“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း” (ဒုတိယပိုင်း- သီချင်းနဲ့ဓါတ်ရှင်)

“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း”
(ဒုတိယပိုင်း- သီချင်းနဲ့ဓါတ်ရှင်)

၁။ (လူထုကြားက ရုပ်ရှင်သီချင်းများ………..)
ဟိုအရင်က လူတွေမှာ နားဆင်ခံစားစရာဆိုုလို့ မနက်(7)နာရီကနေ့ နေ့လည်တစ်နာရီထိတစ်ကြိ်မ်၊
ညနေလေးနာရီကနေ ညကိုးနာရီထိတစ်ကြိမ် တနေ့နှစ်ကြိမ်လာတဲ့ရေဒီယိုရှိမယ်။
မြန်မာသီချင်းတွေကိုပြောတာပါ။
ဓါတ်စက်နဲ့ဖွင့်လို့ရတဲ့ ဓါတ်ပြားရှိမယ်။
တိတ်ရီကော်ဒါရှိမယ်။
နောက် တစ်ပါတ်တစ်ခါ အသစ်လဲတဲ့ ဓါတ်ရှင်ရှိမယ်။
တစ်ခါတစ်လေ ဘုရားပွဲရှိမှကြည့်ရတဲ့ အငြိမ့်တို့ ဇာတ်တို့ရှိမယ်။
ဒါအကုန်ပါဘဲ။
နောက်အိမ်တိုင်းမှာ ရေဒီယိုမရှိ။
ဓါတ်စက်မရှိ။
တိတ်ရီကော်ဒါမရှိ။
ဒီတော့လဲ ဇာတ်တွေ ရုပ်ရှင်တွေက သီချင်းတွေကို မက်မက်မောမောနဲ့နားထောင်ကြရပါတယ်။
ဇာတ်ဆိုတာကတော့ တကြိမ်ထဲဘဲပြတယ်ဆိုတော့ထပ်ကြည့်ဘို့လဲမလွယ် သိပ်မှတ်မိဘို့မလွယ်။
ရုပ်ရှင်ကတော့ တစ်ကားဆိုအကြာကြီးလဲပြ ကြည့်ချင်တယ်ဆိုရင်လဲထပ်ကြည့်လို့ရတာကြောင့်
ရုပ်ရှင်ထဲက သီချင်းတွေကို ပိုပြီးလူတွေကစိတ်ဝင်စားကြပါတယ်။
အရင်ကတော့ ရုပ်ရှင်ကားတကားမှာဆိုရင် ဇာတ်ဝင်သီချင်းက တပုဒ်နှစ်ပုဒ်သာပါပေမယ့် နောက်ပိုင်းမှာတော့
သီချင်းတွေများသထက်များအောင်ထည့်လာကြပါတယ်။
အထူးသဖြင့်ဝင်းဦးကားတွေမှာဆိုရင် သီချင်းပါတာပိုများသလို ရုပ်ရှင်ထဲက သီချင်းတွေကို လူတွေကလဲပိုကြိုက်ကြ
နှစ်သက်လို့လာကြပါတယ်။
ရုပ်ရှင်ကြော်ငြာမှာကို တေးသံစုံဇာတ်မြူးလို့ထည့်ကြော်ငြာတဲ့အထိ သီချင်းကို ဦးစားပေးလာကြပါတယ်။
အဲတော့ ရုပ်ရှင်သီချင်းကလဲ တစ်ခေတ်ဖြစ်သွားသပေါ့။
တစ်ချို့ဆိုရင် ကိုယ်ကြိုက်တဲ့သီချင်းကို အလွတ်မရမခြင်း ရုပ်ရှင်ကို သုံးလေးငါးကြိမ်ပြန်ကြည့်တဲ့သူတောင်ရှိပါတယ်။
ရှေးကတော့ မင်းသားမင်းသမီးတွေက သီချင်းနဲ့သရုပ်ဖော်ကြတဲ့အခါ ကိုယ်တိုင်ဆိုကြပါတယ်။
ဥပမာပေးရရင် (ပြည်လှဖေ ၊ခင်မောင်ရင်၊အေဝမ်းတင်မောင်၊မေရှင်၊မေမေဝင်း၊ကြည်ကြည်ဌေး)တို့က ကိုယ်တိုင်ဆိုနိုင်သလို
သရုပ်ဆောင်လဲလုပ်နိုင်သူတွေပေါ့။
ဒါပေမယ် နောက်ပိုင်းခေတ်မှာတော့ မင်းသားမင်းသမီးဖြစ်ပေမယ့်လဲ သီချင်းမဆိုတတ်သူတွေ
ပါလာပါတယ်။
ရုပ်ရှင်နောက်ခံတေးဆိုတဲ့နေရာမှာလဲ တကားတစ်လာသာ အပြင်မှာနာမည်ကြီးတဲ့သီချင်းယူသုံးပေမယ့်
အများအားဖြင့်တော့ ကိုယ့်ဇာတ်နဲ့လိုက်ဖက်တဲ့သီချင်းကို တေးရေးဆရာဆီမှာသီးသန့်အပ်ပါတယ်။
အဲဒီအခါမှာ မင်းသားမင်းသမီးက သီချင်းမဆိုတတ်ဘူးဆိုရင် သူတို့ကိုယ်စား သီဆိုပေးရတဲ့
ရုပ်ရှင်နောက်ခံတေးသီဆိုသူလူတန်းစားတစ်ရပ်ပေါ်ပေါက်လာလို့လာပါတယ်။
1960နဲ့ 1980 ပါတ်ဝန်းကျင်အလွန်ကာလမှာ ဝင်းဦး၊ညွန့်ဝင်း၊ခင်ယုမေ၊ကြည်ကြည်ဌေး၊တွံတေးသိန်းတန်၊ဇော်ဝမ်း၊
တို့လောက်သာ ကိုယ်တိုင်သီချင်းဆိုပေမယ့် ထွန်းထွန်းဝင်း၊ဇော်လင်း၊လင်းထင်၊ခင်သန်းနု၊စန္ဒာ၊တင်တင်ညို၊
မြင့်မြင့်ခိုင် နွဲ့နွဲ့မူ အစရှိတဲ့နာမယ်ကျော်မင်းသားမင်းသမီးတွေက သီချင်းကို ကိုယ်တိုင်မဆိုဘဲ နောက်ခံဆိုပေးထားနဲ့
ဘဲသရုပ်ဆောင်ကြတာများပါတယ်။
(သူတို့ရုပ်ရှင်လောကသားများ အခေါ်တော့ ပလေးဘက်ပေါ့။)
ရုပ်ရှင်နောက်ခံတေးသီဆိုပေးသူများမှာ နာမည်အကြီးဆုံးကိုတော့ မောင်သိန်းဝင်းနဲ့အေဝမ်းတင်တင်လှဆိုရင်မမှားလောက်ဘူးလို့ထင်ပါတယ်။
အခြားသော သီဆိုသူများလည်းရှိပေမယ့် သူတို့နှစ်ယောက်ကတော့ ဆိုပေးတဲ့ရုပ်ရှင်နဲ့သီချင်းအရေအတွက်
အများဆုံးဖြစ်မယ်ထင်ပါတယ်။

နောက်ရုပ်ရှင်သီချင်းများကနေအပြင်ကိုပျံ့နှံလာတဲ့ သီချင်းတွေထဲမှာအပုဒ်ရေ အများဆုံးကတော့ ဝင်းဦးရဲ့ရုပ်ရှင်သီချင်းတွေဖြစ်ပါတယ်။
မီးပုံပွဲ၊မေခင်ကျနော့်အချစ်တော်၊သီရိဂေဟာ၊ကျောက်မဲအကျဥ်းသား၊မေတ္တာပန်းဥယျာဉ်၊မမမိုး၊မြာပဒေသာ၊
ရုပ်ရှင်ရူးမလေး၊မုန်းတလှည့် ပြုံးတလှည့်၊ထူးခြားတဲ့အိပ်မက်၊ခေတ်လူပျို၊ရူပါရုံရှင်၊အလှကမ္ဘာမြေ၊
မပြီးသေးသောပန်းချီကား၊စတဲ့သီချင်းမြူးမြူးတွေရော၊
ရှေ့တော်ပြေးမလေး၊နွမ်းလျအိမ်ပြန်၊ကြက်ညီနောင်၊ကိုယ်ပြန်လာပြီ၊အိပ်မပျော်သောညများ၊တေလေငှက်၊
တိမ်လွှာမို့မိုလွင်၊ပိတောက်ရိပ်ဝယ်၊မောင်တို့ချယ်ရီမြေလို့ အဆွေးသီချင်းတွေပါ လူထုကြားမှာ နှစ်သက်လို့
ခေတ်စားခဲ့ပါတယ်။
အအောင်မြင်ဆုံးသီချင်းကတော့ “မူံရွှေရည်”နဲ့ “မျက်ဝန်းလဲ့ပြာပြာ”လို့ဆိုရင်မလွဲနိုင်ပါဘူး။
ဒါကျနော်မှတ်မိသလောက်လေးပြောပြတာပါ။
နောက် သီချင်းအကြောင်းနဲ့ဆက်နွယ်လု့ိရိုက်ထားတဲ့ “တစ်ကျော့နှစ်ကျော့တေးကိုသီ”
မှာဆိုရင်အပြင်မှာလဲတကယ့်အဆိုတော်တွေဖြစ်တဲ့ တင်တင်မြ ချိုပြုံးတို့နှစ်ယောက်ကို ရုပ်ရှင်လောကထဲ
ကိုရောက်အောင် တွန်းပို့လိုက်ပါတယ်။
“မောင်လေးရေ ထပါတော့ ရောင်နီလာမှာပေ့ါ……………တစ်ကျော့နှစ်ကျော့တေးကိုသီ………………”
ဆိုတဲ့ကဗျာလေးက နေရုပ်ရှင် သီချင်းအဖြစ်ပုံစံပြောင်းလို့မြန်မာပြည်တနံတလျားပျံ့လွင့်သွားခဲ့ပါတယ်။
“ ဘဝသံသရာ “၊”ရတနာပုံ”၊“ ဂုဏ် “၊“ သက်ဆိုင်သူသို့“၊“ ဆယ်နှစ်လရာသီ“၊”က္ကတ္ထိယ”၊”ဖူးစာနှစ်ခိုင်”
စတဲ့သီချင်းတွေကလည်း ရှေးခေတ်အဆက်ဆက်နာမယ်ကြီး ခဲ့တဲ့ ရုပ်ရှင်သီချင်းတွေပါဘဲ။

အဒီခေတ်ရဲ့နောက်ပိုင်းမှာတော့ “ ချစ်သူ့နယ်မြေ “၊“ ရွှေလည်တိုင်“၊“ကိုလူပျို “၊“ ပျို့မောင်ဖုန်း “၊“နှင်းပျောက်တဲ့နွေ “၊
” မန်ဒါလီ“၊”မြခြူသံ “၊”နေ့စဉ်ပိတောက်ပွင့်ပါစေ “၊” ကိုယ်လိုချင်သောပန်း“၊ဒီအရွယ်တင့်တင့်တို့အရွယ်” ပျော်ပျော်ပါးပါး”
“ ချစ်၍ရွာသောမိုး “၊“ ဗေဒါလမ်း“၊“ မီးဇာလဲကြွေ အသည်းလည်းကြွေ “၊“သည်သောင်ယံက မခွာရက်နှိုင်တယ်” ၊“စိတ်”
ဆိုတဲ့သီချင်းလို သီချင်းပေါင်းများစွာကလူတိုင်းပါးစပ်ဖျားမှာရောက်လာခဲ့ပါတယ်။
ကျနော်ငယ်ငယ်က “ဒါဘဲနော် အကို…………အကို……..”မူနွဲ့နွဲ့အသံလေးနဲ့ဆိုလိုက်တဲ့ အတွေ့ဇာတ်ကားထဲကသီချင်းကို
အတော်လေးသဘောကျမိခဲ့ပါတယ်။
နောက် ထွန်းဝေနဲ့မြတ်မွန်တို့ရဲ့ ဒေါင်းမလေး ဇာတ်ကားထဲမှာထင်ပါတယ်။
“ဒီမှာအလုပ်တွေရှုပ်နေတယ်……………….လာပါအုံးဆို……….”ဆိုတဲ့ သီချင်းလေးကလဲအမှတ်ရစရာပါ။
ရုပ်ရှင်သီချင်းတွေအကြောင်းပြောမယ်ဆိုရင်တော့ ပြောလို့တောင်မကုန်နိုင်အောင်ပါဘဲ။
ကျနော်အခုသတိရသလောက်လေးပြန်ပြောတာဖြစ်ပေမယ့် ကျနော်ထက်ပိုမှတ်မိသူတွေလဲရှိနေမှာအမှန်ပါ။
ရုပ်ရှင်သီချင်းတွေနဲ့ပါတ်သက်လို့ အအောင်မြင်ဆုံးလို့ပြောရမယ်ဆိုရင်တော့ “ သင်္ကြန်မိုး “
လို့ပြောရင် လွန်မယ်မထင်ပါဘူး။

၂။ (နှစ်သက်ခဲ့ တဲ့ ………..ခုထိမမေ့သေးတဲ့ …………………………)

ကျနော်နည်းနည်းလေးအရွယ်ရောက်လာတော့ အဒေါ်တွေအမတွေနဲ့ ရုပ်ရှင်မလိုက်ချင်တော့ပါဘူး။
သူတို့နဲ့သွားရတာ မလွတ်လပ်တော့ တာရယ် အမြဲတမ်းညကိုးနာရီပွဲချည်းဘဲကြည့်ရတာကြောင့်ပါ။
သူငယ်ချင်းတွေနဲ့ဘဲကိုယ်ကြိုက်တဲ့ကားကို ရွေးကြည့်ချင်တာလဲ အကြောင်းတစ်ခုပေါ့။
လူ့သဘောသဘာဝက ဒီအတိုင်းပါဘဲ။
ကိုယ့်ဘာသာကိုယ်ရပ်တည်နိုင်ပြီလို့ ထင်မိတဲ့အခါမှာ အရင်က ကိုယ်အားကိုးခဲ့ဘူးတဲ့ အမှီအတွယ်တွေကို
ဖယ်ထုတ်ချင်တယ်လို့ဆိုနိုင်ပါတယ်။
ကျနော်တို့ကလေးတုန်းက တကယ်ကြိုက်ခဲ့တဲ့ကားကတော့ ညွန့်ဝင်းရဲ့” ဗန်ဒိုလူလေးနဲ့သူဇာ“၊
ညွန့်ဝင်းသရုပ်ဆောင်တာကလဲ ခပ်မိုက်မိုက် ခပ်လန်းလန်း ခပ်ကြမ်းကြမ်း ကျနော်တို့ သိပ်ကြိုက်ခဲ့တာပေါ့။
ရုပ်ရှင်ကြည့်ပြီးတာနဲ့ ရုပ်ရှင်ထဲက ညွန့်ဝင်းလုပ်သလို တအိအိ …တအားအားနဲ့အော်ဟစ်ပြီး ……ပြီးဗန်တိုသိုင်းချတမ်း
ကစားခဲ့ကြရတာလဲမမောနိုင်မပန်းနိုင်အောင်ပါဘဲ။
နောက်ထပ်အဲလိုကားတစ်ကားကတော့ ”ကေသွယ်ရယ် ကော့မိုင်ရယ် “၊
ညွန့်ဝင်းနှစ်ကိုယ်ခွဲလို့သရုပ်ဆောင်တဲ့ကားပါ။
ငယ်ကတည်းက ကွဲသွားတဲ့ညီအကိုမှန်းမသိကြ။
တစ်ယောက်ကလူကောင်း နောက်တစ်ယောက်ကလူဆိုး ။
လူဆိုးလုပ်တဲ့လူက လူကောင်းနေရာမှာ ဝင်ပြီး အယောင်ဆောင်တဲ့ဇာတ်လမ်း။
ခပ်ကြမ်းကြမ်းဖိုက်တင်ချတဲ့ကားပေါ့။
မင်းသမီးကလည်း ကချင်မင်းသမီး ခေါန်ဂျီးထင်ပါတယ်။
(ဒီမင်းသမီးကလဲ ဒီတစ်ကားဘဲရိုက်တယ်ထင်ပါတယ်)
တောင်ပေါ်မှ ကားမောင်းရင် းသေနတ်အပြိုင်ပစ်တဲ့အခန်းဆို လက်ခုပ်သံတဖြောင်းဖြောင်းပေါ့။
အဲဒီကားထဲမှာညွန့်ဝင်း(လူဆိုး)လုပ်တဲ့လူက ကုလားထို်င်ကို ပြောင်းပြန်ထို်င်ပြတတ်ပါတယ်။
အိမ်မှာ ကုလားထို်င်ကို ထိုင်ရင်တောင် ညွန့်ဝင်းစတိုင်နဲ့ ပြောင်းပြန်ထိုင်လို့ ခေါင်းအခေါက်ခံရတာလဲ ခဏခဏပါ။
နောက်ငယ်ငယ်က ကြိုက်ခဲ့တဲ့ကားတစ်ကား ကတော့ ကောင်းဘွိုင်းကားဆန်ဆန်ရိုက်ထားတဲ့
” လူစွမ်းကောင်းခုနှစ်ယောက်“၊
သေနတ်ပစ်တာတော်တဲ့လူ၊ဒါးပေါက်တာ တော်တဲ့လူ၊ကြာပွတ်ရိုက်တာတော်တဲ့လူ။
တစ်ယောက်တစ်မျုးိစီတော်ကြတဲ့ သူရဲကောင်းတွေပေါ့။
မှတ်မှတ်ရရ အောင်ကျော်ဆိုတဲ့မင်းသားက အိမ်ခေါင်မိုးပေါ်ကနေပြုတ်ကျတဲ့အခန်းပါဘဲ။
အိမ်ပေါ်ကနေ တလိမ့်လိမ့်ကျလာတာ မြင်ရတာ အသဲတယားယား။
(နောက်ကြီးလာမှ နိုင်ငံခြားကားကို မှီးရိုက်တာဆိုတာသိလာရပါတယ်။)

မှတ်မှတ်ရရကားတစ်ကားပြောရရင်တော့ မိဘမေတ္တာကိုဖော်ကျုးတဲ့ကားလေးပါ။
“မြခြူသံ”ရုပ်ရှင်ပါ။
အရုပ်မလှပေမယ့် အနုပညာလှလွန်းတဲ့ မာမာအေးကို မင်းသမီးတင်ရိုက်တဲ့ကား။
မာမာအေးက နောက်ခံသီချင်းဆိုသူအဖြစ်သရုပ်ဆောင်ပါတယ်။
ကုလားကာ နောက်ကွယ်မှာ သီချင်းဆိုရင်းမိန်းကလေးသဘာဝအတိုင်း အချဉ်ပေါင်းထုပ်စားနေ၊
ချဉ်လွန်းလို့မျက်နှာလေးရှုံ့ပြတဲ့အမူအယာလေးကိုလူတိုင်းနှစ်သက်ခဲ့ကြပါတယ်။
ကျနော်တို့ညီအကိုနှစ်ယောက်အဲဒီကားကို ရွှေနဂါးရုပ်ရှင်ရုံကို သွားကြည့်ကြတာပါ။
ရုပ်ရှင်ထဲမှာ မီးလောင်တဲ့အခန်းပါ ပါတယ်။
တို်က်တိုက်ဆိုင်ဆိုင် အဲဒီမီးလောင်တဲ့အခန်းလဲရောက်တဲ့အချိန်နောက်ဆုံးတန်းကနေ
”မီး မီး မီး “ဆိုပြီး အော်သံကြားလို့လှည့်ကြည့်လိုက်တော့ အဲဒီနောက်ဆုံးနံရံက လျှပ်စစ်ဘုတ်ခုံမှာဝါယာရှော့ဖြစ်ပြီး
မီးလောင်နေတာကို တွေ့ တော့ ရုံတံခါးတွေဖွင့်လို့ထွက်ပြေးကြပါတယ်။
ဆယ့်ငါးမိနစ်လောက်ကြာ သွား ပြီး မီး ငြိမ်းမှဆက်ပြပါတယ်။

နောက်ကျနော်တို့ငယ်ငယ်က ကြည့်ခဲ့ဘူးတဲ့ ဟာသကားတွေထဲမှာ အမှတ်မိဆုံးကတော့
သန်းနွဲ့တို့ ဖိုးပါကြီးတို့ ရဲ့ကားတွေပေါ့။
မှတ်မိတာလေးတစ်ခုက ဖိုးပါကြီးရဲ့ ဗို်လ်ကာတွန်း ဇာတ်ကားမှာပါ။
သူတို့ က လမ်းမပေါ်လာတဲ့ကားကို လမ်းပိတ်ပြီး ဓါးပြတိုက်ဘို့လုပ်တဲ့အခါ လမ်းမှာကားတစ်စီးလာတာလဲမြင်ရော ဗိုလ်လုပ်တဲ့သူက လမ်းပေါ်မှာ သစ်ကိုင်းချပြီး လမ်းပိတ်လိုက်ဆိုတဲ့အခါ တပည့်လုပ်သူက လမ်းမပေါ်မှာသစ်ကိုင်းသေးသေးလေးချတော့ သူတို့တိုက်မယ့်
ကားလွတ်သွားတာတို့။
အိမ်တစ်အိမ်ကို ဓါးပြဝင်တိုက်တော့ အိမ်ရှင်မိန်းမက ဒုက္ခရောက်လို့ငိုပြတာနဲ့ ဓါးပြမတိုက်ရဘဲ ထမင်းဘိုးပိုက်ဆံထုတ်ပြီးကူညီခဲ့ရတာတွေပေါ့။
သန်းနွဲ့ကတော့ စစ်တန်းလျားတစ်ခုမှစစ်သားတွေ တန်းစီပြီး စစ်ရေးပြနေချိန်မှာ
ရှေ့က ခေါင်းဆောင်ကနေ စစ်သားတွကို ဘယ်လှည့်ညာလှည် အမိန့်ပေးနေတဲ့အချိန်
သူက တလွဲတွေ လျှောက်အော်နေတာနဲ့ ကမောက်ကမဖြစ်တာတို့
နန်းဝတ်နန်းစားနဲ့ မင်းသားအသွင်အိပ်မက် မက်တာတို့၊
ဘောလုံးဂိုးသမားနေရာမှာနေပြီး ဂိုးဘားတန်းပေါ်တက်ထို်င်နေတာတွေကတော့ ခပ်ရေးရေးလေးမှတ်မိလို့ နေပါတယ်။

ခပ်ရေးရေးလေးမှတ်မိတဲ့ကားဆိုရင် ကောလိပ်ဂျင်နေဝင်းနဲ့ထားထားနွယ်တို့ ရဲ့” မတည့်အတူနေ”ထင်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက်မတည့်တော့ ကားမောင်းတဲ့အခါ ထားထားနွယ် ဆံထုံးကြီးပြုတ်ကျအောင်မောင်းတာတို့၊
ထားထားနွယ်ကလဲ ကားပျက်ချင်ယောင်တောင်ပြီး ကားတွန်းခိုင်းတာ လောက်တော့မှတ်မိပါတယ်။
ကောလိပ်ဂျင်ဆိုတဲ့ကားမှာ သရုပ်ဆောင်တာကနေ နေဝင်းဆိုတဲ့နာမယ်ရှေ့မှာ ပရိသတ်က ပေးတဲ့ကောလိပ်ဂျင်ဆိုတဲ့
နာမယ်ကိုသေသည်အထိယူသွားတဲ့ ကောလိပ်ဂျင်နေဝင်းရဲ့ကားတွေထဲမှာ “ပယင်းရောင်”ဆိုတဲ့ကားကိုတော့
အတော်လေးနှစ်သက်ခဲ့ကြပါတယ်။
ကော်ပီသီချင်းဖြစ်ပေမယ့် ကောလိပ်ဂျင်နေဝင်း တယောထိုးပြီးဆိုတတ်တဲ့
” အိုကွယ် သူလေး…………..ရှောင်ပုန်းလို့ပြေးရက်တယ်………..“၊ဆိုတဲ့သီချင်းကတော့ လူတွေရဲ့စိတ်ထဲမှငြိသွားတဲ့သီချင်းပါဘဲ။
ပညာတတ်တစ်ယောက်အရက်ကျေးကျွန်ဖြစ်ပြီး ဘဝမှန်ကိုဖျောက်ပြီး တောမှာသွားနေတဲ့ဇာတ်လမ်းလေးပေါ့။
အဲဒီကားမှာ လူကြိုက်များပြီးထင်ရှားတာကတော့ မင်းသမီးဒေစီကျော်ဝင်းရဲ့အမူအယာလေးပါ။
နှာခေါင်းက ကျလာတဲ့နှပ်ရည်ကို လက်ညိုးလေးနဲ့ရှလွတ်ဆိုသုတ်ပြတဲ့ချစ်စဖွယ်အမူအယာလေးပေါ့။
အဲဒီအမူအယာလေးက အဲဒီရုပ်ရှင်ရဲ့ထူးခြားချက်ဖြစ်လို့သွားပါတယ်။
ကောလိပ်ဂျင်နေဝင်းကတော့ ကျနော်တို့သိပ်မသိတတ်ခင်အရွယ်ကနေမင်းသားဖြစ်လိုက်တာကျနော်တို့အရွယ်
ရောက် အိမ်ထောင်ရက်သားကျတဲ့အထိ အောင်မြင်ဆဲ အားလုံးကလက်ခံဆဲမင်းသားတစ်လက်ဆိုတော့
အတော်ကို တော်ပြီးထူးခြားသူလို့ဆိုနိုင်ပါတယ်။
ကောလိပ်ဂျင်နေဝင်းကားတွေမှာလူကြိုက်များတဲ့ကားတွေက မရည်မတွက်နိုင်အောင်ပါဘဲ။
ကျောက်ဘီလူးနဲ့ပပဝင်းတို့ ရင်ပွင့်လေသောအခါတို့ ကတော့ အစောပိုင်းကားတွေပေါ့။
နောက်ပိုင်းမှာ ဘမှန်ဘဇံအကြောင်းပေါ့။
နောက်တစ်ချက်က ကောလိပ်ဂျင်နေဝင်းက မြန်မာ့ရုပ်ရှင်မင်းသားထဲမှာ စကားပြောကောင်းတယ်ဆိုတဲ့
မြတ်လေးနဲ့အပြိုင်သရုပ်ဆောင်နိုင်သူဖြစ်သလို စကားပြောတဲ့လေယူလေသိမ်း မှာသူများနဲ့မတူတဲ့
ပုံစံကိုဖန်တီးထားနိုင်သူ လိုအပ်ရင် ဇာတ်ဝင်တေးများကိုလဲဆိုနုှိင်သူ တစ်ယောက်ဖြစ်ပါတယ်။
ကောလိပ်ဂျင်နေဝင်းကတော့ ဟာသမှာလဲပိုင်အလွမ်းမှာလဲပိုင်တဲ့ ရှာမှရှားတဲ့သဘာဝမင်းသားစစ်စစ်ပါ။
ကြုံတုန်းလေးတော်ကီပွားလိုက်ရရင် ရာဇာနေဝင်းက သူ့အဖေကို မမှီပါဘူး။

ကျနော်တို့ငယ်ငယ် ကျနော်တို့အကိုတွေလက်ထက်မှာ နာမယ်ကျော်ခဲ့တဲ့မင်းသားတစ်လက်ကတော့ “ဇော်ခင်”ပါ။
အခုထိအသက်ထင်ရှားရှိနေပါသေးတယ်။
သူနာမည်ကြီးခဲ့တဲ့ကားကတော့ “ချိန်းမိလေသောည”ထင်ပါတယ်။
စီးကရက်ကို ပါးစောင်မှာ ခပ်စောင်းစောင်းလေးခဲထား။
သားရေဂျာကင်ကိုအပေါ်ကဝတ်၊
အကျှီကော်လံကိုထောင် ရင်ဘတ်ကြယ်သီးမတတ်ဘဲ ဟပြဲထား ဘောင်းဘီဖင်ကျပ်ကျပ်ဝတ်၊
ဖိနပ်ဦးချွန်ကိုစီး ထားတဲ့ သူရဲ့ခပ်မိုက်မိုက်ဒီဇိုင်းကို အဲဒီခေတ်ကလူငယ်များကကြိုက်ခဲ့ကြတာပါ။
ဒါပေမယ့် သူကတော့ ရုပ်ရှင်လောကမှာ ဝုန်းကနဲ့နာမယ်တက်လာပြီး ခဏလေးနဲ့ပျောက်သွားခဲ့ပါတယ်။

ကျနော်တို့ငယ်ငယ်က မင်းသားဆိုရင ်ဝင်းဦး ကြည်စိုး စိုးနိုင် ဇော်ခင် ဇော်လွင် မောင်ယဉ်ထွေး ကောလိပ်ဂျင်နေဝင်း မြတ်လေး ထွန်းဝေ
ဝင်းညွန့်၊ မင်းသားရဲ့သူငယ်ချင်းများနေရာမှာဆိုရင် အောင်လွင်တို့ အောင်မိုးတု့ိ ရှိခဲ့ပါတယ်။ဒါတွေကကျနော်မှတ်မိသလောက်လေးပါ။
မင်းသမီးဆိုရင် ထားထားနွယ် ဒေစီကျော်ဝင်း နှင်းဆီ ခင်ယုမေ ခင်သန်းနု ဝါဝါဝင်းရွှေ တင်တင်နွဲ့ မြင့်မြင့်ခင် သီသီ ဖျာပုံမယ်တင်တင်အေး၊
အရင်ခေတ်က ရုပ်ရှင်များမှာ တကယ့်ကို သရုပ်ဆောင်ကောင်းတဲ့ ဇာတ်ပို့ဇာတ်ရံတွေရှိပါတယ်။
မကောင်းတဲ့အခန်းဆိုရင် အေးကြူတို့ ဝေသာလီမောင်ဖုန်းတို့ ဦးကျောက်လုံး ဦးကျော်ဇောတို့ အံ့ကျော်တို့ပေါ့။
ဟာသဆိုရင် လဲ ဖိုးပါကြီး ဒေါ်ခင်စိန်တို့ အေးကို တို့ မြင့်ဖေတို့ ဂျော်လီဆွေတို့ သာဆန်း ရွှေလုံး မသေးသေး မသန်းရွှေတို့ရှိပါတယ်။
ဗီလိန် မိန်းမကြမ်းနေရာမှာဆိုရင်လဲ ဘေဘီနွဲ့တို့ ခင်မိုးမိုး တို့ဒေါ်မြလေးတို့ရှိပါတယ်။
မာနကြီးတဲ့သူဌေးခန်းဆိုရင်လဲ သီတာခင်ထွေးတို့ ဒေါ်ခင်ညွန့်တို့ရှိသလိုသနားကမားအခန်းဆိုရင်လဲ
ဒေါ်ဂျမ်းစိန် မေသစ် မအေးကြည် တို့ရှိပြီး လူကြီးခန်းဆိုရင်လဲဗိုလ်ဗကိုတို့ ဦးသိန်းမောင်တို့ ဦးဘချစ်တို့ရှိပါတယ်။
လူကြမ်းအခန်းဖိုက်တင်ခန်းဆိုရင်လဲ နေစိုးတို့ သိုက်စိုးတို့ အပြင်မင်းသားရွှေဘနဲ့အတူသရုပ်ဆောင်ကြတဲ့ သမ္မတလူကြမ်းအဖွဲ့ဝင်
ချီးဗူး တို့ ညိုအေးကြီးတို့ အပြင် ချန်ပီယံတင်ညွန့် ဒိုင်ဗင်တင်လှတို့ ဌေးဝင်းတို့ လှံမင်းသားစံတင်တို့ရှိကြပါတယ်။
အဲဒီခေတ်က သရုပ်ဆောင်သူတွေကလဲ အရည်အချင်းပြည့်ဝ၊ဇာတ်ရုပ်နေရာမရွေးသရုပ်ဆောင်နိုင်သူတွေဖြစ်ကြပါတယ်။
ဒါကြောင့်လဲအဲဒီခေတ်က ရုပ်ရှင်ကားတွေကလဲ တစ်ကားဆို ဆိုသလောက် ကြည့်လို့ကောင်းတာကို တွေ့မြင်ခဲ့ရပါတယ်။
(အရည်အချင်းပြည့်ဝတဲ့ တတ်ကျွမ်းတဲ့ဒါရိုက်တာတွေရဲ့စကားကိုနားထောင်ကြတာလဲ ပါမယ်ထင်ပါရဲ့)
ကျနော်မမှတ်မိတဲ့သရုပ်ဆောင်ကောင်းတွေလဲ ရှိနိုင်ပါသေးတယ်။

မှတ်မိသလောက်ပြောရရင် မင်းသားတွေထဲမှာ ထွန်းဝေတို့ဇော်လွင်တို့ဆိုရင်စစ်ကားတွေ ခပ်ခန့်ခန့်နေရာတွေမှာသရုပ်ဆောင်တတ်ပြီး
ကြည်စိုးတို့ မောင်ယဉ်ထွေးတို့ စိုးနိုင်တို့ဆိုရင် ခပ်အေးအေးစရိုက်နဲ့သရုပ်ဆောင်သူတွေပေါ့။
ကျော်ဆွေကတော့ နိုင်ငံခြားမင်းသားစတိုင်နဲ့သရုပ်ဆောင်တတ်သူ။
စကားပြောလဲမပွင့်တပွင့်နဲ့ မိန်းမတွေအရမ်းကြိုက်ပေါ့ ကျော်ဆွေစတိုင်ကို။
ကျနော်တို့အကိုတွေခေတ်မှာ အေဝမ်းရုပ်ရှင်အုပ်စုက ညီအကိုတွေစုပြီး မင်းသားတစ်ဖွဲ့ပေါ်လာပါတယ်။
ရုပ်ဖြောင့်တဲ့ ဝင်းလှိုင်နဲ့စိုင်းဝဏ္ဏ ရုပ်ဆိုးတဲ့ ကိုမြင့်နဲ့ တိုးညွန့်။
သမန်းကျားဆိုတဲ့ဇာတ်ကားနဲ့ ရုပ်ရှင်လောကထဲကိုရောက်လာခဲ့ကြပါတယ်။
နောက်လူငါးယောက်ကားတစီးနဲ့ခရီးသွားတဲ့ ခေတ္တရာခရီးသည်လဲရိုက်ပြီးရော ပျောက်သွားသလိုပါဘဲ။
“ဟေဟေဟေ…………….မိုးရေ တိမ်ကြိုတိမ်ကြားထဲက မိုးရေ………………………”ဆိုတဲ့သီချင်းကတော့
လူငယ်များကြားမှာရေးပန်းစားခဲ့ပါတယ်။

နောက်ကျနော်တို့ခပ်ငယ်ငယ် “ဖိုးပြုံးချို”တဲ့ဇာတ်ကားမှာ အေဝမ်းအုပ်စုက ဝင်းမာလေးဆိုတဲ့ ကောင်မလေးကို ယောကျာ်းလေးဇာတ်ဆောင်တစ်ယောက်လို ပုံစံဖမ်းလို့ နာမယ်ကျော် ဖိုးပါကြီး နဲ့တွဲဖက်ပြီး သရုပ်ဆောင်ခိုင်းတာ အကယ်ဒမီရခဲ့ပါတယ်။
“နှစ်မွှာအသဲ”ဆိုတဲ့ ကားထဲမှာ အဆင်မပြေလို့ ကွဲကွာနေတဲ့ အဖေနဲ့အမေကို
ပြန်လည်သင့်မြတ်အောင်အမွွှှာညီမနှစ်ယောက်က ဝိုင်းဝန်းလို့ ကြုးိစားတဲ့ ဇာတ်လမ်းလေးမှာ ဝင်းမာလေးရဲ့ညီမစန္ဒာကို ကလေးသရုပ်ဆောင် အနေနဲ့နှစ်ကိုယ်ခွဲပြီးသရုပ်ဆောင်ခိုင်းတာ အကယ်ဒမီလဲရ၊တနိုင်ငံလုံးအတိုင်းအတာနဲ့အုံးအုံးကြွက်ကြွက်
နဲ့နှစ်သက်ကြတာတင်မက အဲဒီထဲက ကလေးမလေးတွေညှပ်တဲ့ဆံပင်ပုံစံကိုတောင် “စန္ဒာကေ”လို့နာမယ်ပေးပြီးလိုက်ညှပ်ကြပါတယ်။
ထူးခြားချက်ကတော့ အမဖြစ်သူ ဝင်းမာလေးကတော့ အသက်အရွယ်ရတဲ့အခါ ရုပ်ရှ