N+ 160911 ရှားလော့ဟုမ်းနှင့်ဘောင်ဒရီလမ်းလူသတ်မှု(2.6)ဇာတ်သိမ်း

natureSeptember 16, 20111min1270

၂.၅ မှ-

ဒဿကသည် မြင်းတကောင်ကိုဆွဲလျှက် အလယ်မှလားပေါ်တွင် ချန္ဒရာကို တင်လျှက် နောက်ဆုံးမှ ဖလိက က မြင်းတကောင်ကိုစီးလျှက် တညဥ့်လုံး ခရီးသွားကြလေ၏။ ပါတလိပုတ္တရနယ်နမိတ် အစွန်သို့ ရောက်သောအခါ သေနတ်ထမ်းလျှက်ရှိသော ကင်းစောင့်က အသင့် အနေအထားနှင့်

၅၊၆၊၇၊ ဟုပြောလိုက်သောအခါ ဒဿက က ရ၊ ၈၊ ၉၊ဟု ပြန်ပြောလိုက်သဖြင့် သွားကြတော့ဟု ခွင့်ပြုလိုက်လေသည်။

ထိုအခါ ဒဿကတို့သည် မြင်းပေါ်သို့တက်၍ ခပ်သုတ်သုတ်နှင်လာကြပြီး စိတ်ထဲတွင်လည်း လွတ်ပြီ ၊ ကျွတ်ပြီဟူ၍ အောက်မေ့မိကြလေသတည်း။ 

 

ဆင်ပြောင်ကြီး အမြီးတစ်လစ်။

 

ဒဿကတို့အဖွဲ့သည် တနေ့လုံး ခရီးသွားကြ၍ မိုင် ၃ဝ ခန့် ပေါက်ရောက်ခဲ့ကြပြီဟူ၍ ခန့်မှန်းကြလေသည်။ ထိုညဉ့်၌ ယင်းတို့သည် အေးချမ်းလှသောလေမှ အကာအကွယ်ရစေခြင်းငှာ ကျောက်စွန်းကြီး တခု မိုးအုပ်လျှက်ရှိသော နေရာကိုရွေးချယ်ပြီး အိပ်ကြရ၏။ မိုးသောက်သည်နှင့်တပြိုင်နက် ဆက်လက်ခရီးသွားကြလေရာ နောက်မှ လိုက်လာသူများ အရိပ်အငွေ့မျှ မမြင်ကြရသည့်အတွက် လွတ်မြောက်ပြီဟူသော ထင်မြင်ချက်သည် တခဏ၌ ပိုမို၍ အားတက်စေလေသည်။ ဒုတိယနေ့တွင် ယင်းတို့၌ ပါလာသော ရိက္ခာကလေးများသည် ကုန်ခမ်းစပြုလာသဖြင့် မုဆိုးအလုပ်တွင် ကျင်လည်သော ဒဿကသည် ချန္ဒရာတို့မြေးအဖိုး အားမီးလှုံနေစေပြီး သားကောင်များ ရှာဖွေရန် ထွက်သွားလေသည်။

ဒဿကသည် နှစ်နာရီခန့် သားကောင်ကိုလှည့်ပတ် ရှာဖွေပါသော်လည်း အချီးနှီး ဖြစ်နေသဖြင့် ပြန်တော့မည်ဟု ဆုံးဖြတ်သည်တွင် အစာစားနေသော ဆိတ်သိုးကြီး တကောင်ကို တွေ့သဖြင့် ပစ်ခတ်ဖမ်းဆီးလိုက်လေသည် ။ ဆိတ်ကြီးမှာ အလွန်လေးလံလှသဖြင့် ပေါင်တချောင်းကိုသာ လှီးဖြတ်ယူခဲ့လေသည်။သားကောင်ဖမ်းလိုသော လောဘဇောနှင့် လာစဉ်က လမ်းတွင် အမှတ်အသား မပြုခဲ့သဖြင့် မျက်စိလည်နေတော့သည် ။ သို့နှင့် မိုးချုပ်စ ပြုလာလေရာ နောက်ဆုံးတွင်မှ မိမိထင်ထင်ရှားရှားမှတ်မိထားသော ကျောက်စွန်း တစွန်းကို တွေ့၍ လမ်းမှန်အတိုင်း ခပ်သုတ်သုတ် လျှေက်လာနိုင်လေတော့၏။ ဒဿကသည် ဆိတ်ပေါင်ကြီးကို ထမ်းလျှက်ပင်ပမ်းကြီးစွာ လျှောက်လာခဲ့ရာမှ မြေးအဖိုး ၂ယောက်ကို ထားခဲ့ရာ တောင်ကြားနှင့် နီးသောအခါ ထုံးစံအတိုင်း အချက်ပေး၍ ” အူ” လိုက်သောအခါပြန်ထူးသံကို မကြားရသဖြင့် ဒဿ၏ စိတ်ထဲ၌ အပြင်းအထန် တုန်လှုပ်သွားပြီး ထမ်းထားသော ဆိတ်ပေါင်ကို ပစ်ချကာ ကဆုန်ဆိုင်းပြေးလေသည်။ ချန္ဒရာတို့ မြေးအဖိုးကိုထားခဲ့သောနေရာတွင် မီးငြိမ်းနေသော ပြာပုံတခုကိုသာတွေ့ရှိရပြီး အနီးအနားတွင် တုတ်ချောင်းတချောင်းကို စိုက်ထူလျှက် စာရွက်တရွက်ညှပ်ထားသော မြေပုံတခုကိုတွေ့ရပေသည်။

” ပါတလိပုတ္တရမြို့မှ ထွက်ပြေးသော ဝရမ်းပြေး ဖလိက ၊ 1916 ခုနှစ် ဩဂုတ်လ ၄ရက်နေ့တွင် အနိစ္စ ရောက်ခြင်း” ဟူ၍ ရေးသားထားသည်ကိုတွေ့ရသောအခါ ဝမ်းနဲ ဒေါပွလျှက် နောက်မြေပုံတခု ရှိသောလောဟု ရှာကြည့်ရာ မတွေ့သဖြင့် ဖလိကကို သတ်ပြီး ချန္ဒရာကို ဝေဿကနှင့် လက်ထပ်ရန် ဖမ်းဆီး ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်းထင်ရှားလေသည်။ထို့ကြောင့် ဒဿသည် ဖလိက၏ မြေပုံရှေ့တွင်ဒူးထောက်၍-

” မိမိ၏ ခန္ဓာကိုယ်တွင် အသက်ငွေ့ငွေ့မျှ ရှိနေသမျှ ကာလပတ်လုံး မိမိအား ကြီးစွားသော ဆင်ရဲဒုက္ခ ပေးပြီး ဖလိက အား သတ်ဖြတ်သွားသော လူတစုအား မိမိ၏ လက်ဖြင့် ကိုယ်တိုင် လက်စားမချေပဲ ပေါ့လျှော့မေ့ပျောက်ကာ နေခဲ့မိသော် ဖလိက၏ ဝိဉာဏ်သည် ဖြစ်လေရာဘဝမှ မိမိအား အငြိမ်မနေရအောင် နှိုးဆွပူဆာခြင်း ပြုပါစေသား ”

ဟူ၍ ကြောက်မက်ဖွယ်ကောင်းသော ကျမ်းသစ္စာ ပြုခဲ့လေသတည်း။

ယင်းနောက် ဒဿကသည် ဆိတ်ပေါင်ကြီးအားပြန်လည် ထမ်းယူလာ၍ ကင်ကာ ရိက္ခာပြင်ဆင်ထားလေသည်။ ဆိတ်သားများ ကျက်သည်နှင့် တပြိုင်နက် ညတွင်းချင်းပင် လာလမ်းအတိုင်းသေနတ်ထမ်း၍ လိုက်လာလေသည်။

ဒဿကသည် ချောက်ကြိုမြောင်ကြား တောင်ကမ်းပါးကို ဖြတ်သန်းလျှက် ၊ ၅ရက်တိုင်တိုင် ခြေလျှင် လျှောက်၍ လိုက်လာခဲ့ရာ ၊ ၆ရက် မြောက်သောနေ့တွင် မြင်းများဝှက်ထားခဲ့ရာ ၊ တောင်ကြားစခန်းသို့ ဆိုက်ရောက်၍ ၊ ထိုနေရာမှ မျှော်ကြည့်လိုက်သည်ရှိသော် ၊ ပါတလိပုတ္တရမြို့ကြီးအတွင်း အချို့သော အဆောက်မအုံများတွင် အလံများ စိုက်ထားသည်ကို တွေ့ရသဖြင့်မည်သည့် အဓိပါယ် ရှိလေသည်ကို တွေးတောလျှက်ရှိစဉ် မြင်းနှင့်စိုင်းလာသော ခရီးသည်တယောက်အား တွေ့ရသဖြင့် ထိုသူမှာ မိမိကူညီစောင်မဘူးသဖြင့် မိတ်ကျွမ်းဝင်ဖူးသော ပါတလိပုတ္တရ မြို့သား တယောက်ဖြစ်သဖြင့် ရပ်တန့်တားဆီးကာ ချန္ဒရာအကြောင်း မေးမြန်းလေသည်။ ထိုသူက ချန္ဒာ”မနေ့ကပဲ ဝေဿကနဲ့လက်ထပ်လိုက်တယ်” ဟုပြောလိုက်သောအခါ ဦးခေါင်းမှ “မိုက်” ခနဲဖြစ်သွားလေသည်။ ထိုသူက ဆက်၍ “မနေ့ကပဲလက်ထပ်လိုက်တယ် မောင်ရဲ့ ၊ ဒါကြောင့်တမြို့လုံးမှာ အလံတွေစိုက်ထားတာ မြင်တယ်မဟုတ်လား။ ချန္ဒရာကို သူရထိုက် ငါရထိုက် နဲ့ စကားများလိုက်သေးတယ်။ လ ိုက်ဖမ်းကြစဉ်က နှစ်ယောက်စလုံး အတူတူ ပါတဲ့အပြင် ဖလိက က ဟိန္ဒကို သတ်ခဲ့လေတော့ ၊ သူရထိုက်တယ်လ်ု့ အကြောင်းပြတာကိုး  မောင်ရဲ့၊ နို့ပေမဲ့လူကြီးစုံရာနဲ့ ငြင်းခုန်ကြတဲ့ အခါမှာ ဝေဿကဖက်က မဲများတော့ ဝေဿက နိုင်သွားတာပေါ့။ နို့ပေမဲ့ကြာကြာပေါင်းရမယ်လို့ ကျုပ်မထင်ပါဘူး မောင်ရယ် ၊ မိန်းခလေး မျက်နှာကို ကြည့်ရတာ ဖြူဖတ်ဖြူလျှော်နဲ့ သွေးသားရှိပုံ မရပဲ။ ”

“ကြာကြာပေါင်းရမယ်မထင်ဘူး” ဟု ဒဿကအား ထိုသူပြောသောစကားမှာ အလွန်မှန်ကန်လှ၏။ ချန္ဒရာသည် ဝေဿကနှင့် လက်ထပ်ပြီးသည်မှ စ၍ တကြိမ်တခါမျှ ပြုံးရယ်ဘူးသည်ဟူ၍ မရှိပဲ တလစေ့ကုန်သော နေ့၍ပင် ရင်ကွဲနာနှင့် ကွယ်လွန် အနိစ္စ ရောက်ရှာလေသည်။ ချန္ဒရာ၏ ရုပ်ရည်ထက်ဖလိက၏ လယ်မြေ ပစ္စည်းများကို မက်မောသဖြင့် မရမက လုယူခဲ့သော ဝေဿကမှာ ချန္ဒရာ သေဆုံးသည့်အတွက် အကြီးအကျယ် ဝမ်းနဲလှသည် မရှိချေ။ ချန္ဒရာ သေဆုံးသောည၌ အလောင်းကို အလောင်းစင်တွင် ပြင်ထား၍ မယားကြီးများ ဝိုင်းရံ စောင့်ကြပ်နေကြစဉ် ၊ ဝေလီဝေလင်း အချိန်ခန့်တွင် အိမ်တံခါးသည် ရုတ်တရက်ပွင့်လာ၍ စုတ်ပြတ်ပေတေသော အဝတ်အစားများနှင့် လူတယောက်သည် အခန်းအတွင်းသို့ ဝင်လာလေသည်။ အစောင့်များ ကြောင်လျှက်ရှိစဉ် ထိုသူသည် ချန္ဒရာ၏ နဖူးကို တကြိမ်မျှ နမ်းရှုပ်ပြီး အလောင်း၏ လက်၌ စွပ်လျှက်ရှိသော ၊ လက်စွပ်ကို ချွတ်ယူရင်း” ဒီ ဟာကြီးကို ဝတ်လျှက် ဘာကြောင့် သဂြိုလ်ရမလဲ” ဟု ကျားဟိန်းသံမျိုးဖြင့် တခွန်းတည်း ပြောဆိုပြီး ပြန်ဆင်းသွားလေသည်။

ဒဿသည် လပေါင်း အတန်ကြာအောင် တောကြိုတောင်ကြား ချောက်ကမ်းပါး များတွင် တကိုယ်တည်းလှည့်လည်လျှက် လက်စားခြေခြင်း တည်းဟူသော စိတ်ကို ကြီးပွားသည်ထက် ကြီးပွားအောင် မွေးမြူလာခဲ့သည်။ တောတန်းတောလမ်း စသည်တို့၌ လူရိုင်းကြီးတယောက် လှည့်လည် ကျက်စားနေသည်ဟူသော  သတင်းသည် ပါတလိပုတ္တရ တမြို့လုံးပြန့်လျှက်ရှိ၏။ တခါက ဟိန္ဒကသည် ဒိုင်းခနဲ သေနတ်သံ တချက်ကြားရပြီးနောက် ကျည်ဆံတခုသည် ပြတင်းပေါက်မှ ဝှီး ခနဲ ဝင်ရောက်လာပြီးလျှင် မိမိနှင့် တပေခန့်ကွာခြားသော နံရံကို ထိမှန်သွားသည်ကို ကြုံခဲ့ရဖူး၏။  နောက်တခါတွင်လဲ ဝေဿက သည် တောင်ကြားခရီးမှ ဖြတ်သန်းသွားစဉ် ၊ ကျောက်တုံးကြီးတတုံး ပြုတ်ကျလာသဖြင့် အသက်အန္တရာယ် ကြုံခဲ့ဖူးသည်။ ဝေဿကနှင့် ဟိန္ဒကသည် မိမိတို့၏ အသက်ကို မည်သူလုပ်ကြံနေကြောင်း ရိပ်မိလေရကား လူအမြောက်အများနှင့် တောနင်း၍ အကြိမ်ကြိမ် ရှာဖွေ ပါသော်လည်း အထမမြောက်ခဲ့ကြပေ။ နောက်ဆုံး၌ ဒဿကကို ဖမ်းဆီးဖို့အကြံကို လက်လျှော့လိုက်သော်လည်း ညဥ့်အခါ လမ်းသွားခြင်းကို ရှောင်ကြဉ်ပြီး အစောင့်အကြပ်ကိုလည်း တင်းကြပ်စွာ ချထားလေသည်။ နောက်ဆုံး၌ ဒဿက၏ သတင်းများ အလျှဉ်း မကြားရလေရကား မိမိတို့အပေါ် ရန်ငြိုးဖွဲ့ခြင်းကို လက်လျှော့လိုက်လေပြီဟူ၍ ထင်မိကြလေသည်။

စင်စစ်သော်ကား ဒဿက၏ ရန်ငြိုးများသည် တလထက်တလ ၊ တနှစ်ထက်တနှစ် ၊ ကြီးပွာ းရင့်သန်လာခဲ့သည်။ ဒဿကမှာ စဉ်းစားချင့်ချိန်တတ်သောဉာဏ်ရှိသူ တယောက်ဖြစ်ရကား တောကြီးထဲတွင် တယောက်ထီးတည်း ရက်လရှည်စွာ အအိပ်ပျက် အစားပျက် အပူအချမ်း ဒဏ်ကြာရှည်စွာခံရလျှင် မိမိ၏ အကြံအစည် ပျက်သွားနိုင်သောကြောင့် မာလတာမြို့သို့ စီးပါွးရှာ ထွက်သွားခြင်းဖြစ်လေသည်။

ဒဿက၏ မူလကြံရွယ်ချက်မှာ မာလတာမြို့တွင် အလွန်ဆုံးတနှစ်ခန့်မျှသာ စီးပွားရှာရန် ဖြစ်သော်လည်း အဆင်မပြေသဖြင့် ၅နှစ်ခန့်အထိ ကြန့်ကြာခဲ့လေသည်။ တနေ့သ၌ ဒဿကသည်ရုပ်ဖျက်၍ ပါတလိပုတ္တရမြို့တွင်းသို့ပြန်ဝင်လာခဲ့ရာ လွန်ခဲ့သော လအနည်းငယ်ခန့်က ပါတလိပုတ္တရမြို့တွင် အုပ်ချုပ်ရေးနှင့် ပတ်သက်၍ လူကြီးဂိုဏ်း လူငယ်ဂိုဏ်ဟူ၍ ၂ဂိုဏ်း ကွဲသွားရာ နောက်ဆုံး၌ လူငယ်များသည် လူငယ်များသည် လူကြီးများကို ပုန်ကန်တော်လှန်သည့် သဘောဖြင့် ထိုမြို့မှ ပြောင်းရွေ့ ထွက်ခွါကြလေကုန်သည်။ ယင်းလူငယ်စု အနက်တွင် ဝေဿကနှင့် ဟိန္ဒက တို့ပါသွားကြရာ မည်သည့်ဒေသသို့ သွားသည်ဟူ၍ မသိကြချေ။ ဝေဿကမှာ ဝေဿကမှာ ငွေကြေးမြောက်များစွာ စုဆောင်းရရှိသွားပြီး ဟိန္ဒကမှာ ပစ္စည်းဥစ္စာကုန်ခမ်းသွားသဖြင့် ဝေဿက၏ တပည့်အဖြစ်ဖြင့် လိုက်ပါသွား သလို ပြောဆိုနေကြ၏။ ထိုအခါ ဒဿသည် မာလတာမြို့မှ စုဆောင်းလာသော ငွေကြေးဖြင့် အိန္ဒိယ တပြည်လုံး လှည်လည်ရှာဖွေရင်း ရောက်လေရာ အရပ်ဒေသ၌ ကျဖမ်းအလုပ် ဝင်ရောက်လုပ်ကိုင်ကာ စရိပ်ပြုလုပ်လျှက် ဆက်လက်စုံစမ်းလေသည်။ နောက်ဆုံးစရိပ် လုံလောက်စွာရသော အခါ ဝေဿက ရှိသည်ဟုစုံစမ်းသိရှိရသော ယိုးဒယားပြည် ဘန်ကောက်မြို့သို့ သွားရောက်၍ မွှေနှောက်ရှာဖွေလေသည်။ ယင်းမြို့၌ ကုလားလူမျိုးများစွာ မရှိသဖြင့် မကြာမီ သတင်း ရရှိလေသည်။ သို့ရာတွင် နောက်ကျပြန်ခဲ့ပြီ။ ဒဿက ဆိုက်ရောက်ပြီး နောက်နှစ်ရက်အတွင်း ၌ပင် ဝေဿကတို့သည် ဆေးဂုံမြို့သို့ သွားကြကြောင်း ကြားသိရ၏။ ဆေးဂုံမြို့သို့ ရောက်ပြန်သောအခါ ဂျာဗားကျွန်းသို့သွားကြကြောင်း ကြာ းရပြန်သည်။ ဤနည်းအားဖြင့် တမြို့မှ တမြို့သို့ လက်မတင်လေး မျှ လွဲရုံ လွဲရုံ လွတ်ထွက်သွားခဲ့ရာ နောက်ဆုံး ရန်ကုန်မြို့သို့ ဆိုက်ရောက်ကြသည်မှ ဇာတ်ပေါင်းမိကြခြင်း ဖြစ်လေသည်။

 

အဖြစ်အပျက်ကို ဆက်လက်ရှင်းလင်းပုံ။

 

တရားခံသည် ကျွန်တော်တို့၏ လက်ဝယ်တွင် ဖမ်းဆီးခံရသည်နှင့် တပြိုင်နက် ကြမ်းကြုပ်ခက်ထန်သော အမူအရာ မပြတော့ပဲ ကျွန်တော်တို့ အားလုံးကို “ဘယ်သူမှ ထိခိုက်မိမယ် မထင်ပေါင်ဗျာ နော်” ဟု ယဉ်ကျေးသော အင်္ဂလိပ်စကားလုံး အသုံး အနှုံးဖြင့် မေးလိုက်ရာ ကျွန်တော်တို့မှာ အံ့အားသင့်မိ၏။ ယင်းနောက် တရားခံသည် ဦးစံရှားတယောက်တည်းကို စူးစူးစိုက်စိုက်ကြည့်လျှက် “ကျွန်တော့်ကို ဌာန ခေါ်ကြမှာဖြင့် ကျနော့်ရထား အောက်မှာ အဆင်သင့်ရှိပါတယ်။ ကျွန်တော့် ခြေထောက်ကို ကြိုးဖြေပေးရင် ကောင်းကောင်မွန်မွန် ဆင်းလိုက်ဖို့ ပဋိညာဉ်ပေးပါတယ်ဗျာ” ဟု ပြောလေ၏။

ကိုသန်းတင် နှင့် ကိုအုန်းဖေမှာ ယုံမှားသံသယ ဖြစ်နေကြစဉ် ဦးစံရှားသည် လက်ခံယုံကြည်ဟန်ဖြင့် ခြေထောက်မှ ကြိုးကို ဖြေပေးလိုက်လေသည်။ ထို့နောက်ကျွန်တော်တို့ အားလုံးသည် အိမ်ပေါ်မှ ဆင်း၍ ကိုအုန်းဖေက ရထားကိုမောင်းကာ ဌာနသို့ ရောက်လေ သည်။ ဂတ်စာရေးက အကျဉ်းသမား၏ အမည်နာမ ၊ စသည်တို့ကို ထုံးစံအတိုင်း ရေးမှတ်ပြီးနောက် အကျဉ်းသားက ဦးစံရှားအား-

ကျနော်ဖြောင့်ချက်ပေးလို့ မရဘူးလားခင်ဗျာ။ ဟုမေးသောအခါ ကိုအုန်းဖေက “အမှုစစ်တဲ့နေ့မှ ပေးရင်မကောင်းဘူးလား” ဟုပြောသောအခါ ဒီအမှုက စစ်ဆေးကောင်းမှ စစ်ဆေးရမယ့်အမှုနဲ့တူပါတယ်။ ကျနော့်ရင်ဘတ်ကိုစမ်းကြည့်ပါ”ဟု ပြောလျှက် ကျွန်တော့်ဘက်သို့လှည့်ပေးလေ၏။ ကျွန်တော်သည် သူ၏ ရင်ဘတ်ကို လက်နှင့် စမ်းကြည့်လိုက်သောအခါ အတွင်းမှ လှုပ်ခုန်လျှက်ရှိသော နှလုံးသားကြောင့်  ၊ နံရိုးများပင်ပြုတ်ကြွေလွင့်စင်ထွက်ကုန်တော့မတတ် ယမ်းခါလျှက ရှိကြလေသည်။

ကျနော်မှာ အခု သေခါနီးနေပြီမို့ မဟုတ်မမှန် လိမ်လည်ပြောနေဖို့ အကြောင်းမရှိပါ။ ဒါကြောင့်ကျွန်တော်ပြောပြသမျှ တလုံးမကျန် အကုန်မှန်တယ်လို့ စိတ်ချ လက်ချ ယုံကြည်နိုင်ပါတယ်။

ဟုစကားခံပြီးနောက် တည်ညိမ်သောလေသံနှင့် ဆက်လက်ပြောလေသည်။

ဒီလူ ၂ယောက်ကို ကျနော် ဘာကြောင့် ဒီလောက် မုန်းတီးရသလဲဆိုတော့ ချန္ဒရာတို့ မြေးအဖိုး၂ယောက်ကို ဒီအကောင် ၂ ကောင် သတ်ပစ်တယ် ခင်ဗျ။ လူတယောက်ကို သတ်တဲ့သူဟာ သူကိုယ်တိုင် သေစားသေစေထိုက်တယ် မဟုတ်လား။ ဒါကြောင့် သူတို့သေရခြင်းအတွက် ဘယ်သူမှ သနားနေဖို့ အလုပ်မရှိဘူး မဟုတ်လား။ သူတို့ကို ကျနော်က တရားစွဲနေရင် ကာလရှည်လျှားလည်းနေမယ်။ ကိုယ်တိုင် လက်စားချေရတာလောက် အရသာမရှိဘူး။ ခင်ဗျားတို့လည်း ကျနော့် လို ခံရရင် သတ္တိလည်း ရှိကြမယ် ဆိုလို့ရှိရင် ကျွန်တော့်လိုပဲလုပ်ကြမယ်ထင်တယ်။

မြေးအဖိုး ၂ယောက်ကို သူတို့သတ်ပစ်တယ်လို့ ကျနော်ပြော်တယ်မဟုတ်လား။ အဲဒီ မြေးလုပ်တဲ့သူငယ်မဟာ ကျွန်တော်နဲ့ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်လောက်ကတည်းက လက်ထပ်ဖို့ဟာ ဝေဿက ဆိုတဲ့ကောင်က အတင်းလုယူပြီး လက်ထပ်လိုကတယ် ခင်ဗျာ့။ ခမျာလည်း မကြာပါဘူး ၊ တလအတွင်းမှာပဲ ရင်ကွဲနာ နဲ့ သေရှာပါရောတဲ့။ မိန်းခလေးသေတော့ သူ့ လက်ထပ်လက်စွပ်ကို ကျွန်တော်ချွတ်ယူပြီး တနေ့နေ့မှာ ဒီကောင်ကို လက်စွပ်ပြရင်း သူ့အပြစ်ကို သူသတိရဆဲမှာ ပူပူလောင်လောင်နဲ့ စုတေစိတ် ကျစေရမယ်လို့ ကျွန်တော်ကျိန်ထားခဲ့တာ။ ကျိန်ထားတဲ့အတိုင်း ထမြောက်လို့ ဝမ်းသာလိုက်တာခင်ဗျာ။ ဒီလက်စွပ်ကို အိတ်ထဲက မချပဲ သူ့နောက်တကောက်ကောက် လိုက်လာခဲ့တာအိန္ဒိယ တပြည်လုံးရော ၊ ယိုးဒယားတပြည်လုံးရော၊ ပသျှူးကျွန်းဆွယ်ရော ပြဲပြဲစင်သွားတာပဲ။ အခုတော့ လက်စားချေပြီးပြီ ၊ နက်ဖန်သေရမလား သေရပစေတော့။ ကျေနပ်ပြီ။

သူတို့ကတော့ ငွေလက်ကိုင်ရှိတဲ့သူ ကျွန်တော်ကတော့ လူမွဲ။ ဒီတော့ သူတို့နောက်လိုက်ရတာ မလွယ်လှဘူး။ ရန်ကုန်ရောက်ပြန်တော့လည်း ကျွန်တော့်လက်ထဲမှာ ပိုက်ဆံကုန်နေပြီ။ ဒါနဲ့အလွယ်တကူရတဲ့မြင်းရထားမောင်းတဲ့အလုပ် ဝင်လုပ်နေရတာကိုးဗျ။ ဒီအလုပ် လုပ်နေရင်းနဲ့ပဲ သူတို့၂ ယောက် ဘရွတ်ကင်းလမ်းမှာ နေတယ်ဆိုတာကို သိရပါရော။ ဒါနဲ့ ကျွန်တော်လည်း တတ်နိုင်သမျှ ရုပ်ပြောင်းအောင် မုတ်ဆိတ်မွှေးတွေထား ၊ အဝတ်ကိုလည်းရန်ကုန်မြင်းရထားသမားတွေ စတိုင်အတိုင်းဝတ်တော့ ကျွန်တော့်ကို ဘာမှတ်မိနိုင်မလဲခင်ဗျ။ သူတို့သွားလေရာအရပ်ကို မြင်းရထားနဲ့ တကောက်ကောက်လိုက်ပြီး ချက်ကောင်းရှာနေတာကိုးခင်ဗျ။

ဒါထက်သူတို့ကလည်း တော်တော် ပါးတဲ့လူစုခင်ဗျ။ လမ်းသွားရင် တယောက်တည်း ဘယ်တော့မှ မသွားဘူး။ ညကျရင်လဲ မထွက်ဘူး။ တနင်္ဂနွေ ၂ပတ်လုံး နောက်က တကောက်ကောက်လိုက်နေခဲ့ရတာ လူချင်းခွဲတယ်လို့မရှိဘူး။ တနေ့တော့ သူတို့အိမ်မှာ မြင်းရထားတစီးဆိုက်လာပြီး ဝန်စည်စလည်တွေ တင်နေတာတွေကိုမြင်ပါလေရောဗျို့။ ငါ့လူတွေပြောင်းကြပြန်ပြီလားဆိုပြီး ထိတ်သွားတာပဲ။ ကျွန်တော်စောင့်ကြည့်နေရင်း သူတို့နှစ်ယောက် အိမ်ပေါ်ကဆင်းပြီး ရထားပေါ်တက် ၊ ကျွန်တော် သူတို့ ၂ ယောက်နောက်က လိုက်လာတော့ ဘူတာကြီး သွားကြတာကိုးဗျ။ ဘူတာရောက်တော့ ကျနော်လည်း ရထားပေါ်ကဆင်းပြီး မနီးမဝေးက လိုက်နားထောင်ရတာကိုးဗျ။ ဟိန္ဒက က ဘူတာလက်မှတ်ပေါက်မှာသွားမေး။ စိတ်ပျက်ဟန်နဲ့ပြန်လာ။ သူတို့ ၂ ယောက်သား တိုင်ပင်ကြ။ နောက်ဆုံးကျတော့  ဝေဿက က “မင်းနေနှင့်ဦး ကွယ်။ ငါကိစ္စလေး တခုရှိသေးတယ်။ “ပြောပြောဆိုဆိုနဲ့ ဘူတာရုံအပြင်ထွက်သွားပါလေရော။

ဘူတာရုံ အပြင်ရောက်တော့ ရထားတစီးပေါ်တက် ထွက်သွားလေတော့ ကျနော်လည်း နောက်ကလိုက်သွားတယ်။ ဆူးလေဘုရားလမ်းက ဟော်တယ်ရောက်တော့  ဝင်သွားပြီး  ၁၅မိနစ်လောက်ကြာတော့ ခပ်ယိုင်ယိုင်နဲ့ ပြန်ထွက်လာ ရထားပေါ်တက်ပြီး ဘရွတ်ကင်းလမ်းက သူ့အိမ် ပြန်သွားတာကိုး ခင်ဗျ။ ဟို ရောက်တော့ တိုက်ပေါ်လည်းတက်သွားရော ကျွန်တော်လည်း မလှမ်းမကမ်းးက မြင်းရထားနဲ့ စောင့်နေပါရောလား ခင်ဗျ။ တော်တော်ကြာတော့တိုက်ပေါ်က ဆူဆူညံညံ အသံတွေ ကြားရပြီး လူ၂ယောက် ဗလုံးဗထွေးနဲ့ဆင်းလာ။ ဟိုသူငယ်က တွန်းလားထိုးလား ကန်လားကျောက်လားနဲ့ နောက်ကလိုက် သူကရှေ့ကပြေး ၊ ကျွန်တော့်ရထားနားရောက်တော့ ဝေဿက က ကျွန်တော့်ရထားပေါ် အပြေးအလွှား ခုန်တက်ပြီး  လိပ်ဗျူးဟော်တယ်ကို မောင်းလို့ပြော ပြီး ဂျောင်းဆို တံခါးကို ပိတ်လိုက်ပါရောလားခင်ဗျာ။

ဒီကောင်ကျွန်တော့် ရထားပေါ်တက်မိတော့ ဝမ်းသာလိုက်တဲ့ဖြစ်ခြင်း ။ဒါထက်ရထားမောင်းလို့ထွက်လာလို့ ဆူလေဘုရားလမ်းရောက်ပြန်တော့ ဟိုတယ်မှာ အရပ်ခိုင်းပြီး ဝင်သွားပြန်ရောဗျာ။ အထဲမှာ ဘယ်လောက်များ သောက်ခဲ့တယ် မဆိုနိုင်ဘူး ထွက်လာတော့ ဒယီဒယိုင်နဲ့ လိပ်ဗျူးဟော်တယ်လို့ မပီမသ ပဲ ပြောနိုင်တော့တယ်။ အထဲလဲ ရောက်ရော မူးမူးနဲ့အိပ်ရော။ ကျွန်တော်လည်း မောင်းချင်တဲ့ဆီ မောင်းရော။

ဒါထက် တခုပြောရဦးမယ်။ ဒိအရင်ကတည်းက အိမ်ငှားရန်ရှိသည် လို့ ဆိုင်းဘုတ်ချိတ်ထားတဲ့ အိမ်လွတ်တွေကို ညအခါ တိတ်တိတ် သွားပြီး သော့ခလောက်ကို ဖယောင်းပုံနှိပ်ပြီး သော့တူလုပ်ထားတယ်။ ဒီလို အိမ် ၂လုံး ၃လုံး အဆင်သင့် ပြင်ထားတယ်။ ဟိုနေ့ညကတော့ ဘောင်ဒရီလမ်းက အိမ်လွတ်ဟာ နေရာအကျဆုံးပဲ လို့ဆုံးဖြတ်ပြီး ဘောင်ဒရီလမ်းဘက် မောင်းပါလေရောခင်ဗျာ။

ကျနော်အကြံက ဘယ်လိုလည်းဆိုတော့ သူကို တခါတည်း အသေသတ်ဖို့ မဟုတ်ပါဘူး။ ဇော်ဂျီတယောက်ဆီက ကျွန်တော်ရထားတဲံ အဆိပ်ဆေးလုံးကြွေးသတ်ဖို့ပါပဲ။ အဆိပ်ပါတဲ့ ဆေးကြွေးရာမှာလည်း ကောင်းကင်ဘုံမှာ ဘုရားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူနဲ့ကျနော် ဆေးတလုံးစီ ကံအတိုင်း ရွေးစားကြရင် အဆိပ်ပါတဲ့ ဆေးကို သူစားမိရမယ်လို့ ကျွန်တော့်စိတ်က တထစ်ချ ယုံကြည်ထားတယ်ဗျ။ ယုံကြည်တဲ့ အတိုင်းလဲ ဟုတ်တာပါပဲ ခင်ဗျ။

ဝင်းထဲရောက်လို့ ရထား ရပ်ပြီး စစ်ဆေးကြည့်တော့ မောင်မင်းကြီးသား နှစ်နှစ် ခြိုကိခြိုက် အိပ်ပျော်လို့ ဟောက်တောင် နေလိုက်ချေသေးတယ်။ ကျွန်တော်က ရောက်ပြီလို့ ပြောလိုက်တော့ ဟော်တယ်ရောက်ပြီ မှတ်လို့ ချောချောမောမော ဆင်းလိုက်ပါရော။ သူက ခပ်ယိုင်ယိုင်ဖြစ်နေလို့ ကျွန်တော်တောင် တွဲခေါ်ရသေးတယ်။ အိမ်ထဲရောက်တော့ ကျွန်တော်က အသင့်ဆောင်ထားတဲ့ ဖယောင်းတိုင်ကိုထွန်း တံခါးတွေပိတ်ပြီး ဖယောင်းတိုင်ကို ကျွန်တော့်မျက်နှာ နားမှာမြှောက်ကိုင်ပြပြီး  “ဟိတ်ကောင် ဝေဿက  ငါ့ကို သေသေချာချာ  ကြည့်စမ်း။ ငါဘယ်သူလဲလို့။ မေးလိုက်တော့ သူက မျက်နှာကို သေသေချာချာ ကြည့်ပြီး မှတ်လည်းမှတ်မိပါလေရော ၊ ကြောက်လိုက်တဲ့ကောင် ၊ မျက်လုံးတွေ ပြူးတူးပြဲတဲနဲ့ မေးတွေဘာတွေ ခိုက်ခိုက်တုန်လာတော့ တာပါပဲ။ နဖူးမှာ ဆိုတာလဲ ချက်ခြင်း ချွေးသီး ချွေးပေါက်တွေ ပေါ်လာပြီး နောက်ဆုတ် နော်ဆုတ် နဲ့ နံရံကို သွားမှီတာကိုးဗျ။ သူကြောက်ပုံ မြင်ရလေလေ ကျွန်တော့်ဝမ်းထဲက တုတ်တုတ် မြည်အောင် ဝမ်းသာရလေလေပဲ။ လက်စားချေတဲ့အခါ အရသာ ရှိလိမ့်မယ်လို့ တော့ ကျွန်တော်တွေးမိပါရဲ့။ လက်တွေ့ခံစားရတဲံအခါ အရင်က တွေးမိသလောက်အရသာမျိုး ဘာကလိမ့်မလဲခင်ဗျ။ အော်ဟစ်ပြီးတော့ များတောင် ရယ်လိုက်ချင်သေးတယ်။

“ကိုင်းဝေဿက မင်းတို့နောက် ငါလိုက်ခဲ့ရတာ ၁ဝ နှစ်ကျော်ပြီ။ ဒီတခါတော့ မင်းဘယ်ပြေးဦးမလဲ။ မင်းသေနေ့စေ့ပြီ။ “လို့ ပြောလိုက်တော့ ငနဲက ဒူးထောက် တောင်းပန် မယ်လုပ်ပေမဲ့ ရပုံမပေါ်လို့ မျက်နှာငယ်လေးနဲ့ ကြည့်နေတာကိုး ဗျ။ ကျွန်တော်က သနားဖို့ဝေးလို့ ရင်ဘတ်ကို ခြေထောက်နဲ့ မကန်မိအောင်တောင် မနဲထိမ်းထားရတယ်။

ဝေ။   ။”ခင်ဗျား ကျွန်တော့်ကို သတ်မလို့လား ။

ဒ။    ။”မင်းကိုငါ မစီရင်ဘူး ၊ သို့သော်မင်းမကောင်းမှုက မင်းကို စီရင်လိမ့်မယ်။ ဟောဒီ ဆေး ၂ လုံး မင်းနဲ့ငါ တလုံးစီ စားမယ် တလုံးက အဆိပ်ပါတော့ တယောက်တော့ဖြင့် သေမှာပဲ ၊ ကိုင်း မင်းအရင်ရွေး ၊ ကျန်တဲ့တလုံး ငါစားမယ်။ လို့ပြောပြီး သူ့ကို အရွေးခိိုင်းတော့ ပထမတော့ ရီးတီးယားတားလုပ်နေသေးတယ်။ ကျွန်တော်က အိတ်ထဲက မောင်းချဓါးကို ထုတ်ပြီး သူ့လည်ပင်းနား တေ့ထားတော့မှ သူက တလုံးယူစားတယ်။ ၅စက္ကန့်လောက် ကြာတော့ ငနဲမျက်နှာ ရှုံ့မဲ့ပြီး ပျက်သွားလိုက်တဲ့မျက်နှာ မှ မပြောနဲ့တော့ ဒီ နောက်ဆုံး အရသာကမှ အရသာတို့ရဲ့ဗိုလ်ချုပ်ကြီး ထိတ်ခေါင်တင် ကိုးဗျ။ ငနှဲလည်း မျက်လုံးကလေး ပုတ်ခတ် ပုတ်ခတ်နဲ့ တချက်နှစ်ချက်လုပ်ပြီး ရင်ဘတ်ကို လက်နဲ့နှိပ်ရာက ဇက်ကြိုးပြီး မှောက်ထိုး လဲပါလေရော ခင်ဗျာ။ ဒီတော့ကျွန်တော်က သူ့ပုခုံးကို ခြေထောက်နဲ့ ကန်ပြီး ပက်လက်လှန် ၊ ရင်ဘတ်ကို စမ်းကြည့် တော့  အသက်လုံးလုံး မရှိတော့ဘူး။

ရှား။   ။ သွေးတွေကရော ဘယ်ကလာတာလဲ။

ဒ။    ။ ဒီလိုဗျ။ ကျနော်ဟာ စိတ်အပြင်းအထန် တုန်လှုပ်ရင် နဂိုထဲက သွေးရွှင်တဲ့သူဖြစ်လို့ နှာခေါင်းသွေး လျှံတတ်ပါတယ်။ ကျွန်တော်ကို သူမှတ်မိလို့ တုန်လှုပ်သာွးတာကို မြင်ရကတည်းကစပြီး ဝမ်းသာလုံးဆို့လို့ထွက်လိုက်တဲ့ နှာခေါင်းသွေး ဆိုတာ ရစရာမရှိဘူး။ နို့ပေမဲ့ ကျွန်တော်က ဘာမှဂရုမစိုက်ပဲ ဟိုကောင်သေတော့ ကျွန်တော့်စိတ်ထဲ အကြေနပ်ကြီး ကျေနပ်ပြီး ဝမ်းသာလွန်းလို့ သွေးစက်ကို လက်နဲ့တို့ပြီး “ဗွီဒီတီ ” ဆိုတဲ့စာလုံးကို နံရံမှာ ရေးမိတာကိုး ခင်ဗျ။

ရှား။    ။ အဓိပါယ်ကရော။

ဒ။    ။ အဓိပါယ်ကတော့ လက်စားချေခြင်းဆိုတာပေါ့။ Vendetta ဆိုတဲ့ အီတာလျှံစကားးက လာတာပေါ့။ ဒါနဲ့ကိစ္စပြီးလို့ အိမ်ပေါ်ကဆင်း မြင်းရထားမောင်းပြီး တော်တော်လေးရောက်တော့ အိပ်ထဲစမ်းကြည့်တဲ့အခါ လား လား လက်စွပ်မပါခဲ့ဘူး ခင်ဗျာ။ ဒီလက်စွပ်ကလေးဟာ ချန္ဒရာကို အလွမ်းပြေ ကြည့်နေရတဲ့ လက်စွပ်ကလေး ဖြစ်နေတော့ အပျောက်မခံနိုင်တာနဲ့ ဟိုအိမ်ကို တခေါက်ပြန်လာခဲ့တာ ပုလိပ်နဲ့တွေ့လို့ အရက်မူးချင်ရောင်ဆောင်ပြီး မနဲ လွတ်အောင် ရုန်းခဲ့ရပါကလား ခင်ဗျာ။

ကိုင်း ဒါထက် ဝေဿက တော့ဖြင့် တရန်အေးသွားပြီ။ ဟိန္ဒ ပဲ လိုတော့တယ်။ ဒီကောင်ဟာ လိပ်ဗျူး ဟော်တယ်မှာ  ရှိတယ်လို့ ကျွန်တော်သိလို့ ချောင်းနေတာ ထွက်ကို ထွက်မလာဘူး ခင်ဗျ။ တော်တော်ပါးတဲ့ကောင်။ နို့ပေမဲ့ ကျွန်တော်က သူနေတဲ့အိပ်ခန်းကို ရအောင်စုံစမ်းပြီး မနက်စောစောမှာ ဟော်တယ် နောက်ဖေးက တွေ့တဲ့လှေကားနဲ့ ပြတင်းပေါက်က ထောင်တက်တာကိုး ခင်ဗျ။ ကျွန်တော် အခန်းထဲ ရောက်တော့ နိုးတောင်မနိုးသေးဘူး။ ဒါနဲ့ ကျွန်တော်က အိပ်ရာကနှိုးပြီး ဝေဿက တုန်းကလို ဆေးလုံး နှစ်လုံးရွေးခိုင်းပြန်တာပေါ့ ခင်ဗျ။ ဒီကောင်ကတော့ အေးအေးဆေးဆေး နဲ့ ရွေးမစားပဲ ကျွန်တော့်ကို ထိုးလားကြိတ်လား ခုခံတာကို းခင်ဗျ။ ဒီတော့ ကျွန်တော်က မတတ်နိုင်ပါဘူးဆိုပြီး အသင့်ဆောင်လာတဲ့ မောင်းချဓါးနဲ့ ရင်ညွန့်ကို တချက်တည်း ထိုးလိုက်တာ တခါတည်း ပွဲချင်းပြီး သေပါရော့ခင်ဗျာ။

ကိုင်း ၊ ဒီတော့ ကျွန်တော့်မှာ ကိစ္စတော့ ပြီးပြီ။ နို့ပေမဲ့ အိန္ဒိယ ပြန်ဖို့က စရိပ်လက်ထဲမှာ မရှိတာက်တကြောင်း ရုတ်တရက် အလုပ်ပြောင်းလိုက်ရင် လူမသင်္ကာစရာ ဖြစ်မှာ စိုးးရိမ်တာက တကြောင်းတို့ကြောင့် ရထားမောင်းအလုပ် ဆက်လက်လုပ်နေတုန်းမှာ ကော်ရင်ဂျီ ကုလားလေးတယောက်က မြင်းရထားလိုချင်တယ်ဆိုလို့ ခေါ်သွားရာမှာ လက်ထိပ်ခတ်ခံရတော့တာပဲခင်ဗျာ။ ကျွန်တော့်ကို ရာဇဝတ်ကောင် ခေါ်ချင်ခေါ် ကျွန်တော့်စိတ်ထဲမှာတော့ ကိုယ့်ကိုယ်ကို တရားလမ်းကြောင်းအတိုင်း ဆုံးမသင့်သူကို သုတ်သင် စီရင် ပေးတဲ့လူတယောက်လို့ ပဲ ယူဆပါတယ်။ကိုင်း ဒါပါပဲ။

ကျွန်တော်တို့မှာ ဒဿက၏ စိတ်ပါဝင်စား ဖွယ်ကောင်းသော အတ္ထုပ္ပတိ ကို် စိတ်အားထက်သန်စွာ နားထောင်နေကြရကား အတန်လေး ကြာသော အခါမှ ဦးစံရှားက –

ရှား။    ။ဒါထက် ကျုပ်ကြော်ငြာတဲ့ လက်စွပ်ကို လာယူတဲ့သူက ဘယ်သူလဲဗျ။

ဒ။    ။ (ပြုံးရယ်လျှက်) ကိုယ့် အကြောင်းသာ ကိုယ်ပြောကောင်းပါတယ်။ သူများ အကြောင်းကို ပြောလို့မတော်ဘူး မှတ်တယ်။ ဒါထက် ၊ ကျွန်တော့်လူ မတော်လားဗျာ။

ရှား ။    ။ (လှိုက်လှိုက်လှဲလှဲ အမူအရာဖြင့်) တကယ့်ကို တော်ပါပေတယ်ဗျာ။

ဖေ။    ။ကိုင်းဆရာတို့ ၊ ကိစ္စလည်းပြီးပြီ ။ အမှုစစ်တဲ့နေ့မှာ ဆရာ့ကို သက်သေထည့်သင့်ထည့်ရဦးမယ်။ ဒီ အတော အတွင် းဒီလူကို ထောင်ကြီးချုပ် နဲ့ ထားဦးမှဖြစ်မယ်။

ထို့နောက် စုံထောက်များသည် အကျဉ်းသမားအား ထုံးစံအတိုင်း ချုပ်နှောင်ထားဖို့ စီစဉ်နေကြရာ ကျွန်တော်နှင့် ဦးစံရှားတို့ သည်  နေအိမ်သို့ ပြန်ခဲ့ကြလေသည်။

 

ဦးစံရှား၏ ရှင်းလင်းချက်များ

ဒဿက၏ အမှုမှာ စစ်ဆေး စီရင်ဖို့မလိုတော့အောင် အကြောင်းတခု ဖြစ်ပေါ်လာခဲ့၏။ အကြောင်းမှာ နောက်တနေ့ နံနက်၌ ထောင်အရာရှိသည် ကြမ်းပေါ်တွင်မှောက်၍ သေဆုံးနေသော ဒဿက ၏ အလောင်းကို တွေ့ရလေ၏။  အလောင်း၏ ဦးခေါင်း အနီးတွင် လည်းသွေးများ အိုင်ထွန်း နေသည်ကို တွေ့ရ၏။ အလောင်းကို စစ်ဆေးသော အခါ နှလုံးသား ပေါက်ကွဲ သော ရောဂါနှင့် သေဆုံးကြောင်း ဆရာဝန်တို့က ထွက်ဆိုသဖြင့် ယခင်က ဒဿက ၏ ထွက်ချက်နှင့် မှန်ကန်ကြောင်းထင်ရှားပေ၏။

ထိုနေ့ နံနက်စာ စားချိန်တွင် –

ရှား။   ။ ဒီအမှုက ရိုးရိုးလေးနဲ့ တော်တော်ကောင်းတဲ့အချက်တွေပါလို့ တော်တော်လေး ဉာဏ်ကစားရတယ်ဗျ။

ကျွန်။   ။(အံ့ဩစွာဖြင့်) ဒီအမှုလားဗျ ရိုးရိုးလေး။

ရှား ။   ။ရိုးလည်း တကယ်ရိုးတဲ့အမှုှဗျ။ ဘာမှ ထွေထွေရာရာဒီလောက်ကြီး မလုပ်ရပဲနဲ့ ၃ ရက်အတွင်း လက်သည်မိအောင် ဖမ်းဆီးနိုင်ခြင်းဟာ ရိုးတဲ့အမှု မဟုတ် ဘာလဲဗျ။

ကျွန်။   ။ဒီလိုဆိုတော့လည်း ဟုတ်ပါရဲ့လေ။

ရှား ။   ။စုံထောက်အလုပ်မှာ အရေးကြီးတာ ဘာလဲဆိုတော့ နောက်ပြန်လှန်စဉ်းစားတတ်ဖို့ လိုတယ်ဗျ။

ကျွန်။   ။ဘယ်လို နောက်ပြန်တာလဲဗျ။

ရှား။   ။ ဒီလိုဗျ။ ဖြစ်ပုံပျက်ပုံ အကြောင်းစုံ ကို ပြောပြလိုက် ။ ရှေ့ဘယ်လို ဖြစ်လာလိမ့်မယ်ဆိုတဲ့ အကျိုးတရားကို လူတရာမှာ ၁ဝ ယောက် ဟာ ပြောဆိုကောင်းပြောဆိုနိုင်ကြလိမ်မယ်။ သို့သော် နောက်ဆုံးပေါ် ဖြစ်ပေါ်လာတဲ့ အကျိုးတရားကို ပြောပြလိုက်ရုံနဲ့ မူလမူရင်း ဖြစ်ပျက်ပုံ အကြောင်းတရားကို ဆင်ခြင်တွေးတောနိုင်တဲ့ လူမျိုးကတော့ တရာမှာ တယောက် တစ်ထောင်မှာ တစ်ယောက် ပေါ်ပေါက်မယ်လို့ ကျုပ်မထင်ဘူး။

ကျွန်။  ။ဒါတော့ ဟုတ်လိမ့်မယ်။

ရှား။   ။ဟုတ်မဲ့သာဟုတ်မယ် ။ ရှေ့အဖို့ စဉ်းစားတာနဲ့ နောက်ပြန် စဉ်းစားတာ စဉ်းစာဉာဏ်ခြင်းအတူတူ လိုတာပဲဗျ။ သို့သော် နောက်ပြန် စဉ်းစာတတ်တဲ့သူ ဟာ ဘာကြောင့်ရှားနေလဲဆိုတော့ အလေ့အကျင့်မရှိကြဘူး။ မြန်မာပြည်မှာ ဒီနည်းကို စံနစ်တကျ တီထွင်တဲ့သူဟာ ကျုပ်တယောက်ပဲ ရှိသေးတယ် မှတ်တယ်။ ရှိကြလို့ရှိယင်လဲ ကျုပ်တော့ဖြင့် မတွေ့ဖူးသေးဘူး။

ကျွန်။   ။ ကျွန်တော်လည်း ခင်ဗျားလိုလူတော့ မတွေ့ဖူးသေးပေါင်ဗျာ။

ရှား။   ။ ကျုပ်က သူတပါးထက် ပိုပြီး ဉာဏ်ကြီးတယ်လို့ မဆိုလိုပါဘူး ။ သို့သော် ခင်ဗျားတို့ လူစုက အလေ့အကျင့် လုပ်မထားဘူးဗျ။

ကျွန်။  ။လေ့ကျင့်ရကောင်းလဲ မသိပါဘူးဗျာ။

ရှား။   ။ ဒါထက် အမှုအကြောင်း နဲနဲ ရှင်းလိုက်ကြဦးစို့ဗျ။ ဒီလိုဗျ။ ကျုပ်က ဟိုအိမ်ကို ရှေးဦးစွာ လိုက်သွားတုန်းက ကျုပ်စိတ်ထဲမှာ ဟိုဟာ ဒီဟာ သံသယ ဘာမှ မထားဘူး။ ကျုပ်တို့ ခြေလျှင် ဝင်သွားကြတော့ ရှေးဦးစွာ ဝင်းထဲက လမ်းကို သေသေချာချာ ကြည့်တော့ ရထားဘီးရာတွေရယ် ၊ ခြေရာတွေရယ် ၊ တွေ့ရတယ်။ ခင်ဗျားတို့မျက်စိမှာတော့ ခြေရာတွေရှုပ်ပွေနေမှာပေါ့။ ခြေရာခံဖို့တမင်လေ့ကျင့်ထားတဲ့ ကျုပ်မျက်စိမှာတော့ ပုလိပ်တွေရဲ့ခြေရာအပြင် ၊ လူနှစ်ယောက်ရဲ့ ခြေရာကိုပါ ကျုပ်တွေ့ခဲ့တယ်။ အဲဒီ ခြေရာ၂ခုပေါ်မှာ ပုလိပ်ခြေရာတွေ အထပ်ထပ်နင်းထားတာ တွေ့ရတော့ ပုလိပ်တွေရဲ့ခြေရာကနောက်မှ ရောက်ကြောင်း ထင်ရှားတယ်။ ခြေရာ ၂ခုမှာလည်း တခုက ခြေလှမ်းကျယ်တယ် ။ တခုက ခြေလှမ်းစိတ်တယ်။ ကျယ်တဲ့ ခြေရာက ကုလား ဖိနပ်ခြေရာ။ စိတ်စိတ်ခြေရာကတော့ နောက်ပိတ်ဖိနပ်ခြေရာ။ ဒါကြောင့် ကုလားဖိနပ်နဲ့လူက  အရပ်ခပ်မြင့်မြင့်  ။ နောက်ပိတ်ဖိနပ်နဲ့လူက ခပ်တိုက်တိုက် ဖြစ်မယ်။  ဒါနဲ့အိပ်ခန်းထဲရောက်တော့ အလောင်းကိုမြင်တော့ အလောင်းမှာ နောက်ပိတ်ဖိနပ်နဲ့ တွေ့နေရော။ ဒီတော့ ကုလားဖိနပ်နဲ့ ခြေရာကိုပဲ ကျုပ်တို့ စုံစမ်းဖို့လိုတော့တယ်။ အလောင်းကိုမြင်လိုက်တော့ ခင်ဗျား မြင်တဲ့အတိုင်း အဘယ်မျှ ကြောက်စရာကောင်းသလဲ။ ရိုးရိုးနည်းနဲ့ သေတဲ့သူမှာ ဒီမျက်နှာမျိုး မတွေ့ရဘူးဗျ။ ဒါကြောင့် အမှုကလည်း လူသတ်မှု၊ သတ်တဲ့သူကလည်း ကုလားဖိနပ်နဲ့ အရပ်ခပ်မြင့်မြင့်  ဆိုတာ ကျုပ်သိရရော။ အလောင်းရဲ့နှုတ်ခမ်းကို နမ်းကြည့်လိုက်တော့ ချဉ်စုတ်စုတ် အနံ့လည်းတယ်။ ဒဏ်ရာလည်း မတွေ့ရဘူး။ ဒါကြောင့် အဆိပ်ကြွေးပြီး သတ်တဲ့အမှုလို့ ထင်ရှားပြန်ရော။ လူယောက်က တယောက်ကို အဆိပ် အ တင်းကြွေးပြီး သတ်တယ်ဆိုတာ ခင်ဗျားတို့ မကြားဖူးပေမဲ့ အထူးအဆန်းတော့မဟုတ်ဘူးဗျ။ ရုရှားပြည်မှာ တမှု ၊ ပြင်သစ်မှာတမှု ၊ သတင်းစာထဲမှာ ဖတ်ဖူးတယ်။

ကျွန်။   ။နှံ့စပ်ပါပေ့ဗျာ။

ရှား။   ။ နေဦးလေ။ ဘယ်လိုရည်ရွယ်ချက်နဲ့ သတ်သလဲဆိုတာ စုံစမ်းပြန်တော့ လုယက်ချင်လို့မဟုတ်ကြောင်းထင်ရှားတယ်။ ထင်ရှားထားနှင့် မို့လို့ပေါ့ ၊ နိုင်ငံရေးလား မိန်းမမှုလား လို့ စဉ်းစားဆဲမှာ လက်စွပ်တွေ့ရပြန်တော့ မိန်းမမှု ဖြစ်ကြောင်း ထင်ရှားပြန်ရော ဗျ။ အခန်းကို ကျုပ်သေသေချာချာ ကြည့်တော့ ဘီဒီ ဆေးလိပ်တွေ လက်သည်းရှည်တာတွေ တွေ့ရပြန်ရော။ ပြီးတော့ သေသူမှာ ဒဏ်ရာမရှိပဲ သွေးကွက်တွေတွေ့ပြန်တော့ ဧကန္တ သတ်သူရဲ့သွေးတွေပဲ။သူ့မှာ ဒဏ်ရာ ရလို့ရှိရင်လည်း သေသူ လက်ထဲမှာ သေနတ်ရှိရမယ်။  ထွေးလုံးသတ်ပုတ် ရာလည်းတွေ့ ရမယ်။ မတွေ့တဲ့အတွက် သူသဘာဝ အလျှောက် ထွက်ခြင်း ဖြစ်ရမယ်။ သို့သော် ဘယ်နှယ်ကြောင့် သဘာဝအလျှောက်ထွက်နိုင်မလဲ စဉ်းစားလိုက်တော့ သွေး အင်မတန်ဆူတဲ့ သူများဟာ အပြင်းအထန်စိတ်လှုပ်ရှားရင် နှာခေါင်းက သွေးယိုနိုင်တယ်။ သွေးယိုလောက်အောင် သွေးဆူတဲ့သူ ဖြစ်ရင်လဲ မျက်နှာဟာ ရဲရဲ နီနေမယ်။ ဒီလိုကိုးဗျ။ နောက်ဆုံးမှာ ဒီတချက်လည်းမှန်ကြောင်းခင်ဗျား တွေ့ရပြီ။

ကျွန်။   ။ခင်ဗျား ကြေးနန်းရိုက်တာ ဘယ့်နှာလဲ။

ရှား။     ။ ဝေဿကဆိုတဲ့လူ ဟာ မိန်းမမှုနဲ့ ပတ်သက်ပြီး ငြိုးသူ ရန်ဘက်များ ရှိလားလို့ ပါတလိပုတ္တကို ကြေးနန်းရိုက်လိုက်တဲ့အခါ ဒဿကဆိုတဲ့သူနဲ့ အမျက်ကျဘူးကြောင်း ပြန်ရိုက်လိုက်တာကို းဗျ။ ဟိန္ဒကဆီက တွေ့တဲ့ ကြေးနန်းမှာ ရော DTK  ဟာ ယိုးဒယား  လိုက်သွားပြီလို့ ရေးထားတယ်။ အဲဒါ သူတို့ မှာထားခဲ့တဲ့ လူတယောက်က ဒဿက လိုက်သွားကြောင်း ကြေးနန်းနဲ့ သတိပေးခြင်း ပေါ့ဗျ။

ကျွန်။   ။ ရထား မောင်းတဲ့လူမှန်း ခင်ဗျား ဘယ်လိုလုပ်သိလဲ။

ရှား။   ။ဒီလိုဗျ။ နှစ်ယောက်အိမ်ထဲ ဝင်နေလို့ မြင်းရထားက လမ်းဘေးနဲနဲ ဖဲ့ပြီး မြက်ခင်းပေါ်က မြက်ပင်ကလေးများကို လှမ်းဟပ်ဟန်နဲ့ ရထားဘီးရာတွေ ချော်တက်နေတာ ကျုပ်မြင်ရတယ်။ ရထားပေါ်မှာ လူစောင့် လို့ရှိရင် မြင်းကို ဒီလို ဘယ်တော့လုပ်စေလိမ့်မလဲဗျ။ ဒိအပြင် တကြောင်းကလည်း ဘယ်သူမဆို လူတယောက်ကို သေအောင်သတ်တုန်း မြင်းရထားသမားမြင်အောင် ဘယ်လုပ်လိမ့်မလဲဗျ။ ဒိအပြင်တကြောင်းကလဲ လူတယောက်နောက်ကို တယောက် လိုက်နေလို့ရှိရင် မြင်းရထားနဲ့မောင်းလိုက်တဲ့အလုပ်လောက် ဘယ်မှာ ကောင်းတာ ရှိအုံးမလဲဗျ။ ဒါကြောင့် ကျုပ်က မြင်းရထားမောင်းတဲ့လူထဲက ဖြစ်ရမယ်လို့ တွေးတာကိုးဗျ။

(ထိုခေတ်အခါက တက္ကစီများ ရန်ကုန်တွင် အလွန်နည်းပါးသေး၏။)

ကျွန်။  ။ လူတယောက် အပြင် နောက်တယောက်မသေအောင် ခင်ဗျား မတတ်နိုင်ဘူးလားဗျ။

ရှား ။  ။ဘယ့်နှယ်လုပ် ကျုပ်တတ်နိုင်မလဲ။ သဲလွန်စမှ မစုံ့တစုံ။ နောက်တရက်အတွင်း သူသတ်တာ ကျုပ်ကာကွယ်နိုင်ရင် သိကြားဖြစ်ပြီး  ဟဲ ဟဲ လက်ဖက်ရည်နဲ့  ဖျော်သောက်လိုက်ရုံသာရှိတော့မှာပေါ့ဗျ။

ကျွန်။    ။ မေးမဲ့သာမေးရ။ ကျွန်တော်တော့ ကျေနပ်လှပါပြီ။ ရှင်းလဲရှင်း ၊ ပြတ်လဲပြတ်သားပါပေတယ်။ ခင်ဗျား အကြောင်း ပြည်သူပြည်သားတွေ သိအောင် ဝတ္ထုလုပ်ပြီး ရေးစမ်းအုံးမယ်ဗျာ။

ရှား။    ။ခင်ဗျား သဘောပလေ။

 

 

 

 

 

 

 

1. https://myanmargazette.net/50722/uncategorized-other/copypaste (Nature) ————ရှားလော့ဟုမ်းနှင့်ဘောင်ဒရီလမ်းလူသတ်မှု(၂.၁.၁)

8. https://myanmargazette.net/50761/entertainment

————(Nature) ရှားလော့ဟုမ်းနှင့်ဘောင်ဒရီလမ်းလူသတ်မှု(2.2)

10.https://myanmargazette.net/56010/entertainment

————-(Nature) ရှားလော့ဟုမ်းနှင့်ဘောင်ဒရီလမ်းလူသတ်မှု(2.3) 17Jul11

11.  https://myanmargazette.net/56291/entertainment

—————(Nature) ရှားလော့ဟုမ်းနှင့်ဘောင်ဒရီလမ်းလူသတ်မှု(2.4) 19Jul2011

20.   https://myanmargazette.net/60148/entertainment

————–N+ 110911 ရှားလော့ဟုမ်းနှင့် ဘောင်ဒရီလမ်းလူသတ်မှု 2.5

 

 

https://myanmargazette.net/50763/uncategorized-other/copypaste

             Nature မာတိကာ