ဒီတစ်ပတ်ဂျာနယ်ပါ ဆောင်းပါးဖြစ်တဲ့ ဒီလိုလေးလည်းတွေးကြည့်ပေးပါ အပိုင်း(၁)

လူတိုင်းကိုယ်စီမှာ အနည်းနဲ့အများတော့ အတွေးကိုယ်စီ တွေးမိကြမယ်ထင်ပါတယ်။ အဲဒီလို တွေးကြတဲ့အခါ မိမိတွေးတဲ့အတွေးဟာ အကျိုးရှိမဲ့အတွေးပဲဖြစ်ပြီး စိတ်ကူးယဉ်တဲ့ အတွေးမျိုးမဖြစ်ဖို့ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ကူးယဉ်တယ်ဆိုတာ အကျိုးမရှိတာကို စိတ်ကူးယဉ်တာဖြစ်သလို မဖြစ်နိုင်တဲ့အရာကို စိတ်ကူးယဉ်မိရင်လည်း မိမိဖြစ်ချင်တာ မဖြစ်လာတဲ့အခါ စိတ်ထိခိုက်မှု၊ စိတ်ဒဏ်များရပြီး ဘဝဟာ ဗရုတ်သုတ်ခဖြစ်သွားတတ်လို့ပါ။

အသက်နှစ်ဆယ်ကျော်လာတဲ့လူဆိုရင် စိတ်ကူးယဉ်ရမဲ့အရွယ်ထက် တည်ငြိမ်နေတဲ့အရွယ်ဆို ပိုမှန်ပါလိမ့်မယ်။ ဒါပေမဲ့ ဆယ်ကျော်သက်ကတည်းက အသိဉာဏ်မြင့်မားနေပြီမို့ အဲဒီအရွယ်ကနေစပြီး မိမိဘဝရဲ့ ရှင်သန်မှု၊ ရှေ့ဆက်လျှောက်ရမဲ့ အခြေအနေအရာအားလုံးကို ဆင်ခြင်ဆုံးဖြတ် လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် ပိုသင့်တော်ပါလိမ့်မယ်။ ခုခေတ်ဆယ်ကျော်သက်များဟာ အရာရာကို ဆင်ခြင်နိုင်တဲ့ စွမ်းအားတွေတော့ ရှိနေကြပါပြီ။ မိမိတို့စိတ်ကူးယဉ်မှားမှု၊ ဆုံးဖြတ်ချက် မှားမှုတွေပဲ ဖြစ်နေကြတာပါ။ လူဆိုတာ ရည်ရွယ်ချက်မရှိဘူး၊ ပစ်မှတ်ပန်းတိုင် မရှိဘူးဆိုရင် လျှောက်ချင်ရာလျှောက်နေပါက လမ်းပေါင်းစုံရောက်မှာဖြစ်လို့ ဘဝဟာလည်း ဟိုရောက်ဒီရောက်ဖြစ်နေပြီး ဗရချာဘဝဖြစ်ကာ လှပသာယာတဲ့ဘဝ ဖြစ်လာမှာမဟုတ်သလို အနာဂတ်ဘဝများစွာလည်း လှပဖို့ မသေချာတော့ပါဘူး။ ဒါကြောင့် မိမိရှေ့ရှေ့ဆက်လျှောက်ရမဲ့ ဘဝခရီးများစွာအတွက် ပြုလုပ်သင့်ပြုလုပ်ပေးရမဲ့အရာများကို တွေးတောဆင်ခြင်ထားပြီး ပြုလုပ်ဆောင်ရွက်ပေးဖို့ လိုပါတယ်။

စာရေးသူလည်း အသက်အရွယ်ရလာတဲ့အခါ ဘဝရဲ့အနှစ်သာရဆိုတာ ဘာတွေများပါလိမ့်။ ငါ့ရဲ့အသက်ရှင်ရပ်တည်နေမှုက ဘာများပါလိမ့်ဆိုပြီး တွေးတောကြည့်လိုက်တဲ့အခါ အရာရာတိုင်းဟာ စိတ်ကုန်စရာတွေပဲလို့ ခံစားလာရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှန်ကိုအမှန်အတိုင်းသိအောင် တဖြည်းဖြည်းချင်း သိမြင်လာလို့ပါ။ အဲဒီလို သိမြင်လာတဲ့ အချိန်မှာဆိုရင် လောကကြီးမှာ ဘာမှလိုချင်တာ ပြုလုပ်ချင်တာတွေမရှိဘဲ ဖြစ်နေပါတယ်။ အင်း…အဲဒီလို အမှန်ကိုအမှန်အတိုင်း သိမြင်တဲ့စိတ်လေး ပျောက်နေတဲ့ အချိန်မှာဆိုရင်တော့ ဟိုဟာလုပ်ချင်၊ ဟိုဟာဖြစ်ချင်နဲ့၊ အလုပ်တွေ တန်းစီနေပြီး စိတ်ကူးတွေတန်းစီနေပါတော့တယ်။

ဒါကြောင့်လည်း လူတိုင်းဟာ အမှန်ကိုအမှန်အတိုင်း မသိမြင်ကြသေးလို့ လိုချင်မှု လောဘတွေ ပေါများနေပြီး ထိုလောဘတွေနဲ့ပဲ ဘဝကိုနိဂုံးချုပ်ကြတာများပါလား။ ကိုယ့်ဘဝရဲ့ အသက်ရှင်မှု၊ ကိုယ်လျှောက်လှမ်းရဦးမယ့် သံသရာခရီးအတွက် ဘယ်လိုပြင်ဆင်မှုတွေ လုပ်ရမလဲဆိုတာတွေတော့ မတွေးတောမကြံစည်ကြပါလား။ တကယ်လို့များ အားလုံးသာ အမှန်ကိုမြင်ကြမယ်ဆိုရင် အားလုံးငြိမ်ချမ်းနေမှာ အမှန်ပါ။ ခုတော့ အားလုံးဟာ လောကီကိစ္စ အဝဝနဲ့၊ တွေးတောပူဆွေးမှုများနဲ့ လုံးလည်ခက်ပြီး ဒီလုံးလည်ခက်နေတဲ့ ဒုက္ခတွေနဲ့ရင်ဆိုင်ကာ ဘဝကိုဖြတ်သန်းရတာကိုပဲ ပျော်ရွှင်စရာလို့ ထင်နေကြပါလားလို့ မိမိကိုယ်ကို ဆင်ခြင်မိပါတယ်။

ဒီဘဝမှာလုပ်တဲ့အရာများထဲက မိမိအတွက် တကယ်အသုံးဝင်မဲ့အရာဟာ ဘာလဲဆိုတာ သိရှိရမှာ ဖြစ်ပါတယ်။ အဲဒါမှသာ မိမိဟာ အသုံးဝင်မဲ့အရာများကို ပြုလုပ်မှာပါ။ မိမိဟာ ယခုမျက်မှောက်မှာ လူ့ဘဝကိုရနေပြီးမို့ ဒီဘဝအတွက်ထက်စာရင် မသေချာသေးတဲ့ အနာဂတ်ဘဝများစွာအတွက်ကို ဦးစားပေးလုပ်မယ်ဆိုတဲ့ စဉ်းစားတွေးခေါ်မှုလေး တွေးပေး၊ လုပ်ဆောင်ပေးရပါမယ်။ ဒီဘဝအတွက် ကံမပါလို့ ဆင်းရဲနေရင်လည်း နောက်ဘဝတွေမှာတော့ မဆင်းရဲအောင် လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေရှိဖို့ လိုပါတယ်။ ဒီဘဝမှာ ငါဆိုတဲ့အတ္တစွဲများပြီး မလုပ်သင့်တဲ့မကောင်းမှုများနဲ့မှ အသက်ရှင်ရမယ်၊ မကောင်းမှုများလုပ်ပြီးမှ ငါရဲ့လူ့ကျင့်ဝတ်တွေ ကျေမွန်ဆိုရင် သဘာဝမကျလှဘူး။ ဒါကြောင့် မကောင်းမှုနဲ့တော့ အသက်လည်းမရှင်ချင်၊ လူ့ကျင့်ဝတ်လည်း မစောင့်ထိန်းနိုင်ဆိုတဲ့ ဆုံးဖြတ်ချက်များရှိဖို့လည်း လိုပါတယ်။

တချို့က မကောင်းမှုနဲ့ မိမိအတ္တစွဲတွေနဲ့ ငါမိသားစု၊ ငါချစ်သူ၊ ငါသားသမီးစတဲ့ လူတွေအတွက် ကောင်းစားဖို့ရန်ဆိုပြီး မိမိစွမ်းအားရှိသလောက် သမ္မာအာဇီဝဖြင့် လုပ်ကိုင်ရှာဖွေ မပေးဘဲ မကောင်းမှုများနဲ့ လုပ်ကိုင်ရှာဖွေပေးနေရတာကို ကျေနပ်နေကြပါတယ်။ တကယ်တော့ မိမိအတ္တစွဲလူတွေက မိမိကိုဒီဘဝမှာ စိတ်ပျော်ရွှင်မှုခဏတာ ပေးဦးတောင်မှ မိမိမကောင်းမှုများနဲ့ ရှာဖွေပေးမိရင် အဲဒီအကျိုးဆက်တွေဟာ တခြားလူများမခံစားရဘဲ မိမိတစ်ယောက်တည်း ခံစားရမယ်ဆိုတာ သတိထားပါ။ တချို့က ချစ်သူအတွက်ဆိုပြီး သူလိုချင်တာကို မရ၊ ရအောင် တရားမျှတမှုရှိတဲ့အလုပ်ဟုတ်လား၊ မဟုတ်လားဆိုတာ မစဉ်းစား၊ မဆင်ခြင်ဘဲ ပြုလုပ်ပေးလေ့ ရှိကြပါတယ်။ မိမိဘဝ ခဏတာပျော်ရွှင်မှုလေးရဖို့အတွက်နဲ့တော့ ဘဝပေါင်းများစွာ ဆင်းရဲဒုက္ခခံရမဲ့ မကောင်းမှုများကို မလုပ်သင့်ဘူးဆိုတာ တွေးတော ဆင်ခြင်သင့်ပါတယ်။

မိမိကိုယ်မိမိ ဆင်ခြင်တွေးတောမှုမရှိဘူးဆိုရင် ဘဝဟာ ဘာဖြစ်လို့ဘာဖြစ်နေမှန်းမသိဘူး ဖြစ်နေပါတယ်။ မိမိလုပ်ခဲ့တဲ့ တစ်နေ့တာ အလုပ်များထဲတောင်မှ ကောင်းမှုနဲ့မကောင်းမှု ဘယ်ဟာပိုများလဲဆိုတာ ဆင်ခြင်ပေးရပါမယ်။ ဒါမှသာ နောက်ရက်များတွင် ကောင်းမှုနည်းနေရင် အစားထိုးလုပ်ပေးနိုင်မှာပါ။ ကိုယ့်အနာဂတ်ကောင်းဖို့အတွက် ယခုမျက်မှောက်မှာ ကောင်းမှု များများလုပ်ပြီး ဘဝကိုရှင်သန်မယ်လို့ ဆုံးဖြတ်ထားမှ တော်ရာကျပါလိမ့်မယ်။ တော်ကြာ အနာဂတ်ရောက်မှ မဟုတ်တာတွေနဲ့ တွေ့ကြုံရရင် ဒါဟာ ငါလုပ်ခဲ့တဲ့ မကောင်းကျိုးတွေပါလားဆိုပြီး နောက်မှရတဲ့ နောင်တတွေ မဖြစ်အောင်လို့ပါ။ ဒါကြောင့် အနာဂတ်ကို မတွေးချင်ပေမဲ့ ခုရောက်နေတဲ့နေရာကဘာလဲ။ ခု ဘာတွေလုပ်နေလဲ။ ဘာအတွက်လဲ။ ခုလုပ်နေတာက မျက်မှောက်အတွက်လား၊ သံသရာအတွက်လားဆိုတဲ့ အတွေးလေးတွေ မိမိမှာရှိနေဖို့ လိုပါတယ်။ တစ်ခါတလေများဆို မျက်မှောက်ဘဝအတွက်လား၊ သံသရာအတွက်လားဆိုတာတွေ မသေချာဘဲနဲ့ အချိန်တွေကုန်ခဲ့မယ်ဆိုရင် ထိုအချိန်တွေကို အသက်ကြီးလာတဲ့အခါ နှမြောတသ ဖြစ်နေမိမှာ အမှန်ပါ။

နောက်ဆက်တွဲကို ဆက်လက်ဖော်ပြပါမယ်

3 comments

  • etone

    November 4, 2011 at 11:01 am

    ဟုတ်ပါတယ် ဆရာတော်ပြောသလိုပါပဲ …စိတ်ကူးယဉ်တဲ့နေရာမှာ ဖြစ်နိုင်တာကို စိတ်ကူးယဉ်တတ်သလို ၊ မဖြစ်နိုင်တာကိုလည်း စိတ်ကူးယဉ်တတ်တယ် …. ဖြစ်နိုင်တာကို စိတ်ကူးယဉ်တာဟာ ကြိုးစားမှုအတွက် အားအင်ဖြစ်ပေမယ့် … မဖြစ်နိုင်ကို စိတ်ကူးယဉ်ခြင်းဟာတော့ လူကို ပူလောင်စေတယ်လို ့နားလည်ထားပါတယ် …. ။ ဒါပေမယ့်လည်း စိတ်ဆိုတာက ခက်သားလား ….. စိတ်ကူးယဉ်ချင်တာယဉ်တဲ့ ဒီစိတ် ဘယ်လိုများ ဖမ်းဆုပ်ထားလို့ရပါမလဲနော် 🙄

  • windtalker

    November 5, 2011 at 8:55 pm

    တပည့်တော် windtalker သည် လူဖြစ်နောက်ကျ ခဲ့သူ ပါ ဘုရား
    အသက် ၂၅ နောက်ပိုင်းမှ ၊ လူကြီးဆန်ဆန် ၊ ရင့်ကျက်စွာ နေထိုင်ပြုမူ တွေးတောတတ်ခဲ့ပါတယ် ဘုရား

  • Shanma TUmdy

    November 5, 2011 at 9:12 pm

    ဆရာတော်ပြောသလို .. ခဏခဏတွေးဖူးပါတယ်.. တကယ်တမ်းအသက်ရှင်နေတာ.. ဘာမှ အဓိပာယ်မရှိ တော့သလိုပဲ.. အဲလိုတွေးရင်းတွေးရင်းနဲ့ .. သေသွားတာမှ ကောင်းဦးမယ်လို့လည်း တွေးမိပါတယ်.. ဒါပေမယ့် ဒီဘဝကနေလွတ်ပေမယ့် .. သံသရာကနေမှ မလွတ်နိုင်တာ .. အသက်ရှင်နေတာ ဘာအတွက်လို့ .. ခနခန တွေးမိပါတယ်..

Leave a Reply