ဖားအောက်တောရမှာ ၉ ရက်တာ (၁)

weiweiNovember 14, 20111min37637

တန်ဆောင်တိုင်မှာ အလုပ်ပိတ်ရက်တွေနဲ့ အလှူအတန်းတွေများနေတုန်း ခွင့်ယူပြီး သန်လျင်က ဖားအောက်တောရရိပ်သာမှာ ၉ ရက် သွားရောက်နေထိုင်ပြီး ရိပ်သာဝင်ဖြစ်ခဲ့ပါတယ်။ အလှူဒါနအနေနဲ့ ဆွမ်းစရိတ်အတွက် အလှူငွေ ၂၀၀၀ဝ ကျပ်လှူဒါန်းခဲ့ပါတယ်။ သတ်သတ်လွတ်ဆွမ်းနဲ့ ၉ ပါးသီလကို ၉ ရက် ဆောက်တည်ခဲ့ပါတယ်။ သမထဘာဝနာကမ္မဌာန်း ၉ ရက်အားထုတ်ခဲ့ပါတယ်။ ဆရာတော်ကြီး၏ ဩဝါဒများကိုလဲ နာကြားခဲ့ပါတယ်။ ယခုကဲ့သို့
္စ္ကပြုလုပ်ခဲ့ရသော ဒါန၊ သီလ၊ ဘာဝနာ အစရှိသော ကုသိုလ်ကောင်းမှုအစုစုတို့ကို ဂေဇက်မှ သူကြီးအား အမှူးထား၍ ရွာသူရွာသားအားလုံးအား အမျှပေးဝေပါတယ်။ အားလုံးအမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြသည် ဖြစ်ကြပါစေသော်ဝ် ……

အတွေ့အကြုံလေးတွေလဲ မျှဝေပေးချင်ပါသေးတယ်။ လေးလေးနက်နက်ကြီး ငြင်းခုန်ကြမှာကိုလဲ မလိုလားတဲ့အတွက် ရင်းနှင်းပြီးသား သူငယ်ချင်းတစ်ယောက်ကို ပြောပြတဲ့ ပုံစံလေးနဲ့ ရေးပြမယ်လို့ စိတ်ကူးမိပါတယ်။ ပေးစာလေးတစ်စောင်လို ပေါ့ပေါ့ပါးပါးလေးပဲ ဖတ်နိုင်အောင်လို့ပါ။

သူငယ်ချင်းရေ …
နင်စင်ကာပူကို မသွားခင်တုန်းက ဖားအောက်တောရမှာ နှစ်လတရားစခန်းဝင်ခဲ့သေးတယ်လို့ပြောတုန်းက ငါတော်တော်အားကျခဲ့သေးတယ်။ အခုထိလဲ မနက်တိုင်း တရားထိုင်ပြီးမှ အလုပ်ကိစ္စတွေလုပ်ရတာ စိတ်ကြည်လင်လန်းဆန်းတယ်လို့ နင်ပြောခဲ့ဖူးလို့ ငါလဲ အဲဒီလို အလေ့အကျင့်ကောင်းလေးတစ်ခု လုပ်ချင်လာခဲ့တယ်။ အလုပ်က ခွင့်ယူဖို့ တော်တော်ခက်တယ်ဟာ။ ဒီအပတ်တော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ခွင့်တင်ပစ်လိုက်တယ်။ stress တွေ သိပ်များလာတာကို မခံနိုင်တော့ဘူး။
ချက်ခြင်းဆုံးဖြတ်ပြီးပြီး အိမ်ကိုလဲ ဖုန်းဆက်ပြောပြီး နောက်တစ်နေ့မနက်ပဲ သွားလိုက်တယ်။ ဒီလောက်ကောင်းတဲ့အလုပ်ကိုလုပ်တာတောင် မေမေက ဝမ်းသာအားရသိပ်မရှိလှဘူး။ ငါ့ကို လက်ရှိအလုပ်တာဝန်တွေကနေ ရှောင်ပြေးတယ်လို့ထင်နေတယ်။ ငါကသေချာပြန်ရှင်းပြရသေးတယ်။ ရှောင်ပြေးတာမဟုတ်ပါဘူး။ အားလုံးကိုလုပ်မှာပါလို့။ အခုအချိန်မှာ စိတ်စွမ်းအားတွေကျနေလို့ ဘာပဲလုပ်လုပ် အဆင်မပြေဖြစ်လို့ စိတ်ကိုအရင်အေးချမ်းအောင်လုပ်ပြီးမှ ပြန်လုပ်ရင် အရင်ကထက် ပိုအဆင်ပြေလာအောင်လို့ပါလို့ပြောမှပဲ စိတ်ကျေနပ်သွားတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က သန်လျင်မှာ ဖားအောက်တောရရိပ်သာ ပနှက်ချမင်္ဂလာလုပ်တုန်းက ငါရောက်ခဲ့သေးတယ်။ ငါတို့မိသားစုတွေ အဲဒီမှာ အကြိမ်ကြိမ်လှူခဲ့ဖူးတယ်။ ရိပ်သာဝင်ချင်တဲ့သူတွေကိုလဲ လိုက်ပို့ခဲ့ဖူးတယ်။ ဒါပေမယ့် ငါတစ်ခါမှ မဝင်ဖြစ်ခဲ့ဘူး။ ရိပ်သာက လူကြီးတွေ ယောဂီထိန်းအဆောင်မှူးတွေနဲ့ မျက်မှန်းတန်းမိပြီးသားဖြစ်နေလို့ ငါ့အတွက် အဆင်ပြေပါတယ်။ ရုံးခန်းမှာ ဖောင်တစ်ခုဖြည့်ရတယ်။ ပြီးတော့ အမျိုးသမီးအဆောင်မှူးကိုပြပြီး သူက အခန်းစီစဉ်ပေးတယ်။ အဆောင်အသစ်ဖြစ်တဲ့ ၃ ထပ်အဆောင် (ဇနပဒကလျာဏီ) မှာ တစ်ယောက်ထဲတစ်ခန်း စီစဉ်ပေးပါတယ်။ ဟိုတယ်က အခန်းတစ်ခန်းလိုပါပဲ။ ကုတင်နဲ့မွေ့ယာမပါတာကလွဲလို့ပေါ့။ အားလုံးပြည့်စုံပြီး သန့်ရှင်းသပ်ရပ်နေတာပဲ။ စည်းကမ်းတွေကို ရှင်းပြတယ်။ စည်းကမ်းစာရွက်လဲပေးတယ်။ ယောဂီဝတ်စုံလဲလှယ်ပြီး နေ့ဆွမ်းအတွက် တန်းစီတာက ငါ့အတွက် ပထမဆုံးအတွေ့အကြုံပေါ့။ အိမ်ကနေ ပန်းကန်ပြားတစ်ချပ်၊ မက်ခွက်တစ်ခွက်နဲ့ ဇွန်းတစ်ချောင်းယူသွားရတယ်နော်။ ယောဂီသဘက်ကို ဘယ်ဘက်ပုခုံးပေါ်မှာတင်ပြီး လက်နှစ်ဖက်နဲ့ ပန်းကန်နဲ့ခွက်ကိုကိုင်ပြီး ဆွမ်းတန်းစီရာကို သွားရတယ်။

သံဃာတော်များက ဆွမ်းစာဆောင်တစ်ဆောင်နဲ့ ကပ်လျက်အဆောင်မှာ အမျိုးသားယောဂီ၊ သီလရှင်များနဲ့ အမျိုးသမီးယောဂီများ ဆွမ်းစားကြရတယ်။ စင်္ကြန်လမ်းမှာ အားလုံးညီညီညာညာတန်းစီပြီး သံဃာတော်တွေ ဆွမ်းခံဖို့ကြွလာတာကို ဂါရဝတရားနဲ့ကြည်ညိုကြရတယ်။ အလှူရှင်များက ဆွမ်းနဲ့ အချိုပွဲကို သပိတ်ထဲကို ကိုယ်တိုင်တစ်ပါးချင်းလောင်းလှူကြတယ်။ သံဃာပြီးတော့ သီလရှင်၊ ပြီးတော့မှ အမျိုးသားယောဂီ၊ နောက်ဆုံးမှာမှ အမျိုးသမီးယောဂီတွေတန်းစီဝင်ရတယ်။ ငါ့အတွက် ပထမအကြိမ်ဆိုတော့ စိတ်ထဲမှာ ဘယ်လိုကြီးမှန်းမသိဘူး။ သူများလောင်းလှူတာကို အလှုခံပြီးစားရမှာဆိုတော့ ကုသိုလ်ဖြစ်အောင်စိတ်ထားမှဖြစ်မယ်လို့ အသိဝင်လာခဲ့တယ်။ အလှူရှင်တွေ ကျန်းမာချမ်းသာပါစေလို့ပဲ မေတ္တာပို့နေပြီး လောင်းလှူတာကို ခံယူခဲ့လိုက်တယ်။ အားလုံးလူကုန် ထမင်းစားပွဲဝိုင်းမှာ နေရာယူပြီးတော့မှ ဆွမ်းစားဖို့ဆင်ခြင်တဲ့တရားနဲ့မေတ္တာပို့ သာဓုခေါ်ပြီး ညီညီညာညာ စားသောက်ကြရတာ ကြည်နူးစရာကောင်းပါတယ်။ အလှူရှင်တွေစိတ်ထဲမှာ တော်တော်ဝမ်းမြောက်ဝမ်းသာနဲ့ ကုသိုလ်ရကြတာ အမှန်ပါပဲ။ ပထမဆုံးနေ့မှာတော့ အားလုံးဆန်းနေလို့ စပ်စုစိတ်နဲ့ ဟိုကြည့်ဒီကြည့်ပေါ့။ ယောဂီစုစုပေါင်း ၂၀ဝ လောက်ရှိတယ်။ ရိပ်သာတွေရဲ့ထုံးစံအတိုင်း အမျိုးသမီးယောဂီများတယ်။ အမျိုးသားနဲပြီး အဲဒီမှာ သံဃာတော်တွေများတယ်။ သီလရှင်နဲနဲပဲရှိတယ်။ ဆွမ်းစားပြီး ခဏနားပြီး ၁၂ နာရီခွဲမှာ တရားထိုင်ကြရတယ်။ တရားထိုင်ချိန်တစ်နာရီခွဲဆိုတော့ စိတ်ထဲမှာ ကြောက်မိတယ်။ ငါလို ဂနာမငြိမ်ပုံနဲ့တော့ ဒုက္ခပဲပေါ့။ အားလုံးအပြင်မှာ အရင်တန်းစီပြီးမှ လက်အုပ်ချီပြီး ဓမ္မာရုံထဲကို ဝင်ကြရတယ်။ အဆောင်မှူးက ငါ့အတွက် နေရာချပေးတယ်။ ရှေ့နားလေးမှာဖြစ်နေလို့ နဲနဲလန့်တယ်ဟ။ သူကြည့်နေရင် သိသိသာသာမြင်နေနိုင်တဲ့နေမှာလေ။ တရားအားထုတ်ချိန်မှာ အတတ်နိုင်ဆုံး အားလုံးကိုမေ့ထားလိုက်တယ်။ စိတ်ကလဲ ဟိုပြေးဒီပြေး ခန္ဓာကလဲ ငြိမ်ငြိမ်ကြာကြာမနေနိုင်ဘူး။ ဒါပေမယ့် ငါထင်ထားသလောက် မခက်ခဲခဲ့ပါဘူး။ အဆင်ပြေတယ်ပဲပြောရမှာပဲ။ အလွန်သပ္ပာယ်တဲ့ဘုရားခန်းနဲ့ သပ်ရပ်သန့်ရှင်းနေတဲ့ ဓမ္မာရုံကြီးထဲမှာ တရားအားထုတ်ရတာ စိတ်ထဲမှာ တော်တော်ကြည်နူးပီတိဖြစ်ရတယ်။ အလှူဒါနနဲ့ ပတ်သက်တာလေးကို သတိရမိပါသေးတယ်။ အလှူအတန်းနဲ့ပတ်သက်ပြီး ဘယ်ဟာက ကြီးကျယ်မြင့်မြတ်ဆုံးလဲဆိုတာကို နင်လဲသိမှာပါ။ ဝေလာမသုတ်ထဲကအတိုင်းပဲ ကျောင်းဆောက်လုပ်လှူဒါန်းခြင်းပေါ့။ မကုန်နိုင်တဲ့ကုသိုလ်တွေ ထပ်ခါထပ်ခါရနေမှာပဲနော်။ အဲဒီဓမ္မာရုံဆောက်တုန်းက ငါ့အဖေလဲ တော်တော်များများလှူခဲ့ဖူးပေမယ့် ငါ့စိတ်ထဲ တစ်ခါမှ ဝမ်းသာကြည်နူးမှုမဖြစ်ခဲ့သလို မေ့တောင်မေ့နေခဲ့တာ။ ဖေဖေက ဓမ္မာရုံအတွက် (..) သိန်း လှူခဲ့တယ်လို့ အိမ်မှာပြောတုန်းက ငါတို့တွေ ဝမ်းမသာတဲ့အပြင် အဲဒီလောက်တောင်လှုရလားလို့ နှမြောမိခဲ့သေးတာကိုတွေးမိပြီး နောင်တရလို့ မဆုံးဘူး။

နားချိန်တစ်နာရီပေမယ့် အပြည့်မနားရပါဘူးနော်။ တရားဖြုတ်တော့လဲ အားလုံးတန်းစီ လက်အုပ်ချီပြီးမှ ဓမ္မာရုံထဲကထွက်ရတယ်။ ပြန်စတော့လဲ ဆယ်မိနစ်စောပြီး တုံးခေါက်တယ်။ တန်းပြန်စီရတယ်။ အဆောက်အဦးတွေအားလုံးကို သွားတဲ့စင်္ကြန်လမ်းလေးတွေမှာ ကြမ်းခင်းနဲ့ အမိုးအပြည့်အစုံမို့ ရိပ်သာထဲဝင်ပြီးကထဲက ဖိနပ်ကို အပြီးသိမ်းထားလိုက်ရတာလဲ ကောင်းတယ်နော်။

ကဲ .. နောက်နေ့မှပဲ ဆက်ရေးတော့မယ် .. အလုပ်သွားရအုန်းမယ် …

37 comments

  • ကြောင်ကြီး

    November 14, 2011 at 7:22 am

    သိနေတယ်လေ။ သာဓု သာဓု သာဓုပါဗျာ။ အလှူထဲမှာ တရားဓမ္မအလှူက အမြတ်ဆုံးတယ်။ ကိုယ်တိုင်ကျင့်ကြံပွားများပြီး ပြန်ဝေငှတဲ့အလှူဆိုတော့ သာ၍မြတ်သည်ပေါ့။။။ အန်တီဝေ ပျောက်နေကထဲက တရားရိပ်သာ ရောက်နေမယ်ဆိုတာ။ အန်တီဝေ သက်သတ်လွတ် စားလို့ထင်တယ် ရွာသား ဦးပေါက်က ပုရစ်ကျော်စားကောင်းကြောင်း ကြော်ငြာဝင်နေလေရဲ့။ အာရုံထူး အာရုံဆန်းလေးများ တွေ့ခဲ့ရင် မျှပါအုံး။ သဂျီး အကျွတ်တရား မရတောင် ဖတ်လိုက်ရရင် အထုံလေး နောင်ဘဝပါသွားအောင်လို့။ နို့မိုရင် ဗြဟ္မာကြောင်ကြီး ကောင်းကင်ပေါ်ကနေ ကိုယ်ထင်ပြ တရားချတောင် ဥက္ကာပျံ အကာသထဲကနေ လွှင့်လာတယ် ထင်နေအုံးမှာ။။ 😆

  • small cat

    November 14, 2011 at 8:14 am

    တောင်ငူက တရားစခန်းရှိတဲ့ကျောင်းမှာ ပဇင်းတက်ခဲ့ဘူးတယ်၊တရားတော့ မဝင်ခဲ့ရဘူးခွင့်မရတော့ တရားစခန်းဖွင့်မဲ့ရက်မမီဘူး၊ သီးသန့်တရားထိုင်ကြည့်တာ ပါရမီမပါလို့ထင်တယ်၊မရဘူး၊ထိန မိဒ္ဓများနေတယ်။

  • ပြောရရင်တော့ ကျနော် ရောက်သာရောက်တယ် အတွင်းထဲကိုမဟုတ်ဘူး။
    တစ်ခါလောက်တော့ ကြိုးစားပြီး ဝင်ကြည့်ပါအုံးမယ်။

  • ဆူး

    November 14, 2011 at 9:15 am

    မဝေ ရဲ့ ကုသိုလ် အစုစု အဖို့ ဘာက ကို ဆူး လည်း ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်ပါတယ်။
    ဆူး လည်း အားထုတ်ဖြစ်အောင်တော့ ကြိုးစားပါအုန်းမယ်။
    တနေ့ တနေ့ အချိန်တွေတော့ ကုန်နေတာပဲ လက်ညိုးထိုးပြီး ပြောပြ ရလောက်အောင် ရေရေ ရာရာ မရှိခဲ့ဘူး။ သေချာ လက်ညိုးထိုးရရင်တော့ ရွာလည်နေလို့ပါပဲ။
    အချိန်ပေးပြီး လုပ်မယ် ဆိုပြီး အချိန် မပေးချင်တဲ့ ကိုယ့်စိတ်ကိုပဲ အမြင်ကတ်မိပါတယ်။
    ပြုပြင်ဖို့တော့ ကြိုးစားပါအုန်းမည်။

  • KoDoe

    November 14, 2011 at 9:48 am

    ကျေးဇူးတင်ပါတယ်။ အဲဒီရိပ်သာကိုဝင်ချင်ရင် ဘယ်လိုဆက်သွယ်ရမယ်၊ အချိန်မရွေး ဝင်လို ့ရလား ဆိုတာ အသေးစိတ်ပြောပေးပါလားခင်ဗျာ…။

    • weiwei

      November 14, 2011 at 10:00 am

      အချိန်မရွေးဝင်လို့ရပါတယ် … ဖုန်းနံပါတ်ကို မှတ်မလာခဲ့မိဘူး … သန်လျင်ကျိုက်ခေါက်ဘုရားအနီးမှာ တည်ရှိပါတယ် … မုခ်ဦးပေါက်မှာတင် ဂေါပကရုံးခန်းရှိပါတယ် … မှတ်ပုံတင်ပြပြီး ဖောင်တစ်ခုဖြည့်ပေးလိုက်ရုံပါပဲ … ဆွမ်းစရိတ်အတွက် ပေးစရာမလိုပါဘူး .. သဒ္ဒါပေါက်လို့ လှူချင်ရင်သာ လှူနိုင်ပါတယ် …
      ယောဂီရောင်ပုဆိုးနဲ့ ရှပ်အကျီအဖြူ .. ယောဂီသဘက် … ပန်းကန်တစ်ချပ်၊ ဇွန်း၊ မက်ခွက် .. အိပ်ယာယူသွားရပါမယ် … တော်ရုံမေ့ကျန်ခဲ့ရင်လဲ အဲဒီမှာ အကုန်ဝယ်လို့ရပါတယ် … ရက်အကန့်အသတ်မရှိ … တစ်သက်လုံးတရားထိုင်နိုင်ရင် တစ်သက်လုံးနေနိုင်ပါတယ် …
      ရန်ကုန်ကနေ လိုင်းကားနဲ့သွားမယ်ဆိုရင် ၄၈ အထူး ရေကြောင်းတက္ကသိုလ်ကားစီးသွားလို့ရတယ် … မုခ်ဦးရှေ့တည့်တည့်ကိုရောက်ပါတယ် …

  • True Answer

    November 14, 2011 at 9:49 am

    သာဓု သာဓု သာဓု ပါမဝေ နောက်ပို့စ် လေးတွေလည်း စောင့်မျှောက်နေပါတယ်။
    သန်လျင်ဖားအောက် နဲ့ မော်လမြိုင်ဖားအောက်တောရမှာ တရားလာအားထုတ်တဲံ foreigners တွေလည်း တရားထိုင်စဉ် အတိတ်ဘဝဟောင်းကို မြင်ကြကြောင်း ဖားအောက်ဆရာတော်ကြီး တရားတချို့မှာ နာကြားဖူးပါတယ်။

  • koyinmaung

    November 14, 2011 at 10:11 am

    သာဓု သာဓု သာဓု ခေါ်လိုက်ပါတယ်ဗျာ…..
    ဖားအောက်တောရတရားစခန်းအတွေ့အကြုံဖတ်ရမယ်ဆိုတော့
    အတိုင်းမသိဝမ်းသာမိပါတယ်…..
    ဖားအောက်တောရတရားစခန်းအကြောင်းသိချင်နေတာကြာပါပြီ
    မဝေရေးမဲ့တရားစခန်းအတွေ့အကြုံ ကိုစောင့်မျော်နေပါတယ်…

  • MaMa

    November 14, 2011 at 10:47 am

    ဝေဝေရေ- ပြုထားတဲ့ကုသိုလ်ကို အမျှဝေပေးတဲ့အပြင်၊ ကုသိုလ်ပြုချင်စိတ်ရှိလာအောင် (ပြန်ရောက်ရောက်ချင်း ကိုယ့်ရွာသူားတွေကို သတိတရနဲ့) ပိုစ့်ပါတင်ပေးလိုက်လို့ ကုသိုလ်တွေစုံသွားပြီ။
    ဝေဝေပြုခဲ့သမျှ ကုသိုလ်အဖို့ဘာဂကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်ပါတယ်။
    ဝေဝေ့စာကြောင့် ကိုယ်ပါတရားစခန်းဝင်ချင်လာမိတယ်။ နေ့ရွှေ့ညရွှေ့နဲ့ အမျိုးမျိုး အကြောင်းပြပြီး မလုပ်ဖြစ်တဲ့ ကိုယ့်ကိုကိုယ်လည်း အားမလိုအားမရဖြစ်မိတယ်။

  • windtalker

    November 14, 2011 at 10:58 am

    သာဓု သာဓု သာဓု ပါခင်ဗျား
    ရ တန်းကျောင်းသား ဘဝတုန်းက တရားစခန်း တစ်ခါ ဝင်ခဲ့ဖူးတယ်
    အခုတော့ ခပ်ရေးရေးဘဲ ဗျ

  • parlayar46

    November 14, 2011 at 11:28 am

    သာဓုပါ-ဗျာ
    weiwei တို့လို လက်တွေ့ အလုပ်လုပ်သူတွေ တွေ့ရလေ-
    အကြောင်းအမျိုးမျိုးပြပြီး ရိပ်သာရှောင်နေတဲ့ ကိုယ့်ချွတ်ယွင်းချက် ကိုယ်သတိပြုမိလေပါပဲ။
    ဒီပိုစ့်လေးကိုဖတ်ပြီး ကိုယ့်အလုပ်ကိုယ်ပြန်အာရုံစိုက်ဘို့ သတိဝင်လာပါတယ်။
    ကျေးဇူးလဲတင်ပါတယ်။ သာဓုလဲခေါ်ပါတယ်။ နောက်ပိုစ့်ကို လဲစောင့်မျှော်နေပါမယ်။
    လောလောဆယ်တော့ သတိရတုန်း ရွာလည်တာရပ်ပြီး တရားခဏထိုင်လိုက်ဦးမယ်။

  • နွယ်ပင်

    November 14, 2011 at 11:35 am

    မဝေရေ အခုတစ်လော ရွာထဲပျောက်နေသလား အောက်မေ့တာ
    ကောင်းမူကုသိုလ်တွေလုပ်လို့ တရားစခန်းဝင်နေတာကိုး ..
    အခုလို ဖားအောက်တရားစခန်းအတွေ့အကြုံလေးအကြောင်း
    ဝေမျှရေးသားပေးတဲ့အတွက်လဲ ကျေးဇူးပါနော် ….

  • blackchaw

    November 14, 2011 at 11:40 am

    သာဓု သာဓု သာဓု ပါဗျာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 14, 2011 at 12:14 pm

    ပြောလို့သာ ပြောတာ
    တစ်သက်နဲ့တစ်ကိုယ်
    တရားစခန်းထဲမှာ ကျွေးတဲ့ ဆန်ပြုတ်တွေဘဲ ရက်ပြည့်အောင်စားဘူးတယ်
    တရားစခန်းတော့ တစ်ခါမှ မဝင်ဖူးဘူး
    အဲ့သည်တုန်းက ဘုန်းကြီးကျောင်းသားလေ
    ပြောဒါယကာမဂျီး ပြော
    တရားထဲမှာ တွေ့ဒါဒွေ ဆရာတော်အောင်ပုကို လျှောက်တင်စေဗျာ

    • ကြောင်ကြီး

      November 14, 2011 at 12:18 pm

      အန်တီဝေက ကိုပုကိုတွေ့ခဲ့တယ်တဲ့။ အစွယ်ကြီးနဲ့တဲ့၊ ဝမ်းသာပေတော့ ခင်ဗျား ဘီလူးဖြစ်ဖို့ သေချာနေပြီ။ ပိုတန်ခိုးကြီးအောင် မဟုတ်တာ များများလုပ်ပေး။ ဘီလူးကြီးဖြစ်ချင်ရင် အကုသိုလ်များမှ ဖြစ်မှာ။ အခုထဲက လက်ရဲဇက်ရဲ အကုန်ကဲထားပေး။

  • winkyawaung

    November 14, 2011 at 1:01 pm

    ကောင်းမှုကုသိုလ်ပြုပြီး ယခုလိုအများသိအောင် ရေးပြပေးတာ အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်လဲ ဖားအောက်တရားစခမ်းကို စိတ်ဝင်စားနေတာ….။ မော်လမြိုင်ဘက်မှာပဲ ရှိတယ်ထင်နေတာ.။ သံလျှင်မှာဆိုတော့ အကြောင်းတိုက်ဆိုင်ရင် တရားစခမ်းဝင်ကြည့်ဖို့ ကြိုးစားပါ့မယ်နော်…။

  • kai

    November 14, 2011 at 3:18 pm

    ထွက်လေဝင်လေလား..
    ဖောင်းပိန်ထိုင်ထိလား…
    နှာသီးဖျားလား..
    ဗိုက်လား..
    ဝေဒနာလား..
    ကသိုဏ်းလား..
    သိချင်မိပါတယ်..။ 😆

    • Foreign Resident

      November 14, 2011 at 4:16 pm

      သူကြီးရဲ့ ဖားအောက်နည်းက
      နှာသီးဖျား နှင့် ထွက်လေသိ ဝင်လေသိ ပါ ။

      ဖားအောက်နည်းက သူကြီး နှင့်တော့ ကိုက်မယ်မထင်ဘူး ။
      ဘာဖြစ်လို့လဲဆိုတော့ သူက အဘိဓမ္မာ အတိုင်း အတိအကျသွားတာ ။
      သူကြီး က အဘိဓမ္မာ မယုံတဲ့သူ ဆိုတော့ ။

      သူက မိုးကုတ် မဟာစည်တို့လို ခဏ္ဏိက သမာဓိလောက်နှင့်
      ဝိပဿနာကို ပေးမကူးဘူး ။

      ဘုရားရှင် ကျင့်ခဲ့တဲ့အတိုင်း အတိအကျ
      ( သမာဓိ ကို သမာဓိဗိုလ်ဖြစ်တဲ့အထိ )
      ပထမ ဒုတိယ တတိယ စတုထ္ထ ဈာန် ရတဲ့အထိ အရင်သွားတယ် ။
      ပြီးတော့မှ သမာဓိဗိုလ် အားကောင်းတော့ မှ
      သာမထ ကနေ ဝိပဿနာ ကိုပေးကူးတယ် ။

      အဲတော့ နဲနဲ ပိုခက်တယ် ပိုပင်ပန်းတယ် ။
      ဒါပေမယ့် သူက သမာဓိ အရမ်းအားကောင်းတဲ့အတွက်
      ရပြီးတဲ့ တရားအဆင့်တွေက ပိုမြဲတယ် ။

      ဟိုးအရင်ကဆိုရင် ဒီဈာန်လမ်းကသွားတဲ့နည်းက
      အရမ်းခက်ခဲတဲ့အတွက် ဘုရားရှင်နှင့်
      မဟာသာဝက အဂ္ဂသာဝက တို့ရဲ့ အရာသာဖြစ်တယ်
      သာမာန် ရဟန်း လူပုဂ္ဂိုလ်တို့ရဲ့ အရာမဟုတ် မကျင့်နိုင် ဆိုပြီး
      ရှောင်ကြဉ် ခဲ့ကြသေးတယ် ။

      အခုနောက်ပိုင်းမှ အောင်မြင်တဲ့ ဆရာတွေ ရှိလာလို့ ။
      အဘိဓမ္မာ သင်တန်းတွေကလည်း ခေတ်စားလာလို့ ။
      ဖားအောက်နည်းက ပြန်ခေတ်စားလာတာ ။

      သူက ထူးခြားတာ တစ်ခုက
      အာနာပါန တစ်ခုတည်း မဟုတ်ဘူး ။
      အာနာပါန နဲ့ အဆင်မပြေတဲ့ ယောဂီကို
      ဘုရားရှင် ဟောခဲ့တဲ့ ကမ္မဌာန်း အပါး လေးဆယ် စလုံး နှင့်
      ပြပေးနိုင်တယ် ။
      ရုပ် ကမ္မဌာန်း ဓါတ် ကမ္မဌာန်း ရေ ကသိုဏ်း မီး ကသိုဏ်း မြေ ကသိုဏ်း
      အကုန်လုံးနှင့် ပုဂ္ဂိုလ်ရဲ့ အထုံ ရေစက်ကိုကြည့်ပြီး
      ကမ္မဌာန်း တရားကို ပြောင်းပေးတယ် ။

      မ ဝေဝေ ရေ ကျွန်တော် ဝင်ရှာရှည်မိတာ Sorry နော် ။
      ရှားရှားပါးပါး သူကြီးက ထေရဝါဒ ဘက် မေးလာလို့ ။ အခွင့်ရတုန်းလေး ။

      မ ဝေဝေ ကျွန်တော် ဖြေတာအမှားပါရင် ပြင်ပေးပါအုံး ။

      • kai

        November 14, 2011 at 4:27 pm

        ကိုရင်FRအမှတ်မှားနေမှာ စိုးလို့..
        ကျုပ်က..အဘိဓမ္မာကို.. ဘုရားဟောခဲ့တယ်လို့ မယုံတာပါ..။
        .. ဝိပဿနာကိုလည်း ..အဲဒီအတိုင်းပဲ.. 🙂

        တည့်တည့်ပြောရရင်.. အဲဒါတွေကို.. ဘုရားမပွင့်ခင်ကတည်းက ရှိနေတဲ့.. ဟိန္ဒူကျင့်စဉ်တွေလို့ လက်ခံထားသလို.. လက်တွေ့လည်း စိတ်ထိမ်းသိမ်းရာမှာ လိုအပ်တဲ့.. ပညာရပ်တခုလို့..ယုံကြည်ပါတယ်..။
        လက်တွေ့လည်း နေ့တိုင်းလုပ်နေတယ်ဆို.. ပိုတောင်အံ့ဩလိမ့်မယ်..။
        အနှစ် ၃ဝလောက်တောင်ရှိနေပြီ.. 😆

        • Foreign Resident

          November 14, 2011 at 4:45 pm

          အင်းးးးး
          မှန်တာပြောရရင်
          သုတ် ဝိနည်း အဘိဓမ္မာ ဆိုတဲ့
          ပိဋကတ် သုံးပုံမှာ
          ဗုဒ္ဓသာသနာ ရဲ့ အဓိက ပညာပိုင်းက
          အဘိဓမ္မာ ပိဋကတ် ထဲမှာပဲ ရှိတာလေ ။

          အဲဒီတော့ အဘိဓမ္မာ ဟာ
          ဟိန္ဒူ ကလာတာလို့ ယူဆလိုက်ရင်
          ဗုဒ္ဓဘာသာမှာ
          ပညာပိုင်း လုံးလုံး ပျောက်သွားမယ့်
          သဘောဖြစ်နေတယ် ။

          ခက်တာက ဘုရားဟောပါတယ် ဆိုတဲ့
          သက်သေကလည်း မရှိ ။
          သုတိတာ နတ်ပြည်က ဘုရားဟောတာကို
          တိုက်ရိုက်နာခဲ့တဲ့ နတ်တပါးပါးက
          သက်သေလာထွက်ပေးရင်လည်း ကောင်းသား ။

          တတ်တဲ့သူတွေ ဝင်ဆွေးနွေးကြပါအုန်း ။
          အဘက ဘုရားတရား အကြောင်းဆို သိပ်မသိလို့ပါ ။

        • kai

          November 14, 2011 at 4:55 pm

          တရားဦးဖြစ်တဲ့.. ဓမ္မစကြာနဲ့တင်.. ပဉ္စဝဂ္ဂီငါးဦးလုံးတရားရသွားပါတယ် ကိုရင်ရာ…။
          ဘာပညာမှ မလိုပါဘူး..။ 🙂

        • Foreign Resident

          November 14, 2011 at 5:11 pm

          ကျွန်တော်က ကျင့်စဉ် အသေးစိတ်
          ပညာကို ဆိုလိုတာ ပါ ။

        • MaMa

          November 14, 2011 at 6:30 pm

          (လက်တွေ့လည်း နေ့တိုင်းလုပ်နေတယ်ဆို.. ပိုတောင်အံ့ဩလိမ့်မယ်..။
          အနှစ် ၃ဝလောက်တောင်ရှိနေပြီ..) ဆိုတော့
          ဒီလောက်ကြိုးစားအားထုတ်နိုင်တာ အံဩချီးကျူးစရာပါ။ ဒါ့ထက် ဘယ်နည်း ဘယ်ဆရာကိုများ ဦးတည်ထားသလဲ သိချင်ပါတယ်။ ကိုယ်ကိုယ်တိုင်ဘာမှ မသိပေမယ့် သဂျီးရဲ့ ဒီလောက်ကြိုးစားအားထုတ်မှုဟာ စိတ်ငြိမ်းချမ်းယုံ၊ စိတ်ကို ထိန်းသိမ်းယုံလောက်တင် ရတယ်ဆိုရင် နှမျောစရာကောင်းတယ် ထင်လို့ပါ။ စာတတ်ပေတတ် ကမာ္ဘလှည့်သာသနာပြုနေတဲ့ ဆရာတော်ကြီးများကို ချည်းကပ်ပြီး အကြိတ်အနယ်ဆွေးနွေးပြီး ပြန်ပြောပြရင် ရွာသူားတွေလည်း အသိပညာတွေ အများကြီးရနိုင်လိမ့်မယ် ထင်ပါတယ်။

      • weiwei

        November 14, 2011 at 5:57 pm

        ဦးဖောပြောတာ မှန်ပါတယ် … ဝင်ရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ် …
        အရမ်းအသေးစိတ်လွန်းလို့ တော်ရုံတန်ရုံနဲ့တော့ လမ်းဆုံးအထိ မလုပ်နိုင်ပါဘူး … တော်တော်ဇွဲရှိမှ အဆင်ပြေမှာပါ … ကျွန်မကတော့ မြည်းခဲ့ရုံပဲမို့ တရားအရသာကို သေချာမခံစားခဲ့ရပါဘူး … အခွင့်သင့်ရင်တော့ လနဲ့ချီပြီး သေချာအားထုတ်ကြည့်အုန်းမယ်လို့ တေးထားပါတယ်။
        ကျွန်မသူငယ်ချင်းအားထုတ်တုန်းက ၂ လဆက်တိုက်ဆိုတော့ ဈာန်ဝင်စားနိုင်တဲ့အထိရခဲ့လို့ သမထချမ်းသာကို သေချာခံစားခဲ့ရတယ်လို့ပြောပါတယ် …

    • Foreign Resident

      November 14, 2011 at 4:29 pm

      ဟီဟိ ။
      သူကြီး စမ်းချင်ရင်တော့ ဦးဂိုအင်ကာ ရှိတယ် ။
      ၂ နာရီ Non-Stop တရားထိုင်ရတယ် ပြီးတော့ အမြဲတမ်း ဝဇီပိတ်
      ဦးဂိုအင်ကာ မှာတရားစခန်း ဝင်ပြီးသွားရင်
      တခြား တရားစခန်းတွေ အေးဆေးပဲ ဖြစ်သွားမယ် ။
      ကျွန်တော် တောင်လန့်လို့ ဦးဂိုအင်ကာ မဝင်ရဲသေးဘူး ။

      • kai

        November 14, 2011 at 4:37 pm

        ချမ်းမြေ့ရိပ်သာမှာ.. ရန်ကုန်ပြန်ရောက်တုံး.. ၃နာရီအထိ ပုံစံမပြောင်းပဲ တောက်လျှောက်ထိုင်ဖူးပါတယ်ကွယ်..။
        ဦးဂိုအင်ကာ တို့ထက်အများကြီး ကြမ်းတာပေါ့..။
        ထမင်းစားတာတောင် မှတ်ခိုင်းထားတာလေ…။ အိပ်ချိန်ပဲ.. မမှတ်ရတာ..။ 🙂

        • Moe Z

          November 14, 2011 at 4:50 pm

          မိုးကုတ်နည်းက အိပ်ချိန်လည်းမှတ်ရတယ်လေ
          အိပ်မပျော်ခင်ပြောပါတယ် 🙂
          လျောင်းရှု (အသုဘ ကမ္မဌာန်းနဲ့)

        • Foreign Resident

          November 14, 2011 at 5:04 pm

          ဟုတ်ဖူး သှုကြီး
          ကျွန်တော်လည်း ချမ်းမြေ့မှာ ထိုင်ဘူးတယ် ။
          ချမ်းမြေ့က နေ့ဆွမ်း မတိုင်မှီ နှင့်
          ညပိုင်း တရားမထိုင်မှီမှာ
          နားချိန်ရသေးတယ် ။

          ပြီး သူက အထိုင်ကို အမှတ် နှင့်
          ပြင်ခွင့်ပေးသေးတယ် ။ ဟီဟိ ။
          သုံးခါလောက်လည်း အထိုင်ပြင်ပြီးရော
          ယောဂီလည်း ၃၆ဝံ ပြည့်ရော ။
          ဒါမှညောင်းသေးရင် စင်္ကြန်လျှောက်လို့
          ရသေးတယ် ။

          ဦးဂိုအင်ကာက ပိုကြမ်းတယ် ။
          သူက ဝဇီပါပိတ်တာ ။
          နားချိန်လည်း အရမ်းနည်းတယ် ။

          အင်းလေ သူကြီးတို့လို သေချာ
          အမှတ်မလွတ်အောင် မှတ်ရင်တော့
          ချမ်းမြေ့ လည်းပင်ပန်တာပါပဲ ။

        • ဆူး

          November 15, 2011 at 8:54 am

          ပုံစံ မပြောင်းပဲ တောက်လျှောက် ထိုင်တာ စိတ်ကောလူနဲ့ တောက်လျှောက် ထိုင်နေရဲ့လား.. မှတ်တော့ မှတ်နေတာပဲ စိတ်ထဲက ရုပ်ရှင် တကားပြီး တကားရိုက်နေရင် အချိန်ကုန်လို့ ကုန်မှန်းတောင် သိမှာ မဟုတ်ဘူး။
          ဥပမာ ရုပ်ရှင်ကောင်းနေတုန်း ခြင်ကိုက်တာ မသိလိုက်ပေမဲ့ စိတ်ငြိမ်နေတဲ့အချိန် တရားထိုင်ချိန်မှာတော့ ခြင်မပြောနဲ့ လေဟတ်ရင်တောင် ယားကျိ ယားကျိ ဖြစ်တယ်။ သဂျီး အမှတ် ဘယ်မှာ ရှိပါသလဲ။

        • ကြောင်ကြီး

          November 15, 2011 at 10:23 am

          ထိုင်တာ သမထနဲ့ဆို မခက်ဘူး သဂျီးရေ။ ပညာရှေးရှုထိုင်မှသာ ဝေဒနာပေါင်းစုံနဲ့ ရင်ဆိုင်ရလို့ ခက်တာ။ နာတာတခုထဲ မဟုတ်ဘူးနော်၊ သံသယဖြစ်တာ၊ ငြီးငွေ့တာ ချမ်းသားဆင်းရဲ အကုန်လုံးကို ရှောင်မသွား ဖုံးမသွားဘဲ ဇွဲရှိရှိနဲ့ ရင်ဆိုင်တွေ့နေနိုင်မှ ချီးကြူးဖို့ကောင်းတာ။ ရင်ဆိုင်နိုင်လည်း အဲဒါတွေကိုကျော်သွားမှ ပညာဖြစ်တယ်။ နို့မို့ရင် အထုံပါရမီပဲ ပါတယ်။ သဂျီးပြောတာကြည့်ရတာ မှတ်စဉ်ပညတ်နောက်လိုက်ရင်း သမထ၊ ဝိပဿနာတောင် ကွဲပုံမရဘူး။ ဒီတော့ ကမ္မဌာန်းလို့ပြောတာနဲ့ ကိုယ်သိတဲ့ သမထကိုပဲ မြင်တော့တာပေါ့။။။ သမာဓိတည်ပြီး အေးငြိမ်းချမ်းသာနေတာကို ဝိပဿနာပန်းတိုင် နိဗ္ဗာန်၊ သစ္စာတရားနဲ့ အတူတူပဲထင်နေရှာတယ်။ မတူဘူး သဂျီးရေ…. ဒါဆိုဒါပဲ ပညတ်အာရုံပြုဖြစ်တဲ့ သမာဓိတည်ကြည်ငြိမ်သက်မှုနဲ့ သစ္စာညဏ်ပိုင်းမှရတဲ့ အမှန်ကိုသိမြင်ခံစားမှု အာရုံနှစ်ခု။။။။ ဒီလောက်တောင် ထူလှတဲ့ သဂျီးကို ပါးပါးဝိုင်းလှီးကြကွာ။။။။ 😡

        • weiwei

          November 15, 2011 at 10:34 am

          သူကြီးက ဘုန်းကြီးတစ္ဆေလိုဖြစ်နေတယ် … 😛

  • Moe Z

    November 14, 2011 at 3:32 pm

    သာဓု သာဓု သာဓုပါ မမဝေရေ..
    မိုးစက်ကတော့ ပြီးခဲ့တဲ့သင်္ကြန်ပိတ်ရက်က မန္တလေး ရေတံခွန်တောင်ခြေက
    မုံလယ်တောရမှာ ရ ရက်စခန်းဝင်ခဲ့တယ် သူငယ်ချင်းနဲ့
    ဆရာတော်ခန္ဓာဝန်ချပြီးကာစဆိုတော့ အဲဒီကျောင်းကအရမ်းနာမည်ကြီးနေတယ်
    နေရာအခက်အခဲကြောင့် လူဦးရေ ၃၀ဝပဲလက်ခံတယ်
    သက်သက်လွတ်ကျွေးတယ် အလှူရှင်လည်းပေါတယ်
    ပန်းကန်တို့ဘာတို့ယူစရာမလိုဘူး
    တရားထိုင်တဲ့ဓမ္မာရုံကတော်တော်ကောင်းတယ် Air con နဲ့
    မြို့နဲ့ဝေးပေမယ် ဆရာတော်ရဲ့ဓာတ်တော်တွေလာဖူးတဲ့သူတွေတော်တော်များတယ်

    • Foreign Resident

      November 14, 2011 at 3:41 pm

      Moe Z ရေ
      သိချင်လို့ပါ ။
      မုံလယ် ဆရာတော်ဘုရား နည်းက
      ဓမ္မာ နုပဿနာ လို့ကြားတယ် ။
      ဟုတ်လားမသိဘူး ။
      ဟုတ်ရင် စမ်းကြည့်ချင်လို့ ။

      • Moe Z

        November 14, 2011 at 3:59 pm

        ဦးဖောရေ
        မုံလယ်က မိုးကုတ်နည်းပါပဲ
        မိုးစက်တို့ဝင်တော့ ဆရာတော်က ခန္ဓာဝန်ချပြီးသွားပြီ
        တရားပြဆရာတော် သီးသန့်မရှိပါဘူး
        မိုးကုတ်ဆရာတော်ရဲ့ခွေတွေကိုမနက် ၅ နာရီကနေ ၆ နာရီအထိဖွင့်ပေးတယ်
        မုံလယ်ဆရာတော်ရဲ့တရားကိုတော့ ညနေ ရ နာရီမှာ projector နဲ့နာရတယ်
        တရားပေးတဲ့ဆရာတော်တွေကတော့ ဓမ္မာ နုပဿနာပဲဖြစ်ဖြစ်၊ စိတ္တာ နုပဿနာပဲဖြစ်ဖြစ်၊
        ကာယ နုပဿနာပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ် ဆန်းစစ်ပြီး သင့်တော်တာနဲ့ရှုဖို့ပြောပါတယ်
        ဓမ္မာ နုပဿနာကတော့ ဉာဏ်ထက်တဲ့သူတွေအတွက် ပိုသင့်လျော်တယ်လို့ ကြားနာဘူးပါတယ်.
        မှားနေရင်လည်းပြင်ပေးပါ

        • Foreign Resident

          November 14, 2011 at 4:20 pm

          ဟီဟိ ။
          ဓမ္မာ နုပဿနာက
          လူနည်းနည်းသက်သာတယ် ကြားလို့ ။
          စမ်းကြည့်ချင်လို့ ။

          အဘ ပုံစံကတော့ အသုဘ ကမ္မဌာန်း နှင့်မှ
          အဆင်ပြေမယ့်ပုံပဲ ။ ဟီဟိ ။

  • we R one

    November 14, 2011 at 4:26 pm

    ဝမ်းမြောက် ဝမ်းသာ သာဓု ခေါ်ပါတယ်ရှင်..။ တရားစခန်း ဝင်ချင်တဲ့ စိတ်ပဲ ရှိတယ် .. လက်တွေ့ မဝင်နိုင်သေးဘူး.. ။

  • ဆူး

    November 15, 2011 at 8:58 am

    ၃နာရီထိုင်ဖူးပြီး နှစ်၃ဝ အတွေ့အကြုံ ရှိတဲ့ သဂျီး ပြည်တော်ရောက်ရင် ဖားအောက်ကို အရောက်ပို့ စပွန်ဆာ ပေးထားတယ်နော်… မေ့သွားမှာ စိုးလို့.. ထပ်သတိလာပေးတာ။

Leave a Reply