ဒါလား အရောင်းစာရေးမ
မြင်မြင်သမျှ ရေးချပြရမယ်ဆိုလျှင် ကုန်နိုင်မယ်မထင်ဘူး ။ ကိုယ်ကပဲ ကြုံတတ်လေသလား ၊ တိုက်ဆိုင်တာများလားမသိ တွေ့လိုက်ရလျှင် တကယ့်ကို စလန်ပေးချင်လောက်တဲ့အခြေနေမျိုးနဲ့ချည်းပါပဲ ။ စိတ်ထဲ ကြိတ်တွေး ၊ တအုံ့နွေးနွေးဖြစ်နေတာထက်စာလျှင် ပြောပြလိုက်တာက တခြားလူတွေအတွက်ပါ ဆင်ခြင်လို့ရမယ်ထင်လို့ ရေးမိပြန်တယ်လေ ။
ဒီနေ့လည်း အထက်လူကြီးရဲ့ ကောင်းမှု အကြောင်းပြုပြီး တောက်တိုမယ်ရ လုပ်ရပြန်တယ်လေ … လေယဉ်ပျံကြီးဆီးပြီး ခြေကြွလာတဲ့ဧည့်သည်အတွက် ငါးသိန်း GSM တလုံး သွားဝယ်ခိုင်းပါတယ် ။ ကျွန်မလည်း ရုံးနဲ့ အနီးဆုံး ဘုရင့်နောင်က ဖုန်းဆိုင်တွေဘက် ထွက်ခဲ့ပါတယ် ။ လူကြီးမင်း နဲ့ Elite နှစ်ဆိုင်မှာ ပိုက်ဆံချက်ချင်းရှင်း၊ ချက်ချင်းဝယ်လို့ရနေတာကြောင့် တစ်ဆိုင်ဆိုင်မှာ ဝယ်မယ်ဆိုတဲ့အတွေးနဲ့ပေါ့ … ။ လူကြီးမင်းဆိုင်မှာတော့ တစ်ခါက ဟမ်းဆက်ဝယ်ဖူးလို့ ဒီတစ်ခါ Elite ဘုရင့်နောင် ဆိုင်ခွဲ မှာဝယ်ကြည့်မယ်ဆိုတဲ့အတွေးနဲ့ ဆိုင်ထဲရောက်သွားခဲ့ပါတယ် … ။
စက်ကျူရတီ ယူနီဖောင်းနဲ့ လူတစ်ယောက်က တံခါးထဖွင့်ပေးပါတယ် ။ဆိုင်အတွင်းသို့ဝင်ဝင်ချင်း ကျွန်မမျက်လုံးများ သုံးရာ့ခြောက်ဆယ် ဒီဂရီလည်ပတ်ပြီးသောအခါ … ဟမ်းဆက်ရောင်းတဲ့ ကောင်တာမှာတော့ အမျိုးသားတစ်ယောက်က ကာစတန်မာကို ဟမ်းဆက်တွေအကြောင်းရှင်းပြပေးနေပါတယ် ။ ငွေဖြည့်ကဒ်ရောင်းတဲ့နေရာမှာလည်း အမျိုးသမီးနှစ်ဦး စာအုပ်တွေ ဟိုလှန် ဒီလှော လုပ်နေပါတယ် … ။ ဖုန်းလာဝယ်တဲ့ တဖွဲ့တဖွဲ့နဲ့ … ရောင်းနေတဲ့အမျိုးသမီးလည်း ရှိပါတယ် .. ။ အ လုပ်တွေ ကိုယ်စီနဲ့မို့ … ဝင်လာတဲ့ ကာစတန်မာကို ဂရုမစိုက်အားဘူးထင်ပါရဲ့ … ။ ဘာဝယ်မှန်းမသိပဲ ဝင်လာတဲ့လူထက်စာလျှင် ဝယ်မလို့ စိတ်ဝင်တစားမေးနေတဲ့လူတွေကို လက်ဗလာနဲ့ ပြန်မထွက်သွားဖို့အရေးကြိုးစားနေသလားလို့ မေးကြည့်ချင်စိတ်ဖြစ်ရလောက်အောင်ပါပဲ ။ ဒါနဲ့ ဘယ်သူမှ ထိုင်ခွင့်မပေးလဲ လွတ်နေတဲ့ ထိုင်ခုံလေးမှာ ဝင်ထိုင်ပြီး တောင်ကြည့်မြောက်ကြည့်ကြည့်လို့ပေါ့ ….. ။ ကျွန်မအသွင်ပြင်က အစာရှာထွက်တဲ့ကြွက်တစ်ကောင်လိုပါပဲ .. ဟိုကြည့်ဒီကြည့်နဲ့ …. ။ လေးမိနစ်တိတိ တောင်ကြည့်မြောက်ကြည့်လုပ်နေချိန်ထိ ဘယ်သူမှ ဘာမှ လာမမေးတာကြောင့် … အနီးဆုံးဟမ်းဆက်ရောင်းတဲ့ အမျိုးသားကို ဖုန်းဝယ်မလို့လို့ အပိုလိုမရှိ တုုံးတိတိပဲပြောလိုက်ပါတယ် …. ။ ထိုအမျိုးသားကလည်း ခဏထိုင်စောင့်ပါလို့ပြောပြီး သူ့အလုပ်ကို သူလုပ်နေတယ် … ။ ဖုန်းလာဝယ်တဲ့ အဖွဲ့တဖွဲ့ပြန်ထွက်သွားတော့ …. ကျောင်းသားတွေ ကျောင်းကားနေရာဦးသလို လွတ်သွားတဲ့ ထိုင်ခုံမှာ စွေ့ခနဲဝင်ထိုင်ပြီး ဖုန်းဝယ်မလို့လို့ မေးတော့ … ဓါတ်ပုံသုံးပုံ နဲ့ မှတ်ပုံတင် မိတ္တူ နှစ်စောင်လိုပါသတဲ့ … ။ ပိုက်ဆံပေးပြီးဘောက်ချာပြန်ပေးဝယ်လို့ မရဘူးလား … ဓါတ်ပုံလည်းမပါဘူး .. မှတ်ပုံတင်ပဲပါတယ်လို့ပြောတော့.. မရဘူးဆိုလို့ … ကျွန်မလည်း အနီးနားက ဓါတ်ပုံဆိုင်မှာ နှစ်ဆဈေးနဲ့ ဓါတ်ပုံရိုက် ၊ မိတ္တူဆွဲ အလျှင်မြန်လုပ်ခဲ့ရပါတယ် … ။ ခိုင်းတဲ့လူက ရေခပ်ခိုင်းလျှင် ဗူးပေါက်နေတယ်လို့ ဆင်ခြင်ပေးခွင့်မရှိတာ … သူများအလုပ်လုပ်နေရတဲ့ က ျွန်မတို့ သူများဝန်ထမ်းဘဝပါ ။ နှစ်ဆတွေ သုံးဆတွေ အရေးမကြီး အသေချာစာရင်းပြန်ပြလျှင် ရှင်းလို့ရတယ် … ထင်းခွေခိုင်းမှ လက်ဗလာနဲ့ ပြန်လာလျှင် သောက်သုံးမကျဘူး ပြောခံရဦးမယ် … ။ဒါကြောင့် လိုအပ်တာတွေ ပြင်ဆင်ပြီး ပြန်သွားပါတယ် … ။
ကံကောင်းထောက်မစွာပဲ ဖုန်းဝယ်မယ့်လူတစ်ယောက်မှ ရှိမနေလို့ … ။ ကျွန်မနေရာရပါတယ် … ဒီတခါတော့ စွေ့ခနဲမထိုင်တော့ပါဘူး … ။ ညှင်ညှင်သာသာလေးပဲ .. တအိအိနဲ့ ထိုင်ပြီးမှ ပါလာတဲ့ မှတ်ပုံတင်တို့ ဓါတ်ပုံတို့ကို အရောင်းဝန်ထမ်းကောင်မလေးဆီ လက်လွှဲပေးလိုက်ပါတယ် … ။ သူမကလည်း ဘောက်ချာစာရွက်လို အထပ်ကြီးတစ်ခုကိုယူပြီး ကျွန်မမှတ်ပုံတင်ထဲက အချက်လက်တွေကို ကူးရေးလိုက် ၊ မှတ်ပုံတင်ကို ဖင်တပြန်ခေါင်းတပြန်ဖတ်လိုက် ၊ ကူးလိုက်နဲ့ လေးမိနစ် ၊ ငါးမိနစ်လောက် အကြာမှာတော့ ဖောင် ဖြည့်ခြင်းပြီး ဆုံးသွားခဲ့ပါတယ် ။ ဒါနဲ့ပဲ … လက်မှတ်ထိုးပြီး ကဒ်ကိုယူ အသင့်ပါလာတဲ့ ဟမ်းဆက်ထဲ ထည့်ပြီး .. ငွေဖြည့်ကဒ်ဝယ်မယ့်ကောင်တာဆီသွားခဲ့ပြန်တယ် ။ ငွေဖြည့်ကဒ်ကောင်တာမှာ အမျိုးသားတစ်ဦး နားမလည်တာတွေ အင်ကွာရီလုပ်နေပြီး အရောင်းဝန်ထမ်းကလည်း သေချာရှင်းပြပေးနေတာတွေ့ပါတယ် … ။ ဒါနဲ့ … ဘေးကဆံပင်အရောင်ဆိုးထားတဲ့ … အရောင်းဝန်ထမ်းတစ်ဦးကို ကျွန်မက ငွေဖြည့်ကဒ်လိုချင်လို့လို့ပြောတော့ ခဏစောင့်တဲ့ … ။ ခဏစောင့်သာပြောတာ သူမကတော့ လုပ်လက်စအလုပ်မပြတ်ဘူး … (လုပ်လက်စဆိုတာကတော့ .. ကျစ်ထားတဲ့ ကျစ်ဆံမြီးငါးရိုးကို ပွတ်သပ်လိုက် ..ဘောလ်ပင်နဲ့ …စာအုပ်ထဲမှာ ရေးမှတ်လိုက်လုပ် နေခြင်းပါ ) ။ ဟိုအင်ကွာရီလုပ်နေတဲ့ အမျိုးသား ပြန်ထွက်သွားမှ … ရှင်းပြပေးလို့မောနေတဲ့ အရောင်းဝန်ထမ်းက ကျွန်မလိုချင်တဲ့ ငွေဖြည့်ကဒ်ကို ရောင်းပေးဖို့ စီစဉ်ပါတယ် … ။ FEC 20 တန် နှစ်ကဒ် နဲ့ တစ်သောင်းတန် နှစ်ကဒ် စုစုပေါင်း ငါးသောင်း နှစ်ထောင့်ရှစ်ရာဖိုး ဝယ်လို့ ခရစ်စမတ် ဒစ်စကောင့်ဘာများရှိသလဲမေးတော့ … တစ်ချိန်လုံး တကုတ်ကုတ်ရေးတဲ့ အမျိုးသမီးက နှုတ်ခမ်း ထော်ထော်နဲ့ … လျှော့လို့မရဘူး ဒါရောင်းဈေးတဲ့ လိုချင်လျှင်ယူ လို့ မျက်လုံးမျက်နှာ ရှံ့တွပြီး ပြောပါလေရော ။ အများကြီးဝယ်ထားတဲ့ ကာစတန်မာကို ဒီလို မချိုမချဉ် မ ခံသိမခံသာဖြစ်အောင်ပြောရမယ်လို့ သင်များထားသလား အံ့ဩမိပါတယ် … သူ့ဆိုင်မှာတော့ ဝန်ထမ်းခေါင်းဆောင်လား ၊ သာမန်အရောင်းစာရေးလား ဘာရာထူးလဲ မသိပေမယ့် … ကိုုယ်ပိုင်အလုပ်မဟုတ်လို့ ကာစတန်မာဆိုတာ အရေးကြီးမှန်း မတွေးတတ်ဘူးထင်ပါရဲ့ … ။ ထောင်းခနဲထွက်သွားတဲ့ ဒေါသကို နည်းနည်း ထိန်းပြီး ပေးချေရမယ့်ပိုက်ဆံကို ရေတွက်ကာပေးပြီး ငွေဖြည့်ကဒ်ကို လက်လွှဲယူပါတယ် ။ လက်ထဲရောက်လာတဲ့ကဒ်တွေကို ဖင်တပြန်ခေါင်းတပြန်ကြည့်ပြီး သုံးကဒ်ပဲ တွေ့တာကြောင့် … နောက်တစ်ခါ သေချာပွတ်ကြည့်တော့မှ နှစ်ကဒ်ပူးနေတာမြင်မိပါတယ် … ။ဒါကိုမြင်တဲ့ ဆန်နီအရောင်းစာရေးမက သေချာမကြည့်ဘူး ဟူသော အပြုံးဖြင့် မဲ့ကာရွဲ့ကာ အချင်းချင်း လုပ်ပြသော မျက်နှာပေးကို မြင်ဖြစ်အောင် မြင်လိုက်မိသေးတယ် … ။ ကြာကြာဆက်နေမိလျှင် ကျွန်မဒေါသတွေထိန်းမရတော့မှာမို့ ပြန်သာ ထွက်လာခဲ့ပါတော့တယ် … ။
ဆိုင်တစ်ခုမှာ ကာစတန်မာဆိုတာ အလွန်အရေးကြီးပါတယ် ။ကျွန်မတို့လည်း ကိုယ့်အလုပ်ခွင်မှာ ကာစတန်မာကို အဆင်ပြေအောင် ဆက်ဆံပြောဆိုရပါတယ် ။ ရှိသမျှ သွားအကုန်ပေါ်အောင်ပြုံးပြီး စကားပြောရပါတယ် ။ ရောင်းသူနဲ့ဝယ်သူတွေ့ဆုံမှသာ ဈေးကွက်ဖြစ်လာနိုင်မှာပါ ။ အရောင်းဝန်ထမ်းတွေကို ငွေစာရင်း နိုင်နင်းရုံသာမက ၊ စိတ်ဓါတ်ရေးရာ လေ့ကျင့်ရေးများလည်း လုပ်ဆောင်ပေးသင့်ပါတယ် ။ သူတို့ရဲ့ ဆက်ဆံရေး ပြေပြစ်မှုနဲ့ ဝယ်လိုအားက သွယ်ဝှိက်အချိုးကျ သက်ရောက်မှု ရှိလို့ပါပဲ ။ မိမိတို့ဧ။် စီးပွားရေးမဟုတ်လို့ တစ်ခါဆက်ဆံ ဆယ်ခါလန်ဖြစ်လည်း ဂရုမစိုက်ဘူးဆို ၎င်းတို့အတွက် သက်ရောက်မှုမရှိပေမယ့် ပိုင်ရှင်အတွက်တော့ များစွာ နစ်နာမှုပါပဲ ။ ဒီတော့ .. စာဖတ်နေတဲ့ လူတွေထဲ ဆိုင်ပိုင်ရှင်ဖြစ်နေသူများ ပါခဲ့ပါက မိမိတို့ရဲ့ အရောင်းစာရေးမတွေကို လူတွေနဲ့ ဘယ်လို ပေါင်းသင်းဆက်ဆံပြောဆိုရမယ်ဆိုတာမျိုးလေး သင်ပေးပြီးမှသာ စိတ်ချလက်ချ ဆိုင်အပ်ခဲ့ပါလို့ပဲ မှာလိုက်ချင်ပါတော့တယ် ။
19 comments
inz@ghi
December 23, 2011 at 5:12 pm
အပြုသဘော ပြောရရင်တော့ ….
ထိုဆိုင်ရဲ့ suggestion box သို့သော်လည်းကောင်း …အနှီ ကန်ပနီ၏ email သို့သော်လည်းကောင်း ပို့ရမယ့်
စာအမျိုးအစား ဖြစ်နေတယ်ဗျ. ….ဆိုင်နာမည် နဲ့ ဆိုင်ခွဲနေရာ …အတိအကျကြီးပါနေလို့
သည်လို အကြံပေးရတာပါ…
အရောင်းစာရေး ကျင့်ဝတ် တွေတော့ ..သပ်သပ် မန့် (ရေး) ပါ့မယ်ဗျာ ….
ခင်တဲ့
Inz@ghi
hmee
December 23, 2011 at 5:30 pm
ဖုန်းဝယ်တာကို ဘာကြောင့် ဓါတ်ပုံတောင်းရတာလဲ မသိလို့နော်။ 🙁 ဈေးရောင်းရတာ အရမ်းစိတ်ရှည်ရတယ် သူများငွေ ကိုယ့်ငွေဖြစ်အောင် လုပ်ရတာကိုး။ မဝယ်ဘူးထင်သူက နင့်နေအောင် ဝယ်သလို ဝယ်မယ်ထင်သူက တကျပ်ဖိုးတောင် ဝယ်ချင်မှဝယ်တာ။ ဒါကြောင့် ဆိုင်ထဲဝင်လာသူတိုင်းကို အထင်သေးလို့မရဘူး။ အားလုံးကို ဝယ်ဝယ်မဝယ်ဝယ် စိတ်ချမ်းသာသွားအောင် အလိုက်အထိုက်ဆက်ဆံမှ နောက်နောင်လည်း ဝယ်စရာရှိတိုင်း သတိတရမှာလေ။ တုံရေ တချို့ဝန်ထမ်းတွေက သခင်စိတ်မရှိဘူး တုံရဲ့။ ဒါကြောင့် ဘယ်တော့မှ စိတ်ချလက်ချ ပြစ်မထားသင့်တာ။
water-melon
December 23, 2011 at 5:30 pm
မှတ်သားစရာလေး ရသွားပါပြီ။
ဦးဦးပါလေရာ
December 23, 2011 at 6:00 pm
etone ရဲ့ …
အဲဒါမျိုးက ပြိုင်ဆိုင်မှု့များများနဲ့ လွတ်လွတ်လပ်လပ်မရှိတဲ့ ကျုပ်တို့နိုင်ငံမှာ နေရာတိုင်းလိုမှာတွေ့နေရတာပါပဲ။
ဝန်ထမ်းတွေ ဆက်ဆံရေးမကောင်းလဲ အလုပ်ဖြစ်နေသရွေ့ လုပ်ငန်းရှင်တွေက ဝန်ထမ်းတွေ ဆက်ဆံရေးကောင်းအောင် ဂရုစိုက်မှာမဟုတ်ဘူး။
ဝန်ထမ်းတွေ ဆက်ဆံရေးမကောင်းရင် လုပ်ငန်းပြုတ်သွားမယ် ဆိုတဲ့တနေ့ရောက်မှပဲ ဂရုစိုက်ကြမှာ။
ကျုပ်ဥပမာနဲနဲပေးမယ်-
အစိုးရဌာနမဟုတ်တဲ့ လုပ်ငန်းတွေ-
၁။စိန်ဂေဟာ
၂။စူပါဝမ်း
၃။မြေနီကုန်းစတားမတ်
၄။တရုတ်တန်း ရွှေပုဇွန်ကိတ်ဆိုင်နဲ့ ဘေးက ရွှေပုဇွန် အအေးဆိုင်
၅။မင်္ဂလာရုပ်ရှင်ရုံအုပ်စု
၆။ပါရမီတက္ကစီများ
တကယ်တော့ နောက်ထပ်အများကြီး …..
super
December 23, 2011 at 6:40 pm
ဟုတ်ပါတယ် အိတုန်၊ နေရာတော်တော်များများမှာရှိနေတာပါ၊ အသိတရားလေးတွေနဲ့ ကိုယ့် ဖောက်သည်တွေကို လေးလေးစားစားဆက်ဆံနိုင်ကြရင် ကောင်းတာပေါ့ဗျာ၊
windtalker
December 23, 2011 at 7:07 pm
“ကျွန်မအသွင်ပြင်က အစာရှာထွက်တဲ့ကြွက်တစ်ကောင်လိုပါပဲ .. ဟိုကြည့်ဒီကြည့်နဲ့ …. ”
မှန်၏ တူ၏ ဟီဟိ
ရှူံးနိမ့်မှုများနဲ့.. လူ
December 23, 2011 at 8:35 pm
အီးတုန်းရေ… အရောင်းစာရေးဆိုတာ ဘာလဲဆိုတာကို သေသေချာချာစာစီပြီးရေးပြဖို့ရှိပါတယ်
ပညာရှင်အနေနဲ့မဟုတ်ဘဲ လက်တွေ့တွေနဲ့ပေါ့။ ပြောရရင်တော့ မြန်မာပြည်က လူနေမှုစနစ်တွေ၊ နိုင်ငံရေးတွေကြောင့်မို့ ခုလို ဆက်ဆံခံလိုက်ရတယ်လို့ပဲ မြင်မိပါကြောင်း..
Sonny
December 23, 2011 at 10:22 pm
အိတုံရေ
ကိုဆန်နီတို့ ယဉ်ကျေးပါတယ်ဆိုတဲ့မန္တလေးမှာ ကိုဆန်နီ ဘယ်တော့မှမဝယ်တော့တဲ့ဆိုင်ရှိတယ်
အဲဒါ ရောင်းစရေးမတွေရော ပိုင်ရှင်တွေရော လူလာရင် သူခိုးကြည့်နဲ့ကြည့်ကြတာ။
လျှာမျက်ပေါက်ပေ့စေ ဘယ်တော့မှ မစားတော့ဘူး (ကုန်းထက် ရေခဲမုန့်နဲ့ ကြက်ဆီထမင်းဆိုင်)
ပိုင်ရှင် ကောင်တာမ ပိုက်ဆံကာစတန်မာဆီက ယူပုံလေး တစ်ခါလောက်မန်းလေးလာကြည့်ပါအုံး။
၂ရလမ်း ၈၀၊၈၁ ကြား။
ဆရာဖြစ်ရက်နဲ့စာရေးကရိယာမဝယ်တော့ဘူး။ အောင်မြန်မာ စာရေးကရိယာ။ပိုင်ရှင်တွေကတော့ ရုပ်နဲ့နမ်နဲ့လိုက်ပါပေတယ်။ မန်းလေးရောက်ရင်ဝင်ရောက်ရှုစားကြည့်ပါခင်ဗျာ။၃၀–၈၀၊၈၁ကြား
ချစ်ခြင်းအားဖြင့်…ကိုဆန်နီ…..
zay
December 24, 2011 at 1:41 am
ရေးထားတာတော့သနားစရာလေးပါလား အိတုံရေ ပြောရမည်ဆိုရင်တော့ဆိုင်ရှင်မကောင်းတာပါလို့ယူဆရမည် service အလုပ်လုပ်နေတဲ့လူတွေဟာ ဝန်ဆောင်မူ့အပြည်ရှိဘို့လိုတယ် ရှုံးနိမ့်မှုု့မျာနဲ့လူပြောတာမှန်ပါတယ် နိုူင်ငံတိုးတက်လာရင် ဒါတွေပြောင်းလဲလာပါလိမ့်မယ် ခုဖုန်းတို့ကားတို့ဆိုတာဟာ မြန်နိုုင်ငံမှာရှားပါးနေလို့ပါ ဟင်းရွတ်ကန်စွန်းရွတ်လိုပေါများလာရင် မျက်နှာချိုုသွေးပြီးဆက်ဆံလာပါလိမ့်မယ်
စုံ စုံ
December 24, 2011 at 10:39 am
etone ရေ ဒါဒီတနေရာထဲမဟုတ်သေးဘူး
နေရာတော်တော်များများမှာ အရောင်းဝန်ထမ်းတွေတော်တော်များများဒီလိုဘဲ
ကိုယ်ပိုင်စီးပွါးရေးမဟုတ်တဲ့အခါကျတော့ လကုန်ရင်လစာရဖို့ကသူတို့အလုပ်ဘဲလေ
အဲ့ဒိတော့ ဆိုင်ရဲ့ရောင်းအားကောင်းမကောင်းကသူတို့နဲ့မဆိုင်ဘူး
အချိန်တန် လစာထုတ်ယုံဘဲလေ
အဲ့ဒိတော့ဘာဖြစ်လဲဆို ဆိုင်ရှင်နစ်နာတာပေါ့
တချိန်ကအစည်းအဝေးတခုမှာ လူကြီးတယောက်ပြောတဲ့စကားလေးအရမ်းမှတ်လို့ကောင်းခဲ့တယ်
လူငယ်တွေတော်တော်များများသူများဆီမှာမလုပ်ချင်ဘူး
ကိုယ်ပိုင်အလုပ်ဘဲလုပ်ချင်တယ်လို့ပြောကြတယ်တဲ့
အမှန်က သူများဆီမှာဝန်ထမ်းလုပ်နေရတာလဲ ကိုယ်ပိုင်အလုပ်လုပ်တယ်လို့
မှတ်ယူလို့ရပါတယ်တဲ့
ကိုယ်ရတဲ့ရာထူးနေရာလေးမှာ ပထမတာဝန်ကျေအောင်လုပ်ပေးမယ်
နောက်တော့ ဒီ့ထပ်တာဝန်ပိုယူနိုင်အောင်လုပ်မယ်
နောက်ထပ်နောက်ထပ် ဒီ့ထပ်တာဝန်တွေထပ်ထပ်ယူနိုင်မယ်ဆိုရင်
တချိန်မှာ ကိုယ်ပိုင်အလုပ်လုပ်နေတာထပ်ကိုပိုပြီးတိုးတက်မှုတွေရှိနေမှာပါတဲ့
ဒါကြောင့်မို့လို့သူများဆီမှာဝန်ထမ်းလုပ်နေတယ်လို့မတွေးဘဲ
ငါ့ကိုယ်ပိုင်အလုပ်လေးလုပ်နေရတာပါလားလို့တွေးမိရင်
ဒီလိုမျိုးတွေဖြစ်ကြမယ်မထင်ဘူး
မမှီပြောသလိုဘဲ တချို့ဝန်ထမ်းတွေက တကယ်သခင်စိတ်မမွေးနိုင်ကြတာ
etone
December 24, 2011 at 11:02 am
inz@ghi ရေ အကြံပေးစာတိုက်ပုံးရှာခဲ့ပါသေးတယ် …. ။ ကိုယ်ကပဲ အရပ်မမှီလို့လားမသိဘူး …မမြင်မိတာကြောင့် …. တဆင့်စကား တဆင့်နားကနေကြားအောင် ….ရွာထဲကနေရော တခြားဆိုဒ်တွေကနေပါ … ကြုံရဆုံရ ဘဝင်မကျတာလေးတွေကို တင်ပေးလိုက်တာ … ။
မမှီရေ .. သူတို့က အချိန်တန်ပိုက်ဆံရနေတော့လည်း ကာစတန်မာရှိရှိမရှိရှိ သူတို့လစာအပေါ် သက်ရောက်မှုမရှိတာကြောင့် ဒီလိုတွေဖြစ်နေတာ .. သူတို့ရဲ့ ဝန်ဆောင်မှုနဲ့ ပတ်သတ်လို့ …. ဆုပေး ဒဏ်ပေးစနစ်လေး ကျင့်သုံးသင့်ပါတယ် … ။
ဦးဦးပါလေရာရေ … ကျွန်မတို့တွေ ကြုံသမျှ တခြားလူတွေပါ သိနိုင်အောင် ပြောပြပေးမယ်ဆိုလျှင် ဆက်ဆံရေးမပြေပြစ်တာတွေ ပျောက်သွားမလားလို့ စိတ်ကူးယဉ်ဆန်ဆန် တွေးမိပါတယ် ။
super ရေ … ဒီဆိုင်မှ မဟုတ်ပါဘူး .. တခြားဆိုင်တွေမှာလည်း ဝန်ထမ်းတွေချည်း စိတ်ချလက်ချလွှတ်ထားတဲ့အခါ ဒီလိုဖြစ်တတ်ပါတယ် … အတူ အနီးကပ် အလုပ်လုပ်နေတဲ့ မန်နေဂျာသော်လည်းကောင်း ၊ အလုပ်သမားခေါင်းဆောင်သည်လည်းကောင်း အရည်ချင်းမပြည့်ဝတဲ့လူဖြစ်နေတဲ့အခါ သူ့အလုပ်အလုပ်သမားကိုသူ ကောင်းကောင်း ထရိန်းမလုပ်နိုင်ပါဘူး … ။ ဒါတွေကြောင့် ဒီလိုလေးတွေဖြစ်နေတာပါ … ။
ကိုပေရေ … မှန်သေချာပြန်ကြည့်ဦးမှပဲ ..ဟဲဟဲ … 😀
ကိုရှုံးရေးမယ့် အရောင်းစာရေးအကြောင်းလည်း စိတ်ဝင်တစားဖတ်ဖို့ စောင့်နေပါတယ် ။
ကိုဆန်နီရေ .. အဲ့လို အသိတရားခေါင်းပါးပြီး .. အခြေခံလှူမှုဆက်ဆံရေးလေးတောင် မလုပ်တတ်တဲ့ဆိုင်မှာ မဝယ်တာပဲကောင်းပါတယ် … ပိုက်ဆံပေးပြီးဝယ်တဲ့လူကို စိတ်အနှောက်ယှက်ဖြစ်အောင်ပြန်လုပ်တာ …. ဆိုင်ဝန်ထမ်းတွေဆိုပေမယ့် တကယ်တမ်းမဝယ်လို့နစ်နာသူကတော့ … ဆိုင်သူဌေးပဲဖြစ်လိမ့်မယ် … ။
ဟီးဟီး … zay ပြောသလိုပါပဲ .. ဖုန်းတွေ က ဟင်းရွက် ကန်စွန်းလို ပေါများလာတဲ့အချိန်ကျလျှင် ဒီလေသံထွက်နိုင်ဦးမလားနော် … ကော့မန့်ဖတ်ပြီး ပြုံးမိပါတယ် … 🙂
စုံစုံရေ သူ့အိုးနဲ့သူဆန် တန်ရုံ ဆိုတာမျိုးဖြစ်နေပါပြီ … တချို့ကျတော့လည်း အလုပ်သမားက ကြိုးစားသလောက် သူဌေးက မျက်စိမွဲပြီး ထိုက်သင့်သလောက် အကျိုးခံစားခွင့်မရတာတွေလည်းရှိတယ်….။ တကယ်ဆိုလျှင် အလုပ်သမားတွေတင်မကပဲ ၊ သူဌေးတွေပါ နှစ်ဖက်မျှတွေးတတ်တဲ့လူတွေဖြစ်လျှင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ် … ။
အခုကြုံတဲ့ကိစ္စကလည်း … စိတ်အတော်ထိန်းထားပေလိုပဲ … ပါးစပ်ကပြောတာတောင်ကြာဦးမယ် …ကိုယ်က လက်မြန်ခြေမြန်နဲ့ တော်ကြာတခုခုဆို ရှင်းလို့ ဆုံးမှာ မဟုတ်တော့ဘူး … ။ 🙁
Moe Z
December 24, 2011 at 11:22 am
အင်း မမအိတုံတို့ကတော့ ဖြစ်ရမယ် 🙂
အဲဒီဆိုင်က ဘယ်တော့မှမသွားဘူးလို့ဆုံးဖြတ်ထားတဲ့အထဲပါတယ်
ပစ္စည်းကိုဘယ်လောက်ကြိုက်ကြိုက် ဆက်ဆံရေးမကောင်းလို့ကတော့မဝယ်ဘူးပဲ
comegyi
December 25, 2011 at 10:57 pm
အိတုန်ရေ့…
သူတို့က ကာစတန်မာရိုက်စ် မဟုတ်ဘဲ
အရောင်းစာရေး ရိုက်စ်ထင်လို့နေမပေါ့…..
nayminkabyar
December 26, 2011 at 1:24 am
ဟုတ်တယ်ဗျို့…ကျွန်တော် လှည်းတန်းက touch mobile ဆိုင်မှာ ဟမ်းဆက်သွားဝယ်တုန်းက ကြုံရတာ။ အဲဒီဆိုင်မှာက အရောင်းစာရေးတွေတော့ အများကြီးပဲ။ဝင်ဝင်ချင်း ကောင်တာမှာကို ငါးယောက်လောက် စုထိုင်ပြီး အလုပ်များနေကြတာဗျာ…ဝယ်သူကိုတောင် လှည့်ကြည့်မအား ကြရှာဘူး။ဘာအလုပ်တွေလည်း ဆိုတော့” နင့်လက်သည်းက ဘာအရောင်၊ ခေါင်းလျှော်ရည်က ဘာအနံ့ဆိုပြီးတော့ ဝိုင်းပွားနေကြတာလေ။ ပွားတယ်ဆိုလို့ ခပ်တိုးတိုး မထင်နဲ့…ဆိုင်ခန်းတစ်ခုလုံးကို ပဲ့တင်သံထွက်ရောပဲ။ အဲဒီအချိန် ဆိုင်ထဲမှာ ကျွန်တော်အပါအဝင် ဝယ်သူ ရှစ်ဦးလောက်ရှိတယ်။ ရောင်ပေးနေတဲ့ စာရေးတွေလည်း ရှိပါတယ်။ အဲဒီမှာ အရောင်းစာရေး ကောင်လေးတစ်ယောက်က လာမေးလို့ လိုချင်တဲ့ ဟမ်းဆက်အမျိုးအစားကို ပြောလိုက် တာ သွားတော့ယူပြပေးပါတယ် သိချင်တာတစ်ခုမေးလိုက် ဆိုင်အနောက်ထဲဝင်ပြီးသွားမေးလိုက်၊ သိချင်တာတစ်ခုမေးလိုက် ဆိုင်အနောက်ထဲဝင်ပြီးသွားမေးလိုက်နဲ့ဗျာ မပြီးတော့ဘူး။
ပိုဆိုးတာက အဲဒီကောင်လေးပါးစပ်ကဗျာ တော်တော်လေးကို အနံ့အသက် ဆိုးဆိုးရွားရွား ထွက်နေတာ။ ဘယ်လိုပြောရမလဲ ယောကျာ်းလေးချင်းတောင် မခံနိုင်တဲ့ အနံ့မျိုးကို သူ့ပါးစပ်ဟလိုက်တာနဲ့ ရတာ။
အဲဒီမှာ ပွားနေတဲ့အုပ်စုက အသံပိုကျယ်လာတဲ့အပြင် ပွားရတာအားမရလို့ လိုက်တန်ပြေးတန်းပါ ထဆော့ကြရောဗျာ။ ……..ကျွန်တော့်မှာ နှာခေါင်းရော နားရော မပိတ်နိုင်တဲ့အပြင် ကိုယ့်ကိုဝင်တိုက်မှာ စိုးလို့ တစ်ချိုးတည်ထပြေးခဲ့ရတယ်ဗျာ။………………………
အဲဒီဆိုင်ပိုင်ရှင်အတွက်တော့ ရင်လေးပါတယ်၊ အရောင်းဝန်ထမ်းတွေက အများကြီးခန့်ထားပြီးတော့ အုပ်ချုပ်မှု မတွေ့ရဘူး။ အဲလောက်ပါးစပ် နံ့တဲ့အရောင်းဝန်ထမ်နဲ့ ဘယ်လိုလုပ် ဈေးရောင်းလဲ မတွေးတတ်တော့ဘူး။………..ပိုက်ဆံပေးပြီး ဈေးဝယ်ရတာ စိတ်ချမ်းသာချင်တယ်ဗျာ………
…….အိတုံရေ…ဝယ်ချင်ဝယ် မဝယ်ချင်နေ ဆိုပြီး မပြောသေးတာ တော်ပါသေးတယ်နော်…….
ဆူး
December 26, 2011 at 9:55 am
တခြားတော့ မပြောချင်ဘူး။
ဆိုင်ထဲ ဝင်လာဖို့ ကြိုပြီး ခြေလှမ်းပြင်ကတည်းက တံခါးဖွင့်ပြီး ဝင်လာတာနဲ့ တပြိုင်နက်.. ကြွပါ ဝင်ပါ ခရီးဦးကြို ပြုတဲ့ လေသံလေးနဲ့ နှုတ်ဆက်ခြင်း။
ဝယ်သူက ဘာဝယ်ရမယ် မသိသေးတဲ့ အခါ ဘာအလိုရှိပါသလဲ မေးပြီး ဝယ်သူမျက်နှာကို စိုက်ကြည့်ပြီး အပြုံးမျက်နှာနဲ့ သူဘာပြောမလဲ ဆိုတဲ့ မျက်နှာလေးနဲ့ လှမ်းပြောရင်.. ဝယ်သူအနေနဲ့ ဒီဆိုင်က တော်တော် သဘောကောင်းတယ် ဆိုတဲ့ စိတ်ကလေး ပထမဆုံး အချက်အနေနဲ့ ခံစားသွားရမယ်။ များများဝယ်ဝယ် နည်းနည်း ဝယ်ဝယ် ဈေးမေးပြီးပဲ ပြန်ထွက်ထွက် စိတ်ရှည်ဖို့က အဓိက.. စေတနာထားပြီး ရှင်းပြဖို့က အရောင်းစာရေးတာဝန်..
လိုချင်တာ အကုန်ထုတ်ပြ.. သိချင်တာကို ရှင်းပြပေးတယ် ဆိုရင် ဝယ်တဲ့လူ စိတ်ထဲမှာ ကျေနပ်တယ် ဆိုတဲ့ ပီတိလေး ဖြစ်သွားတယ်။ လူတွေရဲ့ ကျေနပ်မှုနဲ့ ပီတိ တွေက အရောင်းအဝယ် လုပ်ပြီး အများဝင်ထွက်နေတဲ့ ဆိုင်အဖို့က အလွန် အင်အားကြီးတဲ့ ခွန်အား တရပ်ပါပဲ။ ကျေနပ်လို့ ဝယ်ပြီး ထွက်သွားရင်တောင် ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားနဲ့ နောက်လည်း ထပ်မံ လာပြီး အားပေးပါအုန်း အမှာပါး နှုတ်ဆက်လိုက်ပါ။ စိတ်ပညာ သဘောအရ ဒီလူတွေ နောက်တခါ ကိုယ့်ရဲ့ ဝယ်သူ ဖြစ်လာအောင် ပြောလိုက်တဲ့ သဘောဆောင်တယ်။
နောက်ပြီး အရောင်းစာရေးထဲမှာ အသံသိပ်တိုးတဲ့လူတွေ စကားပီပီ မပြောနိုင်တဲ့ လူတွေ တွေ့တွေ့ နေရတယ်။ စကားမပီတဲ့ သူတွေက စကားမပြောရတဲ့ အလုပ်မှာပဲ လုပ်သင့်တယ်။
အသံတိုးတိုးလေး ပြောချင်တဲ့ လူတွေလည်း ဒီလိုပဲ.. လူတွေနဲ့ အမြဲ ထိတွေ့နေရတာ အသံကျယ်ကျယ် ပြောရမှာ ရှက်ရင် အသံမထွက်ပဲ လုပ်လို့ ရတဲ့ အလုပ်မျိုးသာ လုပ်သင့်တယ်။
လူတွေကလည်း ကိုယ်နဲ့ အဆင်ပြေလိုက်ဖက်တဲ့ အလုပ်ကို လုပ်သင့်သလို အလုပ်ရှင်တွေကလည်း ဖြစ်သလို တွေ့တဲ့ လူ မခန့်သင့်ဘူး။
တခါတုန်းက အသိတယောက် အိမ်ကို အလည်သွားတာ အိမ်ရှေ့မှာ ဆိုင်သေးသေးလေး ဖွင့်ထားတော့ စကားပြောနေတုန်း ဝယ်သူတွေ ရောက်ရောက်လာတယ်။ ဝယ်ချင်တဲ့ သူက မေးတယ် ဘာရှိလား ညာရှိလား.. ရှိတယ် ယူမှာလား ယူရင်ပြမယ် ကြိုက်ရင် ဝယ် မကြိုက်ရင် မဝယ်နဲ့ ခပ်မာမာပဲ သူတို့ ကြည့်ပြီး လန့်တောင် လန့်တယ်။ ပြီးတော့ ငြီးပြတယ်.. ဖြတ်သွား ဖြတ်လာ လုပ်နေတဲ့ လမ်းမှာ ဖွင့်ထားတာ တနေ့ ၁သောင်းဖိုးတောင် မရောင်းရချင်ဘူး စိတ်ညစ်တယ်တဲ့ကွယ်.. သိပ်တော့ မဝေဖန်ချင်လို့ သူပြောတာပဲ နားထောင်ခဲ့တယ်။ ဘယ်အရာကို မဆို စေတနာ ထားရင် စေတနာ အကျိုးပေးပါတယ်။
နီကီတာ
December 26, 2011 at 10:30 am
သူတို့ အပိုင်ထဲရောက်သွားတာကိုး..
အခုက ကိုယ့်အပိုင်ထဲရောက်လာရင် ဆော်ထလိုက်မယ်ဆိုတာချည်းပဲ
နောက်ဆို အဲဆိုင်ကို ရှောင်တော့မယ်……
နွယ်ပင်
December 26, 2011 at 12:22 pm
ဒီဆိုင်က ဝန်ထမ်းတွေက ဒီလို အချိုးမျိုးတစ်ပုံစံတည်းပါပဲလား
ဟိုနေ့ကလည်း ဘိုကလေးဈေးနားက Elite မှာ အင်တာနက်သွားဖွင့်ပါတယ်
သူတို့က ဘောင်ချာမပေးဘာမပေးလို့ အင်တာနက်ပွင့်မပွင့်ကို ဘယ်လိုသိရမလဲ
မပွင့်ရင် ဘယ်ဘောင်ချာနဲ့ လာရမလဲလို့မေးတော အင်တာနက်ကတော့ ပွင့်မှာပဲတဲ့
ရမရကိုတော့ ကိုယ့်ဘာကိုယ်လုပ်ကြည့်မှ သိမယ်တဲ့ သူတို့ဆီမှာတော့ အလုံးရေ
အများကြီးနဲ့ လုပ်တော့ လူတိုင်းကို ရမရ လိုက်ပြီးဖုန်းဆက်မပေးနိုင်ဘူးဆိုပြီး မာရေကျောရေနဲ့
ပြောလို့ ဒေါသထွက်ပြီး ပြန်ခဲ့ရတယ် etone ရေ ..
ဒီစကားကိုပဲ ဒီလိုလေသံနဲ့မပြောဘဲ ပြေပြေပြစ်ပြစ်ပြောလဲ ရတာပဲကိုး
ဘယ်သူ့အားကိုးနဲ့ ဒီလောက်မောက်မာနေရတာပါလိ်မ့် ဧကန်ဏ ဆိုင်ပိုင်ရှင်ရဲ့ အရှိန်ကြောင့်
ဒိလောက်မာန်တက်နေရသလား မှတ်တယ် 🙁
etone
December 26, 2011 at 4:09 pm
Moe Z ရေ … တဆိုင်လုံးမကောင်းတာတော့မဟုတ်ဘူး … တစ်ယောက်ကြောင့် ဆိုင်ပါ ထိခိုက်ရတာမျိုးလေ … ဘယ်လိုပြောရမလဲနော် ..ဝန်ထမ်းတွေရဲ့စိတ်ထဲ တာဝန်သိတတ်မှုလေး စွဲနေလျှင် ဒါမျိုးဖြစ်လာမှာ မဟုတ်ဘူး … ။
comegyi ပြောသလိုထင်နေပုံရတယ် …. ဆိုင်ဝန်ထမ်းပဲဖြစ်ဖြစ် သူဌေးပဲဖြစ်ဖြစ်ပါ … မိမိအလုပ်ကိုယ် မိမိလေးစားလျှင် ဒီလိုဖြစ်လာစရာအကြောင်း မရှိပါဘူး .. ။ ကျွန်မတို့တွေ .. .သူများအလုပ်မလုပ်ခင်ကလည်း ထောင့်မကျိုးပါဘူး .. မိဘလုပ်စာ စားပြီး ဘုစပ်စပ်နေခဲ့တယ် …. အလုပ်ထဲလည်းရောက်ရော … အလုပ်ကနေရတဲ့ သင်ခန်းစာတွေနဲ့ … အပိုးကို ကျိုးပြီးသားဖြစ်ရော .. 😀
nayminkabyar ရေ … ဝန်ထမ်းချည်း လွှတ်ထားတဲ့အခါ .. အဲ့လိုလေးတွေက ဖြစ်တတ်စမြဲပေါ့ .. ။ ဒါ့ပြင် မိန်းမတွေ စုနေလျှင် ပိုဆိုးသေးတယ် … ။ စိတ်ချလက်ချ လွှတ်ထားတဲ့ ဆိုင်တွေမှာ စီစီတီဗွီကင်မရာလိုမျိုး တပ်ပြီး .. ဝန်ထမ်းတွေရဲ့ ပြုမူပြောဆိုပုံတွေ တိတ်တဆိတ်လေ့လာသင့်တယ်လို့ထင်ပါတယ် .. ။
အစ်မဆူးကတော့ … ကာစတန်မာတွေနဲ့ အမြဲ တိုက်ရိုက်ထိတွေ့နေရပြီး ကိုယ်ပိုင်ဦးစီးလုပ်ကိုင်နေတော့ …
ဝန်ထမ်းတွေကို သေချာ အုပ်ထိန်းလို့ရတာပေါ့ … ။ လုပ်ငန်းအုပ်ချုပ်သူ တယောက်ဆီက ကာစတန်မာကို ဆက်ဆံတဲ့ပုံစံတွေ မှတ်သားရလို့ ကျေးှဇူးပါ အစ်မရေ .. ။
နီကီတာရေ …ကိုယ့်အပိုင်ထဲကိုလည်း ဘယ်တော့မှ ရောက်လာမယ်မထင်ပါဘူး .. ပြဒါးတလမ်းသံတလမ်းမို့ပါ .. ကိုယ်တွေကသာ မပတ်သတ်ချင်လည်း ပတ်သတ်နေရတာ … ဟီး ။ အပေါ်က တယောက်ပြောသလို.. ဖုန်းတွေ .. ဟင်းရွက် .. ကင်းစွန်း ဖြစ်လာတဲ့အချိန်ကြလျှင်တော့ တမျိုးပေါ့ 😀
အစ်မနွယ်ပင်ရေ… အဲ့ဒီလောက်သာ အတိုက်ခံပြောနေရလျှင် …. ကိုယ်တိုင်ဆို အတော် ဒေါကီးမိမှာပဲ … ။ တချို့ လူတွေကလေ … မပြောလျှင် သိပ်မနာတတ်ကြဘူး .. ပြောခံရမှ ဆတ်ဆတ်ခါ နာတတ်ကြတယ် … ။ ဆိုင်ပိုင်ရှင်ကတော့ ဘာမှတောင် သိမှာ မဟုတ်ပါဘူး … ဝန်ထမ်းတွေကလည်း အဲ့ဒီလို မသိ ..ပြန်တိုင်မယ့်လူမရှိလို့ .. ကာစတန်မာကို ဗဲလူးထားရမှန်း မသိတာ .. ။
koaung
December 26, 2011 at 4:23 pm
တိုးတက်မှူနှေးသလို အပြိုင်အဆိုင်လဲ နဲနေလို့ပါ အပြိုင်အဆိုင်သာများကြည့် ဆိုင်ထဲဝင်လာတာနဲ့ ထိုင်တောင်ကန်တော့ဦးမယ် 😀