သားဦးစနေ

Shwe EiOctober 31, 20111min134

ကျမက စနေသမီးရှင့်။ မောင်နှမ လေးယောက်ထဲမှာ အကြီးဆုံး။ သားဦးစနေလို့ပြောရင်လဲရတယ်။ ကျမမွေးစတုန်းက ဖေကြီးနဲ့ မေကြီးက ကျမကို ဖွားဖွားကြီးဆီမှာ တမတ်နဲ့ ရောင်းတယ်တဲ့။ ပီးတော့ ဖေကြီးက ကျမပေါ်ကနေ ဓါးထမ်းပီးကျော်ရသေးတယ်ဆိုဘဲ။ သူတို့ပြောတာတော့ သားဦးစနေ မီးလိုမွှေတတ်လို့တဲ့လေ။ ကျမကလဲ စနေသမီးပီပီ စိတ်တော့ဆတ်တယ်ရှင့်။ ကိုယ့်စိတ်နဲ့မတွေ့လို့ကတော့ အိမ်ကမောင်သုံးယောက်အပြင် အဖေရော အမေရောပါမချန် နှုတ်သီးကောင်းလျာပါးနဲ့ ရန်တွေ့တော့တာဘဲ။ အဲ၊ ဒီလိုပြောလို့ ကျမတယောက်ထဲလူဆိုးမဖြစ်နေတယ်လို့တော့ မထင်လိုက်နဲ့အုံး။ အငယ်ကောင်သုးံယောက်က ကျမထက်လက်စောင်းထက်သေးတယ်။ ထားပါလေ။ ယောက်ကျားလေးကတော့ ထုံးစံအတိုင်းပေါ့။
ကျမတို့မောင်နှမလေးယောက်မှာ အကြီးသုံးယောက်က ၁ဝတန်းမအောင်ကျဘူးရှင့်။ အဖေက တပ်ထဲကအရာရှိ၊ ဝင်ငွေအလွန်ကောင်းနေတဲ့အချိန်။ အမေက အသုံးအဖြုန်းကြီးတာကို ဂုဏ်တခုလို့ယူဆတဲ့အချိန်။ လူလတ်တန်းစားဆွေမျိုးအသိုင်းအဝိုင်းကြားမှာ ကျမတို့မိသားစုခေတ်ကောင်းတဲ့အချိန်ပေါ့ရှင်။ အမေကတော့ ၁ဝတန်းမအောင်လဲ ပူစရာမလိုဘူးတဲ့။ ဖြေချင်စိတ်ရှိရင်လဲ ဖြေ၊ မဖြေချင်တော့ရင်လဲနေဆိုတော့ ၃နှစ်ဆက်တိုက် ၁ဝတန်းဖြေပီး ဝမ်းကွဲညီအမတွေအားလုံး အောင်သွားတဲ့အချိန်ထိကိုယ်က ဒုံရင်းဘဲဖြစ်နေတာနဲ့ဆက်မဖြေတော့ဘူး။
ကျမအောက်က မောင်လဲထိုနည်းလည်းကောင်းဘဲ။ ၂နှစ်ဆက်တိုက်၁ဝတန်းလဲကျပြီးရော သင်္ဘောလိုက်ချင်တယ်ဖြစ်ပါလေရော။ ဒီတော့အမေကလဲ ငါ့သားကြီးအလုပ် လုပ်တော့မယ်ဆိုပီး ဝမ်းသာအားရနဲ့ အဖေ့အသိတွေကနေတဆင့် ၁ဝတန်းအောင်လက်မှတ်တခုရအောင်လိုက်လုပ်၊ ပြီးတာနဲ့ သင်္ဘောတက်ဖို့စီစဉ်တော့တာပေါ့။ အားလုံးလဲအဆင်သင့်ဖြစ်ရော ဘသားချောက မိန်းမခိုးပြေးပါလေရော။ အမေလဲ စိတ်ဆင်းရဲပီး ပိုးလိုးပက်လက်လန်တာပေါ့ရှင်။ ရင်းထားသမျှပိုက်ဆံတွေ ရေစုန်မျှောတာကိုး။ ဒါပေသိ တောင်းဆိုးပလုံးဆိုးသာပစ်ရိုးထုံးစံရှိတော့ လင်မယားနှစ်ယောက်လုံးအိမ်ပေါ်ခေါ်တင်ထားရတာပေါ့။
ဒါတွေဖြစ်ပီးသိပ်မကြာပါဘူး အဖေက နယ်ပြောင်းရင်း တောပေါ်ဒေသက အမျိုးသမီးတယောက်နဲ့ အိမ်ထောင်ကျတာလိုလို တိုက်ပွဲကျတာလိုလို သတင်းကြားပီး အဆက်အသွယ်ပြတ်သွားပါလေရော။ ဒီတော့ကျမတို့သားအမိတတွေ ရှိတာလေးထုခွဲရောင်းချစားသောက်ရင်းနေကြရတာပေါ့။ တခုကံကောင်းတာက မောင်အကြီးရဲ့ မိန်းမက သူ့နယ်မှာ မြို့မျက်နှာဖုံး သူဌေးသမီးဆိုတော့ ယောက်ကျားကိုခေါ်ပီး အိမ်ပြန်တာပေါ့ရှင်။ ကိုယ်ဝန်အရင့်အမာလဲရှိနေပြီကိုး။ သူတို့လင်မယားတခါတရံထောက်ပံ့ရင် အသက်ရှုတော့ချောင်တာပေါ့။ ဒါပေမဲ့ သမီးအကြီးဆုံးဖြစ်တဲ့ကျမအလုပ်ထွက်လုပ်ဖို့အချိန်တန်ပြီလေ။ ကိုယ့်နယ်မှာဘဲ စားသောက်ဆိုင်တခုမှာစာရင်းကိုင်ရာထူးရတယ်။ ၁ဝတန်းမအောင်တော့လည်း ဒီလောက်နဲ့ကျေနပ်ရတာဘဲ။ တလသုံးသောင်းကလဲ အိမ်စားရိတ်ကာမိတယ်လေ။
နောက်တော့ ဒုတိယမြောက်မောင်လေးက အမျိုးထဲက ဆည်မြောင်းအရာရှိမောင်ဝမ်းကွဲနဲ့ ဆိုဒ်ထဲမှာေနေ့စားအလုပ်လိုက်လုပ်တယ်။ သူလဲ၁ဝတန်းမအောင်တော့ ဒီလောက်ပဲပေါ့။ အိမ်ကိုတော့ တတ်နိုင်သလောက်ထောက်ပံ့ရှာပါတယ်။ ဒီနေရာမှာ အငယ်ဆုံးကလေးရဲ့ ကျောင်းစားရိတ်ကထောင်းလာတော့ အမေ့ကိုလဲ စိတ်မဆင်းရဲစေချင်တာနဲ့၊ ညီအမဝမ်းကွဲတွေစုပီး ရန်ကုန်ထွက်လာခဲ့ကြတယ်။ အထည်ချုပ်စက်ရုံတခု မှာအောက်ခြေအဆင့်ကစ ဝင်ကြရတာပေါ့။ သူတို့ကတော့ အလုပ် လုပ်ရင်းအဝေးသင်ဘွဲ့ ဆက်ယူကြပေမဲ့ ကျမအတွက်ကမလိုတော့ဘူးလေ။ ရသမျှလခ တပြားမကျန်အမေ့ကိုပြန်အပ်၊ စားတာသောက်တာတော့ အချိန်ပိုကြေးရတဲ့ပိုက်ဆံနဲ့ပေါ့။ မနက်စာဆိုကော်ဖီတခွက်နဲ့ပြီး။ နေ့လည်စာဆို ကြက်ဥအစိမ်းတလုံးဖောက်ပီး ထမင်းနဲ့နယ်စားလိုက်တာဘဲ။ ညစာကတော့ ခေါက်ဆွဲပြုတ်ပေါ့။
စက်ရုံမှာလဲ ကျန်တဲ့ညီအမတွေသာရာထူးတက်သွားတယ် ကျမကတော့ ဒုံရင်းဘဲ။ ဒါနဲ့ စက်ချုပ်ဆိုင်တခုမှာ စားစရိတ်ငြိမ်းတလ ၃သောင်းနဲ့ဝင်လုပ်နေတုန်း အစာအိမ်လိုလို သားအိမ်ကင်ဆာလိုလို သံသယရှိတာနဲ့ အိမ်ပြန်လာခဲ့တယ်။ ရန်ကုန်ပြန်သွားပီး ပင်ပင်ပန်းပန်းအလုပ်မလုပ်နိုင်တော့တဲ့အချိန်ကျမှ မောင်အလတ်ကလေးက အလုပ်မရှိဘဲပြန်ရောက်လာတဲ့အချိန်ကိုက်နေရော။ ကဲ ကျမဘဲ အလုပ်ပြန်ဝင်ရတာပေါ့။ အရင်စားသောက်ဆိုင်မှာဘဲ စာရင်းကိုင်ရာထူးနဲ့။ အငယ်ဆုံးကလေး ၁ဝတန်းအောင်သွားတာအဆိုးထဲကအကောင်းလို့ စဉ်းစားနေတုန်း နည်းပညာတက္ကသိုလ် ပထမနှစ်မှာ မောင်အကြီးဆုံးထောက်ပံ့မှုရပ်ဆိုင်းသွားခဲ့ပြန်တယ်။ ဒီတော့အဝေးသင်ယူပီး အလုပ်ထွက်လုပ်ဖို့တိုက်တွန်းပေမဲ့ ကျမလောက်ဇွဲမရှိ ဝီရိယမရှိတဲ့မောင်တွေကို ဆွေမျိုးတွေအလုပ်ကူလုပ်ခိုင်းရင်း သူတို့ထောက်ပံ့တာနဲ့ နေခိုင်းရတော့တာဘဲ။ ဒီကြားထဲ မောင်အကြီးဆုံးက နယ်စပ်ဘက်က အဖေ့ဆီကအဆက်အသွယ်ရလို့ မိသားစုကိုစွန့်ပီး ထွက်သွားလိုက်တာနှစ်နဲ့ချီပီးသတင်းမကြားတော့ဘူး။
မုန်တိုင်းတွေပီးလို့ လေပြေများမလားမျှော်လင့်နေတုန်း အိမ်ကအမေ ရုတ်တရက်မူးလဲလို့ ဆေးရုံတင်ရာကနေ စီတီစကင် ရိုက်ကြည့်တော့ ဦးနှောက်ထဲမှာအကျိတ်တွေ့သတဲ့။ ခွဲရမလား မခွဲဘဲထားရမလား ဝေခွဲရခက်နေတုန်း မောင်အကြီးဆုံးက ငွေကြေးအထောက်အပံ့တတ်နိုင်သလောက်ထုတ်ပေးတော့ ဝမ်းသာဝမ်းနည်းဖြစ်ရသေးတယ်။ (သူတို့သားအဖ သတင်းကြားရသလောက်ကတော့ မိန်းမထပ်ရနေကြဘီတဲ့။) ဒါနဲ့ မန်းလေး (မန္တလေး)က ဗြဟ္မစိုရ်အသင်းနဲ့ နယ်ခံဆရာဝန်ကြီးတွေချိတ်ပေးလို့ အကျိတ်ခွဲဖို့ မန်းလေးဆေးရုံကို ခရီးထွက်ခဲ့ရတယ်။ မောင်အလတ်လေးနဲ့ ကျမနဲ့ ဆွေမျိုးတွေအကူအညီယူပီးနေရတာပေါ့ရှင်။ ဗြဟ္မစိုရ်အသင်းက ခွဲစိတ်ခ တဝက်ကျခံပေးတယ်ရှင့်။ ၁နာရီကြာတဲ့ ခွဲစိတ်မှုအပြီးမှာ ကျမအမေ သတိရလာပီး လူကောင်းပကတိလိုစကားပြောနိုင်လို့ ဝမ်းသာမယ်ကြံကာရှိသေး ဦးနှောက်အကျိတ်ထဲက အရည်ကိုစုပ်ထုတ်ပီး စစ်ဆေးကြည့်လိုက်တော့ ကင်ဆာဆဲလ်တွေ့သတဲ့။ ခွဲစိတ်ပီး ၃ရက်မြောက်နေ့ကျ အမေစကားမပြောနိုင်တော့ဘဲ သတိလစ်သွားလိုက်တာ ကိုမာဝင်သွားတယ်ဆိုတဲ့အဖြေသာထွက်လာတော့တာပါဘဲ။
ကျမဘဝအတွက်တော့ ရွှေတောင်ကြီးပြိုသထက် ဝမ်းနည်းရပါတယ်။ အိမ်ပြန်ရောက်လာတော့ လူရောစိတ်ရောပင်ပန်းနေပေမဲ့ အမေ့နားကမခွါဘဲ ဒိုင်ခံပြုစုပေးနိုင်တာကျမဘဲရှိတာကိုး။ အလုပ်ကလဲထွက်လိုက်ရဘီလေ။ မောင်လေးတွေလုပ်စာနဲ့ မောင်အကြီးဆုံးအထောက်အပံ့နဲ့ ကြိုးစားပီးရပ်တည်ရတော့မှာပေါ့။ စိတ်ထဲမှာတော့ မပြောကောင်းမဆိုကောင်း အမေများသေသွားရင် ကျမပါလိုက်သေဖို့ပဲတွေး တွေးနေမိတယ်။

Shwe Ei
31st Oct 2011