မဆုံးတဲ့…..သီချင်း—၃၇

naywoon niOctober 26, 20111min1701

မဆုံးတဲ့…..သီချင်း—၃၇
အဲဂလို နေဝန်းနီတို့ သုံးယောက်သားအရက်သောက်နေကြတုန်း အခန်းတံခါးကို ဖြတ်ကနဲ ဆွဲအဖွင့် ဘကြီးသန်းကလည်း အရက်ပုလင်းကိုအောက်အချ…။ တံခါးဝကို ကြည့်လိုက်တော့ တံခါးဆွဲဖွင့်လိုက်တဲ့သူက အဆောင်ပိုင်ရှင်ရယ်…။ ကွိုင်ပြီ လို့ထင်လိုက်တယ်…။ ဒါပေမဲ့ အခန်းထဲမှာ သုံးယောက် လုံးကို ပြုံးကြည့်နေတယ်..။ ပြိးတော့
“ ငါ့တူတို့ ဘယ်ကလာခေါ်ခေါ် မလိုက်နဲ့နော်”
တဲ့..။ ဘာကိုပြောလိုက်မှန်းမသိသေးဘူး..။ သုံးယောက်သားအူကြောင်ကြောင် ဖြစ်သွားကြတယ်..။ သူကပဲဆက်ပြီး ………
“ အေး…။မင်းတို့ မသိသေးရင်ပြောပြထားရဦးမယ်..။ မြို့ထဲမှာ ပိုက်ဆံ သိမ်းတာ မကျေနပ်လို့ စုရုံး ဆန္ဒပြဖို့ လူစုနေတယ်..။ ကျောင်းကလည်း ပိတ်ဖို့ သေချာသွားပြီ..။ စောစောက ကောင်စီရုံးက ခေါ်ပြီး အဆောင်မှာ နေတဲ့ ကျောင်းသားတွေကို အဆောင်ပိုင်ရှင်က စုရုံးဆန္ဒ ပြတဲ့အထဲမပါဖို့ တာဝန်ယူပြီး လက်မှတ်ထိုးထားပေရတယ်..။ ဦးတို့က ဝန်ထမ်းတွေဆိုတော့ ဘာပြဿနာမှ မဖြစ်ချင်ဘူးလေ..။ ဒါကြောင့်ပါ..။”
အဲဂလိုပြောပြီး အဆောင်ပိုင်ရှင်ဦးလေးကြီးက အခန်းတံခါးပြန်ပိတ်ပေးပြီး ပြန်ထွက်သွားလေရဲ့….။ ဘကြီးသန်းက–
“ အဲဒါပြောတာပေါ့ အကျယ်ချုပ်ဆိုတာ……ဆန္ဒတင်ပြမနေနဲ့ သပိတ်မှောက်ပစ်လိုက် ကျောင်းပိတ်အေးရော…….”
လို့ ပြောတော့ ကိုကိုဦးက —
“ ငါတို့တော့ တစ်ခါမှမကြုံဘူးသေးဘူး တစ်ကယ်ဖြစ်ရင်ကောင်းမယ်..”
“ ဖြစ်ချင်မှဖြစ်မှာ…။ ခုတော့ ဟိုမှာအသံတွေကြားတယ်..။ ပြတင်းပေါက်ကနေကြည့်..။”
ဘကြီးသန်းက ပြောပြောဆိုဆို ပြတင်းပေါက်ထဖွင့်လိုက်တယ်..။ အောက်ကနေပြန်ပိတ်ခိုင်းလို့ ပြန်ပိတ်လိုက်ရတယ်…။
“ အောက်ဆင်းကြည့်ရအောင်ကွာ”
ကိုကိုဦးက တက်ကြွနေတယ်..။ သူပဲပြောတာလေ…။ တစ်ခါမှမကြုံဖူးလို့ ဖြစ်ချင်နေတာတဲ့..။ နေဝန်းနီတို့ကော … ကြုံဖူးပါဘူး..။ ဦးသန့် အရေးအခင်းက ကျောင်းနေပြီးလား မမှတ်မိတော့ဘူး..။ ပိုက်ဆံတွေက သုံးမရတော့လို့တော်တော် ဒေါသထွက်နေကြပုံပဲ…။ ဟိုကောင်ကိုကိုဦး နောက်နေအော်နေတဲ့ကြားကနေပြီး အဆောင်ရှေ့ထွက်သွားပြီ…။ အံမာရှေ့က တင်ကြည့်တာမဟုတ်သေးဘူး..။ သူနဲ့သိတဲ့သူနဲ့လိုက်စကားပြောနေသေးတယ်..။ ခဏနေတော့ ပြန်ပြေးလာတယ်..။
“ ဟေး…။ ကျောင်းတွေပိတ်ပြီတဲ့…။”
သုံးယောက်သားအပေါ်ကိုပြန်တက်လာတယ်…။ ကိုကိုဦးက သူ့အခန်းထဲက ပုလင်းတစ်လုံး ဆွဲထုတ်လာတယ်..။ ပိုက်ဆံကြေညာလိုက်တာက ဆယ့်တစ်နာရီ…။ ခုမှ တစ်ဆယ့်နှစ်ရာရီခွဲပြီးရုံလေး ရှိသေးတယ်..။ ဘယ်လိုများလူစုလိုက်ကြသလဲ မသိဘူးလို့ ဘကြီးသန်းက ပြောတယ်..။ ကိုကိုဦးက အခန်းထဲ ပုလင်းကိုင်ဝင်လာရင်းက—
“ ကျောင်းသားတွေ အများကြီးပါတယ်ကွ…။ မိန်းထဲကိုသွားပြီးလူစုဦးမှာ”
ဘကြီးသန်းက နံရံမှာထောင်ထားတဲ့ဂစ်တာကို ဆွဲယူပြီးကြိုးညှိနေတယ်….။ ကိုကိုဦးက
“ ဟေ့ဘကြီးသန်း မင်းအရက်မသောက်တော့ဘူးလား…”
စိတ်မရှည်သလိုပေးလိုက်တော့…
“ သောက်မှာပေါ့ဟ…။ နေဦးကိုကိုဦးရ မင်းကို သီချင်းလေးတစ်ပုဒ်ဆိုပြမလို့ အမြည်းပေါ့”
ခဏနေတော့…
“ မန်းမြေမှာ လေးနှစ်တာ ပညာဆည်းပူးခဲ့ရာ….xxxx ပြုံးလို့ပျော်ရွှင်စွာ…. အပေါင်းအသင်းများနဲ့သာ….ဘုရားကြီးနဲ့ အိမ်တော်ရာ…….တနင်္ဂနွေနေ့တိုင်း ဆီမီးကပ်လှူတာ… ရေလွှာဖွေးဖွှေး ကျုံးနဘေးမှာ ရှုခင်းက သာယာ မန်းသီတာ… လူငယ် လူကြီး အလည်ရောက်လို့လာတာ……. ကြည့်ရှုစရာစုံစွာ… ရွှေမန်းတောင်က စည်ကားလို့နေတာ… လေးနှစ်ပြည့်ခဲရာ မြင်းလှည်းလေးပေါ်မှာ… ဘူတာကြီးဘက် ကိုယ်ထွက်ခဲ့ရတာ ကျောင်းကြီး ကိုလေတစ်ခါ နောက်ဆုံးအနေနဲ့ ကိုယ်ကြည့်မိတယ်ကွာ….. နှုတ်ဆက်ခဲ့သည် မန်းဌာနီ ရထားကြီးထွက်လုပြီ…..မေ့လို့မရတဲ့ မန်းပျို မဒီ တစ်ရွေ့ ရွေ့ ထွက်ခွာ ကိုယ် ပြန်ခဲ့ရပြီ….။”
ကိုကိုဦးက ကိုယ်ကို လှုပ်ရင်းနဲ့
“ ဘကြီးသန်းရာ…… တို့တွေက တက္ကသိုလ်မှာလေးနှစ်ပြည်အောင်မနေရသေးပါဘူး..။ နှင်မထုတ်ပါနဲ့ဦး ..။ ခုမှ နှစ်နှစ်ပြည့်ဖို့ ငါးရက်ကြီးများတောင်လိုပါသေးတယ်..။”
လို့ ပြောတော့ ဘကြီးသန်းက
“ ဟုတ်တော့ ဟုတ်ပါတယ်..။ ဒါပေမဲ့ ကျောင်းတွေ အကြာကြီး ပိတ်ခဲ့ရင်… တို့တွေ ဒီသီချင်းလေး ကြားတိုင်း သူငယ်ချင်းတွေကို သတိရနေအောင်ဆိုပြတာ……..”
“ ကျောင်းပိတ်ပြီ ဆိုပြီး ပျော်နေကြတယ်ပေါ့…….”
အသံပေးပြီး တံခါးလာဆွဲဖွင့်တဲ့သူက ကိုမြင့်ဇော်ရယ်………..

နေဝန်းနီ

One comment

  • windtalker

    October 26, 2011 at 9:07 pm

    ဘိုနီ ့ရဲ ့သီချင်းစာသားကို ဖတ်မိတော့ တစ်နေရာကို သွားသတိရမိသဗျ ။
    ကျုပ်တို ့မန်းတလေးသားတွေ အဲ့သီချင်းကို ဖျက်ဖျက်ဆိုနေကြ ဟာ ။
    😆

Leave a Reply