“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၂၂ ) (ဘီလူးချောင်းရင်ခွင်သို့အရောက်………………….)
“ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၂
(ဘီလူးချောင်းရင်ခွင်သို့အရောက်………………….)
အဝေးကတောင်တန်းများကြားမှာတော့ မြေလွတ်မကျန်ရလေအောင်ကောက်ပင်စိမ်းတွေက နေရာယူထားကြပါတယ်။
သဘာဝပေါက်ပင်ပန်းလေးတွေက လည်းလှတပတ။
မနက်စောစောမှာအိမ်အလုပ်တွေလုပ်နေတဲ့မိသားစုလေးတစ်စုကိုလှမ်းတွေ့တော့ လက်ဆော့ချိန်မှာ
ကျနော်နောက်က ခုံမှာထိုင်နေတဲ့အဒေါ်ကြီးက “ရှေ့ကလူလက်ထဲကဘာလေးလဲ “လို့အမေးမှာ
“အဲဒါဓါတ်ပုံစက်လေ”လို့ဒေသစကားနဲ့ဘာသာပြန်တဲ့စကားလုံးလေးကိုကြားမိတဲ့အခါ သဘောကျလွန်းလို့ပြုံးမိပါတယ်။
လမ်းတစ်နေရာမှာတော့ ရွှေရောင်ဝင်းနေတဲ့စေတီစုစုလေး။
ဟိုဝေးဝေးကစိမ်းနုရောင်လယ်ကွင်းနောက်မှာတော့ ထုံးဖြူဖြူစေတီအစု။
တိမ်ညိုမိူင်းနေတဲ့ကောင်းကင်တောင်စဉ်တန်းတွေကစေတီကိုထွေးပွေ့ထားသလိုပါဘဲ။
ကျနော်ထိုင်ရတဲ့ကားဆရာနောက်က ညာဘက်ခြမ်းကကြည့်လေလေရာမှာတော့
တောင်တန်းတွေလယ်ကွင်းတွေမြင်ရပြန်တော့ “ရူ့မဆုံးတော့သည်စိမ်းလဲ့လဲ့ကွင်းပြင်”
ဆိုတဲ့ မြို့မငြိမ်းရဲ့ “လူချွန်လူကောင်း “သီချင်းက ရင်ထဲကိုတိုးဝှေ့လို့နားထဲမှာအလိုလိုကြားလာရပါတယ်။
လမ်းတစ်လျောက်လုံးမှာလဲ လမ်းလျောက်လို့ကျောင်းကိုသွားကြတဲ့ လန်းဆန်းတက်ကြွနေတဲ့
ကလေးတွေက ထမင်းချိုင့်ကိုယ်စီကိုယ့်အစုနဲ့ကိုယ် မြင်ခဲ့ရပြန်တော့ ဒီသီချင်းလေးက
တော်တော်နဲ့ နားထဲကမထွက်ဘူးဖြစ်နေပါတယ်။
အဝါရောင်လမ်းပြမှတ်တိုင်လေး
ကားထွက်ခါစတုံးကတော့ ကားပေါ်မှာလူအပြည့်မပါ ပါဘူး။
ခရီးသွားသူတွေကလည်း လမ်းတစ်လျှောက်တက်လိုက်ဆင်းလိုက်နဲ့ပါဘဲ။
စပယ်ယာလိုက်တဲ့ကောင်လေးတွေက လူသစ်ကလေးတွေဆိုတော့
လမ်းကနေတက် လမ်းမှာဘဲဆင်းတဲ့ခရီးသည်တွေရဲ့
ကားခကိုဘယ်လောက်တောင်းရမယ်ဆိုတာမသိကြပါဘူး။
အဲတော့ တစ်ယောက်တက်လာရင် တစ်ခါမေးရပါတယ်။
ဘယ်ကနေဘယ်အထိ လိုက်မှာ ကားခဘယ်လောက်လဲပေါ့။
ကျနော်တို့ရဲ့ကားဆရာက အုံနာဖြစ်မယ်ထင်ပါတယ်။
စကားလည်းအတော်လေးနည်းပါတယ်။
သူ့စပယ်ယာလေးက ဘယ်လောက်တောင်းရမလဲမေးရင်။
လက်ကလေးဘဲထောင်ပြပါတယ်။
တစ်ထောင်ဆိုတစ်ချောင်း နှစ်ထောင်ဆိုနှစ်ချောင်းပေါ့။
ဂိတ်အစအဆုံးကလေးထောင့်ငါးရာလေ။
ခရီးသည်ကလျော့ပါအုံးဆိုလျှော့တဲ့အခါလျှော့ မလိုက်ချင်နေပေစေလို့ပြောချင်တဲ့အခါပြောပေါ့။
အဝေးမှာအိမ်အမြင့်ကြီးတစ်လုံးမြင်တော့ ဘာကြီးလဲလို့မေးတော့ ဘိလပ်မြေစက်ရုံတဲ့။
အဲဒါကြီးမြင်ပြီးလို့ ခဏလဲနေရော “တီကျစ်”လို့ဆိုင်းဘုတ်တပ်ထားတဲ့ဈေးလေးရှေ့မှာကားရပ်တာပါဘဲ။
မိန်းမတစ်ယောက်ကအထုပ်ကြီးကြီးနှစ်ထုပ်ကိုလက်ညိုးထိုးပြပြီး “နောင်တရား”ကိုဘယ်လောက်လဲလို့မေးတော့
ကားဆရာက လက်လေးချောင်းထောင်ပြပါတယ်။
“သုံးထောင်ထား”လို့လဲပြောရော ကားဆရာက ဘာမှမပြောဘဲကားမောင်းထွက်လာပါတယ်။
ဧကန္တကြည့်ရတာ ဒီလမ်းကြောမှာ ကားနည်းပုံရပါတယ်။
ကားလမ်းဘေးမှာတော့ လယ်ကွင်းစိမ်းမြမြတွေကြည့်ရတာ မျက်စေ့အတော်အေးပါတယ်။
ကျနော်တို့ကားလေးကမနက်8နာရီခွဲလောက်မှာ” နောင်တရား”ဆိုတဲ့နေရာလေးကိုဖြတ်သွားပါတယ်။
ကားလမ်းနံဘေးက စိုက်ခင်းတွေမှာတော့အလုပ်လုပ်နေသူတွေအပြည့်ပါဘဲ။
တစ်ချု့ိအိမ်လေးတွေမှာ အနက်ရောင်ပအို်ဝ့်ဝတ်စုံနဲ့မိန်းမကြီးတွေအိမ်ရှေ့မှာအိမ်ဘေးမှာ
အလုပ်တွေလုပ်နေတာကိုလဲတွေ့ရပါတယ်။
ကားလေးကတငြိမ့်ငြိမ့်နဲ့လမ်းပေါ်ပြေးနေဆဲ အိပ်ရေးပျက်ခဲ့တဲ့ကျနော်အိပ်ငိုက်လို့သွားပါတယ်။
ကားဆောင့်လို့ဖျပ်ကနဲ့နိုးတဲ့အခါနိုးရဲ့။
ကားလမ်းဘေးမှာရွာရှိရင်တော့ လမ်းညွှန်ဆိုင်းဘုတ်အဝါရောင်လေးတွေတပ်ထားတာတွေ့ရပါတယ်။
နိုးတစ်ဝက်အိပ်တစ်ဝက်ဆိုတော့ အစက ဓါတ်ပုံရိုက်မိပေမယ့် အားလုံးတော့ လဲမှတ်တမ်းမတင်မိလို်က်တာကို
တော့ နောင်တရမိပါတယ်။
လမ်းတစ်လျောက်မှာတော့ ဒီဘက်ရောက်တော့ တောင်ကုန်းတွေပိုတွေ့လာရသလိုပါဘဲ။
ဆိုင်လေးတစ်ဆိုင်ရှေ့မှာ ကားထိုးရပ်ထမင်းစားအပြီးနားမယ်ဆိုလို့နာရီကြည့်တော့ ကိုးနာရီသုံးဆယ်။
“ပင်လောင်း”လို့ခေါ်ပါသတဲ့။
အဲဒီမှာလက်ဖက်ခြောက်တွေ မန်းလေးမှာမမြင်ရသေးတဲ့သစ်တော်သီးတွေတွေ့ရပါတယ်။
ဆာမှာစိုးတော့ ထမင်းစား ကြက်သားနဲ့နှစ်ထောင်ကျပ်။
သူတို့ဟင်းတွေမှာ အမွှေးနံ့လေးတမျုးိပါ ပါတယ်။
ထမင်းဆိုင်ရဲ့နောက်ကို ဝင်လို့ အပေ့ါအပါးသွားချိန်မြင်လိုက်ရတဲ့တောင်မြင့်မြင့်ကြီးအောက်မှာရှိတဲ့
အိမ်ကလေးတွေက နေချင်စရာကောင်းလှပါတယ်။
အမြင်မှာအတော်လေးအေးချမ်းနေလို့ပါ။
ထမင်းစားနာရီဝက်လောက်နားပြီးခရီးဆက်ပါတယ်။
လမ်းနံဘေးတစ်နေရာက ခြံထဲမှာတော့ နွားပုပုလေးတွေက အမြင်ဆန်းဆန်း။
တောင်တွေကြားထဲမှာစို်က်ထားတဲ့ လယ်ကွင်းတွေက ဟိုနေရာတကွက်ဒီနေရာတကွက်။
စိုက်ခင်းတွေကြားထဲမှာအလုပ်လုပ်နေသူတွေကလဲတပုံတပင်။
လမ်းမှာလက်ပြတားရင်လဲရပ် မတားရင်လဲ ကားဆရာကလက်ပြပြီးလိုက်မှလားလို့မေးပါတယ်။
အသွားလမ်းတစ်လျှောက်မှာတော့ လမ်းမပေါ်မှ ဆိုင်ကယ်တွေထော်လာဂျီတွေကလွဲရင်
ကျနော်တို့ တစ်စီးထဲဘဲပြိုင်ဘက်မရှိမောင်းနေတာပါ။
တစ်နေရာအရောက် လွယ်အိတ်ကလေးနဲ့လူတစ်ယောက်က လက်ပြတားပြီးကားခြေနင်းခုံပေါ်တက်လိုက်ပါတယ်။
နောက်စပယ်ယာလေးနဲ့ အဲဒီလူစကားတွေပြောပါတယ်။
အဲဒီလူဆင်းမယ့်နေရာကို စပယ်ယာက သေချာအောင်သူ့ဆရာကိုမေးရင်းဘယ်လောက်တောင်းရမလဲမေးတော့
လက်နှစ်ချောင်းထောင်ပြလိုက်ပါတယ်။
ခဏနေတော့ စပယ်ယာကို သူ့ဆရာက ကားခလို့မေးတော့ “နှစ်ထောင်တောင်းတာနဲ့ မလိုက်ဘူးဆိုပြီးခုန်ဆင်းသွားတယ်”
လို့လဲဖြေရော ကားဆရာက သူ့တပည့်ကိုဆဲပါတော့တယ်။
အမှန်က မှတ်တိုင် တစ်တိုင်လောက်ဘဲဝေးလို့ 200ဘဲတောင်းဘို့လက်ထောင်ပြတာကို နားလည်မူ့လွဲပြီး တောင်းလိုက်မိတာပါ။
သူ့ဆရာက သူ့တပည့်ကို “ နောက်ခါရွာစဉ်တွေမှတ်ထား”လို့ လေသံမာမာပြောပါတော့တယ်။
စပယ်ယာလေးတွေက တကယ်ယဉ်ကျေးပါတယ်။
စကားပြောတာရဲ့အဆုံးမှာ “ခင်ဗျ”ဆိုတဲ့လေသံဝဲဝဲလေးနဲ့ပြောတာ နားဝင်ချိုလှပါတယ်။
အသွားလမ်းမှာ ရှမ်းဘောင်းဘီ ရှမ်းတိုက်ပုံနဲ့အမျိုးသားတွေ၊
အနက်ရောင်ဝတ်စုံ၊ပုဇွန်ဆီရောင်ခေါင်းပေါင်း၊အပြာရောင် ဒါမှမဟုတ် အနီရောင်ဘေးအစင်းကျား
လွယ်အိတ်အသစ်တွေနဲ့ ပအို့ဝ်အမျိုးသမီးကြီးတွေ။
ပေါင်ဒါတွေမူံနေအောင်ရိုက်ပြီး အလှပြင်ထားချတဲ့ ပအို့်ဝ်အမျိုးသမီးငယ်ငယ်ချောချောလေးတွေ
သူတို့နံဘေးမှာ ရှမ်းဝတ်စုံနဲ့ကလေးတွေ ကျနော်တို့ကားသွားတဲ့ဘက်ကိုသွားနေကြပါတယ်။
ခေါင်းပေါ်မှာလှူဘွယ်ပစ္စည်းထဲ့ထားတဲ့ဘန်းတွေ၊
အဝတ်အစားသစ်သစ်လွင်လွင်တွေနဲ့ ဆိုတော့ “ဘယ်ကိုသွားနေကြတာလဲ”
လို့မေးကြည့်တော့ သက်တော်ရှည်ဆရာတော်ဘုရားပွဲကိုလို့သိလိုက်ရပါတယ်။
လမ်းဘေးမှာရှိတဲ့ဇရပ်အကြီးကြီးတစ်ခုရဲ့ရှေ့မှာပအိုဝ့်အပျိုချောချောလေးတွေ
သူတို့ရိုးရာဝတ်စုံအနက်ရောင်လေးတွေနဲ့
ပြင်ပြင်ဆင်ဆင်လှလှပပ တန်းစီလို့ရပ်နေကြ၊
သူတို့နံဘေးမှာတော့ ရှမ်းအိုးစည်ဝိုင်းကြီးက “ဗေထုံဗေထုံ”
ရှမ်းသိုင်းကနေတဲ့သူကလဲဟန်ပါပါ ။
ဓါတ်ပုံရိုက်ချင်တာလက်ကိုယားနေတာပါဘဲ။
ကားပေါ်ကဖြစ်နေတော့ ခွင့်မတောင်းဘဲမရိုက်ရဲတာနဲ့ လက်လျှော့လိုက်ရပါတယ်။
ကျနော်တို့ကားသွားနေတဲ့လမ်းတစ်လျောက်လုံးဒီပွဲကိုလာသူတွေ ခြေလျင်သွားတဲ့လူ၊
ဆိုင်ကယ်နဲ့သွားတဲ့လူ ကိုယ့်အစုနဲ့ကိုယ်ပါဘဲ။
သွားနေရင်းက လမ်းအရှေ့ဘက်ခြမ်းမှာ ကြီးမားတဲ့ရေပြင်ကြီးကိုစမြင်ရပါတယ်။
အနောက်ဘက်ကမ်းမှာက အလေ့ကျသစ်ပင်တွေ သူ့ရှေ့မှာကရေပြင်တစ်မျှော်တစ်ခေါ် ဟိုးအဝေးမှာတောင်တန်း
အင်မတန်ပဏ္ဏာရလှပါတယ်။
လမ်းအရှေ့ဘက်ခြမ်းမှာကရေပြင် အနောက်ဘက်ခြမ်းမှာက တောင်တန်းနဲ့လွင်ပြင်။
ဒီရေကန်ကြီးကိုမေးကြည့်တော့ မိုးဗြဲဆည်ကြီးလို့ပြောကြပါတယ်။
ဖယ်ခုံ ကနေစပြီးမြင်လိုက်ရတဲ့ ရေပြင်ကြီးက မိုးဗြဲရောက်တဲ့အထိပါဘဲ။
ဖယ်ခုံရော မိုးဗြဲပါ အရောင်းအဝယ်ကောင်းတဲ့မြို့လေးနှစ်မြို့ဆိုတာလဲသိရပါတယ်။
နောက်အဲဒီမြို့နှစ်မြို့ကြားမှာလဲ စိမ်းမြနေတဲ့လယ်ကွင်းပြင်ကျယ်တွေက လမ်းဘေးဝဲယာနှစ်ဖက်လုံးမှာရှိနေပါတယ်။
လယ်ကွင်းထဲက အိမ်ကလေးတွေက နားခိုချင်စရာ။
မျက်စေ့တစ်ဆုံးကားလမ်းတစ်လျောက်မြင်နေရတဲ့လယ်ကွင်းစိမ်းစိမ်း။
သွားနေရင်း ကရှေ့မှာသံဘောင်တံတားနဲ့ချောင်းကြီးတစ်ခုတွေ့ရပါတယ်။
နာမယ်ကျော်ဘီလူးချောင်းပါတဲ့။
ရေထဲမှာလှေကလေးလှော်နေသူကတော့ အေးဆေး။
ဒီချောင်းတစ်ဝိုက်ကနေရာတော်တော်များများကတော့ရေဝင်နေတဲ့လယ်ကွင်းပြင်တွေပါဘဲ။
ပြုိုမယောင် မိုးတိမ်ထု
ဒီချောင်းလေးအလွန်မှာတော့ ရှမ်းပြည်နယ်အဆုံး ကယားပြည်နယ်အစဆိုတဲ့ဆိုင်းဘုတ်ကလေးကိုတွေ့ရပါတယ်။
အဲဒီကနေလဲလွန်ရော လွိုင်ကော်မြို့ကကြိုဆိုပါ၏ဆိုတဲ့ဆို်င်းဘုတ်ခန့်ခန့်ထည်ထည်ကိုတွေ့ရပါတော့တယ်။
ထူးခြားတာကတော့ လွိုင်ကော်ဘက်ကိုလဲရောက်ရော လမ်းဘေးမှာ စွယ်တော်ဖြူပင်တွေ မရမ်းရောင်စွယ်တော်ပင်တွေ
ကို အိမ်တိုင်းလောက်နီးနီးရှေ့မှာတွေ့ရပါတော့တယ်။.
သိ်ပ်မကြာခင်လေးမှာဘဲ ကျနော်တို့စီးလာတဲ့ကားလေးက ထိုးရပ်လိုက်ပါတယ်။
ကားရပ်နားစခန်း ရောက်တာပါ နာရီကြည့်တော့ ဆယ့်နှစ်နာရီခွဲ။
အဲဒါနဲ့လာပါလာပါခေါ်နေတဲ့ မော်တော်ဆိုင်ကယ်ဘေးတွဲပေါ်တက်။
ဘယ်မှာဆင်းမလဲလို့မေးတော့ တောင်ဈေးကို ပို့ပေးပါလို့ပြောလိုက်ပါတယ်။
ဆိုင်ကယ်မောင်းသူက ဆံပင်ရှည်ရှည် ။
ဆိုင်ကယ်မောင်းရင်း သူ့ဆံပင်တွေလေမှာဝဲနေတာကို သိပ်ကျေနပ်နေတဲ့ပုံပါဘဲ။
ချောင်းလေးတစ်ချောင်းကိုကျော်ပြီတော့ ဆိုင်ကယ်တွေအများကြီးရှိတဲ့နေရာမှာရပ်ပါတယ်။
လွိုင်ကော်ဈေးပါဘဲ။
ဒါနဲ့မိတ်ဆွေဆိုင်ကိုဖုန်းဆက် သူ့နေရာမေးပြီးသွား။
ခဏနေတော့သူက တည်းခိုခန်းကိုလိုက်ပို့ပေးပါတယ်။
တည်းခိုးခန်းအသွားမှာ လက်ဖက်ရည်ဆိုင်ဝင်လို့ခဏနား။
ဘယ်နှစ်ရက်နေမှာလဲသူ့အိမ်မှာတည်းလို့ပြောပါတယ်။
ကျနော်က ဒီတစ်ညဘဲအိပ်မှာ မနက်ကားနဲ့ပြန်မှာလို့ပြောလိုက်ပါတယ်။
လွိုင်ကော်ကနေအောင်ပန်းသွားတဲ့ကားက မနက်ခြောက်နာရီတစ်စီးဘဲရှိပါတယ်။
အဲဒါနဲ့ သူက သွားလို့လာလို့လွယ်ကူတဲ့ “ပုလဲ”ဆိုတဲ့တည်းခိုးခန်းကို ပို့ပေးပါတယ်။
တည်းခိုးခန်းကိုသွားရင်းကားမောင်းသွားတော့မှ ဘီလူးချောင်းက လွိုင်ကော်မြို့ကိုသူ့ရင်ခွင်ထဲမှာ
ထည့်ထားတယ်ဆိုတာကို သိလိုက်ရပါတယ်။
နောက်သူက သူ့ဆိုင်ပြန် ပြီးရင်ဖုန်းဆက်လိုက်လာခေါ်မယ်ပြောပါတယ်။
ကျနော်ကလာမခေါ်နဲ့တော့ဒီပြင်တွေ့စရာရှိသေးတယ်
ပြီးမှဖုန်းဆက်ပြီးလာခဲ့မယ်လို့ပြောတော့ ညထမင်းအတူစားမယ်လို့ စရန်သတ်သွားပါတယ်။
အဲဒါနဲ့ တည်းခိုခန်းမှာရေချုုးိ အဝတ်အစားလဲပြီး နောက်တစ်ယောက်ကိုဖုန်းဆက်ပါတယ်။
သူအိမ်ကို ဘယ်လိုလာရမယ်ဆိုတာပြောတော့တည်းခိုးခန်းကလူကိုလမ်းမေးပြီးလမ်းလျှောက်သွားလိုက်ပါတယ်။
သူနဲ့အလုပ်ကိစ္စတွေပြောလို့ပြီးတော့ညနေလေးနာရီကျော်ကျော်။
အဲဒါနဲ့ပထမတွေ့တဲ့မိတ်ဆွေဆီကိုဖုန်းဆက်လိုက်ပါတယ်။
အဲဒီကဘဲစောင့်နေပါ။
လမ်းလျှောက်လာမယ်ဆိုတော့ သူက လဲအလုပ်တွေလက်စသတ်ထားမယ် တောင်ကွဲစေတီကိုသွားမယ်ဆိုတော့
အတော်လေးဝမ်းသာသွားပါတယ်။
မနက်လာနေ့ရောက်တညအိပ်နောက်နေ့မနက်ပြန်ဆိုတော့ ဘယ်မှရောက်မှာမဟုတ်ဘူးလို့ထင်ထားလို့ပါ။
အဲဒီမိတ်ဆွေဆီကို လမ်းလျှောက်သွားနေတုန်း ကျနော်လွိုင်ကော်ရောက်နေပြီဆိုတာသိတဲ့မိတ်ဆွေက
ဖုန်းဆက်လာပြန်ပါတယ်။
ဘယ်မှာလဲပေါ့။
ကျနော်သွားနေတဲ့နေရာနဲ့အစိအစဉ်ပြောလိုက်တော့ တောင်ကွဲကပြန်လာလို့ ခြောက်နာရီလောက်ဆိုရင်
သူလာခေါ်မယ် ထမင်းအတူစားမယ်အခုတော့ သူလဲမအားသေးဘူးလို့ပြောပြန်ပါတယ်။
ကျနော်ကလဲဖုန်းပြန်ဆက်ပေးမယ်လို့ပြန်ပြောရင်းလမ်းဆက်လျှောက်လာပါတယ်။
ဈေးနားမရောက်ခင် ဘီလူးချောင်းဖြတ်တဲ့တံတားနားရောက်တော့ ဓါတ်ပုံအမှတ်တရရိုက်။
မိတ်ဆွေဆိုင်ဝင်တော့ သူက အသင့်စောင့်နေပါတယ်။
နောက်တော့ သူ့အိမ်ကိုဝင် ပြီးတော့ မှ ဆိုင်ကယ်နဲ့ကားနဲ့လဲပြီး နာမယ်ကျော်တောင်ကွဲစေတီကိုသွားကြပါတယ်။
အတော်ကိုသာယာတဲ့နေရာလေးဖြစ်ပါတယ်။
ထုံးစံအတိုင်း လက်မလည်နို်င်အောင်ဓါတ်ပုံတွေရိုက်ပြီးတော့
မြို့နှံစေတီကို ဆက်သွားကြပါတယ်။
ဘုရားဖူးနေတုန်းမှာ နောက်တစ်ယောက်ကလဲထမင်းစားဖိတ်ထားတယ်လို့ပြောတော့ သုံးယောက်အတူစား
မယ်လို့ ညှိလိုက်ကြပါတယ်။
ဘုရားကထွက်တော့ ငါးနာရီခွဲ နောက်တစ်ယောက်ဆီဖုန်းဆက်တော့
သူလာခေါ်မယ်ဆိုတာနဲ့လမ်းမှာဆုံအောင်ချိန်းလိုက်ပါတယ်။
နောက်တစ်ယောက်ကိုစောင့်နေတုန်းကောင်းကင်မှာထူးထူးခြားခြားသက်တန့်ကြီးမြင်တော့
ဓါတ်ပုံတွေရိုက်ရပါသေးတယ်။
အဲဒီနားက ကလေးတစ်ယောက်က သားသားကိုလဲရိုက်ပေးဆိုတာနဲ့ ကြက်ဥလေးကိုင်ပြီး
ပဲတွေပေးနေတဲ့ကလေးပုံလေးအဆစ်ရလိုက်ပါတယ်။
နောက်ပထမမိတ်ဆွေကလဲ အိမ်ပြန်ရေချိုးမယ်ဆိုတာနဲ့ ည(7)နာရီမှာ ထမင်းစားဘို့ချိန်း။
နီးရင်ဖုန်းဆက်မယ်ဆိုပြိး ဒုတိယလူနဲ့ကျနော်က ကားလက်မှတ်သွားဖြတ်ကြပါတယ်။
ကားကြီးဝင်းကိုပြန်သွားချိန်မှာတော့ မိုးတွေတဖွဲဖွဲရွာနေပြန်ပါတယ်။
တစ်လောကလုံးကလဲ အမှောင်ဘက်ကိုရောက်နေပါပြီ။
ကားလက်မှတ်ဖြတ်ရင်း ကားကို ပုလဲမှလာကြိုဘို့မှာ မနက်ငါးနာရီခွဲမှာလာခေါ်မယ်ဆိုပါတယ်။
ဒါနဲ့ဘဲ ကားပါတ်မောင်းရင်း ပထမလူဝင်ခေါ် မြန်မာထမင်းဆိုင်လေးမှာသွားစား။
မှောင်မဲမဲမိုးသဲသဲ မှာသွားတော့ ဘယ်လိုသွားပြီးဘယ်လိုရောက်တယ်ဆိုတာမသိလိုက်ပါဘူး။
စားလို့တော့ ကောင်းပါတယ်။
ရောက်တတ်ရာရာစကားပြောရင်း ညအပြင်ထွက်လို့ရလားမေးတော့
အခုအချိန်မှာတော့ အားလုံးအေးဆေးပါလို့ပြောတော့ နည်းနည်းစိတ်အေးသွားပါတယ်။
အရင်ကတော့ လွိုင်ကော်မြို့ က ညမထွက်ရဘူးပြောတာကိုး။
စားသောက်ပြီးတည်းခိုခန်းပြန်ရောက်တော့ ညရှစ်နာရီ။
အေးပေမယ့်ရေထပ်ချိုးအဝတ်အစားလဲ။
လက်ဖက်ရည်သောက်ချင်လို့ မေးတော့တည်းခိုးခန်းနဲ့သိပ်မဝေးတဲ့ဆိုင်လေးကိုညွှန်တာနဲ့
မိုးရွာထဲမှာထီးဆောင်းရင်းသွားသောက်။
အပြန်မှာကံကောင်းချင်တော့ တည်းခိုးခန်းနဲ့မျက်စောင်းထိုးမှာအင်တာနက်ဆိုင်။
ဒါနဲ့ဘဲတည်းခိုးခန်းကို လှမ်းဖုန်းဆက် အင်တာနက်ဆိုင်မှာရှိမယ် ဆယ်နာရီမထိုးခင်ပြန်လာမယ်ပေါ့။
ဒါနဲ့ဘဲ မကောင်းတကောင်း ကော်နက်ရှင်ကနေ အဝေးမှာရှိနေတဲ့ကိုယ့်လိုညလူတွေနဲ့လေပေါ။
မေးတွေဖတ် ဆယ်နာရီထိုးလို့ပြန်လာတော့ တည်းခိုးခန်းတံခါးကို မနည်းခေါက်ပြိးနိူးရပါတယ်။
အိပ်ယာထဲလဲဝင်ရော မိုးတွေက အရမ်းသည်းလာပါတယ်။
လမ်းမှာတွေခဲ့တဲ့ရေစီးသန်လှတဲ့ရေချောင်းလေးတွေများ ဒီလိုရွာတဲ့မိုးကြောင့်ရေကျော်လို့ပြန်မရရင်
အခက်ဘဲလို့တွေးရင်း ဘယ်အချိန်မှာအိပ်သွားတယ်မသိလိုက်ပါဘူး။
ဖုန်းမြည်သံကြားလို့ အိပ်ချင်မူးတူးနဲ့ထလို့ကြည့်တော့ မနက်လေးနာရီ။
ဒါနဲ့ပြန်ဘို့ပြင်ရပါတော့တယ်။
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(28-10-2011)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(29-10-2011)
ဆက်လက်ဖော်ပြပါမည်။
11 comments
windtalker
October 29, 2011 at 6:40 pm
ဇော်ဝင်းထွဋ် က ကန္တာရ ရဲ ့ခရီးသည် ဆိုခဲ့တယ်
လေးပေါက် က “ဂလန်းမန်နာ ရဲ ့ခရီးသည်” ဆိုပြီး ဆိုဗျာ
ကိုပေါက်(မန္တလေး)
October 29, 2011 at 6:57 pm
မှားနေတယ်မောင်ပေရဲ့။
ကိုပေါက်က “သန္တရသ”ရဲ့ခရီးသည်။
ကျနော်ပုံတွေကိုမြင်သူတိုင်းစိတ်အေးချမ်းသွားစေချင်ပါတယ်ကြည်နူးစေချင်ပါတယ်။
ဒါကြောင့် သန္တရသ ကိုပေးစွမ်းပါတယ်
ပေါက်ဖော်
October 29, 2011 at 7:00 pm
အမှတ်တမဲ့ကြည့်တာ ဝက်လားလို ့.ဟုတ်ဘူးဗျ
စာဖတ်ကြည့်မှ နွားပုလေးတွေဖြစ်နေတယ်..
လေးပေါက်တော့ ရွာသားတွေကို..ဘီလူးချောင်း လိုက်ပို ့လိုက်တာပါပဲဗျာ..
အဲ..
ဘီလူးမ ချောင်းတွေ ့ရင်လဲ ပြောပါဦး..
ရွာထဲက ဘီလူး ကို လက်တို ့ရအောင်
😆
ကိုပေါက်(မန္တလေး)
October 29, 2011 at 7:26 pm
ဘီလူးချောင်းကတော့ရေလာချိုးတဲ့လူဆွဲစိလိုက်တာဘဲတဲ့၊
မင်းပြောသလိုဘီလူးမချောင်းဆိုရင်တော့ ဆွဲထည့်လိုက်မယ်ထင်တာဘဲနော်။
windtalker
October 29, 2011 at 7:40 pm
အလို ထိတ်လန် ့ရင်ဖို ရှိပါဘိ ချေတကား
ဘာတွေများ ဘယ်လို ဆွဲထည့်လိုက်မှာလဲ ဆိုတာ
သက်တော်ရှည် အမတ်ကြီးလေးပေါက် ရှင်းစေဗျား
ဟီဟိ
ပေါက်ဖော်
October 29, 2011 at 8:09 pm
ဆွဲထည့်လိုက်ရင်တော့ ဘီလူးမချောင်းထဲ လက်ပစ်ကူးရချည်သေးရဲ့.
ဗွမ်း.ဗွမ်း..ဗွမ်း..
ကိုပေါက်(မန္တလေး)
October 29, 2011 at 9:52 pm
ချောင်းကရေစီးအရမ်းသန်တော့ ဝဲထဲကိုဆွဲထည့်လိုက်မှာကိုဆိုလိုတာပါ။
မောင်ပေ စာတွေးတွေးပါ။
“ဘီလူးကြီး”ogre
October 30, 2011 at 8:24 am
ဘီလူး…ဘီလူး….နဲ့
ဘာဖြစ်လို ဘီလူးနေကြတာလဲ
ဘီလူး က ဘီလူး ဖာသာနေတာ ဘီလူးကိုလာပြီ
ဘီလူး…ဘီလူးနဲဆွဲ မထည်နဲ့နော်..။။။
koyinmaung
October 30, 2011 at 3:09 am
ဆရာပေါက် ကိုအားကျတယ်ဗျ…နေရာစုံရောက်ဘူးနေတယ်
ခရီးသွားတာဝါသနာပါပေမဲ့ အခြေအနေမပေးတော့
ဆရာပေါက်တို့ ကိုစိန်သော့တို့ရိုက်တင်ပေးတဲ့ဓါတ်ပုံလေးတွေကိုဘဲ
အာသာပြေကြည့်နေရတာပါ…
အားပေးနေပါတယ်ဆရာပေါက်ရေ…..
ကြောင်ကြီး
October 30, 2011 at 3:53 am
ရှမ်း၊ ကယား
ဆန်းပြား
နမ်းမလား
မန်းသား
ဖမ်းထား။ 😀
ကိုပေါက်(မန္တလေး)
October 30, 2011 at 8:31 am
မန်းသား
လမ်းသလား
အရမ်းသွား။
ရှမ်းပအိုဝ့်အစုံစုံ
သွားရင်းနဲ့တွေ့ခဲ့ပုံ
ကြည့်မဝရူ့ခင်းစုံ
မြင်ရတော့ ရန်ခုန်။
လက်ဆော့မိဓါတ်ပုံ
ပြန်မျှချင်တော့
ပုံတင်။
ပုံတင်တော့
ပိုက်ဆံကုန်။
ကော်နက်ရှင်စုတ်စုတ်
ဒုတ်နဲ့နှက်လိုက်ရုံ။