တစ်ချိန်က ပြင်ဦးလွင် နံနက်ခင်း
ကြာတော့ ကြာခဲ့ပါပြီ… ဆယ်စုနှစ်နှစ်စုစာ ဖြတ်သန်းခဲ့ပြီးသော်လည်း ရင်မှာ ကြေကွဲအမှတ်တရ၊ တွေးမိတိုင်း ပြန်သတိရဆဲပါ ပြင်ဦးလွင်။
=================================
အချိန်ကား မနက် ၅းဝဝ ခန့်သာ ရှိသေး၏။ နှိုးစက်သံကြောင့် အိပ်ရာမှ လန့်နိုးလာသော ကျွန်တော်သည်ကား ဒေါသတကြီးဖြင့် ခလုပ်ကို ဆောင့်ကာ အောင့်ကာ ပိတ်လိုက်ပြီးနောက် အိပ်ယာမှ မထချင် ထချင်ဖြင့်ထရလေသည်။ တောင်ပေါ်ဒေသဖြစ်သည့်အတွက် ခြင်ထောင်သိမ်းရခြင်းအမှုကား ငြိမ်းလေ၏။ ဂွမ်းကပ်ကို စနစ်တကျ လုံးထွေးပုံလိုက်ရင်း မထချင်၊ ထချင်ဖြင့် အိပ်ယာထက်မှ ပျင်းရိပျင်းတွဲ၊လေးလံသော မျက်လုံးအစုံဖြင့် အိပ်မှုံစုံဖွားထရတော့သည်။ အိမ်ပြင်ဘက် အုတ်ကန်တွင်းရှိ ရေခဲရေဖြင့် မျက်နှာသစ်ခြင်း ပြုလိုက်သောအခါ သေးကွေးလှသော ကျွန်တော်၏ မျက်လုံးအစုံမှာ ထိုက်သင့်သလောက် ပြူးကျယ်ခြင်းသို့ ရောက်တော့သည်။ ထို့နောက်တွင်မတော့ လေးလံလှသော အနွေးထည်ကြီးကိုချွတ်၊ ဂျင်းဘောင်းဘီကို ဘောင်းဘီတိုနှင့် လဲလှယ်ပြီးသကာလနေရောင်ပင် မမြင်ရသေးသည့် စိုက်ခင်းဆီသို့ ထမ်းပိုးကို ပုခုံးပေါ်တင်၊ ရေဖြန်းပုံးနှစ်ခုကို သံချိတ်ဖြင့် အသာအယာချိတ်ရင်း ချီတက်ရတော့သည်။
မြေကြီးကန်အတွင်း ပထမဆုံး ရေပုံးကို စတင်နှစ်လိုက်သောအချိန်မှာပင် လက်တစ်ဖက်တွင် ကျင်ကနဲ ခံစားရလေသည်။ နေ့စဉ်ကြုံတွေ့နေကျမို့ ထူးပြီး ဆန်းမလာတော့ပါ။ အများသူငါလို ရေစုပ်စက်လေး တစ်လုံးမရှိသည့်အတွက် ကိုယ်တိုင်ကိုယ်ကျပင် ရေလောင်းခြင်းပြုရသည်မှာ နှစ်ပေါင်း မနည်းတော့ပြီဖြစ်သည်။ ရေပုံးနှစ်ပုံးကို အသာအယာထမ်းရင်း အရွက်ဖားဖားကြီးများထွက်နေသည့် ဒေါင်းမုန်ညှင်းပင်များ၏ အရွက်အပေါ် ရေကျသံများသည်ကား နံနက်ခင်းတေးသံသာအလား ထင်မှတ်မိသည်။ ရက်ပေါင်း ၄ဝ ခန့်ရှိလာပြီဖြစ်သည့်အတွက် လွန်စွာမှပင် သန်မာထွားကျိုင်းလှပေသည်။ စတင် ပျိုးထောင်ခဲ့စဉ်က ပုရွက်ဆိတ်သာသာ အစေ့ကလေးများမှာ ယခုအခါတော့ အချိန်တန်၊ အရွယ်ရောက်နေပြီဖြစ်သည်။ စိုက်ခဲ့ဖူးသမျှတွင် မုန်ညှင်းစိမ်းစိုက်ရခြင်းသည်ကား လွန်စွာမှပင် ကျေနပ်ပီတိ ဖြစ်ရခြင်း ဖြစ်ရသည်။ အချိန်တိုအတွင်းမှာပင် ကြီးထွားလွယ်သောကြောင့်ဖြစ်သည်။ ကိုက်လံသည်ကား မျိုးလွန်စွာမှ ရွေးသည်။ ကောင်းလှသောမျိုးဆိုလျင် စတင်အဖူးဖူးစဉ်မှာပင် လက်တစ်ဆုပ်စာခန့် ရှိသောကြောင့် နှစ်ပင်မျှစည်းရုံဖြင့် ၁၅ ကျပ်ရသည်။ မကောင်းသော မျိုးဆိုလျင်မူ ဆယ်ပင်ခန့်စီးမှ ၅ ကျပ်ခန့်ရတော့သည်။ ဒီနေရာတွင် အလျဉ်းသင့်သဖြင့် ပြောရမည်ဆိုလျင် မေမြို့တွင်ကား ကိုက်လံအဖူးသည်သာ ဈေးကွက်ဝင်ပြီး အရွက်များသည်ကား နွားကျွေးရန်အလို့ငှာ အလကားပေးရခြင်းဖြစ်သည်။ ရန်ကုန်တွင်မတော့မူ နွားတောင်မစားသည့် ကိုက်လံအရွက်ရင့်ရင့်များကို ကိုက်လံအနေဖြင့် ဈေးကြီးပေးဝယ်ရသည်ကို ရင်နာမဆုံး ဖြစ်ရတော့သည်။
ဆက်ပါမည်…
တစ်ချို့သူများက မသိလျင်မူ နံနက်အစောကြီး ဘာလို့ ရေထလောင်းလဲဟု မေးခွန်းထုတ်စရာရှိမည်ဖြစ်သည်။ အေးမြသောဒေသဖြစ်သည့်အတွက် မြေကြီးအတွင်း အစိုဓါတ်ကို ကြရှည်စွာ ထိန်းသိမ်းထားနိုင်သည်။ တစ်ရက်တစ်ကြိမ် ရေလောင်းရုံမျှဖြင့် လုံလောက်ပေသည်။ နံနက်ခင်း ရေထလောင်းရခြင်းမှာ “နှင်းခါး” ရိုက်မည်ကို ကြောက်သောကြောင့်ဖြစ်သည်။ နှင်းဆိုသည်မှာ မည်သည့်အရသာမှ မရှိသော်လည်း စကားအနေဖြင့် ပြောခြင်းဖြစ်သည်။ ညကတစ်ညလုံး ကျဆင်းခဲ့သော နှင်းရည်များသည်နံနက်စောစောနေရောင် ကျလာသည်ကိုပင် မမှုပဲ သစ်ရွက်များအပေါ်တွင် အာဂသတ္တိဖြင့် နောက်ဆုံးတစ်မှုန်ကျန်သည်အထိ တွယ်ကပ်နေတတ်လေသည်။ ထိုသို့တွယ်ကပ်နေခြင်းကြောင့် သစ်ရွက်များမှာ များမကြာမီမှာပင် ဝါကျင်ခြင်းသို့ရောက်ရလေသည်။ ဟင်းသီးဟင်းရွက်ဈေးကွက်တွင် အစိမ်းရောင်အရွက်များသာ ဈေးကောင်းရပြီး လတ်ဆတ်သည်ဟုဆိုကာ ဈေးပေးသည့်အတွက်ကြောင့် ထိုအရွက်များ မဝါစေခြင်းအလို့ငှာ နံနက်စောစော ရေလောင်းရခြင်းဖြစ်လေသည်။
စိုက်ဘောင်များအားလုံးကို ရေလောင်းခြင်းပြီးသည့်အခါ ကျွန်တော်သည်လည်း အတော်လေးပင် နွေးထွေးလာပြီဖြစ်သည်။ အကျီင်္လက်တို၊ ဘောင်းဘီလက်တိုဖြင့် ဖြစ်လင့်ကစား မေမြို့ဆောင်းသည်ကား ကျွန်တော့်အား အေးမြခြင်း မပြုနိုင်တော့ပြီဖြစ်သည်။ ရေထမ်းပုံးနှစ်ခုကို ပြစ်ချပြီး ကျောင်းဝတ်စုံကို အပြေးအလွှားလဲရတော့သည်။ အချိန်သည်ကား နံနက် ရး၃ဝ ရှိပြီဖြစ်သည်။ ရး၄၅ ဆိုလျှင် ကျောင်းကားလာတော့မည်ဖြစ်သည်။ နံနက်ခင်း ထမင်းကျော်ကို အပြေးအလွှားစားပြီး အိမ်ပေါက်ဝတွင် ကျောင်းကားကိုထွက်မျှော်ပြီး မကြာမီမှာပင် ဆူဆူညံညံအသံများဖြင့် ကျောင်းကားသည်ကား အိမ်ရှေ့သို့ ဆိုက်ရောက်လာပြီဖြစ်သည့်အတွက် အပြေးအလွှားတက်ရင်း ကျောင်းတော်ကြီးဆီသို့ ချီတက်လာရပေတော့သည်…။
====================================================================
အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း
ပြင်ဦးလွင်
ဆိုင်းဘုတ်ကြီးသည်ကား အဖြူနှင့်အစိမ်း တွဲရေးထားသော်လည်း ဆေးများ အနည်းငယ်ကွာနေပြီဖြစ်သည့်အတွက် အောက်ခံသံပြားအရောင်နှင့် ပေါင်းလိုက်လျင် သုံးရောင်ချယ်ဖြစ်သည်။ ဆိုင်းဘုတ်ကြီး၏ နောက်တွင်တော့မူ အနီရောင် ကိုလိုနီခေတ်အဆာက်အဦးကြီးသည်ကား ခန့်ခန့်ညားညားကြီး ရှိတော့သည်။ ကိုလိုနီခေတ်ကာလက အမျိုးသမီးကျောင်းအနေဖြင့် ရှိခဲ့သော်လည်း ယခုအခါတွင်မတော့မူ အ.ထ.က ကျောင်းကြီးတစ်ခုအနေနှင့် အမျိုးသမီး၊ အမျိုးသားစုပေါင်းတက်ရသည့် ကျောင်းကြီးဖြစ်နေပြီဖြစ်သည်။
ကျောင်းကြီးမှာ အိုလှပြီဖြစ်သော်လည်း ခိုင်ခန့်သည့် ထုထည်ကြီးဖြင့် တည်ရှိနေဆဲဖြစ်သည်။ ကျောင်းဝင်းအတွင်းတွင် ထင်းရှူးပင်ကြီးများမှာ လွန်စွာကြီးမားတုတ်ခိုင်လှပြီး အတော်ပင်မော့ကြည့်ရသည်အထိ မြင့်မားလေသည်။ နှစ်ပေါင်းအဘယ်မျှ ကြာခဲ့ပြီကို မသိသော်ငြား ခန့်ညားလှသောကျောင်းတော်ကြီးနှင့် ထင်းရှူးပင်ကြီးများသည်ကား လွန်စွာပင် ပလဲပနံသင့်လှပေသည်။ ကျွန်တော်တို့၏ ကျောင်းတော်ကြီးသည်ကား လွန်စွာဆင်းရဲလှသော ကျောင်းကြီးအဖြစ်နှင့် နာမည်ကြီးလေသည်။ ဝန်ထမ်းသားသမီးများသာ တက်ရောက်ကြသော ကျောင်းကြီးဖြစ်သည့်အတွက် ကိုယ်ပိုင်ကားများမတွေ့ရသော်လည်း နံနက်ပိုင်းတွင် ကျောင်းကားများမှာ ကျောင်းရှေ့တွင် တစ်စီးပြီး တစ်စီးဖြစ်သည်။ ကိုယ်ပိုင်စက်ဘီးဖြင့် ကျောင်းတက်နိုင်သူပင် အတော်လေး ရှားပါးလှသည့်ကျောင်းကြီးဖြစ်သည်။ မှတ်မှတ်ရရဆိုလျင် ထိုစဉ်က အတော်လေးခေတ်စားခဲ့သည့် ကျောင်းဘင်ခရာဝိုင်းလေးပင် မထားနိုင်သည့် ကျွန်တော်တို့၏ ကျောင်းတော်ကြီးပင် ဖြစ်တော့သည်။ ရှေးခတ်ကျောင်းတော်ကြီးဖြစ်သည့်အတွက် ခေါင်မိုးများမှာ လွန်စွာမြင့်မားလှသည့်အတွက် မျက်နှာကျက်နှင့် ခေါင်စွန်းမှာ ဆယ်ပေခန့်မျှပင် ဖြစ်သည့်အတွက် မျက်နှာကျက်အဖြစ် သစ်သားလျှာထိုးများကိုသာ သုံးထားသည့်အတွက် ထိုကျယ်ဝန်းလှသော အခန်းကြီးသည်ကား ခိုငှက်များ၊ လင်းနို့များ ပျော်မြူးရာ ဖြစ်တော့သည်။
(ဆက်ချင်ဆက်ပါမည်၊ စိတ်မပါလျင် တန်းလန်းသာ ထားပါတော့မည်)
ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)
18 comments
ရှူံးနိမ့်မှုများနဲ့.. လူ
November 9, 2011 at 6:12 am
ယခုရက်ပိုင်း အိမ်ဖြည့်အနေနှင့်သာ ရေးသားလိုက်ရပါကြောင်း……
PEACEMAKER
November 9, 2011 at 6:40 am
မေမြို့အကြောင်း အရမ်းစိတ်ဝင်စားတယ်။ အထူးသဖြင့် ဒေသန်တရဗဟုသုတများများလေး ရေးပေးစေချင်ပါတယ်။ မြို့တွင်းအကြောင်း ဆင်ခြေဖုံးကျေးရွာအကြောင်းလေးတွေ ဥပမာ ရေချမ်းအိုးရွာ သိရင် ရေးပေးစေချင်ပါတယ်။
ရှူံးနိမ့်မှုများနဲ့.. လူ
November 9, 2011 at 6:50 am
ရေချမ်းအိုးရွာဆိုတာ ပြင်ဦးလွင် ပဒေသာကွက်သစ်ကနေ လားရှိုးကိုထွက်တဲ့ လမ်းဘေးက မဟာအံ့ထူးကံသာဘုရားရှိတဲ့ ရွာလေးဖြစ်ပါတယ်။ မိုးကြိုးပြစ် စံပြရွာနဲ့ဆက်စပ်နေတဲ့ရွာလေးလဲဖြစ်တယ်။ ဒေသခံအများစုကတော့ တောင်ယာစိုက်ပျိုးရေးကိုပဲ လုပ်ကိုင်ကြပါတယ်။ အထူးသဖြင့်တော့ ဂေါ်ဖီနဲ့ ပန်းတွေကို စိုက်ပျိုးကြပါတယ်။ ခုနောက်ပိုင်းမှာ (၂၀၀၀) နောက်ပိုင်းမှာ မြေကွက်တွေ မတန်တဆ ဈေးမြောက်လာတာကြောင့် ဒေသခံ အများစုရောင်းချပြီး ထွက်ခွာသွားတဲ့အတွက် ဒေသခံ မရှိတော့သလောက်နဲ့ ကျွန်တော်သည်ကား ဆယ်စုနှစ် တစ်စုကျော်စာမက ထွက်ခွာလာခဲ့ပြီးတဲ့သူဖြစ်တဲ့အတွက် ထိုရွာလေးအကြောင်းကို ကောင်းမွန်ပြည့်စုံစွာ မရေးသားနိုင်တော့တဲ့အကြောင်း…
PEACEMAKER
November 9, 2011 at 7:56 am
ကျေးဇူးအထူးတင်ပါတယ်နော်။ မေးရမှာအားနာပေမဲ့ သိမလားဆိုပြီး ထပ်မေးချင်တာလေး ရှိသေးလို့ စိတ်မရှိရင် ဖြေပေးပါဦး။ ရေချမ်းအိုးအရှေ့ ၁၂ရပ်ကွက်ဆိုတာ မဟာအံ့ထူးကံသာဘုရားကြီးနဲ့ နီးသလား ဝေးသလား သိချင်ပါတယ်။ ရေချမ်းအိုးရွာကို မြို့ထဲကနေသွားရင် ကိုယ်ပိုင်ကားနဲ့သွားရင် ဘယ်လောက်ကြာမလဲ သိချင်နေပါတယ်ရှင့်။
ရှူံးနိမ့်မှုများနဲ့.. လူ
November 9, 2011 at 12:02 pm
ရေချမ်းအိုးက မြို့ထဲကနေ ကားနဲ့သွားရင် ၁၅ မိနစ်လောက်နဲ့ ရောက်နိုင်ပါကြောင်း…
koyinmaung
November 9, 2011 at 8:42 am
ကိုလူရှုံးရေးစိတ်ဝင်စားတယ်ဗျို့
ဆက်ရေးပါ…အားပေးနေပါတယ်…
ကြောင်ကြီး
November 9, 2011 at 10:09 am
လုပ်ချင်လုပ်
မလုပ်ချင်နေ
တန်းလန်းတော့
မထားနဲ့…
စာနာပါ
ညှာတာပါ
အဝှာဆိုတာ
ဆုံးမှကောင်း..။ 😳
nozomi
November 9, 2011 at 11:23 am
ကျွန်တော်လဲ ပြင်ဦးလွင်ရဲ့ ဆောင်းမနက်ခင်းကို ကြုံဘူးတယ်ဗျ ၊ မြေပြန့်က လူအတွက်တော့ အေး မှ အေး ပဲ
ကိုရှုံးလူ ဆီမှာ စာဖတ်သူတွေ စိတ်ဝင်စားတဲ့ ကုန်ကြမ်းတွေလဲ ရှိတယ် ၊ အရေးအသားကလဲ ကောင်းတယ် အချိန်ရ ရင် များများရေးပါ ဗျာ
နောက် ရှုံးလူ ဆိုတာနဲ့ ပတ်သက်လို့ ဘယ်လိုတွေး ဘယ်လိုခံစားပြီး ပေးထားတယ်တော့ မသိပေမဲ့ ၊ ရှုံးတယ် နိုင်တယ် ဆိုတဲ့ ကိစ္စကတော့ သူများက သတ်မှတ်ပေးလို့ မရဘူး ကိုယ် ကိုယ်တိုင် သတ်မှတ် ရတယ်လို့ မြင်တာပဲ ၊ ငါ မရှုံးဘူးလို့သာတွေး အမြဲကို နိုင်နေမှာ စိတ်သာချ ဗျ
ကိုကြောင် ပြောသလို တန်းလန်းကြီး ဆိုတာ ဘယ်ဟာမှ မကောင်းပါဘူးဗျာ ၊ ဝတ်လိုက် တတ်တယ်နော သတိထား
ရှူံးနိမ့်မှုများနဲ့.. လူ
November 9, 2011 at 12:00 pm
ကုန်ကြမ်းတွေတော့များပြီး ကုန်ချောတွေအနေနဲ့ ထုတ်မပြတတ်တာတော့ ခက်နေတယ်ဗျာ.. ပညာရပ်ပိုင်းဆိုင်ရာတွေမဟုတ်တဲ့ အကြောင်းတွေဆိုတော့လဲ ချပြရမှာ အားနာသား..
nozomi
November 9, 2011 at 12:18 pm
ယေဘုယျအားဖြင့် ကြက်သားက ချဉ်ပေါင်းရွက်ထက် ပိုကောင်းတယ် ဆိုပေမဲ့ ကြက်သားချည်းပဲ အမြဲ မစားနိုင်ပါဘူး ချည်ပေါင်ရွက်ကို ရွေးချင်သူလဲ ရှိမှာပေါ့
ချဉ်ပေါင်ရွက် ကြိုက်သူဆိုရင်တော့ ကြက်သားတောင် ရွေးချင်မှ ရွေးမှာ
လူတိုင်း မှာ သူတို့ ဖြတ်သန်းလာရတဲ့ ပတ်ဝန်းကျင် ၊ခံစားမှု၊ ပညာ……တွေ အပေါ် အခြေခံပြီး သူတို့ ကိုယ်ပိုင် ပေတံတွေ ရှိပါတယ် ကောင်း/မကောင်း၊ ကြိုက်/မကြိုက် သူတို့(စာဖတ်သူ) ဘာသာ ဆုံးဖြတ်ပါစေဗျာ ၊ ဒီ ရွာထဲမှာ ရေးသူဘက်က လိုတာ စေတနာ ပါပဲ ၊ ကိုမရှုံး ပို့စ် တွေမှာ စေတနာတွေ တွေ့နေရတာပဲ ၊ ကုန်ချော ထုတ်ပြနိုင်တဲ့ စွမ်းရည်လဲ ရှိပါတယ်
ဆက်လုပ်ပါဗျ ၊ ကိုမရှုံးမှာ တခြားသူထက် ထူးတဲ့ အရေးအသားလဲ ရှိတာပဲ ဟာ
amatmin
November 9, 2011 at 12:34 pm
ကျွန်တောကတော့ ” နှင်းခါး” ရိုက်တဲ့ အကြောင်းလေးရယ်.(ကြားဖူးနေကျပဲ ဒါပေမဲ့ ဘာမှန်းမသိဘူးဗျ.)
ပြီးတော့ နွားတောင်မစားသည့် ကိုက်လံအရွက်ရင့်ရင့်များ..(မတန်လို့ မမြည်းတော့ဘူး)
ဒါလေးတွေ သိရတဲ့ အတွက်. ကျေးဇူးတင်ပြီး စိတ်ဝင်တစား နဲ့စောင့်ဖတ်မှာဗျ….
J.me
November 9, 2011 at 1:15 pm
ကိုရှုံးရဲ့ အရေးအသားတွေကို လေးစားသမှုနဲ့ အမြဲဖတ်ရှုအားပေးနေတာပါ
ဆက်ရေးပါ နော့ ။
Shwe Ei
November 9, 2011 at 5:26 pm
ဆရာရှုံးကလဲ စ တော့ စ ထားပြီး အဲလိုမလုပ်နဲ့လေ။
pooch
November 9, 2011 at 5:31 pm
ရှုံးလူက မေမြို့ မှာနေသားကျလို့ အစောကြီး အအေးကို အံတုပြီး ရေလောင်းနိိုင်တာ ..
နေနေ ကြ မဟုတ်လို့ကတော့ အစောကြီးဆို အအေးဒဏ်ခံနိုင်ဖို့ မလွယ်ဘူး…
အခု မိုးကြိုးပစ်ရွာ အနီးတဝိုက်မှာ စိုက်ခင်း အသစ်တွေ အများကြီးပဲ … ဖက်စပ်လား ဒီက လူတွေ စိုက်တာလားတော့ မသိဘူး… လှတော့ အတော်လှတယ်..
အခုမြေဈေးတွေလည်း ဘာကောင်းသလဲမမေးနဲ့….
forever
November 9, 2011 at 7:00 pm
စိုက်ပျိုး ရေးဆို စိတ်ဝင်စားတယ်ဗျာ
အနိင်ကိုစွန်.လွှတ်ထားသူကြီးရေ ..
အပင်တွေရဲ.သဘောသဘာဝကို အခွင်.ကြုံတဲ.အခါ
ရှင်းပြပေးပါအုံး စောင်.ဖတ်ပါ.မယ်
အခုခေတ်က greenbusiness တွေခေတ်စားလာတော.မယ်ဗျ။
hmee
November 10, 2011 at 3:11 pm
ရှုံးလူရေ မမှီလည်း ငယ်ငယ်က ဆောင်းတွင်းကြီး ယာထဲလိုက်သွားတော့ နှင်းတွေကျတာများ ရှေ့လူနောက်လူ မမြင်ရဘူး။ လမ်းလျှောက်ရင်း လုံချည်အနားစတွေဆိုတာ ရေလောင်းထားသလိုပဲ နှင်းစိုတာလေ။ အဲ့တုန်းက လမ်းတလျှောက် အဖေပြောတာ မှတ်မိသေးတယ် ဒီလို နှင်းခါးရိုက်ပုံနဲ့ဆို ပဲပွင့်တွေ နာတော့မှာပဲတဲ့။ နှင်းမရှိရင် ပဲမပွင့်သလို နှင်းခါးရိုက်တော့လည်း ကုန်ရောတဲ့။ အဲ့တော့မှ နှင်းခါးဆိုတဲ့စကား စကြားဖူးတာ။ ရန်ကုန်ရောက်တော့ သူငယ်ချင်းတွေ နှင်းခါးအဓိပ္ပါယ် မသိလို့ ကိုယ်က ကြားဖူးတာကို ရှင်းပြခဲ့တာ မှတ်မိသေးတယ်။ ဆက်ရေးပါ ရှုံးလူရေ စောင့်ဖတ်နေပါ့မယ်။
နီလေး
November 10, 2011 at 3:40 pm
အပိုင်းဆက်ကိုစောင့်မျော်အားပေးနေပါတယ်
km
November 10, 2011 at 7:52 pm
ပြီးခဲ့တဲ့နှစ်ရက်ကမှပြင်ဦးလွင်ကပြန်ခဲ့တာပါ။မြိ ု့ကတော့ပြောင်းလဲသွားသလိုပဲ။