ကိုရင့်စေတနာ အလှူယတြာ

koyin sithuNovember 1, 20111min27910

ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ အလှူအတန်း ပြုရမှာ လက်မနှေးကြပါဘူး။ သဒ္ဓါတရား အင်မတန်ကောင်းမွန်တဲ့ မြန်မာလူမျိုးဖြစ်ရတဲ့အတွက် ကိုယ့်ကိုယ်လည်း ဂုဏ်ယူမိပါတယ်။ အလှူကတော့ သဒ္ဓါတရားကောင်းရင် ကောင်းသလို အကျိုးပေးတတ်ပါတယ်….။ စေတနာဆိုတာ ကံပါ… စေတနာကောင်းရင် ကံကောင်းပါလိမ့်မယ်။ ယေဘုယျအားဖြင့် လက်ရှိမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ပြေလည်ချင်တယ် အိုကေ ချင်တယ်ဆိုရင်တော့ ကျွန်တော်ပေးတဲ့ ယတြာကို (၇)ရက်သားသမီး ရွာသူ၊ရွာသား အပေါင်း ပြုလုပ်နိုင်ပါတယ်။ ယတြာဆိုတာ အကုန်လုံးကို ကောင်းအောင် မလုပ်နိုင်ပါဘူးခင်ဗျာ… ဘာဖြစ်လို့လဲ ဆိုတော့ လူတိုင်းမှာ ဝဋ်ကြွေးဆိုတာ ပါလာကြစမြဲ… ဥပမာ – ကားတိုက်ပြီး ခြေထောက်နှစ်ဖက်ဖြတ်ခံရမဲ့ ဝဋ်ကြွေးမျိုးပါလာတဲ့သူက ယတြာလုပ်လဲ အဲ့လိုဖြစ်ကိုဖြစ်ပါတယ်…။ တကယ်စွမ်းတဲ့ ယတြာဆိုရင်တောင် ကားတိုက်ပြီး ခြေထောက် နှစ်ဖက်လုံးဖြစ်ရမှာ တစ်ဖက်လောက်ပဲ ဖြစ်ရုံလောက်အထိ ကာပေးနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရံဖန်ရံခါ ထိုယတြာတွေကို ပြုလုပ်ရပါတယ်။ ဒါကြောင့် ရွာသူ၊ရွာသား အပေါင်းလည်း ယတြာလုပ်တယ်လို့ သဘောမထားဘဲ ကောင်းမှုတစ်ခုကို စနစ်တကျလုပ်တယ်လို့ လှူဒါန်းလိုက်ရင် ကိုယ်လည်း ကုသိုလ်ရမယ်၊ အခက်အခဲတွေလည်း အဆင်ပြေသွားပါလိမ့်မယ်။ လူဆိုတာ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်၊ ကိုယ်ခံယူချက်နဲ့ကိုယ် ရှင်သန်နေကြရတာပဲလေ။ ကျွန်တော် ဗေဒင်ဆရာတစ်ယောက်မဟုတ်ဘူးဆိုတာတော့ သင်္ဘောသီးရဲ့ ရင်ကွဲပက်လက်ဖတ်ပြီးတဲ့သူများ သိပြီးကြရောပေါ့…. အောက်မှာ ဖော်ပြထားတဲ့ ဆိုင်ရာ အလှူဒါနလေးတွေ ပြုလုပ်ပြီး အားလုံးအဆင်ပြေအောင်မြင်ကြပါစေ ခင်ဗျာ…။

ဘုန်းကံကြီးမားခြင်း၊ မြင့်မားခြင်း၊ အလုပ်အကိုင် တိုးတက်အောင်မြင်အောင် ၊ အရှိန်အဝါ ကြီးမြတ်စေရန် အတွက် ယတြာချေမယ်ဆိုရင် “မီး” လှူရမယ်လို့ ဆိုပါတယ်။

ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာများ ပွင့်လန်းအောင် ၊ ရောင်းပန်းဝယ်တာများ ပွင့်လန်းအေင် ၊ မျက်နှာပွင့် လူချစ်လူခင် များအောင် ၊ ပညာရေးနှင့် ပါတ်သက်ပြီး ပွင့်လန်းအောင် ၊ မိမိ၏ ကံကြမ္မာ ပွင့်လန်းချင်သူများ ယတြာချေမယ်ဆိုရင် “ပန်း” လှူရမယ်လို့ ဆိုထားပါတယ်။

ရန်တွေ အတိုက်အခိုက်တွေ ဝိုင်းနေရာကနေ လွတ်မြောက်စေချင်တယ်။ ဘေးအန္တရယ်တွေကနေ လွတ်မြောက်ချင်တယ်၊ ပြဿနာကြီးတွေကနေ လွတ်မြောက်ချင်တယ်ဆိုရင် ၊ ဘေးကင်းရန်ကင်း အဖြစ် ယတြာချေမယ်ဆိုရင် “သန့်ရှင်းရေး” ဆောင်ရွက်ရမယ်လို့ ဆိုထားပါတယ်။

မိမိ၏ စိတ်ဆန္ဒတွေ ပြီးစီးအောင်မြင်စေဖို့ ၊ ရည်ရွယ်ချက်တွေ ပြီးမြောက် ၊ ခရီးပေါက်စေဖို့။ အောင်အတိတ် အောင်နိမိတ်တွေ ပြီးစီးအောင်မြင်စေဖို့ အတွက်ဆိုရင် “အဟာရကျွေးမွေး” ယတြာပြုရမယ်လို့ ဆိုထားပါတယ်။

မီးလှူခြင်း
တနင်္ဂနွေနေ့ မွေးသူများကတော့ ရွှေဖယောင်းတိုင် လှူပါ။ ထွန်း၍ ပူဇော်ပါ။ အဝါရောင် အလင်းပေးသော မီးလုံးများ မီးဆလိုက်များ လှူဒါန်း ဒါနပြု ယတြာဆောင်ရွက်လို့ ရပါတယ်။

တနင်္လာနေ့ မွေးသူများကတော့ ငွေဖယောင်းတိုင် ထွန်းပြီး မီးပူဇော်ပါ။ အဖြူရောင်အလင်းပန်းထွက်သည့် မီးချောင်းများ လှူဒါန်း ဒါနပြု ယတြာ ဆောင်ရွက်လို့ ရပါတယ်။

အင်္ဂါနေ့ မွေးသူများကတော့ မြေခွက်အတွင်း ဆီထည့်၍ မီးဇာထည့်ကာ ဆီမီးခွက် မီးထွန်းပြီး မီးပူဇော်နိုင်ပါတယ်။ တဖြတ်ဖြတ် လှပသော ရောင်စုံမီးများကိုလည်း လှူဒါန်း ဒါနပြု ယတြာဆောင်ရွက်လို့ ရပါတယ်။

ဗုဒ္ဓဟူးနေ့ မွေးသူများကတော့ ရေခွက်အတွင်း ရေခံ၍ ဖယောင်းတိုင်ထွန်း ဘုူရားမီး ပူဇော်ပါ။ ဘုရားမှ ရောင်ခြည်တော်လွှတ် အလင်းဖြာနေသော မီးလုံး မီးပြေးများ လှူဒါန်း ဒါနပြု ယတြာဆောင်ရွက်လို့ ရပါတယ်။

ရာဟုမွေးသူများကတော့ ဖယောင်းတိုင်ကို ရွှေရောင် စက္ကူပတ်၍ မီးထွန်းဆုတောင်း လှူဒါန်းနိုင်ပါတယ်။ တဟုန်ထိုး ပြေးနေသော မီးတန်း မီးပွားဆန်းများ ဥပမာ နီယွန်ကဲ့သို့ မာကျူရီးမီးကဲ့သို့ မီးများကို လှူဒါန်း ဒါနပြု ယတြာဆောင်ရွက်လို့ ရပါတယ်။

ကြာသပတေးနေ့ မွေးသူများကတော့ ဖယောင်းတိုင်(၅)တိုင် မီးထွန်း ပူဇော်နိုင်ပြီး ကြာပန်းပွင့် အပါအဝင် အခြားလှပသော ပန်းပွင့်ပန်းဆိုင်း ဖန်မီးလုံး အတွဲများ နှင့် လှပစွာတန်ဆာ ဆင်ထားသော မီးများကိုလှူဒါန်း ဒါနပြု ယတြာဆောင်ရွက်လို့ ရပါတယ်။

သောကြာသားသမီးများကတော့ အမွှေးတိုင် နံ့သာတိုင် ပူဇော်နိုင်ပါတယ်။ မှိတ်လိုက် ဖွင့်လိုက် တလက်လက် လှပတင့်တယ်သော မီးပန်းပွင့် မီးဆိုင်းများ လှူဒါန်း ဒါနပြု ယတြာဆောင်ရွက်လို့ ရပါတယ်။

စနေနေ့ မွေးသူများကတော့ ဖယောင်းတိုင် အနက် ပူဇော်ပါ။ အပြာရင့်ရင့် အလင်းပေးသော လျှပ်စစ်မီးကို လှူဒါန်းနိုင်ပါတယ်။ ထို့အပြင် မီးခွက်အမည်းအတွင်းမှ အဖြူ အဝါအလင်း ထိုးထွက်သော မီးဆလိုက်များကို လှူဒါန်း ဒါနပြု ယတြာဆောင်ရွက်လို့ ရပါတယ်။

အပေါ်က အခု ပြောခဲ့တာတွေကတော့ “မီး” အလှူနဲ့ ပတ်သက်တာတွေပါ။ နောက်တစ်ခု ပြောချင်တာက ပန်းအလှူ ပါ။

ပန်းအလှူ

တနင်္ဂနွေနေ့ မွေးသူများကတော့ – အုန်းပန်းပွင့်လှူပါ။
တနင်္လာနေ့မွေးသူများကတော့ – ကံ့ကော်ပန်း ကံ့ကော်ပွင့်လှူပါ။
အင်္ဂါနေ့မွေးသူများကတော့ ညောင်ရွက်လှူပါ။
ဗုဒ္ဓဟူးနေ့ မွေးသူများကတော့ – ရွက်လှပန်းလှူပါ။
ကြာသပတေးနေ့ မွေးသူများကတော့ – ဗုဒ္ဓံ သရဏံ ပန်းလှူပါ။
သောကြာနေ့မွေးသူများကတော့ – သပြေညွန့်လှူပါ။
စနေနေ့မွေးသူများကတော့ – ဒါန်းညွန့်လှူပါ။

သန့်ရှင်းရေးအလှူယတြာ

မြင့်မြတ်သောနေရာ ၊ သာသနာ့ နယ်မြေများ ၊ ဘုရား ၊ ကျောင်းကန် ၊ ဇရပ်စသော နေရာများကို သန့်ရှင်းရေးလုပ်အား ဒါနပြုခြင်းသည်လည်း ရန်ကင်း၍ အမှု့အခင်းပြဿနာများကို ကင်းစင်စေသည်ဟု ယတြာ ပညာတွင် ဆိုထားပါတယ်။

တနင်္ဂနွေနေ့ မွေးသူများကတော့ – အိမ်ရှိဘုရားစင်ကို သန့်ရှင်းရေး ဆောင်ရွက်ပါ။
တနင်္လာနေ့မွေးသူများကတော့ – ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် လိုအပ်သော နေရာတွင် သန့်ရှင်းရေး ဒါနပြုပါ။
အင်္ဂါနေ့မွေးသူများကတော့ – တန်ဆောင်းကို သန့်ရှင်းရေး ဆောင်ရွက်ပါ။
ဗုဒ္ဓဟူးနေ့ မွေးသူများကတော့ – ဘုရားရင်ပြင်တော်ကို သန့်ရှင်းရေး ဆောင်ရွက်ပါ။
ရာဟုမွေးသူများ ဇရပ်ကို သန့်ရှင်းရေး ဆောင်ရွက်ပါ။
ကြာသပတေးနေ့ မွေးသူများကတော့ – ရေစီးရေလာ ကောင်းစေရန် ရေမြောင်းကို သန့်ရှင်းရေး ဆောင်ရွက်ပါ။
သောကြာနေ့မွေးသူများကတော့ – သိမ်ကို သန့်ရှင်းရေး ဆောင်ရွက်ပါ။
စနေနေ့မွေးသူများကတော့ – တံတားပြင် ၊ တံတားဆောက် ၊တံတား သန့်ရှင်းရေးလုပ်ပါ။ ဘရားမှာ ထုံးသင်္ကန်းကပ်၍ သန့်ရှင်းရေး ဆောင်ရွက်ပါ။

အဟာရလှုဒါန်းခြင်း …

မိမိအလိုုဆနတစ်ခုပြည့်မြောက်ဖို့ အတွက်အောင်ဓာတ်ရစေဖို ့အတွက်“အစာအဟာရ” ကိုဒါနပြု အလှူပေးရပါသည်။ ဤကားယတြာပညာ၏ အခြေခံ ဥပဒေဖြစ်ပါသည်။ “အာဟာရ” လှူဒါန်းသည် ဆိုရာတွင်လည်း နေ ့အလိုက် စနစ်တကျ လှူဒါန်းပါမှ ထိရာက်မှုရှိပါသည်။ တနင်္ဂနွေနေ့ မွေးသောသူများ… အုန်းသီးနှင့် ပြုလုပ်ထားသော အစားအသောက်များ ဖြစ်သော အုန်းထမင်း၊ အုန်းဆန်ပြုတ်၊ အုန်းနို ့ခေါက်ဆွဲ စသည်တို ့ သူတစ်ပါးကို ကျွေးမွေးဒါနကြုရပါသည်။

တနလာင်္နေ ့ မွေးသူများ……. သူတစ်ပါးကိုကျောက်ကျောဒါနပြုပါ။ ကျွေးမွေးပါ။ ကိတ်မုန် ့ဒါနပြုပါ။
အင်္ဂါနေ ့မွေးသောသူများ…. ဆီထမင်း လှူဒါန်းဒါနပြု ကျွေးမွေးပါ။
ဗုဒ္ဓဟူးနေ့ မွေးသောသူများ…… ရွှေထမင်းဟု ခေါ်သော မုန့်၊ လမုန့်တို့ကို သူတစ်ပါးအား ကျွေးမွေးဒါနပြုပါ။
ရာဟုမွေးသောသူများ လက်ဖက်ရည်၊ ကရေကရာတို ့ကို သူတစ်ပါးအား ကျွေးမွေးဒါနပြုပါ။
ကြာသပတေးနေ ့ မွေးသောသူများ…..သူတစ်ပါးအား ပေါင်မုန် ့ ၊ ဘိန်းမုုန် ့ ဒါနပြုကျွေးမွေးပါ ။
သောကြာနေ ့ မွေးသောသူများ….. သူတစ်ပါးအား သက်သတ်လွတ် ဟင်းလျာများ ဒါနပြု ကျွေးမွေးပါ။
စနေနေ ့ မွေးသူများ ….. နို ့နှင့်ပြုလုပ်ထားသော ခဲဖွယ်၊ စားသောက်ဖွယ်များ၊ သူတစ်ပါးကို ကျွေးမွေးဒါနပြုပါ။

10 comments

  • blackchaw

    November 1, 2011 at 3:29 pm

    ဒီပို့စ် ကို ဒေါင်းလုတ်ဆွဲ ပြီး ယောက်ခမကြီးကို ပြရလိမ့်မယ်ဗျို့။
    ကျွန်တော့် ယောက်ခမကြီးက ဒါမျိုးကို တစ်ကယ်ယုံတယ် ကိုရင်ရေ။
    ဗေဒင်ခန်းဖွင့်ရင် ပြောဦးနော်။ ယောက်ခမကြီးကို ခေါ်လာချင်လို့ပါ။

  • Moe Z

    November 1, 2011 at 3:42 pm

    သင်္ဘောသီးဗေဒင်ဆရာပါဗျို့…
    အဟာရလှူဒါန်းချင်တဲ့သူရှိရင်တော့ မအားတဲ့ကြားကပါရမီဖြည့်ပေးပါ့မယ်
    (ရာဟုနေ့မွေးသူများမပါ) 🙂

  • nikita

    November 1, 2011 at 4:07 pm

    အင်း
    ကိုရင်က ဗေဒင်တော့ မဟောပေးဘဲ ယတြာပဲ ချေခိုင်းနေတယ် 🙁

  • etone

    November 1, 2011 at 4:19 pm

    ဗုဒ္ဓံ သရဏံ ပန်း ဆ ိုတာ တစ်ခါမှ မကြားဖူးဘူး .. ဘယ်လိုလေးပါလိမ့် .. .သိတဲ့လူပြောပြပါဦး ။

    • nikita

      November 1, 2011 at 4:26 pm

      အနှီရောင်တို့ လိမ်မော်ရောင်တို့ ရှိတယ်လေ
      များသေားအားဖြင့် မြောင်းတွေရယ်
      တစ်ချို့ ရေဝပ်တဲ့ ခြံတွေရယ်
      နောက် မြို့နယ်က ကျောင်းလေးတွေရယ်မှာ ပေါက်တာ မြင်ဖူးတယ်
      နောက်မှ ဓာတ်ပုံရိုက်ပြမယ် 😀

    • Koyin Sithu

      November 1, 2011 at 4:38 pm

      etone >> ဗုဒ္ဓံ သရဏံ ပန်း ဆ ိုတာ အရောင်အဆင်းလှပပြီး မွှေးသောပန်းကို ခေါ်တာပါ…
      အရောင်အဆင်းလှပပြီး မွှေးတဲ့ပန်းဆိုရင် ဘယ်ပန်းမဆို ကပ်လို့ရကြောင်းပါ…

      • nikita

        November 1, 2011 at 4:45 pm

        ဟုတ်လို့လား
        ဗုဒ္ဓံ သရဏံ ပန်း ဆ ိုတာ သတ်သတ်ရှိပါတယ်
        ဘေးအိမ်က ခြံထဲမှာတောင် ရှိသေးတယ်
        အရောင်အဆင်းလှပြီး မွှေးတဲ့ ပန်းတိုင်းကို ခေါ်တာမဟုတ်ပါဘူး

  • ဆူး

    November 1, 2011 at 4:49 pm

    ယတြာကောင်း မင်းလောင်းတောင် ပျောက်တယ် ဆိုလား ဗေဒင်ဆရာတွေ ပြောကြတယ်။
    ယတြာ အစွမ်းလေးတွေ ဆက်ပါအုန်း။
    ဆူး တခါ သူငယ်ချင်းနဲ့ အဖော်လိုက်သွားရင်း သူများမေးလို့ စပ်ဆော့ပြီး မေးဖူးတယ် ယတြာကိုတော့ သခွားသီးကို ညနေစောင်း အိမ်အနောက်ဘက်ခြမ်းမှာ မကျေမချင်း ငါ့ဒဏ် နင်ခံ ဆိုပြီး နင်းခိုင်းတယ်။
    ဘယ်သူတွေ ဘာဖြစ်ဖြစ် ကိုယ့်ဖြစ်ကိုယ်ခံ မို့.. သူများကိုလည်း မကောင်းတဲ့ စိတ်လည်း မထားချင်တော့ဘူး ဘာတွေ ဖြစ်လာမယ် ဘာတွေ ဖြစ်လိမ့်မယ် ပြောပြော ဖြစ်တော့လည်း ခံလိုက်တာပေါ့ ဆိုပြီး ဒီတိုင်းပဲ နေလို်က်တယ်။ ပြုသူ အသစ် ဖြစ်သူ အဟောင်းဆိုတော့ သူများ တကယ် ပျက်စီးတာ မပျက်စီးတာတော့ မသိဘူး ကိုယ့်မှာတော့ သူများ ပျက်စီးစေချင်တဲ့ စိတ်ဖြစ်ပြီး တက်နင်းရမှာမို့ ဘာမှ မလုပ်ပဲထားလိုက်တယ်။

  • windtalker

    November 1, 2011 at 6:51 pm

    ိကိုရင် ရေ
    ကျုပ်ကတော့
    ယတြာ ရယ်မှ မဟုတ်ပါဘူး
    နေ ့စဉ်
    အလှူခံမယ့် ပုဂ္ဂိုလ်များ ကြုံခဲ့ရရင် ၊ လှူဖို ့အကြောင်းတိုက်ဆိုင်ခဲ့ရင်
    တတ်သလောက် ၊ သဒ္ဒါပေါက်သလောက် လှူလိုက်တာပါဘဲ
    ဒီနေ ့တောင် ၊ ဆိုင်ကယ် ဘက်ထရီအိုးသွားလဲရင်း
    ဆိုင်ကယ် ဝေါ့ရှော့ က မနက်ဖန် ခင်းမယ့် ကထိန်အတွက်
    အလှူငွေ တစ်သောင်းကျပ် လှူခဲ့သေးတယ် ဗျ
    အားလုံး အတွက် အမျှပေးဝေတယ်နော်
    ဝမ်းမြောက်ဝမ်းသာ သာဓု သုံးကြိမ် ခေါ်ကြပါ ဗျာ

    • Koyin Sithu

      November 1, 2011 at 8:32 pm

      ဦးပေရေ… ကထိန်အတွက် အလှူတော်ငွေ တစ်သောင်းကျပ်အတွက်…
      ဝမ်းမြောက်ဝမ်းသာစွာ သာဓုခေါ်အပ်ပါတယ်…
      သာဓု… သာဓု… သာဓု….
      နေ့စဉ် လှူတယ်ဆိုတာ သိရလို့လဲ…
      မုဒိတာပွားရပါတယ်…
      စေတနာကောင်းလျှင် ကံကောင်းပါမည်…။

Leave a Reply