အမေ့ခြေရာ
အမေ့ခြေရာ ကိုးကွယ်စရာ အဖြစ်
ဆရာချစ်စံဝင်းရေးတဲ့ အမေ့ခြေရာ စာအုပ်ဖတ်ပြီးကတည်းက တို့တွေလည်း အမေ့ခြေရာ
ယူထားကြရအောင်လို့ အစ်ကိုကြီးနဲ့တိုင်ပင်ခဲ့တယ်။
ဒါပေမဲ့မောင်နှစ်မတွေ တစ်ယောက်တစ်နေရာစီ ဆိုတော့ ဆုံဆည်းဖို့ ခက်နေကြတာ။
(၂၀၀၃) မှာ အမှတ်မထင် မောင်နှစ်မ (၇)ယောက်အနက်(၄) ယောက် အမေ့အိမ်မှာ
ဆုံဖြစ်သွားတယ်။
အမေ့ခြေရာယူပွဲကို ဆရာချစ်စံဝင်း စာအုပ်ထဲက အတိုင်း စီစဉ်တယ်။ မောင်နှစ်မ အား
လုံးအတွက် အမေ့ခြေရာနင်းဖို့ ပိတ်ဖြူစလေးတွေ အနားကွပ်ဖို့ ညီမလေးကတာဝန်ယူ
တယ်။ ကျမက အမေ့ ခြေရာထင်အောင်နင်းချဖို့ သနပ်ခါး နံ့သာဖြူသွေးပြီးနနွင်းပျစ်ပျစ်
ဖျော်ရတယ်။ အစ်ကိုကြီးနဲ့ မောင်အကြီးက အမေ့ ခြေကိုဆေးကြောပြီး နံသာနဲ့ နနွင်း
ဖျော်ထားတာ သုတ်လိမ်းပေးကြတယ်။
“ ကျွန်တော် ကျွန်မတို့ အား အမေ့ ရဲ ့ မေတ္တာဓာတ်ပါသော ခြေရာအစုံကို ဆည်းကွယ်ကိုး
ကပ်ရန်အတွက် ခြေရာ ပေးပါအမေ”
အစ်ကိုကြီးမှာ အထက်ကစကားလေးပြောရင်း ငိုသံတွေပါလာတော့ မောင်နှစ်မတစ်တွေ
မျက်ရည်ဝဲကြရတယ်။အမေကတော့ ကြိုးစားပြီးပြုံးထားပုံပေါ်ပါတယ်။
မောင်နှစ်မ (၇)ယောက်စာအတွက် အမေ့ကို (၇)ခါ တွဲဖေးမပြီး ပိတ်ပဝါ (၇)စပေါ်မှာ
နင်းဖို့ ကူပေးရပါတယ်။
ပြီးတော့ အမေက သူ့ဘော်လီအိပ်ထောင်ထဲက ပိုက်ဆံတွေနှိုက်ပြီးကျမတိုတွေကို ကလေးတွေလိုပဲ မုန့်ဖိုးပေးတဲ့ အခါ ကျမတို့ ပိုက်ဆံလုကြပါတယ်။ ကျမတို့ ငိုမလို
ရယ်မလို ဖြစ်နေတာကို အမေ ဖြေဖျောက်ပေးလိုက်တာမှန်း သိလိုက်ကြပါတယ် အမေ။
ကျမ အိမ်က ဘုရားခန်း ကျမထိုင်တဲ့နေရာ အတည့်လောက်မှာ အမေ့ခြေရာကို
မှန်ဘောင်သွင်းပြီး ယနေ့ထိ ကိုးကွယ်နေဆဲပါအမေ။ ရောက်ရှိရာဘုံဘဝက အမေ့
သမီးပြုသမျှ ကုသိုလ်တွေကို သာဓုခေါ်ပါအမေ။ အမေရေ အမျှ အမျှ အမျှ။
လွမ်းနေတုန်းပါပဲ အမေ။
14 comments
TTNU
November 5, 2011 at 11:07 pm
တောင်းပန်ပါတယ်။ကော်နက်ရှင်မကောင်းမှာစိတ်ပူပြီးသုတ်သုတ်တင်လိုက်တာ
“ ကျွန်တော် ကျွန်မတို့ အား အမေ့ ရဲ ့ မေတ္တာဓာတ်ပါသော ခြေရာအစုံကို ဆည်းကွယ်ကိုး
ကပ်ရန်အတွက် ခြေရာ ပေးပါအမေ”
အဲဒီနေရာမှာ (ဆည်းကပ်ကိုးကွယ်ရန်) လို့ ဖတ်ပေးပါမိတ်ဆွေတို့ရေ။
အုပ်ချုပ်သူကိုခိုင်က Edit ရပြီပြောပေမဲ့ Edit လုပ်ရင်းတန်းလန်း ဟိုတစ်နေ့က ဘာတွေလုပ်မိ
သလဲမသိတော့ပါဘူး။ In a mess ဖြစ်သွားလို့။ ပြန်ရိုက်ရတာ လက်ညှိုးလေးတွေ ကိုက်နေတာပဲ။
( Hunt and Peck ) ပဲ ရိုက်တတ်တာမို့ပါ။
kai
November 6, 2011 at 4:53 am
တီချယ် လက်ညိုးကိုက်ရတာ စိတ်မကောင်းဖြစ်မိပေမဲ့.. အနည်းဆုံးတော့ Hunt and Peck ဆိုတာလေး ရွာသူားတွေရသွားပါတယ်..။
မြန်မာလို တချောင်းထိုးလေးနဲ့ စာရိုက်တယ်ခေါ်မလား..။ 🙂
maythakhin
November 5, 2011 at 11:30 pm
“ အမေကတော့ ကြိုးစားပြီးပြုံးထားပုံပေါ်ပါတယ်။” အမေပြုံးတဲ့အပြုံးလေးက သားသမီးတွေက တကူးတက နဲ့ အမေ့ခြေရာကို ဆည်းကပ်ဖို့တောင်းတာကို အတိုင်းမသိဝမ်းသာခြင်း ၊ကြည်နူးခြင်းတွေနဲ့ပြုံးတဲ့အပြုံးလေးလို့ ထင်ပါတယ်။
TTNU ကို တကယ်ကိုလေးစားပါတယ်။ လူအများစုဟာ ချစ်တယ်ဆိုတာကိုဘဲ နားလည်ကြပြီး လက်တွေ့ အကောင်အထည်ဖော်ရမှာကို မရဲကြပါဘူး။ နှုတ်ဆိတ်နေကြတာများပါတယ်။ (528) ကိုပြောတာပါ။
မေ လည်းဒီအတိုင်းပါဘဲ။ မိဘကိုချစ်တယ်၊လေးစားတယ်။ ဒါပေမဲ့ ဒီလိုမျိုးအကောင်အထည်ဖော်ဖို့ကို မကြိုးစားမိဘူး။ တကယ့်ကိုလေးစားပါတယ်ရှင်……………….
koyinmaung
November 6, 2011 at 9:57 am
တချို့ကအမေ့ရဲ့အထက်ဆင်အစလေး
တချို့ကမမေ့ရဲ့အံသွားလေး
ဆရာချစ်စံဝင်းကအမေ့ရဲ့ခြေရာလေး
အားလုံးကောင်းတဲ့ရည်ရွယ်ချက်တွေပါဘဲ…တုနှိုင်းမရတဲ့
အစားထိုးမရတဲ့အမေဘဲမဟုတ်ပါလား….
windtalker
November 6, 2011 at 10:47 am
ဟိုးတုန်းက ကြည့်ခဲ့ဖူးတဲ့ ဒေါ်ချိုပြုံး ဇါတ်ကား ကို ပြန်သတိရမိသလိုပါပဲလား ဆရာမရေ
ကျုပ် တို ့လဲ ၊ ဆရာမတို ့မောင်နှမ တွေ လို စီစဉ်ရဦးမယ်ဗျာ
ကျေးဇူးပါပဲ
MaMa
November 6, 2011 at 1:23 pm
တခါက မိသားစုအကုန်လုံး ဘုရားဖူးထွက်ရင်းနဲ့ စစ်ကိုင်းက မြစင်္ကြာဆရာတော်ကျောင်းမှာ သွားတည်းတယ်။ ဆရာတော်နဲ့က ရင်းနှီးနေတာမို့ အဖေနဲ့အမေကို ရှေ့ထွက်ပြီး ကုလားထိုင်မှာ အကျအနထိုင်ခိုင်းတယ်။ ပြီးတော့ ကျမတို့ မောင်နှမတွေကို မိဘနှစ်ပါးအပေါ်မှာ ပြစ်မှားမိခဲ့တာတွေရှိရင် ခွင့်လွှတ်ပါလို့ တိုင်ပေးတာကို လိုက်ဆိုခိုင်းပြီး ထိခြင်းငါးပါးနဲ့ သေသေချာချာ ကန်တော့ခိုင်းတယ်။ ဘာဖြစ်လို့မှန်းမသိ ကျမတို့မောင်နှမတွေလည်း မျက်ရည်ဝဲ၊ အဖေနဲ့အမေလည်း မျက်ရည်ဝဲကြတာပေ့ါ။ ဆရာတော်က အဖေနဲ့အမေကို စိတ်ထဲဘယ်လိုနေသလဲ။ အပြစ်တွေကို ခွင့်လွှတ်လားလို့မေးတယ်။ အဖေက “စိတ်ထဲဘယ်လိုမှန်းမသိဘူး။ ဝမ်းနည်းသလို ဝမ်းသာသလိုပဲ၊ သားတို့ သမီးတို့ အပြစ်တွေ အကုန်လုံးခွင့်လွှတ်ပါတယ်” လို့ပြောခဲ့တယ်။
hmee
November 6, 2011 at 3:25 pm
ကျွန်မတို့ ငယ်ငယ်ကတည်းက ကျောင်းပိတ်တုန်းရွာပြန် ကျောင်းဖွင့်လို့ မြို့ပြန်မယ်ဆို မောင်နှမတွေ အမေတို့ကို ထိုင်ကန်တော့တိုင်း အမေက အမြဲ ရှိုက်ကြီးတငင် ငိုတယ်။ အဖေလည်း မျက်ရည်ကျတယ်။ ဒါနဲ့ နောက်ဆို သနားလို့ မြို့ပြန်တိုင်း မကန်တော့ရဲတော့ဘူး အသာလေး မသိမသာ ဘာမှမဖြစ်သလို ပြန်ရတယ်။ အဖေနဲ့ အမေ့ ခြေရာကို ယူဖို့ မောင်နှမတွေ စုပြီး တိုင်ပင်တော့ မိဘတွေ ခံစားရမှာကို ကြိုတွေးမိကြလို့ သနားတာနဲ့ အခုထိ အထမမြောက်သေးဘူး။ ဒီတခါ ပြန်ရောက်ရင်တော့ မိစုံဖစုံလေး ရှိတုန်းရှိခိုက် ခြေရာလေးယူဖို့ ကြိုးစားကြည့်ဦးမှပဲ။
pooch
November 6, 2011 at 4:25 pm
တီချယ်ရဲ့ အမေက ပိန်ပိန်သေးသေးလေး နော် ..ဓာတ်ပုံထဲမှာ မြင်ဖူးတာ.. ..
ခြေရာအကြောင်းကို လည်း ပြောဖူးတယ်…
ဒါပေမဲ့ အခု လို အသေးစိတ်ရေးပြတာလေးက ပိုပြီး ခံစားရတယ်……
manawphyulay
November 6, 2011 at 5:18 pm
ဒါကြောင့် ရှေးလူကြီးတွေက ပြောတာနော်။ မိဘဆိုတာ မသေခင်လုပ်ကျွေးပါ။ သေမှမငိုပါနဲ့ဆိုတာလေ… မိဘအနားမှာရှိနေချိန်မှာ နွေးထွေးသော မိဘအရိပ်က ဘာနဲ့မှလဲလို့မရဘူးလေ။
ပေါက်ဖော်
November 6, 2011 at 7:20 pm
တီချယ်ရေ….
ကျနော်..ဒီလိုမျိုးဖတ်ရင်သာ ရင်ထဲ တစ်မျိုးဖြစ်တာ..
ဆယ်စုနှစ် ၂ခုလောက် ဝေးနေတဲ ့မားသား ကို ကျနော် မလွမ်းဘူးဗျာ..
🙄
TTNU
November 6, 2011 at 9:33 pm
ကိုခိုင်ရေ… ရှင်ပြောတာမှန်ပါတယ်။ တစ်ချောင်းထိုးလေးနဲ့ စာရိုက်ပြီးတီချာ Dissertation
ကိုတင်ခဲ့တာသိရင် ခုထိ လက်ဆယ်ချောင်းလုံးနဲ့ မရိုက်တတ်သေးတာ ညံ့တယ်ဝေဖန်ခံ
ရမှာပါပဲ။ တစ်ခါတစ်လေအရေးးမကြီးပါဘူးလေ ဆိုတဲ့ စိတ်၊ ငါ Typing လုပ်စရာ အလုပ်မရှိလောက်တော့ပါဘူးဆိုတဲ့စိတ်၊ အခုမှတော့ပြန်ကျင့်ရမဲ့ သဘောဖြစ်နေတယ်ကွယ်။
မေသခင်ရေ… အကောင်အထည်ဖော်ကြည့်ပါလားဟင်။
ကိုရင်မောင်ရေ… အမေကိုမကိုးကွယ်တဲ့သူမရှိသလောက်ပဲနော်။
ကိုဝင်းထော်လခါရေ…မနှောင့်နှေးပါနဲ့၊ အမေ့ခြေရာ အမေနေကောင်းတုန်း ယူထားဖို့
အကြံပြုပါတယ်။
မမရေ… တီချာတို့ အဖေအမေကို ကန်တော့တဲ့အခါတိုင်း ကာယကံ၊ဝစီကံ၊မနောကံ
တစ်ပါးပါးနဲ့ အပြစ်ကျူးလွန်မိရင် ခွင့်လွှတ်ပေးပါလို့ ဆိုပါတယ်။ အဲဒီအခါ မိဘနှစ်ပါး
ကလည်း ခွင့်လွှတ်ပါတယ်လို့ပြောပါတယ်။စိတ်ချမ်းမြေ ့စရာအကောင်းဆုံးအချိန်ပါပဲ ကွယ်။
မှီရေ…မိစုံဖစုံလေး ရှိတုန်းရှိခိုက် ခြေရာလေးယူဖို့ ကြိုးစားကြည့်ဦးမှပဲ ဆိုတာ
တီချာအရမ်းထောက်ခံပါတယ်။
ပူးချ်ရေ… အမေက အခုတီချာ့ ပုံစံအတိုင်းပါပဲ။
မနောဖြူလေးပြောတာကြိုက်တယ်၊ ဟုတ်တယ် အအေးမြဆုံးအရိပ်ပါ။
ကိုပေါက်ဖော်ရေ…(ကျနော်..ဒီလိုမျိုးဖတ်ရင်သာ ရင်ထဲ တစ်မျိုးဖြစ်တာ..
ဆယ်စုနှစ် ၂ခုလောက် ဝေးနေတဲ ့မားသား ကို ကျနော် မလွမ်းဘူးဗျာ..) အဲဒါရှင်လွမ်းနေတာလေ။
မလွမ်းဘူးထင်နေတာပါ ကွယ်။
MaMa
November 6, 2011 at 10:09 pm
ကော်မန့်တွေကို Reply ပေးလေ့ရှိတဲ့ တီချယ်ကြီးဆီက Reply မလာသေးလို့ မျှော်နေမိတာ။ ခုမှပဲ ပြည့်စုံသွားတော့တယ်။ သဂျီးပြောသလိုပါပဲ Hunt and Peck ဆိုတာ လက်တစ်ချောင်းတည်းနဲ့ စာရိုက်တယ်ဆိုတာလေး ခုမှပဲ သိသွားရလို့ ကျေးဇူးပါ။ :thanks:
မင်းပြည့်ရှိန်
November 7, 2011 at 3:23 am
အမေ့ ခြေရာကို ယူထားတာ ကောင်းသလား
အမေ့ ခြေရာကို ကိုးကွယ်တာ ကောင်းသလား
ပုညာဘိသင်္ခါရ များဖြစ်နေမလား..
ဒါကိုပဲ ထပ်ခါ ထပ်ခါ စဉ်းစားနေမိပါရဲ့…
မိဘဆိုတာကတော့ အနန္တကျေးဇူးရှင်တွေပါ…. ဘာကြောင့်ဆို ကိုယ့်ကို မွေးခဲ့လို့လေ…
ဒါပေမယ့် ဘယ်ပုံဘယ်နည်း ကျေးဇူးဆပ်ကြမလဲ.. ဘယ်ပုံဘယ်နည်း ဆည်းကပ်ကြမလဲ…
ကျေးဇူးတရား… မိဘ….. အမှန်တရား… ဓမ္မ… သင်္ခါရ…. တွေဝေနေမိဆဲပါပဲ….
မြင်သမျှ တွေ့သမျှ အတော်များများ မိဘ ကျေးဇူးကို အသိအမှတ်ပြုကြတယ်… နားလည်ကြတယ်…
သို့ပေမယ့်…. မိဘကျေးဇူးကို ဆပ်နိုင်သူကား ရှားတယ်…..
ဘယ့်နှယ် ကျေးဇူးဆပ်ကြမလဲ.. ခန္ဓာနဲ့ ဆပ်ကြမလား.. ဉာဏ်နဲ့ ဆပ်ကြမလား….
ပြီးတော့ မိဘကို အမျှဝေပေးတာ….ဒါဆို…ဘယ်များ ရောက်နေခဲ့သလဲပေါ့…
အမေ.. အမေ့ ခြေရာ.. အဖေ.. အဖေ့ ခြေရာ…
လက်ရာလေးပဲ ယူထားရင်ကောင်းမလား…. ခြေရာ…လေးပဲ ယူထားရင်ကောင်းမလား..
သတ္တဝါ တစ်ခု ကံတစ်ခု ပေပဲမို့.. ကိုယ့်တာဝန်ကိုယ်ကျေရင် ပိုများ ကောင်းမလား..
အမေ့ကိုသားချစ်ပေမယ့်….. တမ်းတမနေချင်ဘူး အမေ… ဘာကြောင့်ဆို
ဒုက္ခဖြစ်ကြောင်းတရားတွေက သမုဒယတွေပဲ မဟုတ်လား အမေ…
နှလုံးသားကို ဖြူအောင်ထားမယ်.. မကောင်းမှုရှောင် ကောင်းမှုဆောင်မယ်… ပြီးတော့..ပြီးတော့…
သမုတိသစ္စာအရ အမေဟာ အမေပါ.. ပရမတ္ထသစ္စာအရ… ခန္ဓာငါးပါး ရုပ်နာမ်တရားတွေမို့……
တဏှာကိုသတ်မှာ မို့လို့…. သံသရာကို ဖြတ်မှာမို့လို့… အမေရေ… သားတော့ အမေ့ခြေရာ ယူမနေတော့ဘူးဗျာ…..
small cat
November 7, 2011 at 2:45 pm
ဆရာမကြီးခင်ဗျာ၊ ကျွန်တေ့်အဖေရဲ့ဆုံးမမှုကြောင့် လက်ရှိ ရှိနေသေးတဲ့အဖေနဲ့အမေကို အခွင့်ရလို့ကန်တော့တဲ့အခါမှာ အဖေနဲ့အမေရဲ့ ခြေဖဝါးနှစ်ဖက်ကို နဖူးနဲ့ထိအောင်ဦးတိုက်ပြီး ကန်တော့နေနိုင်ပါသေးတယ်၊ အဖေနဲ့အမေမရှိတော့တဲ့အချိန်မှာ ဦးတိုက်ကန်တော့ဖို့ ဆရာမကြီးတို့ မောင်နှမတွေလို ခြေရာတွေယူထားဖို့ သတိရလိုက်ပါပြီ၊ကျေးဇူးပါ။
edit လုပ်လို့ရပြီဆိုတာလေးဘယ်နားမှာရှာဖတ်ရမလဲညွှန်ပြပါဦး၊ကျွန်တော်အခုရက်မှာအလုပ်များပြီး ရွာနဲ့အဆက်ပြတ်သွားတယ်၊စာစုံအောင်လည်းမဖတ်နိုင်ဘူးဖြစ်နေလို့ပါ။
ကိုမင်းပြည့်ရှိန်ခင်ဗျာ၊ မိဘကိုကျေးဇူးဆပ်တယ်ဆိုတဲ့နေရာမှာ အယူမှားနေတာကိုအမှန်ရောက်အောင် တည့်မတ်ပေးနိုင်ခြင်းက အမြတ်ဆုံးလို့မှတ်ဖူးပါတယ်၊ မသိတဲ့တရားတစ်ခုကို သိအောင် ပြောပြပေးနိုင်တာလဲမြတ်သောကျေးဇူးဆပ်ခြင်းဖြစ်မှာပါ၊ မိဘရဲ့အလှူအတွက် စီစဉ်ပေးခြင်းဟာလည်း အထိုက်အလျှောက်ကောင်းမြတ်သောကျေးဇူးဆပ်ခြင်းလို့မှတ်ဖူးပါတယ်။
ကျွန်တော်တစ်ခါတုန်းက သောကြာဆွမ်းပတ်မှာ မြို့လုံးကျွတ်သံဃာတော်တွေကို အာရုံဆွမ်းကပ်လှူပွဲမှာ အဖေနဲ့ အမေကို ခေါ်ပြီးကိုယ်တိုင်ကိုယ်ကျဆွမ်းဆက်ကပ်စေပါတယ်။ မနက်မိုးလင်းတော့ ဖေဖေကပြောပါတယ်၊ “” ငါ့သား၊ အဖေတို့သေရင် ငါတို့အတွက် မင်းသပိတ်သွတ်စရာမလိုတော့ဘူး၊ အဖေတို့သေမှသပိတ်သွတ်တာ ရဖို့မသေချာဘူး၊အခုငါ့သားက အဖေတို့ကိုကျိန်းသေရမဲ့ သပိတ်ကိုသွပ်ပေးခဲ့ပြီ၊ သားကျေးဇူးကောင်းကောင်းဆပ်နိုင်ခဲ့ပြီးပြီ”” လို့ပြောဖူးပါတယ်။