ချစ်ခင်စုံမက် ပေါင်းဖက်ခြင်းကား ခွဲခွာနောက်ဆုံး ပျက်သုန်းတော့၏

စဆရ ႀကီးDecember 26, 20111min88424

“ဗျာ….”

ကိုအောင်ခန့်နှုတ်ဖျားမှ အံ့ဩသည့်စကားလုံးကြီးတစ်လုံး လွှတ်ကနဲ ထွက်ကျသွားလေ၏။
အိမ်မက်ပေလားဟု ကိုယ့်ကိုယ်ကို ပြန်မဆိတ်မိတော့ပါ။ နေ့လည်ဘက်ကြီး နားနှင့်ဆတ်ဆတ်ကြားလိုက်ရသည်မှာ ဘယ်လိုမှ မမှားနိုင်ပေ။ ကိုအောင်ခန့်ကိုယ်တိုင် ပုံစံထုတ်၊ လက်သမားများနှင့်အတူ အိမ်တိုင်ထောင် ဆောက်လုပ်ခဲ့သော သူ၏အိမ်ပေါ်တွင် ယောကျာ်းသားတစ်ယောက် တက်နေနေသည်မှာ တစ်နှစ်ခန့်ပင်ရှိတော့မည်ဟူသတတ်။ တစ်မိသားစုလုံး သူနှင့် သူ့ဇနီးသာ နှစ်ယောက်တည်းရှိသောအိမ်မှ သူထွက်လာသောအခါ သူ့မိန်းမတစ်ယောက်တည်း ရှိနေရမည်ဖြစ်သော်လည်း ခုတော့ တစ်ခြားယောကျာ်းတစ်ယောက် အိမ်ပေါ်ရောက်နေသည်ဟုကြားရပြန်တော့ ထိုသူ ဘယ်သူလဲဟု သိချင်စိတ်က ကြီးစိုးလာလေပြီဖြစ်သည်။ စိတ်ထဲတွင်မတော့ သူ့ထက်အသက်ကြီးသော၊ ရွက်ကြမ်းရေကျို၊ တောသူမတစ်ယောက်ကို ယူထားသည့်အတွက် မဖြစ်နိုင်ပါဘူးလေဟု ကိုယ့်ကိုယ်ကို လိမ်လည်နေမိသည်။ နီးစပ်ရာအသိများကို အဆက်အသွယ်မရ ရအောင်လုပ်ပြီးမေးသောအခါတွင်လည်း စိတ်မကောင်းသည့်လေသံများဖြင့် သူတို့မသိကြောင်းသာဖြေဆိုကြသဖြင့် ကိုအောင်ခန့်မှာ နေမထိ၊ထိုင်မသာ ဖြစ်လာရလေပြီ။ ခက်သည်က ကိုအောင်ခန့်သည် ဘဝကို ကိုယ်တိုင်ရုန်းကန်လာရသူဖြစ်သည့်အတွက် သူတစ်ပါးစကားကိုလဲ တော်တော်ယုံရန်ခက်သောသူဖြစ်သည်။ သူသည် လက်တွေ့သမားသာဖြစ်၏။

အိမ်ပြန်ရန် အထုတ်အပိုးများကို သေချာကျနစွာပြင်တော့သည်။ လေယာဉ်လက်မှတ်ကို အမြန်ဆုံးစီစဉ်ခိုင်းလိုက်သည်။ တစ်ပါတ်အတွင်းမှာပင် သူ လေယာဉ်ပေါ်သို့ရောက်ပြီဖြစ်သည်။ သူ့အတွက် အနာဂါတ်လဲမလိုတော့ပါ။ ဆက်နေလဲ ဘာမှမဖြစ်လာမည့်အတူတူ ရှိစုမဲ့စု မိန်းမလေးတစ်ယောက် ဆုံးရှူံးလိုက်ရမည်ကို စိုးသည်ကတစ်ကြောင်း၊ တည်ထောင်ပြီး အိမ်ထောင်ရေးတစ်ခုကို မပြိုကွဲလိုသည်ကတစ်ကြောင်းကြောင့် ဇနီးနှင့်အတူ ရသလောက်ဝင်ငွေလေးဖြင့် အိုးမကွာ၊ အိမ်မကွာ လုပ်စားတော့မည်ဟု ရည်ရွယ်ရင်းရှိသည်ကတစ်ကြောင်းကြောင့် ပြန်လာခဲ့ခြင်းဖြစ်သည်။ စိတ်ကူးထဲတွင်မတော့ သူ့ဇနီးဘယ်လောက်ဆိုးဆိုး ခွင့်လွှတ်လိုက်ပါတော့မယ်လေဟု…။

==================================================================

ဒီမနက်မှ မဇင်ဇာစိတ်ထဲ စနိုးစနောင့်ဖြစ်နေသည်။ မနက်က ဆရာနှင့်အတူ လမ်းထိပ်ထွက်မုန့်အတူစားပြီး ပို့ဆောင်နေကျအတိုင်း ကားဂိတ်သို့ လိုက်ပို့ဆောင်ပြီးနောက် အိမ်ပြန်လာသောအခါ ဖုန်းလာနေသည်ပြောသဖြင့် သွားကိုင်လိုက်ရာမှ ခင်ပွန်းဖြစ်သူ ကိုအောင်ခန့် လေဆိပ်တွင်ရောက်နေသည့်အတွက် လာရောက်ကြိုစေလိုကြောင်း သတင်းဆိုးကြီးသာဖြစ်တော့သည်။

သူမတော်တော်လေး စိတ်ပျက်လက်ပျက်ဖြင့် အရုပ်ကြိုးပြတ် ထိုင်ခုံပေါ် ထိုင်ချလိုက်မိသည်..။ ပြန်လာမည်သတင်းကြားထားသည်မှာ နောက်နှစ်လနေမှဟုဆိုသဖြင့် အေးအေးဆေးဆေး လုပ်စရာရှိသည်များလုပ်နေသည်မှာ ခုတော့သူက တစ်ပါတ်အတွင်းမှာပင် လေဆိပ်ရောက်နေပေပြီ။ သူမတင်ထားသည့် Visa မှာ နောက်အပါတ်တွင် ကျတော့မည်လဲဖြစ်သည်။ နောက် တစ်ပါတ်ကျော်မှ ပြန်လာပါလားဟု စိတ်ထဲမှ ကျိန်ဆဲနေမိပြန်သေးသည်။ ခုမှတော့ မတတ်နိုင်ပေ။ သူသည်ကား တရားဝင်လင်ယောကျာ်းဖြစ်သည်မလား။ အိမ်တွင် ရှုပ်ပွနေသည့် ဆေးလိပ်ခွံများအားသိမ်း၊ ဆရာ့အဝတ်အစားများကို သေတ္တာအတွင်းထည့်၊ အိမ်နေရင်း ဖြစ်သလိုအဝတ်အစားဖြင့် ထွက်လာခဲ့တော့သည်။ လမ်းထိပ်အရောက်တွင်မတော့ ဆရာ့ထံဖုန်းဆက်အကြောင်းကြားရသေးသည်။ သူ… ပြန်လာပြီဟု။ ဆရာ့ထံမှ ဪ… ဟု တစ်လုံးတည်းသောစကားကိုဆိုကာ ဖုန်းချလိုက်သံကြားလိုက်ရသည်။ မတတ်နိုင်ပေ။ ဒီအတိုင်းပဲ ဖြစ်ရပေမည်မလား။

စိတ်ရှုပ်ရှုပ်နှင့်ပင် တွေ့ရာကားတစ်စီးကိုတားပြီး တက်လာခဲ့တော့သည်။ လေဆိပ်ကိုမောင်း ဟုခပ်ပြတ်ပြတ်ဆိုရင်း ဘေးပါတ်ဝန်းကျင်ကို စိတ်မသက်မသာဖြင့် ငေးကြည့်ရင်း စိတ်နှင့်လူမကပ်ပဲ တစ်ရွေ့ရွေ့ဖြင့်..။

====================================================================

ကိုအောင်ခန့်သည် လက်မှနာရီကို တစ်ကြည့်ကြည့်ဖြင့် ထိုင်မရ၊ ထမရဖြစ်နေသည်။ လေဆိပ်အတွင်းထိုင်စောင့်နေသည်မှာ တစ်နာရီခွဲခန့်ရှိပြီဖြစ်သည်။ ယခုထိ သူ့မိန်းမ အရိပ်အယောင်သော်မျှ မမြင်ရသေး။ ကော်ဖီဆိုင်မှ ကော်ဖီတစ်ခွက်ကို ဝယ်သောက်ပြီးနောက် ထိုင်စောင့်နေရသည်မှာ ပူလောင်နေသည့်ရင်တွင်း ကော်ဖီပူပူတွေစီးဆင်းသွားသဖြင့် ပိုလို့သာ ပူလောင်ခြင်းဖြစ်တော့သည်။ အတန်ငယ်ခန့်ကြာသောအခါ အပေါက်ဝမှ ပုံမပျက်၊ ပန်းမပျက် သူ့မိန်းမကို အိမ်နေရင်း ဝတ်စုံဖြင့် ဝင်လာသည်ကို တွေ့ရတော့သည်။ လှလှပပလေးများ လာလေမလားမှတ်ထားတာ ထိုပုံစံကြီးနှင့် မြင်ရတော့လည်း အချိန်အကြာကြီး မတွေ့ခဲ့ရသော ဇနီးဖြစ်သူကား ကြည့်ကောင်းတုန်းပင်ဖြစ်သည်။ ဝမ်းသာအားရဖြင့် လက်သွားကိုင်သောအခါ ပုတ်ချခံလိုက်ရပြီး “ရှင် လူတွေကြားထဲမှာ မရှက်ဘူးလား” ဟု ခပ်တိုးတိုးပြောသဖြင့် အလိုက်တသိပင် နေရတော့သည်။ ကားငှားရန်တစ်စီးပြီးတစ်စီး ဈေးဆစ်နေရာမှ နောက်ဆုံးတွင် မီးခိုးတစ်လူလူဖြင့် ကားတစ်စီးကို အတော်လေးပင် သင့်တော်သောဈေးဖြင့် ရလိုက်ပြီးနောက် လေဆိပ်မှ ထွက်လာရတော့သည်။ လမ်းတွင် မပျော်ဘူးလား မိန်းမရေဟု မေးသောအခါ အေးစက်စက်မျက်နှာဖြင့် ဒီလိုပါပဲလေ ဟု ပြန်ဖြေလေ၏။ သူ့မိန်းမ စိတ်ဆိုးနေလို့ နေမှာပါလေဟုဆိုကာ ကိုအောင်ခန့်လဲ ခပ်မဆိတ်သာနေရတော့သည်။ ပြန်ရောက်သည့်နေ့ကား ထမင်းဆိုင်မှ ထမင်းနှင့်ဟင်းကို ပါဆယ်ထုပ်ပြီး အိမ်တွင်သာ စားဖြစ်လိုက်တော့သည်။ မိန်းမမျက်နှာလဲ အတော်လေးမကောင်းသည်ကို သတိပြုမိသည်။ ထူးထူးဆန်းဆန်းအနေနှင့် ယခင်က ကိုအောင်ခန့်ဆေးလိပ်သောက်သည်ကိုမကြိုက်သော အိမ်တွင် ဆေးလိပ်ဘူးခွံများကိုတွေ့ရသည်မှာတော့ ထူးဆန်းလေသည်။

နောက်တစ်နေ့မနက်တွင်တော့ ကိုအောင်ခန့် ဇနီးဖြစ်သူမှာ မနက်စောစောပင် စာသင်ရန် ထွက်သွားလေတော့သည်။ ကိုအောင်ခန့်မှာ သူ့မိန်းမကို နေပါဦးလားဟု တားလိုသော်လည်း မိန်းမစိတ်ကိုသိသဖြင့် ဘာမှ မပြောတော့ပေ။ အိပ်ယာထဲမှာပင် အိပ်ချင်ယောင် ဆောင်နေလိုက်တော့သည်။ သူမထွက်သွားမှ အိပ်ယာကထ၊ ဈေးကိုသွားပြီး သူမကြိုက်တတ်သည့်ဟင်းများကို ဝယ်လာပြီးနောက် ချက်ပြုတ်တော့သည်မှာ ချွေးတစ်လုံးလုံးနှင့်ပင်။ ဘာပဲပြောပြော နေ့လည်ထမင်းစားချိန်တွင်မတော့ သူမပြန်လာပေမည်။ ခင်ပွန်းလဲပြန်ရောက်ကာစဆိုတော့ အိမ်မြဲနေမည်ဖြစ်သည်။ တစ်အိမ်လုံးလိုက်လံရှင်းလင်းရင်းနှင့် အဝတ်တန်းတွင် ယောကျာ်းဝတ်နှစ်စုံခန့်တွေ့သည်။ လျှော်ပြီး၊ မီးပူတိုက်ထားသည်များဖြစ်သည်။ ပြန်လာမှပင် မေးတော့မည်ဟု တေးထားလိုက်သည်။

နေ့လည် တစ်ချက်တီးပေပြီ။ ကိုအောင်ခန့်မှာ ဗိုက်ဆာနေပြီလဲဖြစ်သည်။ မိန်းမဖြစ်သူမှာ ပြန်မလာသေး။ ထမင်းနှင့်ဟင်းများကို ပြန်နွေးနေရာမှ ဟင်းနံ့သည် ကိုအောင်ခန့်အား မြူှဆွယ်နေလေပြီ။ ၂ ချက်တီးခန့်ထိ ပြန်မလာသောအခါ ကိုအောင်ခန့်ဖာသာ တစ်ယောက်တည်းစားလိုက်ရတော့သည်။ ညနေစောင်းထိလဲ ပြန်မလာသေးပေ။ ည ရးဝဝ ခန့်တွင်မှ ပြန်လာသောမိန်းမအား စကားမေးဖော်ပင်မရပဲ ရေအမြန်ချိုးလေသည်။ သနပ်ခါးလိမ်း၊ အဝတ်အစားလဲပြီးသောအခါ ရး၄၅ ခန့်ရှိပြီဖြစ်သည်။ ထိုစဉ်မှ ကိုအောင်ခန့်မှ ပြောချင်သည်များ ပြောတော့မည်ဟုပါးစပ်ပြင်ကာရှိသေး သူ့မိန်းမသည်ကား အိမ်ရှေ့သို့စာအုပ်တစ်အုပ်ဆွဲကိုင်ကာ ထွက်သွားတော့သည်။ သူရှိသည်ကိုမှ သတိမှ ထားမိပါလေစ။

ကိုအောင်ခန့်လည်း ဇာတ်ကားတစ်ကားကို ခွေထိုးကြည့်နေရာမှ အိမ်ရှေ့မှ သူ့မိန်းမအသံ စာစာ၊ စာစာကိုကြားသဖြင့်ထွက်ကြည့်ရာ အသက် ၄ဝ ကျော်ခန့်၊ ထမင်းစားဝတ်စုံကြီးဝတ်ထားသောလူကြီးကို ကြိုဆိုနှုတ်ခွန်းဆက်နေခြင်းဖြစ်တော့သည်။ ထိုသူမှ အခန့်သားအိမ်ပေါ်တက်လာပြီး ကိုအောင်ခန့်ထိုင်နေရာခုံတွင် မိန့်မိန့်ကြီးထိုင်တော့သည်။ မိန်းမ၏လက်ထဲတွင်ကား သူ၏အိတ်ဖြစ်ဟန်တူသော အိတ်ကို ရိုရိုကျိုးကျိုး ဆွဲလျက်သားနှင့်။ မိန်းမထံမှ ထိုအချိန်မှ ကိုအောင်ခန့်ကိုခေါ်သံကြားရတော့သည်။ ဆရာ့အတွက် ရေလေးတစ်ခွက် ခပ်ခဲ့ပါဟူ၏။ စိတ်ထဲတွင် ထိုသူ ဘယ်သူလဲဟု စိတ်မှန်းနှင့်ကြည့်နေမိသည်။ ထိုသူမှာလည်း အလားတူပင် စူးစမ်းသည့်အကြည့်ဖြင့် လေ့လာနေသည်ကိုတွေ့မိသည်။ မကြာမီမှာပင် မိန်းမမှ ထမင်းစားရန် ထမင်းဝိုင်းပြင်တော့သည်။ ထိုတော့မှ မိတ်ဆက်ပေးလေသည်။ သူမအား စာသင်ပေးနေသောဆရာဖြစ်ကြောင်းနှင့် ကိုအောင်ခန့်အား ခင်ပွန်းဖြစ်ကြောင်း မိတ်ဆက်ပေးလေသည်။ ထိုညက ကိုအောင်ခန့်မိန်းမနှင့် သူ့ဆရာတို့ ဧည့်ခန်းတွင် ဇာတ်လမ်းထိုင်ကြည့်နေသည်မှာ ကိုအောင်ခန့်အိပ်ပျော်သွားသည်အထိဖြစ်သည်။ သူ့မိန်းမအကြောင်းပြချက်မှာ ဧည့်သည်အား တစ်ယောက်တည်းထားခဲ့ရမည်မှ အားနာစရာဟု။

နောက်ရက်မနက်တွင်မတော့ ကိုအောင်ခန့်၏ချစ်လှစွာသော ဇနီးမယားမှ ကိုအောင်ခန့်အား ထုံးစံအတိုင်းထားခဲ့ပြီး သူ့ဆရာနှင့်လမ်းကြုံသဖြင့်ဟုဆိုကာ အတူတူထွက်သွားလေတော့သည်။ ကိုအောင်ခန့်ပင် ကားဂိတ်လိုက်ပို့ရန်မလိုတော့ပေ။ ထိုအခါမှ ဘေးအိမ်မှ အသိမိတ်ဆွေတစ်ယောက်က မနေနိုင်တော့ပဲ ကိုအောင်ခန့်ဘက်မှ စာနာခြင်းဖြင့် ဖြစ်ကြောင်းရယ်ကုန်စင် ပြောပြလေတော့သည်။ ထိုသူမှာကား ဒီအိမ်မှာနေတာ တစ်နှစ်ကျော်ပြီဟု ဆိုလေသတည်း။ ကိုအောင်ခန့် ကမ္ဘာပျက်သွားသလိုပင်။ ညပြန်ရောက်လာသောအခါ မိန်းမနှင့် စကားများတော့သည်။ သူ့မိန်းမမှလည်း သူတို့တွေရိုးသားကြကြောင်း။ တစ်ခါတစ်လေမှသာအိပ်ကြောင်း အပြန်အလှန်ချေပလေသည်။ နောက်ဆုံးတွင်မတော့ ကိုအောင်ခန့်မှ သန်းခေါင်စာရင်းတွင် ထိုလူကြီးအား အိမ်ထောင်ဦးစီးအဖြစ် ပြောင်းထည့်ထားသည့် စာရွက်အားထုတ်ပြလိုက်ပါမှ ထိုမျှသံသယဝင်နေလျင်လည်း မလာစေရဟု ကတိပေးသဖြင့် ကျေအေးတော့သည်။ နောက်ရက်မှစပြီး သူ့ဇနီးသည်ကား အိမ်သို့ ည ၉း၃ဝ ကျော်မှသာလျင် ပြန်ရောက်တော့သတည်း။

====================================================================

တစ်ရက်တွင်မတော့ သူ့မိန်းမစောစောစီးစီး ထူးထူးဆန်းဆန်းပြန်လာတော့သည်။ အရင်ရက်များနှင့်မတူ ပြုံးပြုံးရွှင်ရွှင်နှင့်ဖြစ်သည်။ ထိုညနေက ပျောက်ဆုံးနေခဲ့သည့် ဘဝလေးကို ကိုအောင်ခန့်ပြန်ရလို့မှ မဆုံးခင် သူ့မိန်းမတောင်းဆိုသည့်စကားတစ်ခွန်းကြောင့် ကတောက်ကဆ ဖြစ်ကြပြန်သည်။ ထိုစကားမှာ ကိုအောင်ခန့်နားတွင် အမြဲပင်ကြားယောင်နေတော့သည်။

“ရှင်က သံသယတွေဝင်ပြီး ဆရာ့ကို အိမ်မလာခိုင်းတော့ ပါတ်ဝန်းကျင်က ကျွန်မကို ဘယ်လိုမြင်ကြမလဲ? ဆရာရော ကျွန်မပါသိက္ခာကျပါတယ်၊ ဆရာ့ကို ရှင်ပဲသွားတောင်းပန်ပြီး အရင်လိုပဲ အိမ်ပြန်လာနေခွင့်ပေးလိုက်ပါ” ဟုဖြစ်လေ၏။

ကိုအောင်ခန့်ပေါက်ကွဲလေပြီ။ အေးအေးဆေးဆေးနေတတ်သော ကိုအောင်ခန့်တစ်ယောက် သူ့မိန်းမအား လက်ညှိုးငေါက်ငေါက်ထိုးပြောလေပြီဖြစ်သည်။ စကောလောက်မှ ဇောက်မနက်သော မိန်းမအား သနားခြင်း မရှိနိုင်တော့ပြီဖြစ်သည်။ သူ၏ ယောကျာ်းမာနကိုလဲ ထိခိုက်လာသည်ကတစ်ကြောင်း၊ အရှက်မရှိပြောထွက်သော မိန်းမအား ရွံရှာခြင်းဖြစ်သည်ကတစ်ကြောင်းကြောင့် သူသိထားသည်များ၊ သူမြိုသိပ်ထားသည်များကို ဆည်ရေဖောက်ချလိုက်သကဲ့သို့ မနားတမ်းပြောတော့သည်။ ချိုသာနေခဲ့သော သူ့မိန်းမမျက်နှာသည်ကား မျက်နှာဖုံးကွာကျသွားလေပြီဖြစ်သည်။ ခပ်တင်းတင်းပင် ရှင်မကျေနပ်တော့ဘာလုပ်ချင်သလဲဟု စိန်ခေါ်လာတော့သည်။ ကိုအောင်ခန့်မှာလဲ သူ့ဘက်ကအလွန်မဖြစ်ချင်သည့်အတွက် သူ့မိန်းမ၏ တစ်ဦးတည်းသောအမျိုးဖြစ်သည့် သူ့အစ်မအားသွားခေါ်ရာတွင်လည်း မနိုင်တော့ပေ။ မနက်လင်းသောအခါ သူ့မိန်းမမှ သူ့ဘက်က မှန်နေသည့်အတွက် သွားမြဲသွား၊ နေမြဲနေမည့်အကြောင်းပြောပြီး ထုံးစံအတိုင်း ထွက်သွားပြန်သောအခါ သူ့ဇနီး၏အစ်မမှာကား ကိုအောင်ခန့်အား တောင်းပန်လျက်သားဖြင့်…။ မရတော့ပါ၊ ကိုအောင်ခန့်လဲ ခိုင်မာသည့်သက်သေပြမည်ဟုဆိုကာ ကင်မရာနှင့် ငွေစက္ကူတော်တော်များများကိုထည့်ကာ သူ့မိန်းမသွားမည်ဟု ထင်ရသော နေရာကိုလိုက်ရှာတော့သည်။ တစ်ချိန်က ကိုအောင်ခန့်မှာ ထောက်လှမ်းရေးသင်တန်းများ အကြိမ်ကြိမ်အလီလီတက်ခဲ့ဖူးသည်မလား။ သူ့မိန်းမနောက်လိုက်သည်လောက်ကတော့ အပျော့ပင်။

တွေ့ပါပြီ၊ သူစောင့်ရကျိုးနပ်သွားသည်။ သူ့ဆရာဆိုသောသူနှင့် ဆိုင်းဘုတ်သေးသေးလေးတပ်ထားသော သင်တန်းတစ်ခုအတွင်းသို့ ဝင်သွားလေသည်။ ကိုအောင်ခန့်လဲ သင်တန်းစုံစမ်းသလိုနှင့် စာရေးမလေးအား လက်သိပ်ထိုးငွေများပေးပြီး ထိုဆရာနှင့် သူ့ဇနီးရှိမည့်နေရာအားမေးပြီး ဝင်ခဲ့လေသည်။ အတွင်းထဲတွင် ရုံးခန်းတစ်ခုသည်ကား သေချာမှန်အလုံပိတ်ဖြင့် ကာရံလျက်သား။

ကိုအောင်ခန့်လက်ထဲမှ သော့ဖြင့်အသာအယာဖွင့်လိုက်သည်။ ထို့နောက် ကင်မရာကို အသင့်ပြင်ပြီး တံခါးအဖွင့်၊ ကင်မရာကို ခလုပ်များတစ်ဖြတ်ဖြတ်နှိပ်လိုက်တော့သည်။ သူမမြင်ချင်သည့်ပြကွက်အား ကသောင်းကနင်းဖြစ်ပျက်နေလျက်သား မြင်ရတော့သည်။ ကိုအောင်ခန့်လည်း စက်ဆုပ်ရွံရှာသည့်အကြည့်ဖြင့်တစ်ချက်ကြည့်ပြီး လှည့်ပြန်လာတော့သည်။

သူ့လက်ထဲတွင်မတော့ ကင်မရာကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း
နောက်ကြောင်းတစ်စက်မှ ပြန်လှည့်မကြည့်တော့ပဲ
လာရာလမ်းသို့ တစ်လှမ်းချင်း
လှမ်းရင်း..
လှမ်းရင်း..
လှမ်းရင်းနှင့်

သူသည်လည်း လောကမှ ပျောက်ကွယ်သွားတော့သည်။

ယနေ့တိုင်အောင် ကိုအောင်ခန့်အား ပြန်လည်ဆုံတွေ့ရခြင်းမရှိတော့ပေ။
တွေ့ခဲ့လျင်တော့ နောက်ဆက်တွဲများအား ပြန်လည်မေးမြန်းချင်သား။ ။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

24 comments

  • TTNU

    December 27, 2011 at 1:09 am

    မောင်ရှုံးရေ…
    This is a good writing!
    ဖတ်လို့ကောင်းတယ်။ ဇနီးသည်မဇင်ဇာ ဘက်ကတွေးသလို အခန်းပြောင်းလေးပြရေး
    သွားတာလည်း စိတ်ဝင်စားစရာကောင်းတယ်။

    တစ်ချို ့စာပိုဒ်တွေနည်းနည်းထူနေရင် စာပိုဒ်ခွဲလိုက်တာကောင်းမယ်။
    စာအုပ်မှာဖတ်ရတာမဟုတ်တော့ စာပိုဒ်ကြီး ထူလာရင် attraction ရော့သွားနှိုင်တယ်။

    ဝတ္ထုရဲ ့ မျက်နှာ Page layout လှဖို့ ရာ ညာညှိဖို့နည်းနည်းလိုမယ်။ အတိအကျ မညှိနှိုင်ပေမဲ့
    အမြင်လှအောင်ပေါ့။ Break line တွေဆွဲတဲ့အခါ ညာဘက်မာတိကာကွက်ထဲဝင်သွားရင်
    မလှတော့ဘူး။

    မောင်ရှုံးရေ.. မင်းရေးထားတဲ့ အရေးအသားကို ဝေဖန်စရာမရှိပါ။ တီချာအခုပြောပြတာတွေက
    နငယ်လေးအမြီးလိုက်တတ်တာပါကွယ်။

    ပြီးတော့ စာဖတ်သူတစ်ယောက်အနေနဲ့ ဆိုရင် ကိုအောင်ခန့် ဘာဆက်လုပ်မလဲဆိုတာသိချင်
    နေပြီပေါ့။ သိချင်အောင်လုပ်ထားနှိုင်တာကိုက စာရေးသူတစ်ယောက်ရဲ ့ Knack ပါပဲ တော်။

    မေတ္တာပို့လျက်
    တီချာ။

  • comegyi

    December 27, 2011 at 6:07 am

    ကိုအောင်ခန့်ကြီး ……..
    လေဆိပ်ရောက်ကတည်းက
    သူ့မိန်းမကို လာမကြိုခိုင်းဘဲ…..
    တစ်ယောက်တည်း တိတ်တိတ်ကလေး
    ပေါက်ချလာရမဗျာ……
    အဲဒါမှ ဖြစ်ကြောင်း မြန်မြန်တိုသွားမယ်
    အခုတော့ သင်းခမျာလည်း ဒုက္ခတွေကြီးရှာပေါ့
    အခုတော့ သင်းက ပျောက်တောင်ပျောက်သွားပြီမှုတ်လား…..
    . ……….
    ကိုရှုံးရေ့ဆက်လက်ပြီး အားပေးလျက်ပါ….
    ခင်တဲ့…

    • ကိုအောင်ခန့်က တစ်စုံတစ်ယောက်ကို ဘယ်တော့မှ နောက်ကွယ်ကနေ ချောင်းမရိုက်တတ်ပါဘူး.. သူက ရွေးချယ်ဖို့လမ်း အမြဲပေးထားတဲ့သူတစ်ယောက်ပါ။ သူသိနေပေမယ့် သူက ဂုဏ်သိက္ခာရှိရှိပဲ သူ့အိမ်ကို သူပြန်တက်ချင်တာပါ။ နောက်ဆုံး ဘယ်လိုမှ မရတော့တာတော့ သူ့ကံပါပဲ။

  • Khin Latt

    December 27, 2011 at 6:46 am

    Happy Ending ဖြစ်မလားလို့ တွေးကြည့်မိခဲ့သေးတယ်။

  • kyawtheinmyint 23

    December 27, 2011 at 7:18 am

    ကိုယ့် အချစ်နဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေမယ်၊ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေမယ် ဆိုသော်လဲ ဆိုသော်လဲ ဆိုသော်လည်းးးး အို ဘယ်လိုလဲ မိန်းခလေးရယ် ရှောင်ဖယ်တိမ်းလို့ စိမ်းရက်တယ်။

  • inz@ghi

    December 27, 2011 at 9:31 am

    နံနက်စောစော ၅နာရီ …သူအဝတ်အစားများ သိမ်းနေသည်…
    ဘီးလေးတချောင်းနဲ့ခေါင်းကိုဖြီး …………………………….

  • ငပေါက်ဖော်

    December 27, 2011 at 10:52 am

    ဗဲဒီးဂွတ် ရိုက်တင်း ပဲ..
    ထင်တဲ့အတိုင်း နောက်မီးလင်းနေတဲ့ အဝှာမ ပဲဗျ ဗဲဒီး..စတုဗစ်..ဗဲဒီး စတုဗစ်

  • koyinmaung

    December 27, 2011 at 12:01 pm

    နိုင်ငံခြားမှာအလုပ်သွားလုပ်နေကြတဲ့အိမ်ထောင်ရှိယောကျာ်းများ
    ကြုံတွေ့တတ်တဲ့အဖြစ်အပျက်တွေပါ….
    အလေးငယ်များမရှိကြသေးယင်တော့ကိစ္စရှိပါ..
    ကိုယ်လဲနောက်တယောက်ယူလို့ရနေတာဘဲလေ
    ခလေးငယ်များရှိနေယင်တော့
    ခလေးတွေအတွက်သနားစရာပါ…
    အိမ်ထောင်ရှိလင်မယားတွေအတွက်ကြာကြာခွဲမနေသင့်ဘူးလို့မြင်မိပါတယ်…
    ကိုလူရှုံးရေဇာတ်လမ်းလေးကောင်းပါတယ်
    ဆက်ရေးပါအုံး..အားပေးနေပါတယ်

  • ဆူး

    December 27, 2011 at 2:10 pm

    ဆူး အသိထဲမှာ အမ တယောက် ရှိတယ် တော်တော်ချောတယ် ငယ်ငယ်က ကောင်လေးတွေ ဝိုင်းဝိုင်းလည်..ယောကျား ယူပြီးမှ နိုင်ငံခြား ထွက်အလုပ်လုပ်ပြီး.. တယောက် တကွဲစီ နေလို့တော့ သူ့ အမျိုးတွေက ပြောတာပဲ.. ယောကျားက ထိုင်းမ တယောက်နဲ့ ညားသွားယုံတင်မကဘူး ကလေးပါ ရနေတာ သတင်းကြားတော့မှ.. စလုံးမှာ ရင်ကွဲရတော့တယ်။ အဲလို ဇတ်လမ်းတွေတော့ ရှိဖူးတယ်။

  • Novy

    December 27, 2011 at 2:28 pm

    ဖတ်လို့ အရမ်းကောင်းပါတယ်
    ကိုအောင်ခန့်ကို သနားလိုက်တာ

    စာဖတ်ရင် မျက်စိထဲမှာ သူတို့ပုံတွေကို မြင်နေရပြီး
    ဇင်မာနဲ့ ကြာကူလီကြီးကို ရိုက်သတ်ချင်လိုက်တာ

  • etone

    December 27, 2011 at 2:30 pm

    ဖြစ်လေ့ဖြစ်ထရှိတဲ့….. အဖြစ်ပျက်မျိုးပါပဲ … ။ အိုးချင်းထား အိုးချင်းထိ … ကြိုးချင်းထား ကြိုးချင်းညိသလိုပေါ့ … ။ မြင်ဖူး ၊ ကြားဖူးခဲ့တယ် …. အဲ့ဒီလူတွေကိုတွေ့တိုင်းလည်း ကိုယ့်ထမင်းကိုယ်စားပြီး နှာခေါင်းရှုံ့မိတယ် … ။ 🙁

    သစ္စာရှိမှုကို တန်ဖိုးထားတဲ့ စိတ်ခံရှိလို့ပဲလားမသိဘူး … အဲ့ဒီလို ဖောက်ပြန်တယ်ဆိုတဲ့ အသံမကြားချင်လောက်အောင်မုန်းတယ် … ။ ပတ်ဝန်းကျင်ကိုတောင် ဂရုမစိုက်အားပဲ တဏှာလွန်ကဲနေတဲ့ စည်းမစောင့်တဲ့လူတွေအတွက် …. ဒေါသဆိုတာတောင် ထွက်ဖို့မတန်တော့ပါဘူး … ။
    လင်ယောကျာ်းမရှိခင်ဖောက်ပြန်တဲ့ မိန်းမတစ်ယောက်နဲ့ ခပ်ကင်းကင်းနေလိုက်တာက …. တသက်စာ စိတ်သက်သာရာရပါလိမ့်မယ် … ။

    • ဒီနေရာမှာ ဖောက်ပြန်တဲ့သူကတော့ သူ့ကိုယ်သူ ဖောက်ပြန်တယ်လို့ မခံယူတတ်ကြပါဘူးအီးတုန်းရေ.. သူတို့တွေအတွက် လက်သုံးစကားကတော့ လူဆိုတာ မှားတတ်တာပဲတဲ့.. တစ်ကယ့်တစ်ကယ် ကိုအောင်ခန့်ဘယ်လို ဇာတ်သိမ်းခဲ့လဲဆိုတာကမှ ပိုပညာသားပါလှပြီး သူတို့တွေတစ်သက်လုံး နောင်တတွေ ရမဆုံးဖြစ်သွားတော့တာကတော့…

  • windtalker

    December 27, 2011 at 3:36 pm

    ရည်းစားလူလု ရင် အူနုကျွဲခတ်သတဲ့
    မိန်းမ လူလု မှတော့ ကျုပ်သာဆို ကင်မရာ နဲ ့မရိုက်ဘူး
    တုတ်ကြီးကြီး နဲ ့ဆော်မိမှာဘဲ ဗျို ့

  • True Answer

    December 27, 2011 at 3:42 pm

    အရေးအသား ကောင်းပြီး အလွန် ဖတ်လို့ကောင်းပါတယ်ခင်ဗျာ- အားပေးလျှက်

  • နွယ်ပင်

    December 27, 2011 at 4:13 pm

    ကိုရင်ရှူံးရေ ဇာတ်လမ်းက စောင့်ပြီးဖတ်ရကျိုးနပ်လောက်အောင် ကောင်းပါပေတယ်
    ကိုအောင်ခန့်ကို သူ့မိန်းမနဲ့ ဘယ်လိုတွေဆက်ဖြစ်မလဲလို့ တွေးနေပင်မယ့်
    ကိုရင်ရှူံးကတော့ ကိုအောင်ခန့်ကို အစဖျောက်လိုက်တော့ ပိုကောင်းသွားတယ် …

  • Wow

    December 27, 2011 at 5:54 pm

    ငယ်ငယ်တုံးက အမေက ဆုံးမဘူးတယ်။ ယောက်ကျားလေးတွေနားသိပ်မကပ်နဲ့ မယုံရဘူးပေါ့။ အသက်ကြီးတယ်ဆိုပြီးတော့လဲ မယုံရဘူး။ “သမီး ယောက်ကျားဆိုတာ ဖွဲတစ်ဆုတ်နိုင်ရင် အိုးတိုက်ချင်တယ်” တဲ့… 😀 😀
    အခုက မွေးမက ဖေါက်ပြန်တာဆိုဒေါ့ အမေသာသိရင် ဘာပြောမလဲမသိဘူး….
    😀

    • မှော်ဆရာ

      January 11, 2012 at 11:49 am

      ဟား
      ဖွဲတစ်ဆုတ်နိုင်ရင် … အိုးတိုက်ချင်တယ် ဟုတ်လား .. 😛
      မှတ်သားသွားပါတယ်ဗျား … :mrgreen:

  • hmee

    December 27, 2011 at 6:14 pm

    အင်း..လောကမှာ ဒုက္ခ အမျိုးမျိုးပါပဲနော်။ မိသားစုဆိုတာ တမိုးတည်းအောက် အတူတူနေတာပဲ ကောင်းတယ် ခွဲနေရင် ပြသနာတွေက ဖြစ်လာရော။

  • sealion

    January 11, 2012 at 11:37 am

    အတော့ဆိုးတဲ့ မ်ိန်းမကြီ း ပြီးသွားပြီလား အကို ဆက်ရေးအုံးမှာလား “တစ်ကယ့်တစ်ကယ် ကိုအောင်ခန့်ဘယ်လို ဇာတ်သိမ်းခဲ့လဲဆိုတာကမှ ပိုပညာသားပါလှပြီး သူတို့တွေတစ်သက်လုံး နောင်တတွေ ရမဆုံးဖြစ်သွားတော့တာကတော့…”

Leave a Reply