မုန်းတဲ့ကဗျာထဲမှာ မိသံစဉ်ရဲ့လှောင်ရယ်သံတွေ
“မုန်းတဲ့ကဗျာထဲမှာ မိသံစဉ်ရဲ့လှောင်ရယ်သံတွေ”
(၁)
စိတ်အနာကို သီချင်းလုပ်ဆိုတော့
ငါ့အသံတွေ ကွဲအက်လာတယ်
“နင် . . ဘယ်မှာလဲ မိသံစဉ်”
(၂)
နှင်းပွင့်ပန်းပုလေးနဲ့
ကြမ်းတမ်းတဲ့နွေရာသီဇာတ်လမ်းမှာ
ငါဟာ တဖျောက်ဖျောက်ကြွေခဲ့ရပေါ့
ဒီလိုပါပဲ
နာဖျားတဲ့လက်အစုံနဲ့ အလွမ်းကိုပွတ်သပ်တဲ့အခါ
ငါ့နှုတ်ခမ်းဖျားမှာ နင့်နာမည်လေး ဝေ့တက်လာ
(၃)
“မိသံစဉ်ရေ . . . ”
“မိသံစဉ်ရေ . . .”
. . . . . . “မိသံစဉ်ရေ . . . ”
(၄)
ငြှိမ်းသတ်လိုက်တဲ့ ငါ့ချစ်ခြင်းကို
နင်ကိုယ်တိုင်ပဲ ပြန်ထွန်းညှိပါ
နင့်ကိုယ်ပိုင် မီးအိမ်လေးလိုသဘောထားပြီး
ငါ့ကို နင်ထွန်းညှိပါ
နင့်ကိုယ်ပိုင်အိမ်ကလေးလိုသဘောထားပြီး
ငါ့ဆီမှာနင်နေပါ . . . အဲဒီလို
အချစ်ဟာ ဆွတ်ပျံ့ဖွယ်ပုံပြင်လေးတစ်ပုဒ်ဖြစ်မှာပဲ . . . . လို့
မိုက်ရူးခဲ့သူ ငါ
နင့်ပုံပြင်တွေထဲမှာတင် အရိုင်းဆန်ဆန်လောင်ကျွမ်း
လောကငရဲဆီ လှမ်းခဲ့ပြီ
(၅)
ဥဩငှက်ကလေးကဗျာ ၊ မိုးစက်ဖြိုးဖြောက်ကဗျာ ၊
နှင်းပွင့်မှုန်ဝေကဗျာ
မိသံစဉ်ရေ . . . . ငါ သာယာခဲ့မိတယ်
ငါ့ကိုယ်ငါ နင်ဖြစ်တယ်လို့ ထပ်တူကျတဲ့အထိ
နင့်အိပ်မက်ဟာ ငါပဲလို့တွေးရင်း အိပ်မပျော်တဲ့အထိ
မိုက်တိမိုက်ကန်း ကလေးဆန်ဆန်လွမ်းခဲ့မိတယ်
ငှက်ကလေးတွေ သီချင်းဆိုသံကြားတိုင်း
နင်ကြိုက်တဲ့ခရေတွေဖွေးဖွေးလှုပ်တိုင်း
ဒါဟာ . . . နင့်ရဲ့ ငါ့ဆီပို့နေတဲ့ ကြေးနန်းသင်္ကေတပဲလို့တွေးတယ်
ငါပြုံးတယ် ၊ ငါရယ်တယ် ၊ ငါကြည်နူးတယ်
သစ်ရွက်ကလေးလှုပ်တာကအစ ရင်ခုန်နေတတ်တဲ့
ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ ရွှင်လန်းမြူးရယ်မှုမျိုးနဲ့ပေါ့
(၆)
အခု . . . ငါမဟုတ်တဲ့ အခြားတစ်ပါးကိုကြည့်တဲ့အခါ
ငါ့အနားမှာ နာကျည်းစိတ်တွေ မိုးရေချိန်ခပ်များများနဲ့
သွေးခဲမတတ်နှင်းဥတုနဲ့
ဥဩငှက်ကလေး တောင်ပံကျိုးသံနဲ့ . . . .
. . . . . . . . . . . . . . . . . . . . . .
. . . . . . . . မိသံစဉ်ရယ် . . . . . .
(၇)
နင့်ကိုငါ သိပ်မုန်းတယ် မိသံစဉ်
ဆောင်းကနွေကို မုန်းသလိုမျိုး နင့်ကိုငါမုန်းတယ်
တကယ်ပဲ နင့်ကိုငါမုန်းပစ်လိုက်ချင်တယ်
မီးရှူးမီးပန်းဟာ ဘယ်တော့မှ ကောင်းကင်အထိ မရောက်နိုင်သလိုမျိုး
ငါဟာ . . . ဝေးလွင့်ခြင်းဆီ တဖြည်းဖြည်းနီးကပ်သွား
ငါမှားခဲ့တယ် မိသံစဉ်
(၈)
ဘယ်အရာကိုမှ မြဲမြဲစွဲစွဲမမြင်နိုင်တဲ့လောကမှာ
ဓါးတစ်လက်ကတောင် သူ့ချွန်ထက်မှုကို သစ္စာပြန်ဖောက်ခဲ့တဲ့နောက်
တူဖြစ်လိုက်ပေဖြစ်လိုက် တစ်လှည့်စီထိုးစိုက် မိုက်ကန်းကြတဲ့နောက်
ငါကရော ဘာကိုတွေးကြောက်နေခဲ့မိတာလဲ
အဆုံးမှာ . . . . ငါ့လှေကလေးမှောက်ခဲ့ပြီ
ငါဟာပျောက်ရှလို့ . . . ငါဟာ အဆိပ်ပင်လိုပွင့်လို့ . . .
(၉)
နင့်ကိုငါမြင်တယ် . . ဒါ့ကြောင့် ငါ “ကန်း”ခဲ့တယ်
နင့်ကိုငါရှာဖွေတယ် . . ဒါ့ကြောင့် ငါ “ကန်း”ခဲ့တယ်
“ဝုန်း”ခနဲ အရုပ်ကြိုးပြတ်
အမှောင်ညဟာ ကြယ်တွေကို ငတ်မွတ်နေရတယ် မိသံစဉ်
(၁၀)
ဘယ်သူ့အလိုတော်အရ နင်ရှင်သန်လာခဲ့သလဲ
ငါ့အပေါ်ဒုက္ခမြှားတံတွေ ပိုးပိုးပေါက်ပေါက်ရွာချဖို့
ချစ်ခြင်းတရားကို ငါ့ခပ်ဝေးဝေးဆီ ခိုးဝှက်သယ်ယူသွားဖို့
ငါ့အိပ်မက်တွေကို သံခြေကျင်းခတ်ထားဖို့ . . . မိသံစဉ်ရယ်
ဘယ်လိုစိတ်ကူးနဲ့များ ငါ့ကိုရူးစေခဲ့သလဲ
ဒီမှာ . . . မျက်မမြင်တစ်ပိုင်း ဒုက္ခိတတစ်ပိုင်းနဲ့
လှိုင်းတွေကို ဝင်ဝင်ဆောင့်မိတဲ့လူငယ်
မီးလျှံတွေနဲ့လည်း ချိန်ရွယ်ခံထားရရဲ့
(၁၁)
ငါ့နှလုံးသွေးကအစ ငါ့မျက်ရည်အဆုံး
နင့်ဆီကိုပဲ စီးဆင်းနေတဲ့အကြောင်း နင်မသိဘူး
နင်ဟာငါ့ရဲ့ ဒုတိယမြောက်အသက်ရှူလမ်းကြောင်းဖြစ်တဲ့အကြောင်း
နင်မသိဘူး
နင်ဟာငါ့ရဲ့ အဆိပ်ဖြေဆေးဖြစ်တဲ့အကြောင်း နင်မသိဘူး
ဘာဆိုဘာမှ နင်မသိဘူး မိသံစဉ်
နောက်ဆုံး . . . နင်ငါ့ကိုမချစ်ဘူးဆိုတာတောင် နင်မသိဘူးလေ
(၁၂)
ငါ့ညတွေအထီးကျန်ခဲ့ပေါ့
ကျိုးလွယ်ကြေလွယ်စိတ်ကို ခက်ခက်ခဲခဲခေါက်သိမ်းရပေါ့
ငါတစ်ယောက်တည်းဖြစ်သွားတဲ့အခါ
ငါ့ကိုယ်ငါပြန်ရင်ဆိုင်ဖို့တောင်မလွယ်ဘူး
(၁၃)
အဲဒီလို . . . ပြီးခဲ့တဲ့နေ့ရက်တွေထဲ
စိတ္တဇတွေအပြည့်အသိပ်နဲ့ အပိတ်ခံရတော့
ငါဟာ ကျောက်တုံးကျောက်ခဲလို ခက်ထန်လာတယ်
နင့်ကိုမုန်းနိုင်ဖို့အတွက် နင့်ကိုချစ်တဲ့အကြောင်းတွေးယူခဲ့
အဲဒီလိုနဲ့ . . . . တဖြည်းဖြည်းနဲ့ . . . .
(၁၄)
နင့်မျက်ဝန်းမည်းမည်းတွေကိုမုန်းတယ်
နင့်ရယ်သံတွေကိုမုန်းတယ်
နင့်ကိုငါမုန်းတယ် . . . . နင့် ကို ငါ မုန်း တယ် မိ သံ စဉ် . . . .
(၁၅)
လေပြေပြီးမှ မုန်တိုင်းသံတွေကျယ်လာတာ
ရထားဟာ “တစ်သက်စာထွက်ခွာတော့မယ်” လို့အချက်ပေးတာ
ငါ့လက်ပတ်နာရီလေး စက်ရပ်သွားတာ
တစ်လှမ်းချင်း တစ်လှမ်းချင်း ငါ အားတင်းပြီးလျှောက်နေရတာ
သတိရစိတ်ကို မိတ္တူလေးပဲသိမ်းထားပြီး
မူရင်းကို အစိတ်စိတ်အမြွှာမြွှာ စုတ်ဖြဲပစ်လိုက်တာ
အဲဒါ . . . အဲ ဒါ . . . မုန်းတဲ့သီချင်းပဲ
“နင့် ကို ငါ မုန်း တယ်” လို့ ငါဆိုပြချင်တဲ့သီချင်းပဲ မိသံစဉ်
(၁၆)
. . . . . . . . . . . . .
. . . . . . . . . စိတ်ဒဏ်ရာကို
အမုန်းကဗျာထဲ ရေးချလိုက်တယ်
စာကြောင်းတိုင်းမှာ နင့်လှောင်ရယ်သံတွေနဲ့ . . .
တ ဆစ် ဆစ် . . . . နာ ။ ။
(အရင်က ရေးခဲ့တဲ့ ကဗျာဟောင်းလေး တစ်ပုဒ်ပါ)
သူရဿဝါ
2 comments
windtalker
November 18, 2011 at 6:36 pm
ဆိတ်သားသည် ကုလား က အမဲသားသည် ကုလားကို မုန်းတယ်
(သူ ့တို ့ဝယ်တဲ့အသားဒိုင်ချင်းအတူတူဘဲပြောလို ့တဲ့ )
ကိုပေါက်(မန္တလေး)
November 18, 2011 at 9:37 pm
အဆုံးမတော့ ငါ့နင့်ကိုသတ်ချင်တယ်ပေါ့