စာရင်းအရှိအတိုင်း ထည့်ချင် အနီးကပ်နေရတဲ့ ရှယ်ယာဝင်က ဟိုလိုထဲ့ပါ ဒီလို့ထည့်ပါဆိုတော့
မကြာခဏအခြေအတင်ပြောရတာပေါ့ ။
တကယ်ပြောရင်တော့ ငါမနပ်တာပါ။
တစ်နေရာအဆင်မပြေတစ်နေရာပြောင်းနဲ့လေးငါးခြောက်ခုမက။
အဲဒီတုန်းက ခံရတာတွေ ကအခုလက်ရှိအလုပ်အတွက်အရင်းအနှီးတွေပေါ့ကွာ။
ဒါနဲ့ဘဲ လုပ်သာလုပ်နေရတာစိတ်ကမပါ။
အဲဒီအထဲ ငါ့မိန်းမကလဲ ဆုံး သားသမီးကလဲမရှိဆိုတော့ တစ်ကောင်ကြွက်ပြန်ဖြစ်။
တစ်ယောက်ထဲနေရတာပျင်းလာတော့ ကိုယ်မြို့ကိုယ့်ရွာကို ခဏပြန်လာတုးံ သတင်းစာထဲကအလုပ်ခေါ်စာတွေရော။
အဲတော့ ကိုယ့်မြို့ကိုယ့်ရွာပြန်နေရမယ် ဆိုတာနဲ့တင်သဘောကျပြီးလျှောက်လိုက်တာပေါ့။
အင်တာဗျူးတဲ့နေ့ကများ မေးလိုက်တာကွာ မေးခွန်းတွေမှစုံနေတာဘဲ။
အမေးနွားကျောင်းသား အဖြေဘုရားလောင်းဆိုတဲ့စကားသူတို့နဲ့မှ မှန်မှန်းသိတယ်။
နောက်တကယ်လုပ်ငန်းထဲရောက်တော့သူတို့မေးတာတွေနဲ့လုပ်ရတာ ဘာမှမဆိုင်ဘူး။
တိုုတိုဘဲဆိုပါစို့ သူတို့က ငါ့ကိုယောင်မှားပြီးအလုပ်ခန့်လိုက်တယ်ပေါ့။
အလုပ်မဆင်းရခင်တစ်ညမှာ ဘောစိက ငါ့ကို ညနေစာထမင်းကျွေးမယ်ဆိုခေါ်ပြီး
အရင်ဆုံးစကျွေးတော့တာပါဘဲ။
သူ့အလုပ်က လုပ်ငန်းကြီးတယ်အရင်းအနှီးများတယ်လုပ်ငန်းတွေလဲများတယ်။
ဒါပေမယ့် ဝန်ထမ်းကတော့ သိပ်အများကြီးမထားဘူး။
ဒါပေမယ့်သူ့မိသားစုဝင်တွေကိုတော့ အလုပ်ထဲမှာဝင်လုပ်ခိုင်းထားတယ်။
တနည်းပြောရရင် မိသားစုပိုင်လုပ်ငန်းကြီး တစ်ဦးနဲ့တစ်ဦးစိတ်ဝမ်းမကွဲစေချင်ဘူး။
တတ်နိုင်သမျှ အဆင်ပြေအောင် ကြားခံအနေနဲ့ဆောင်ရွက်ပေးရမယ်။
ဘာမှ သိပ်တိတိကျကျကြီးလုပ်ဘို့ မလိုဘူး။
ကြီးကြီးမားမား မဟုတ်ရင်ခွင့်လွှတ်နိုင်ရမယ်။
စကားအပြောအဆိုဆင်ခြင်ရမယ်ဆိုတာတွေကိုစားရင်းသောက်ရင်းပြောသပေါ့။
ငါကလဲခံရပေါင်းများပြီဆိုတော့ သူဘာဖြစ်ချင်တယ်ဆိုတာကိုရိပ်မိတာပေါ့ကွာ။
ဒီတော့ ငါကလဲ ကြိုမေးထားလိုက်တာပေါ့ကွာ။
တကယ်လို့များ အကြောင်းတစုံတရာဖြစ်ခဲ့ရင် ဘယ်သူ့ကိုအရင်ပြောရမလဲဆိုတာရယ်
ဝေခွဲမရတာမျိုးများကြုံလာရင် ဘယ်သူ့ ဆုံးဖြတ်ချက်ကို ပိုဦးစားပေးရမလဲ လို့မေးတော့
ဘောစိမျက်နှာက ပြုံးလာပြီး” ဆြာသော် သဘောပေါက်လွယ်သားဘဲ” လို့ပြောပါတယ်။
နောက်ဆုံးအဓိကလူကတော့ ဘောစိရဲ့ဒေဝီမဟေသ ီ “ ဘောစချုပ်“ က အိမ်မှာအခရာဆိုတာသိလာပါတယ်။
စားသောက်ပြီးအပြန်မှာ ဘောစိအိမ်ကို ဝင် ပြီး “ဘောစချုပ် “ကို အရင်ဆုံး ဂါ ရတာပေါ့။
“မမခင်ဗျား အမြင်မတော်တာရှိရင်စိတ်တိုင်းမကျတာရှိရင်အားမနာတမ်းပြောပါ”ဆိုပြီး
“ ဘောစချုပ်“ ထံမှာ ကိုယ့်ကိုကိုယ် အပ်နှံပွဲလေးကျင်းပပေးလိုက်တော့ ပြုံးနေတဲ့မျက်နှာလေးတွေကိုတွေ့ရသပေါ့မောင်ရာ။
နောက်နေ့အလုပ်စဆင်းတော့အလုပ်ထဲ ဝန်ထမ်းတွေနဲ့အရင်မိတ်ဆက်ပေးပါတယ်။
ဒီကလုပ်ငန်းတွေအားလုံး သူ့ကိုယ်စားငါကဘဲစီမံခန့်ခွဲတော့မယ့်အကြောင်း၊
ငါ့ကို ဆြာသော် လို့ ခေါ်ရမယ့်အကြောင်း ဘာဖြစ်ဖြစ် ဆြာသော်က သာ တစ်ဆင့်လာရမယ်ဆိုပြီး အမိန့်တွေချမှတ်တာပေါ့။
အဲဒီတုန်းကတော့ ငါ့မှာ ဘဝင်တွေတောင်မြင့်လို့ နောက်မှ ဘယ်တော့ မှမပြီးတဲ့အရှုပ်ထုပ်ကြီးကိုလွှဲပေးခံရတယ်ဆိုတာသိလာရတာ။
ဒီလုပ်ငန်းကြီးထဲမှာ ဘောစိက ဒါရိုက်တာ “ ဘောစချုပ်“ကလည်း ဒါရိုက်တာ။
“ ဘောစထီး“ဆိုတဲ့သူ့ယောက်ခထီးကြီးက နာယက ဒါပေမယ့်သူက ရုံးတော့ မတက်ဘူး။
အခန်းအနားတွေဧည့်ခံပွဲတွေကျမှသာ ဘိုလိုစတိုင်ကျကျဝတ်လာပြီး ဘိုလိုတွေမူတ်တာ။
ဒါပေမယ့်လည်းသူ့ကိုတွေ့တာနဲ့ နာယကကြီးမင်္ဂလာပါဆိုပြီး ဦးညွတ်ကြရတယ်။
ဝန်ထမ်းတွေကလည်း ခပ်အေးအေးတွေပါဘဲ။
အပြင်လူသိပ်မပါ ဝန်ထမ်းအဟောင်းတွေထဲက နီးစပ်ရာတွေကို ပြန်ခန့်ထားတာကိုးကွ။
ဒါနဲ့ဘဲမိတ်ဆက်ပွဲပြီးတော့ ငါ့အခန်းထိုင်လို့မှ ဖင်မနွေးသေးဘူး။
“ဆြာသော် မမလေးခေါ်တယ်”ဆိုတော့ လိုက်သွားရတာပေါ့။
ပထမထပ်တက်သွား “အုပ်ချုပ်မှု့မန်နေဂျာ”လို့ ဆိုင်းဘုတ်လေးချိတ်ထားတဲ့အခန်းထဲကိုရောက်တော့၊
ရောင်စုံမျက်နှာလေးဖြစ်အောင်လှတပတ ချယ်သထားတဲ့ အသက်25နှစ်လောက်ရှိတဲ့ကလေးမလေးကိုတွေ့ရပါတယ်။
သူကတော့ အားလုံးက မမလေး လို့ခေါ်ကြတဲ့ “ ဘောစမီး “လေးပါ။
ခပ်ပြုံးပြုံးချစ်စရာမျက်နှာလေးနဲ့ပါ။
မိတ်ဆက်စကားတွေပြောဆိုပြီးတော့ “ဆြာသော် မီး ကို အစစအရာရာကူညီပေးရမှနော်”လို့ ဆိုပါတယ်။
ဒါနဲ့အခန်းပြန် ရောက် ထိုင်လို့မှ ဖင်မနွေးသေးဘူးဆြာသော်ဆိုပြီးလာခေါ်လို့ထပ်တွေ့ရတဲ့လူကတော့
အသက်ကတော့ လေးဆယ်နီးပါး အသားကတော့ ခပ်ဖြူဖြူ
ကိုယ်လုံးကခပ်လှလှ မျက်နှာကတော့ အလည်ရောက်ခါစဇရာကို ရောင်စုံမိတ်ကပ်တွေခြယ်သလို့လှည့်စားထားတဲ့
ချစ်စရာမျက်နှာပေးနဲ့ အမျိုးသမီးပါဘဲ။
သူကတော့ “ဘောစချုပ်”ရဲ့ညီမတော် “ဘောစခယ်”ပါဘဲ။
ထုံးစံအတိုင်း မိတ်ဆက်စကားတွေပြောအပြီးမှာတော့
“မီးငယ်လိုချင်တာကို လုပ်ပေးဘို့ ဆြာသော် ကို ကိုကြီးကမှာပြီးသားနော်”လို့မေးတာလိုလို အမိန့်ပေးတာလိုလို
အသံလေးကြားတော့ ငါကလဲ ဟုတ်ကဲ့ရတာပေါ့။
နောက်တော့ မင်းသားရှုံးအောင် ဝတ်စားထားတဲ့ “ဘောစဖ”
အီမိုကေနဲ့ အိပ်ချင်မူတူးရုပ်နဲ့ ဘောစိရဲ့သား “ဘောစသား”
အဲဒီမှာငါသိလိုက်တာကတော့ တစ်ယောက်တစ်မျိုးဇာတ်လမ်းတွေလာတော့မယ်ဆိုတာပါဘဲ။
ရောက်ပြီးတစ်ပါတ်လောက်နေတော့ ငါပြဿနာစတက်တော့တာပါဘဲ။
တစ်ရက်ပေါ့ ရုံးနဲ့သိပ်မဝေးတဲ့သစ်ပင်အောက်က ခိုတောင်မုန့်တီဆိုင်လေးကို ငါသွားစားတာကိုး။
အဲဒီအချိန် “ဘောစမီး”လေးက ကားနဲ့ဖြတ်သွားတာ ငါက လှမ်းလက်ပြလိုက်မိတာ။
ငါလဲရုံးပြန်ရောက်ရော ခေါ်အပြောခံရတော့တာပါဘဲ။
လမ်းဘေးဆိုင်မှာမုန့်ထိုင်စားလို့တဲ့ကွာ။
အဲလိုပေါက်ကရဆိုင်တွေမထိုင်ရ မစားရဘူးတဲ့အမိန့်တော်မှတ်ရော။
ငါကလဲ ဆာလို့စားမိတာပါကလွဲလို့ဘာပြောရမှာလဲ။
နေ့လည်ရောက်တော့ဘောစိကတစ်ခါထပ်ခေါ်ပြောပြန်ရော။
ငါကလဲ ဆာလို့စားမိတာလို့ပြောရပြန်တာပေါ့။
နောက်ဆြာသော် ဆာရင် ရုံးမှာဝယ်စားပါတဲ့ အပြင်လက်ဖက်ရည်ဆို်င်တွေလမ်းဘေးဆိုင်တွေကိုလဲမထိုင်ပါနဲ့။
လုပ်ငန်းသိက္ခာကျတယ်ပေါ့ကွာ။
အဲဒီနေ့ကစပြီး ငါလဲ “ဆြာသော်”ဘဝကနေ “ဆာသော်”လို့အခေါ်ခံရတာပါဘဲ။
အစကတော့အဲလိုခေါ်ရင်စိတ်တိုတာပေါ့။
နောက်တော့လဲဒီ” ဆာသော်”ကအတည်ဖြစ်သွားတာပါဘဲ။
နေ့စဉ်အလုပ်ကတော့ ဘောစမျိုးတွေရဲ့ လုပ်ငန်းနဲ့ပါတ်သက်တဲ့ တလွဲညွှန်ကြားချက်တွေကို
သူတို့ကို လဲ အရှက်မရအောင် လုပ်ငန်းလဲမထိခိုက်အောင် အောက်ကဝန်ထမ်းတွေကို ငါ့ကတစ်ဆင့်ပြန်ညွှန်ကြား။
ဘောစိက သွားချင်ရာသွား နေချင်တဲ့ဆီမှာနေတာကို ဘောစချုပ် မေးရင် အစည်းအဝေးလိုလို
ကိစ္စဘဲရှိတာလိုလို နိုင်ငံခြားက ကုန်သည်တွေလာလို့ဘဲ ဧည့်ခံရတာလိုလို ညာပြောပေး။
ဘောစချုပ် စိတ်ကူးပေါက်သမျှ နှစ်လုံးသုံးလုံး ဂဏန်းလေးတွေ ကို အချိန်မှီလိုက် ထိုးပေး၊
အောင်ရင်တော့ ငွေသွားထုတ်ပြီးသူကို့အပ်
တွေ့လား မမ ဂွင်တွေက အမြျဲမှန်တယ်နော်လို့ ကြွယ်တာ သူတွက်ပြတာတွေကို စိတ်ရှည်လက်ရှည်နဲ့အင်းလိုက်
ဂွမ်းသွားရင်တော့ ငွေလိုက်ပေး။
သုံးလိုက်တဲ့ငွေကတော့ ဘောစိ မရိပ်မိအောင် စာရင်းတွေ အသုံးစားရိတ်ပြ၊
ဘောစဖ ရှုပ်ခဲ့သမျှကောင်မလေးတွေဆီက ဖုန်းလာရင် လှီးလွဲဖြေ၊
ငွေလိုတယ်ဆိုရင်ပေး။
ဘောစသား က ဆာသော်ဆိုပြီး လက်ကလေး ဝိုင်းပြလိုက်ရင် ငွေထုပ်ကလေးကို အဆင်သင့်လုပ်ပေး။
ဘောစသား က အသိဆိုင်တွေမှာစားခဲ့သောက်ခဲ့တာတွေ ဝယ်ခဲ့တာတွေရှိရင် ငွေလိုက်ရှင်းပေး။
ထွက်ငွေစာရင်းက တော့ လုုပ်ငန်းသုံးငွေထဲကနေ ဖြစ်နိုင်လောက်တဲ့စာရင်းပြ၊
ဘောစမီးလေးက သူ့ကိုချုစားနေတဲ့ သူ့ရီးစားအလန်းစားအတွက် ဘယ်အထိန်းအမှတ်ညာအထိန်းအမှတ်အတွက်ဆို
ပစ္စည်းအကောင်းစားတွေကို ပို့ပေးချင်ရင်ပစ္စည်းပို့ပေးတဲ့ ဝန်ဆောင်မူ့လုပ်ငန်းတွေ ဆီကိုသွား ပြီး“ဘောစချုပ်”မသိအောင် လုပ်ပေး။
ဘောစချုပ်ကတော့ ဟန်လုပ်ပြီး “ဆာသော် ကလေးတွေ သိပ်အလိုမလိုက်နဲ့နော် ငွေအသုံးကြမ်းရင် မမကိုပြော”လို့မှာပေမယ့်
ဘောစိကတော့ အားလုံးအဆင်ပြေအောင်လုပ်ပေး ပြဿနာမတက်ပေ့စေနဲ့လို့ အမှာတော်ပါးတတ်ပါတယ်။.
ပြဿနာမရှိမှဘောစိ ခေါင်းအေးတာကိုးဗျာ။
ဘောစခယ်က သူအီစီကလီကောင်တွေအကြောင်းစုံစမ်းပေးဘို့ ငါလာပြီးပွတ်သီးပွတ်သပ်လုပ်ရင်
“ဘောစချုပ်” က ဒီအထဲက မိန်းကလေးများကို ကို်ယ် သားသမီးတွေ တူမတွေလို့ သဘောထားသင့်ကြောင်း၊
သားရေပေါ်အိပ်သားရေနားစား မလုပ်သင့်ကြောင်းကို သွယ်ဝိုက်တခါ တည့်တည့်တစ်လှည့်ပြောရင်းသတိပေး၊
“ဘောစိ”ကတော့ ရှင်းတယ် ဘောစခယ် နဲ့ကင်းကင်းနေသင့်ကြောင်း ၊
တနည်းအားဖြင့် ဘောစခယ်လေး လိုတာရှိရင် အဆင်ပြေအောင်ဆောင်ရွက်ပေးဘို့ တာဝန်ရှိကြောင်း
ဘေးမသီရန်ခမအောင် ကာကွယ်စောင့်ရှောက်သင့်ကြောင်းတွေ တည့်တည့်တစ်ခါ သွယ်ဝိုက်တလှည့်
အမိန့်ပေးတာပေါ့ကွာ။
ပြောရရင် ငါက တကယ်ကို အလုပ်ကို မှန်မှန်ကန်ကန်လုပ်ချင်တာပေါ့။
ခက်တာက မှန်ရင် အကန်ခံလိုက်ရမှာလေ။
အဲတော့အခုလို ရေလိုက်ငါးလိုက်နေတော့ သူတို့အားလုံးလဲအဆင်ပြေ ကျေနပ်။
ငါလဲ ခိုးစရာဖွက်စရာမလိုဘဲ ကောင်းကောင်းနေကောင်းကောင်းစားရပေါ့ကွာ။
ငါ့အရင်က ဆရာတစ်ယောက်ပြောသလို “နေတတ်ဘို့လိုတယ်”ဆိုတာကိုကောင်းကောင်းလိုက်နာရတာပေါ့ဟ။
လို့ပြောနေတုန်း “ကိုကြီးကျော် ကိုကြီးကျော် ထူးလဲထူးတယ်မြူးလဲမြူးတယ် ဒို့ကိုကြီးကျော်”ဆိုတဲ့နတ်ချင်းသံလေး
ကြားတော့ ဆာသော့်ဟန်းဖုန်းက အသံဖြစ်နေပါတယ်။
“အေး မမ ကိုပြောလိုက် သူမှာတာအကုန်ရတယ်လို့။
မင်းတို့မမလေး ရော ရောက်ပြီလား အေးသူပြောတာတွေအကုန်ဝယ်ပြီးပြီလို့ပြောလိုက်။
အော် အန်တီလေးက မေးနေပြီလား အခုဘဏ်မှာ လာကြိုတဲ့ကားစောင့်နေတယ်လို့ပြောထားလိုက်။
အေးလာကြုူိတဲ့ကားကို ဘဏ်ရှေ့ဘဲလွှတ်လိုက်။
မင်းတို့အကိုလေးလာရင် သူ့ပြောထားတာကို ငွေကိုင်တဲ့သူဆီမှာအပ်ထားတယ်ပြောလိုက်”ဆိုပြီး မမောစတမ်းမှာတမ်းတွေချွေပါတော့တယ်။
ဒါနဲ့လက်ဖက်ရည်ဆိုင်ကထ ဘဏ်ဘက်အလာမှာ
“အဲလိုနေတော့ စီးပွားရေးကျ တော့ရော”
“မင်းအဲဒါကတော့ ကံနဲ့လူမပူနဲ့ဆိုတာ သူတို့မှအစစ်။
ဘာလှောင်လှောင် အကုန်မြတ်။
သူများက အချဉ်ဆိုလာသိပ်ထည့်တာတွေက တက်ဈေးမိလိုမိနဲ့။
ဘောစိကလဲ နေချင်သလိုသာနေတာ ငွေကတော့ ဂွင်ဝင်အောင်ရှာနိုင်တယ်လေ”
ဘဏ်ရှေ့ရောက်တာ့ ဆာသော်နဲ့ လမ်းခွဲခဲ့ပေမယ့် သူနဲ့ပါတ်သတ်တဲ့အတွေးကတော့ တွဲလျက်ပါလာပါတယ်။
ကို်ယ်လဲ သူ့လို အထိုင်မှန်တဲ့ဘောစိမျိုးတော့ အလိုချင်သားဗျာ။
ဝင်ငွေသာဖြောင့်လို့ကတော့ ဘောစမျိုးများရဲ့ ဒဏ်ခံနိုင်ပါတယ်လို့ တွေးမိပါတယ်။
ကဲ မိတ်ဆွေတို့ရေ ခင်ဗျားတို့ကော ………………………………………..?
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(26-8-2011)
12 comments
ပေါက်ဖော်
August 27, 2011 at 10:50 am
တစ်လ လေးပုံး ဆိုတော့လဲ
ဘောဆာသော် မပြောနဲ ့..ဘောစပေါက် လဲ လုပ်ချင်တယ်ဆိုပါဆို ့ဗျာ
ဘောမျိုး..ဘောနွယ်..ဘောကမ္ဘာ အလယ်မှာ လုပ်တော့မို ့လား ဘောဆာပေါက်ရယ်..
တူ ့နဲ ့..တဲ့နယ်..ဗြောင်..
😀
လေးပုံဆိုရင်တော့ သားလဲ ဘောစမျိုးတွေရဲ့ ဒဏ်ကို ခံနိုင်မှာပါ..လို ့..
မီးမီး သော်
August 27, 2011 at 11:07 am
ဟိုက်. ကိုပေါက်ရေ ဘောစချုပ်၊ဘောစခယ်၊ဘောစမီး၊ဘောစိ၊ဘောစသား. အမလေးနော်. အဲလောက်များတဲ့ ဘောစတွေ—–ဟူးးးးမောလိုက်တာဆြာသော်ရေ—ဆံပင်တွေပိုဖြ ူကုန်ပါပီ
ကြောင်ကြီး
August 27, 2011 at 11:28 am
ဘောစကြောင်လည်း ရှိသေးတယ်နော်။ အခုလို မထိခလုပ်ထိခလုပ် ပို့စ်လေးတွေ ကြိုက်တယ်၊ ထပ်တင်ပါအုံး။ ဦးလေးပေါက်နဲ့တကွ တူမများ ကျန်းမာချမ်းသာပါစေရန် ဆုမွန်တောင်းလျက် တူတော်မောင်လောင်းလျာ ကြောင်ကြီး..။ 🙂
hmee
August 27, 2011 at 6:04 pm
လေးပေါက် တကယ်ကြုံရင် ဒဏ်ခံနိုင့်ပါ့မလား။ အဲ့တော့မှ လေးပုံးမကလို့ ၈ပုံးလည်း မလိုချင်တော့ပါဘူး။ စိတ်အေးလက်အေး စိတ်ချမ်းချမ်းသာသာနဲ့ တနေ့ ထမင်း နှစ်နပ် အေးအေးပဲ စားချင်တယ်လို့ ပြောမှာ မြင်ယောင်သေး။
MaMa
August 27, 2011 at 7:30 pm
အဲသည်လည်း တစ်နည်း။ 🙂
တမျိုးကောင်းတမျိုးမကောင်းလို့ပဲ ပြောရမယ်ထင်တယ်။
အဲလို အဆင်ပြေအောင် နေတတ်ထိုင်တတ်တဲ့ပညာကတော့ အတုခိုးလောက်ပါပေတယ် ဆြာပေါက်ရယ်။
😀
piti
August 27, 2011 at 8:00 pm
ဆာပေါက်ရေ
ခင်ဗျားပြောတဲ့အလုပ် လုပ်ချင်လိုက်တာ….
ဆာပေါက်မှာ လူလိုရင်ပြောနော်……..
windtalker
August 27, 2011 at 8:04 pm
အင်္ဂလန် က ဘုရင်မကြီး က ဆာဘွဲ ့ပေးသလို
ိဘိရုမာ က ကိုပေါက် က ဘော ဘွဲ ့တွေ ပေးထားတာပေ့ါ
ဟားဟား
စိတ်အမောပြေ ရတယ် ဗျို ့
naywoonni
August 27, 2011 at 8:46 pm
သူ့ဆန်စားရဲမှတဲ့ စကားပုံရှိသားပဲ..။ ဒီလိုပဲ ရှိရမှာပေါ့..။ ဒါ သူ့ ရွေးချယ်မှုပဲလေ..။
weiwei
August 27, 2011 at 9:12 pm
ထမင်းကြမ်းယတ်ခတ်ပြီးပဲ စားတော့မယ် … 😛
ကိုပေါက်(မန္တလေး)
August 27, 2011 at 9:28 pm
မဝေရေ
ငါ့ဝမ်းပူဆာ မနေသာတဲ့
ဗိုက်ဆာတာ မခံနိုင်တော့လည်း……………………….
windtalker
August 27, 2011 at 9:40 pm
အူမ တောင့်မှ
သီလ စောင့်နိုင်မည်
Foreign Resident
August 28, 2011 at 5:07 am
” ကံနဲ့လူမပူနဲ့ဆိုတာ သူတို့မှအစစ်။ ဘာလှောင်လှောင် အကုန်မြတ်။
သူများက အချဉ်ဆိုလာသိပ်ထည့်တာတွေက တက်ဈေးမိလိုမိနဲ့။
ဘောစိကလဲ နေချင်သလိုသာနေတာ ငွေကတော့ ဂွင်ဝင်အောင်ရှာနိုင်တယ်လေ ”
Good 😀