အညာစာ မြေဥနှင့် ပုတတ်..
အညာအရပ်တွင် မိုးဖြိုင်ဖြိုင် ကျ ပြီဆိုလျှင် ပုတတ်တွေ လှိုင်လှိုင်ပေါ် ချေပြီ။ ပုတတ်ကောင်ကို ရုပ်လုံးပေါ် အောင် ခိုင်းနှိုင်းပြရလျှင် ပုတ်သင် ညိုနှင့် ခပ်ဆင်ဆင် ဖြစ်သည်။ သို့ သော် ပုတ်သင်ညိုလောက် အရွယ် မကြီးပါ။ အနေအထားမှာ ပုတ်သင် ညိုထက် အလျားရှည်လျက် ခေါင်း သေး၊ ခန္ဓာကိုယ်သေး၊ အမြီးသွယ် ပြီး ရှည်သည်။ ပုတ်သင်ညိုလောက် မကြီးပေမယ့် ပုတတ်အကြီးစား တစ် ကောင် ၁၅ ကျပ်သားကျော်ကျော် အချိန်စီးသည်။ ‘ပုတတ် လိမ္မာ၊ ဂယ်နှစ်မွှာ’ဟု ဆိုရိုးအတိုင်း သာမန် ပုတတ်သည် ဂယ်ပေါက်တစ်ပေါက် သာရှိသော်ငြား၊ လိမ္မာ ပါးနပ်သော ပုတတ်များသည် သူတို့ ခိုအောင်းနေ ထိုင်ရာ ကျင်းဝ ဝင်ပေါက်၊ ထွက် ပေါက် အပြင် ရန်သူလာလျှင် အသင့် ထွက်ပြေးနိုင်ရန် လျှို့ဝှက် ဂယ် ပေါက်ကို နှစ်ပေါက်ထားတတ်ကြ လေသည်။ ပုတတ်၏ ဝင်ပေါက် ထွက်ပေါက်သည် အခြားတွင်း အောင်းသတ္တဝါတို့၏ ဝင်ပေါက်၊ ထွက်ပေါက်ထက် သပ်ရပ်ချောမွေ့ လှပေသည်။ ချောမွေ့သပ်ရပ်တာ လည်း မပြောနှင့်။ ပုတတ်များသည် သူတို့အပေါက်ကို သူတို့လည်ပင်း နှင့် စိမ်ပြေ နပြေ အချိန်ယူပြုလုပ် လေ့ရှိသည်။ သူတို့၏ သဘာဝအသိ အရ အစာရှာရာကအပြန် ညနေတိုင် ပြီဆိုလျှင် ဝင်ပေါက်၊ ထွက်ပေါက်ကို အသေအချာ လုံခြုံစွာ ပိတ်အိပ်လေ့ ရှိသည်။ မြေအောင်းသတ္တဝါ ဖြစ်သည့် ပုတတ်သည် ေြ>ွမများလို သူတို့မှီခို ရာမြေနေရာကို လိုက်၍ အရောင် ပြောင်းတတ်၏။ ထို့ကြောင့် ပုတ် သင်ညိုထက် လှခြင်း ဖြစ်သည်။ ပုတတ်လှိုင်လှိုင် ပေါ်သော လသည် တန်ခူး၊ ကဆုန်၊ နယုန်လ ဖြစ်သည်။ မိုးဦးကျ နောက်ကျပြီး မိုးနည်း သည့်နှစ်ဆိုလျှင်တော့ ဝါဆို၊ ဝါခေါင် လအထိ တွေ့ရတတ်လေသည်။ ထို့ ကြောင့် မိုးဦးကောင်းသော လတွေ ဆိုလျှင် နယုန်လလောက်မှာပင် ပေါင်းပင်တွေက ပုတတ်ကျင်းတွေ ဖုံးသွားခြင်းဖြစ်ပြီး ပုတတ်ကျင်း များကို ရှာဖွေလို့မရတော့ပါ။ ပုတတ်များသည် တစ်ကောင် နှင့် တစ်ကောင်ဆော့ကစားရင်း နောက် ခြေနှစ်ချောင်းထောက်လျက် ခန္ဓာကိုယ် သုံးပုံနှစ်ပုံလောက်မတ် ကာ ပတတ်ရပ်လေ့ရှိပုံမှာ ကြည့်၍ ပင်ကောင်းလှသည်။ မြင်းများ ပတတ်ရပ်သည်ဟူသော အသုံး အနှုန်းမှာ ယခု ရေးပြသောပုတတ်နှင့် များ နှီးနွယ်နေသလားဟု ထင်မြင် မိသည်။ အသေအချာ တပ်အပ်တော့ မပြောနိုင်။ ပုတတ်သည် သူတို့ ကျင်လည် ကျက်စားရာ နယ်မြေ၏ အရောင်ကိုလိုက်၍ ပြောင်းတတ် သော်ငြား အဖြူရောင် အစက် အပြောက်ကတော့ ပါမြဲဖြစ်သည်။ ထို့အတူ ကျောကုန်းမှာပါသော အစက်အပြောက်ကို ပြောင်းစေ့၊ အမြီးပိုင်းမှာပါသော အစက် အပြောက်ကို လူးစေ့၊ ဗိုက်ပြင်နှင့် ကျောကုန်းကြား ဘေးစပ်တွင်ပါသော အစက်အပြောက်ကို စပါးစေ့ဟု တူ ရာ အနီးစပ်ဆုံးကို ဥပမာပြုမှည့်ခေါ် ကြပုံမှာလည်း ယုတ္တိရှိလှသည်။ ထိုအစက်အပြောက်ကလေးများပါ သောကြောင့် အခြားသတ္တဝါများ ထက် ပုတတ်များ ပိုလှသည်ဟု ထင်မိသည်။ ဖွတ်မေ့၊ ပုတတ်မေ့ ဟူသော ဆိုရိုးစကားအရ ဖွတ်တို့၊ ပုတတ်တို့ဖမ်းလျှင် တရွှီရွှီနှင့်လေချွန် ရသလို မေ့မေ့ဟုလည်း အော်ရသည်။ ထိုသို့အော်သံကြားလိုက်သည်နှင့် ဖွတ်၊ ပုတတ်တို့သည် ခေတ္တမေ့ သလိုဖြစ်ပြီး ရပ်တန့်နေခိုက် လူက အသာဖမ်းရုံရိုက်ရုံသာဖြစ်သည်။ ဖွတ် ရပြီလားဆိုလျှင် ခေါင်းကိုဖြတ်ပြီးမှ ရပ်ထဲ၊ ရွာထဲယူလေ့ရှိသည်။ ခေါင်း ကိုမဖြတ်ဘဲယူက မွဲတတ်သည်ဟု အယူရှိကြလေသည်။ ဖွတ်ကို မွဲခြင်း နှင့်တွဲလျက် မြင်ကြသော်ငြား သူက မိုးလေဝသကို ဖော်ညွှန်းပြခြင်းဖြင့် အကျိုးပြုလေသည်။ ဥပမာ- ဖွတ်၏ ဦးခေါင်းမှာ မည်းမှောင်နေလျှင် မိုး ဦးကောင်းမည်။ ကျောကုန်းအလယ် မှာ မည်းမှောင်နေလျှင် မိုးလယ် ကောင်းမည်။ အမြီးမှာ မည်းညိုနေ လျှင် မိုးနှောင်းကောင်းမည်ဟု ကျေး လက်တောင်သူများက အတပ်သိကြသည်။ ထိုနည်းအတိုင်း နှမ်းကြဲ၊ ထွန် ယက်ကြလေသည်။ ၎င်းနည်းက မှန် ကန်ကြောင်း အပြောများသည်။ ပု တတ်ကျတော့ မေးရိုးကို ဖြုတ်၊ စွန့် ပစ်ပြီးမှ ကင်ခြင်း၊ ကြော်ခြင်း၊ ထောင်းခြင်းပြုလုပ်ရသည်။ မေးရိုးကို စားက မေ့တတ်သောကြောင့် စွန့်ပစ် ရခြင်းဖြစ်လေသည်။ ပုတတ်သားသည် ယုန်သားကဲ့ သို့ ချိုဆိမ့်၍ လူကြိုက်များခြင်း ဖြစ် သည်။ ပုတတ်သားကို ကင်၍လည်း ကောင်း၊ ပြုတ်ပြီးထောင်းကြော်ခြင်း ဖြင့်လည်းကောင်း၊ အစိုကို ဆီပြန် ချက်၍လည်းကောင်း၊ အစပ်ချက်ခြင်း၊ မန်ကျည်းရွက်နှင့် အချဉ်ချက်ခြင်း ဖြင့်သော်လည်းကောင်း နှစ်သက်သလို ချက်ပြုတ်စားသောက်ကြလေသည်။ ပုတတ်ကင်နှင့်သရက်စေ့ အဆန်ရော ထောင်းကြော်စားလျှင် ဝမ်းပျက် ဝမ်းလျှောရောဂါ ပျောက်သည်။ နှစ် ကောင်ပူးလျက် ပုတတ်တစ်ကင်ကို ၁၅ဝ ကျပ်၊ ၁၇ဝ ကျပ်အထိ ဈေးရှိ သည်။ လိုချင်သလောက် မရပါ။ ရှား ပါးပစ္စည်းဖြစ်သည်။ ပုတတ်တို့၏ အရွေလိုက်ချိန်သည် တန်ခူးလ၊ ကဆုန်လ၊ နယုန်လများဖြစ်သည်။ ပုတတ် အမများ ဥသောအခါ ဥနှစ် လုံးမှ ဆယ့်နှစ်လုံးအထိ ဥကြသည်။ ပုတတ်သားကို ချိုလို့ လူအတော်များ များက ကြိုက်နှစ်သက်ကြသော်ငြား တွင်းအောင်းသားဖြစ်၍ အဖောရောဂါ ရှိသူ၊ လေးဘက်နာရောဂါ ရှိသူများ ရှောင်ကြလေသည်။ အညာဒေသတွင် ပုတတ်ကဲ့သို့ ရှားပါးစားစရာ တစ်မျိုးမှာ မြေဥဖြစ် သည်။ မြေဥသည်လည်း မိုးဖြိုင်ဖြိုင် ကျမှပေါ်သည်။ နယုန်လ၊ ကဆုန်လ ကုန်ခါနီးလောက်မှ တန်ဆောင်မုန်း၊ နတ်တော်လအထိ တွေ့ရသည်။ သူ သည်လည်း မိုးအပေါ်မှာ မူတည် သည်။ မိုးကောင်း၍ နောက်မိုးရွာလျှင် ပြာသိုလလယ်လောက်အထိ တွေ့ရ တတ်သည်။ မြေဥဆိုသည်မှာ မှိုတစ် မျိုးဖြစ်သည်။ သို့သော်မှိုလို ရိုးတံ၊ အဖူး အငုံ၊ အပွင့်မပါချေ။ မြေဥသည် မှိုမဖြစ်မီ မှိုဥကဲ့သို့ အသွင်သဏ္ဌာန် ရှိလေသည်။ မြေဥ၏ အရွယ်အစား မှာ လောက်စားလုံးထက် နှစ်ဆနီး ပါးလောက်ကြီးသည်။ အရောင်မှာ အဖြူရောင်ဖြစ်သည်။ မြေဥအပေါ်ယံ အခွံပါးပါးလေးလှီးပြီး ပြောင်စင် အောင် ဆေးကြောလျက် မှိုကဲ့သို့ ချက် ပြုတ်စားသောက်ကြလေသည်။ သို့ သော် အရည်သောက်ချက်သည်က နည်းပြီး ဆီပြန်ချက်စားသည်က များ ကြသည်။ မှိုထက်ချိုဆိမ့်သော အရ သာရှိသည်။ နူးညံ့သည်။ မြေဥသည် မှိုကဲ့သို့ သဲမြေမှာသာ တွေ့ရသည်။ မြေဥဖြစ်တည်ပုံမှာ ရှေးဦးစွာ ဖြူဖွေး သော မြေဆီဥ အဖူးလေးများ ပွင့်လာ ပြီး တစ်လနီးပါးကြာမှ မြေဥဖြစ်လာ ခဲ့သည်။ သဲမြေမှာ မြေဥ တူးရသည် မို့ မှိုလောက်ခက်ခက်ခဲခဲ မတူးရ ပါ။ မှိုဥသည် ပုတတ်ကဲ့သို့ ရှားပါး ပြီး ဈေးကြီးသည်။ တစ်ပိဿာကို ၆ဝဝဝ ကျပ်အထိရှိသည်။ မြေဥသည် အစိုသာမက ပါးပါးလှီးအခြောက် လှန်းထားပြီး ချက်စားကလည်း ကောင်းလှသည်။ မြေဥသည် ချိုဆိမ့် နူးညံ့၍ စားကောင်းသော်ငြား သွေး တိုးခြင်း၊ ဇက်ကြောတက်ခြင်းဖြစ် တတ်သလို အဖောရောဂါရှိသူ၊ လေး ဘက်နာ ရောဂါရှိသူများနှင့် မတည့် ပါ။ ရောဂါတိုးတတ်လေသည်။ ဘယ်အရာမဆို တစ်ခုကောင်း လျှင် တစ်ခုဆိုးကျိုးပေးတတ်သည် မှာ လောက၏ နိယာမပင်မဟုတ်ပါ လား။ အဆင်းနှင့် အတက်၊ အလင်း နှင့် အမှောင်၊ အပူနှင့်အအေး ဖွဲ့ စည်းတည်ဆောက်ထားသည်ကိုက လောက၏ အသွင်သဏ္ဌာန် ဖြစ်လေ သည်။ ဦးစန္ဒိမ(စလင်း)
8 comments
zaymdy
December 23, 2011 at 6:03 pm
အော်ပုတက်သား ပုတက်သား စားချင်ပါပီး သူများအသား မြေစာဥတော. စားဖူးပါသည် နေပူတော်ရောက်ခါ စ ပေါက်သင်ညိုနဲ. ပုတက်မှားပြီး လိုက်ရိုက်လို. လူကြီးတွေ အအော်ခံဖူးသည် သတိရလေစွ. 😛
ငပေါက်ဖော်
December 23, 2011 at 8:15 pm
ဗဟု သုတတော့ အတော်ရသဗျ
ပုတက် ရပ်တာကြည့်မြင်ချင်စမ်းပါဘိ..
စကားမစပ်..၂ကောင်တစ်တွဲမှ ၁၅ဝကျပ်..၁၇ဝ ကျပ်ဆိုတာ..ဘယ်ခေတ်တုန်းကဈေးလဲ ဗျ
ပြောရင်းနဲ ့..မြေဥနဲ ့..ပုတက် စားချင်လာပြီ
ပုံ၊
အညာသားလေး
thit min
December 25, 2011 at 8:20 pm
“ပုတတ်ကင်နှင့်သရက်စေ့ အဆန်ရော ထောင်းကြော်စားလျှင် ဝမ်းပျက် ဝမ်းလျှောရောဂါ ပျောက်သည်။”
ဆေးဖော်လို့ရတယ်ဆိုတော့ တောက်တဲ့လဲ ရတယ်ဆိုတာမှန်တာပေါ့။
bigchef
December 26, 2011 at 5:11 am
ပုတတ်ခြောက် က သူ ငယ် နာ ပျောက် တယ် ဆိုလား ပဲ။
NK
December 27, 2011 at 9:32 am
ပုတ်သင်ညိုသားကတော့ အဘိုးဘွားတွေရင်ကျပ်ရင် ကြော်ကျွေးရတယ်။ သေချာပေါက်ပျောက်ပါတယ်.
manawphyulay
December 27, 2011 at 10:52 am
အင်း စလင်းဆိုတော့ စကုနဲ့ နီးသားပဲ။ စကုကို လာလည်ရင် လာလည်မယ်နော်။ မုန်းချောင်းတို့ မန်းချောင်းတု့ိ နောက် ပွင့်ဖြူ စလင်းဘက် အလည်လာခဲ့မယ်။ ခုလိုပြန်ဖတ်လိုက်တော့လည်း အညာမြေ အလည်ခရီးစဉ်တွေကို သတိရမိတယ်။ ကိုင်းတွေထဲမှာ ပြောင်းဖူး ခိုးခူးစားခဲ့တာတွေလည်း သတိရတယ်။
etone
December 27, 2011 at 2:51 pm
အစ်မ မနော စလင်းက ဘုန်းကြီးဆီသွားလည်လျှင် လက်ချည်းတော့ မသွားနဲ့နော် … လှူဖွယ်လေးတော့ ယူသွားဦး
etone
December 27, 2011 at 2:57 pm
တကယ့်ကို မသိသေးတာ သိသွားတဲ့အတွက် ဗဟုသုတရတဲ့ ပို့စ်ပါပဲ … ။
ပုတတ်ရဲ့ အစက်ပြောက်တွေကို ခေါ်ပုံကိုလည်း မှတ်သားရပါတယ် … ။ ဖွတ်ကိုရွာထဲမယူခင် ဘာလုပ်ရသလဲဆိုတာလည်း သိခွင့်ရခဲ့တယ် .. ဒါ့ပြင် ပုတ်ရပ်တယ်ဆိုတဲ့ စားရဲ့ အဓိပါ္ပယ်ကိုလည်း သိခဲ့ရပါတယ် … မြေဥအကြောင်းလည်း သိခဲ့ရပါတယ် … ဖတ်ရတာ တန်တဲ့ ပို့စ်တပုဒ်ပါပဲ … ။
စာပိုက်လေးတွေ ခွဲပြီးတင်ပေးမယ်ဆိုလျှင် ပိုလို့တောင် လူစိတ်ဝင်စားမယ့်ပို့စ်ပါပဲ … ။