မဆုံးတဲ့ သီချင်း…….၄ဝ
နေ့လည် ထမင်းဆိပ်နဲ့ အိပ်ပျော်သွားတာ နေထိုးတာနဲ့နိုးလာတယ်…။ ကားကတော့ မြေနီ မှုန့်တွေ တစ်ထောင်းထောင်းကြားထဲ မောင်းကောင်းနေတုန်းပါပဲ…။ ဟိုး အဝေးဆီမှာတော့ နှမ်းခင်းတွေ လူတစ်ရပ်လောက်ရှိမယ်…။ ဒါကြောင့် မကွေးတိုင်းကို မြန်မာပြည်ရဲ့ ဆီအိုးကြီးလို့ ပြောကြတာဖြစ်မယ်…။ မြေအနေအထားကတော့ တွေ့ ရသလောက် စပါး စိုက်လို့ရမဲ့ မြေ မျိုးမဟုတ်ဘူး…..။ မြေက နီပြီ ဖွာနေသလိုပဲ…။ ထမင်းဆိပ်တက်ပြီး အိပ်ငိုက်သွားတာ ကျ,နေက မျက်နှာထိုးလို့ ပြန်နိုးလာတာ……..။ အနားက အဖေက
“ မကွေးရောက်ခါနီးပြိ”
တဲ့…။ ဝန်ထမ်းများတစ်နေရာကနေ တစ်နေရာ ပြောင်းလိုက်ရတာ…။ တစ်နေကုန်ခရီးနဲ့ မပြီးပါ့လား….။ မကွေးမှာ ညအိပ်ရမယ်တဲ့…..။ တိုင်းရုံးမှာ ဝင်နားမယ်ဆိုတဲ့ အကြောင်း ဖုန်းနဲ့ အကြောင်းကြားထားရပါတယ်…။ ဆက်သွားမယ်ဆိုရင်တော့ မြစ်ကူးပြီး မင်းဘူးမြို့ အထိ ရောက်မှာပါ…။ အဲဒိကနေ စလင်း ကိုဆက်သွားဖို့ ကားမရှိတော့ပါဘူး…။ ကားက တစ်နေ့ တစ်စိးပဲ ရှိပါသတဲ့…။ ဆိပ်ဖြူနဲ့ မင်းဘူး စာပို့ ကား ပဲရှိပါတယ်…။ ရထားလမ်း မရှိတဲ့ အတွက် စာပို့အယူကို ကားနဲ့ လုပ်နေတာပေါ့နော့…..။ လမ်းက ဘယ်လောက်ဆိုးသလဲ တော့ မသိဘူး….။။ 39 မိုင်ရှိတဲ့ မင်းဘူးနဲ့ စလင်းကို 4နာရီလောက် ကေားစီရမယ်လို့ ပြောပါတယ်…။ ဒါနဲ့ မကွေး တိုင်းရုံးကို ဝင်ပြီး တိုင်မန်နေဂျာရဲ့ ဩဝါဒ ကထာခံယူပြီး မနက်မှ ဆက်သွားကြဖို့ စီစဉ်ပေးထားတာပါ….။ အဲနေဝန်းနီတို့ အ ပုံပြောရဦးမယ်….။ နေဝန်းနီ မကွေး မြို့ထဲ ရောက်တာနဲ့ မျက်စေ့ လည်တော့တာပဲ….။ အရှေ့ဘက်ကို မြောက်ဘက်လို့ချည့် စိတ်ထဲမှာ ထင်နေတာပါ….။ အဲဒိတော့ စကားပြောရင် ဘယ်ညာ ရှေ့နောက်နဲ့ ပြောရပါတယ်…။ မြို့ခံ တိုင်းရုံးက စာရေးကြီးကတော့ ခရီး ရှည်ရှည် ရထားတွေ ကားတွေ နဲ့ သွားရင် ဖြစ်တတ်ပါသတဲ့ ….။ တစ်ရေး အိပ်လိုက် အိပ်ယာက ပြန်နိုးရင် တည့်သွားလိမ့်မယ်လို့ ပြောတာပဲ….။ ဒါပေမဲ့ မတည့်ပါဘူး….။ စိတ်ထဲက ထင်နေတာကို ဘယ်လိုမှ ဆွဲတည့်လို့မရပါဘူး…။ ဒါနဲ့ လက်လျော့လိုက်ပြီး လ္ဘက်ရည်ဆိုင်မှာပဲ အချိန်ဖြုန်းနေလိုက်တော့တယ်…။ တိုင်းရုံးက ရုံးအကူ လေးက နေဝန်းနီ ကိုအနီးအနားလိုက်ပြဖို့ တာဝန်ယူထားတယ်…။ လိုက်မပို့ချင်လို့လားတော့ မသိဘူး….။ အရက်ဆိုင်က တော်တော်ဝေးဝေး သွားရမှာလို့ ပြောပါတယ်…။ ဒါနဲ့ လ္ဘက်ရည်ပဲထိုင်လိုက်တာပါ…..။ အဲဒိမှာ ရုံးအကူလေးပြောတာက ညကျရင် အောက်ဘာညာသွားရင် ဂရုစိုက်ဖို့ ပြောပါတယ်…..။ နှာတို ပေါတယ်တဲ့…။ နှာတိုဆိုတာက မြွေပွေးကိုပြောတာပါ…။ ဟုတ်မယ်…။မြေက သဲ ကျောက်စရစ် ဆန်တဲ့မြေ ပူတာကလည်း တော်တော်လေး ပူတယ်…။ ဧမြတဲ့ ရာသီ သဲနှုန်းမြေမျိုးမှာ မြွေပွေး မရှိတတ်ပါဘူး…..။ အချိန်နဲနဲ ကုန်လာတော့ ရုံးပြန် ….။ တိုင်းမန်နေဂျာ တည်ခင်းဧည့်ခံတဲ့ ညစာကိုစား …..။ နောက်တစ်နေ့မနက် ငါးနာရီလောက်ကျတော့ မနေ့က ရုံးအကူးက လာနှိုးပါတယ်…။ မြစ်ဆိပ်ဆင်းရအောင်တဲ့…။ အဲ တိုင်းရုံးက ကားနဲ့ မြစ်ဆိပ်ကိုလိုက်ပို့ပါတယ်…။ မြစ်ဆိပ်ရောက်မှပဲ လ္ဘက်ရည်သောက်ကြပါတယ်…။ မနက်6း00 နာရီထွက်တဲ့ တိုင်သမ ဇက်နဲ့ မင်းဘူးဘက်ကိုကူး…..။ ဧပြိလ ရေနဲနေတဲ့ အချိန်မို့လားမသိဘူး…။ ဇက်တစ်ပတ်လှည့်ပြီး နဲနဲ ကူးလိုက်တာနဲ့ တစ်ဘက်ကမ်းကိုရောက်သွားတာပဲ…။
မကွေး မြစ်ဆိပ်ကို ထွက်လာကတည်းက အဖေက သူ့ရင်ထိုးတံဆိပ်လေးကို အပေါ်အကျီ င်္ပေါ်မှာ မြင်သာအောင်တပ်လိုက်ပါတယ်…။ ပြီးတော့ပြောလိုက်သေးတယ်…..။
“ မင်းဘူးက လာကြိုမဲ့သူကို ငါမမြင်ဖူးသေးဘူးဟ…..။ ဖုန်းထဲမှာ တော့သေချာမှာထားတာပဲ….။ သူလည်း ဒီလိုတံဆိပ်တပ်ထားလိမ့်မယ်…။ ဟိုရောက်ရင်သေချာကြည့်ဦး..။ နို့မို့ဆို ကိုယ်မရောက်ဖူးတဲ့ အရပ် ယောင်လည်လည်နဲ့…..။”
ဟုတ်တော့လည်း ဟုတ်တယ်…။ လာသာလာခဲ့ကြတာ ……။ နှစ်ယောက်သား ဒီဘက်အရပ်တစ်ယောက်မှရောက်ဖူးကြတာမဟုတ်….။ ဒါပေမဲ့ နေဝန်းနီက ရယ်တားပေါ့…..။ မမြင်ဖူးတဲ့ လာကြိုမဲ့သူကိုပါ….။
“ ဟုတ်ကော ဟုတ်ရဲ့လားဗျာ …… လာကြိုမယ်ဆိုတာက မြင်ဖူး သိဖူးတာလည်းမဟုတ်ပဲနဲ့……။ဖုန်းထဲကပြောတဲ့ စကားကိုယုံစားပြီး သွားရမှာ………”
“ လာမှာပါကွ …။ ခရိုင်မန်နေဂျာ ကသေချာပြောထားတယ်ပြောပါတယ်……။”
ခရိုင်….။ ဒီစကားလုံးက အသစ်အဆန်းဖြစ်နေတယ်….။ သမိုင်းထဲမှာသာ ကြားခဲ့ဖူးပြီး လက်တွေ့ အသုံးမှာ လုံးလုံး မသုံးခဲ့ဖူးသေးတာ အဟုတ်….။ နားထဲ စကြားခါက တော်တော် ကလိကလိ ဖြစ်ခဲ့တဲ့စကားလုံး…..။ တစ်သက်နဲ့ တစ်ကိုယ် ဒီစကားလုံးစသုံးရတာ လပိုင်းပဲရှိသေးရဲ့….။ ဪ ကာလက 1989 ဧပြီနော်……။ မဆလ ခေတ်တစ်လျှောက်လုံး ခရိုင်ဆိုတဲ့ စကားလုံးပျောက်နေတာ….။ ထားပါ….။ မင်းဘူးမြစ်ဆိပ်ကမ်းကပ်တော့ ရင်ထိုးတံဆိပ်လေး ထိုးထားတဲ့သူတွေ့ပါတယ်…။ လာကြိုတဲ့သူလေ….။ နှစ်ယောက်တောင် …….။ ဘယ်ညာ ဖြန့်ခွဲပြီး ကျီးကန်းတောင်မှောင် လာရှာတယ်….။ နေဝန်းနီတို့ကိုလည်းတွေ့ရော……။ တစ်ဘက်ကလူကိုလှမ်းခေါ်တယ်….။ ဟိုတစ်ယောက်က ‘ မြင်းလှည်းသွားခေါ်မယ်’ဆိုပြီး ပြန်ဆင်းသွားတယ်…….။ နေဝန်းနီတို့ သေတ္တာတွေ အိပ်ယာလိပ်တွေ နဲ့ ဇက်ပေါ်က မဆင်နိုင်ခင်မှာ လူတစ်ယောက်နဲ့ ပြန်ရောက်လာတယ်….။ သူတို့နှစ်ယောက်က ဇွတ်ဆွဲယူသွားလို့ နေဝန်းနီတို့ ဒီအတိုင်းလိုက်ရတယ်…….။ ဇက်ကလည်း မင်းဘူးနဲ့ မကွေးတင် ခေါက်ပြန်ဆိုတော့ ပါလာသမျှ လူအကုန်ဆင်းတာဆိုတော့ တော်တော်နဲ့ အောက်ကိုမရောက်နိုင်ဘူး…..။ လာကြိုတဲ့သူက
“ ကျွန်နော်က …..မင်းလှိုင်ပါ…..။ အငယ်တန်းစာရေး….။ ဟိုတစ်ယောက်က အောင်ကြီး ရုံးစောင့်ပေါ့….။ ကျွန်နော်တစ်ယောက်ထဲဖြစ်နေမှာစိုးလို့ ဆရာမက သူ့ထည့်လိုက်တာ…..။”
ဟိုက်……..ဆရာမ ဆိုပါလား….။ ခရိုင်မန်နေဂျာမပေါ့….။ ဟိ….။ နေဝန်းနီတို့ ဆင်းပြီးတော့ ခပ်လှည်းလှမ်းမှာ မြင်းလှည်းတစ်စီး ကလှမ်းလက်ပြနေတယ်…။ ဒီလူတွေ မြန်လိုက်တာ…..။ ပစ္စည်းတွေ မြင်းလှည်းပေါ်တင်ပြီိးနေပြီ…။
“ စလင်းကို သွားမဲ့ ကားက ဘယ်အချိန်ရှိလဲ….။ တစ်နေကုန်ရှိလား…..။”
နေဝန်းနီကမေးတော့….။
“ ဆိပ်ဖြူနဲ့ ကူးတဲ့ စာပို့ကားတစ်စီးပဲရှိတာ…..။ ဆိပ်ဖြူက မနက် အစောထွက်လာမှာ ခုမရောက်သေးဘူး….။ ဆယ်နာရီလောက်မှ ရောက်မှာ ထွက်တော့ ဆယ့်တစ်နာရီပြန်ထွက်တယ်…။ စေတုတ္တရာ သွားတဲ့ ကားက သုံးရက်မှ တစ်စီးပဲရှိတယ်…။ ဒါတောင် ခုလောလောဆယ် နွေပိုင်းမို့ရယ်…..။ မိုးတွင်းပိုင်းဆို လမ်းတွေက မကောင်းဘူး…….။”
သေချာတာပေါ့… ။လမ်းတွေက နွေရာသီ သွားလမ်းတွေ …….။ ရထားလမ်းရယ်လို့ ဧရာဝတီ မြစ် အနောက်ဘက်ခြမ်းမှာ မရှိသေးဘူး…။ နေဝန်းနီတို့ ဘက်က စာပို့ရထားအစား ဒီဘက်မှာ စာပို့ကားပေါ့လေ……။ ရှိတာနဲ့ပဲ ခရီးနှင်ရမှာပေါ့….။
“ ဆရာတို့….။ ခုလောလောဆယ်တော့ ရုံးကိုပဲလိုက်နားလိုက်ဦး …..။ ဆရာမက မနက်စာလည်းစီစဉ်ထားတယ်….။”
လ္ဘက်ရည်ဆိုင်တွေ့လို့ သူတို့ကို ခေါ်တာငြင်းနေသေးတယ်…။ သူတို့ မန်နေဂျာမကြီးက ဘယ်လောက် ပညတ်ထားသလဲမသိဘူး….။ ဇွတ်ခေါ်တော့မှ ခပ်ရွံ့ရွံ့ လိုက်လာကြတယ်…..။ ဟုတ်တယ်လေ……။ ခုမှရှစ်နာရီခဲပြီးရုံးရှိသေးတာ …..။ ရုံးချိန်ရောက်ဖို့ကလည်းလိုသေးတယ်……။ မန်နေဂျာက အမျိုးသမီးဆိုတော့ ရုံးချိန်မတိုင်ခင် ဝေယျာ ဝိစ္စက များမှာသေချာတယ်လေ….။ အဲဒိတော့ ဟည့်သည် သွားလုပ်မှာ ရုံးချိန်ကျမှ သွားတာပဲ အကောင်းဆုံးမဟုတ်လား………..။
3 comments
small cat
December 2, 2011 at 8:56 am
ကိုနီ မန်နေဂျာမနဲ့တွေ့တဲ့အခန်းလေး ဆက်ဖတ်ချင်လို့စောင့်နေတယ်နော်။
windtalker
December 2, 2011 at 9:30 pm
ရုံးခန်းအတွင်းသို ့၊ ယိုင်တီးယိုင်တိုင် ဖြင့် (အနဲငယ် ကစ်ထားသဖြင့်) ဝင်သွားသော
ဘိုနီ မှာ ၊ တွေ ့တွေ ့ချင်း ဆောက်နှင့်ထွင်း ဆိုသလို
မန်နေဂျာ မမချော အား ဝင်တိုက်မိလေတော့သည် ။
သူဝင်တိုက်သည်မှာ ရိုးရိုးမဟုတ်
သူ၏ မဟာနှာခေါင်းမှာ မန်နေဂျာ မမချော ၏ ပါးပြင်ပေါ်တွင် ခေတ္တခဏ ဝင်နားလေသည် ဟူသတတ် ။
ဤကား…ကျုပ်တို ့ဘိုနီ ၏ စွန် ့စားခန်းများစွာထဲမှ တစ်ခု ဖြစ်သည် ။
naywoonni
December 3, 2011 at 11:23 am
မနောက်နဲ့ မောင်ပေ….။ အဲဒိတုန်းက နေဝန်းနီ အသက် 20 ပြည့်သေးတာမဟုတ်ဘူး…..။ မန်နေဂျာမ ကြီးတွေ ဆိုတာက ဟီးးး လုပ်သက်နဲ့ ရာထူးတက်လာတဲ့ အဖွားကြီးတွေ အသက်လေးဆယ်ကျော် ငါးဆယ်တွေ….။ ဟင့် ……။ စလေးမ လေးနဲ့ ချိုတော်တေး……….