ပန်းခြံထဲက တံတားလေး
လူတွေက
ကျွန်တော့် ကျောပေါ်ကနေ
ဖြတ်လျှောက်သွားကြတာဗျ ။
တခါတလေဆိုရင် ကျောပေါ်ကို
အမှိုက်တွေ ပစ်သွားကြတယ် ၊
ကွမ်းသွေး ထွေးသွားကြတယ် ၊
ရုံးပိတ်ရက် ၊ ကျောင်းပိတ်ရက်ဆိုရင်
ပိုတောင် ဆိုးသေးတယ်
ခင်ဗျားတို့ စဉ်းစားကြည့်ဗျာ
ကျွန်တော်က အမြဲတမ်း
ခါးကုန်းထားရတာဗျ
နောက်ပြီး . . . ကျွန်တော်ရှိနေလို့
သူတို့ ဟိုဘက် ဒီဘက် ကူးနိုင်တာ
ဒါတောင် သူတို့က ကျွန်တော့်ကို
ကျေးဇူးမတင်ချင်ကြဘူး ။
ထားလိုက်ပါတော့ ။
ဒါတွေက သိပ်တော့ အရေးမကြီးပါဘူး ။
သူတို့ရှိမှ ကျွန်တော်က ပျော်တာဗျ ။
သူတို့ရှိမှ ကျွန်တော့်ဘဝ စိုပြည်မှာ
ဒါပေမယ့်
ကျွန်တော့်ကို . . .
ဆေးသုတ်မပေးတာကတော့
ကျွန်တော်
အရမ်း ဝမ်းနည်းတယ်ဗျာ ။
4 comments
pooch
October 11, 2011 at 8:10 pm
ဒီလို အတွေးလှလှလေးကို သဘောကျတယ်..
youngcat
October 12, 2011 at 7:26 am
ဆေး အရင်မသုတ်ခိုင်းပဲ အနာပေါက်ကလေးတွေကျက်အောင်
အရင်လုပ်ခိုင်းပါလားကွယ်။
chitmg
October 12, 2011 at 8:58 am
အရိပ်နေနေအခက်ချိုးချိုးလူအမျိုးမျိုးဆိုတော့တံတားလေးဘဝသနားစရာပါလားကွာ။
ခဏလောက်တံတားကိုဖျက်ထားလိုက်ကြရအောင်၊တန်ဘိုးသိသွားအောင်……………………
စေပိုင်ထွဋ် (ပုသိမ်)
February 4, 2012 at 2:13 pm
တံတားဘဝကို ခံစားမိလို့ ကျွန်တော် ကြိုက်တယ်ဗျ