ရုပ်ရှင်ဇာတ်လမ်းကောင်းတစ်ခု Last Holiday
ကျွန်မရုပ်ရှင်ကြည့်တာ ဝါသနာပါပါတယ်။ ရုပ်ရှင်ကားတွေအများကြီးကြည့်ဖူးတယ်။ ဒါပေမယ့် နံမည်တွေကို မှတ်လို့မရဘူး။ မင်းသား၊ မင်းသမီးနံမည်တွေလဲ မှတ်ထားလေ့မရှိပါဘူး။ ရုပ်ရှင်ကြည့်နေတုန်း ရုပ်ရှင်ကို ခံစားပြီးကြည့်တယ်။ ရုပ်ရှင်ကပေးတဲ့ သုတ ရသကို အာရုံစိုက်လေ့ရှိပြီး ကျန်တာတွေကို မေ့ပစ်တတ်တဲ့ အကျင့်တစ်ခုကြောင့် ရုပ်ရှင်တွေအကြောင်းပြောမယ်လို့ စဉ်းစားလိုက်တိုင်း အစဖော်မရဖြစ်နေတာနဲ့ ရုပ်ရှင်အကြောင်း ရေးမယ့်စိတ်ကူး အကောင်အထည်မဖော်နိုင်ဖြစ်ခဲ့ရပါတယ်။
ဒါပေမယ့် တချို့ဇာတ်ကားတွေကိုတော့ စိတ်ထဲမှာ အရမ်းအမှတ်ရနေမိတတ်ပါတယ်။ ထူးခြားတဲ့ ဇာတ်လမ်းနဲ့ သရုပ်ဆောင်ကောင်းတဲ့ဇာတ်လမ်းမျိုးပေါ့။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကြည့်ဖူးတဲ့ Last Holiday ဇာတ်ကားကို ကျွန်မအရမ်းမှတ်မိနေပါတယ်။ ပိုစတာက လူမဲအမျိုးသမီးသရုပ်ဆောင် Queen Latifah ၊ မင်းသားကလဲ လူမဲမင်းသားမို့ အဲဒီကားကို တော်တော်နဲ့ မကြည့်ဖြစ်ခဲ့ဘူး။ နောက်ဆုံးသိပ်ပျင်းတဲ့တစ်ရက်မှာ ဘာမှကြည့်စရာမကျန်တော့နဲ့ အဲဒီကားလေးကို ကြည့်မိတယ်။ ဇာတ်လမ်းက ကျွန်မကို အဆုံးထိဆွဲခေါ်သွားနိုင်ခဲ့တယ်။ ကောင်းလိုက်တာ ကောင်းလိုက်တာလို့ မှတ်ချက်ပြုမိလို့ သူငယ်ချင်းတွေကို ကြည့်ဖို့တိုက်တွန်းဖြစ်ခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းချုပ်က အသက် ၃ဝ ကျော် အိမ်ထောင်မရှိ လူမဲအမျိုးသမီးတစ်ယောက် department store တစ်ခုက မီးဖိုချောင်သုံးပစည်းတွေရောင်းတဲ့ဌာနမှာ နမူနာချက်ပြရင်းနဲ့ အရောင်းမြှင့်တင်တဲ့အလုပ်ကိုလုပ်ပါတယ်။ စတိုးတစ်ခုထဲမှာ လုပ်နေတဲ့ အသက်ခပ်ငယ်ငယ် လူမဲအမျိုးသားတစ်ယောက်ကိုလဲ တစ်ဖက်သတ်ကြိုက်နေတယ်။ ရှက်တတ်တဲ့အမူအယာရှိပြီး တည်ငြိမ်အေးဆေးတဲ့ဘဝတစ်ခုရှိတယ်။ ငွေကြေးစုဆောင်းထားတာလဲရှိတယ်။ အိမ်မှာ တစ်ယောက်ထဲနေပြီး ဟင်းချက်တာဝါသနာပါတယ်။ ကမ္ဘာကျော်စားဖိုမှူးတစ်ယောက်ကို အားကျနေပြီး ဟင်းချက်ပြီးတိုင်း ဓါတ်ပုံရိုက်ပြီး သိမ်းထားလေ့ရှိတယ်။ သူ့မှာ Possibility လို့ နံမည်ပေးထားတဲ့ diary လိုမျိုး စာအုပ်ကြီးတစ်အုပ်ရှိပါတယ်။ သူဖြစ်ချင်တဲ့ သူ့အိမ်မက်တွေကို အဲဒီစာအုပ်ထဲမှာ ထည့်ထားပါတယ်။ လူမဲကောင်လေးနဲ့မင်္ဂလာဆောင်ဓါတ်ပုံ၊ သူသွားလည်ချင်တဲ့ Europe’s Grandhotel Pupp ဓါတ်ပုံ၊ နှင်းလျောစီးဓါတ်ပုံ၊ စားဖိုမှူးကြီးပုံ အစရှိသဖြင့် …
အလုပ်လုပ်နေရင်းတစ်ရက်မှာ မတော်တဆမှုနဲ့ ဦးခေါင်းထိခိုက်ဒါဏ်ရာရပြီး မူးလဲသွားတယ်။ ဆေးခန်းသွားပြတော့ ဦးနှောက်ကို scan ရိုက်ပါတယ်။ အဲဒီမှာ ဆရာဝန်ကပြောတယ်။ ဦးနှောက်မှာရောဂါရှိနေတယ်။ နောက်နှစ်ပတ်နေရင်သေမယ်တဲ့။ ခွဲစိတ်မယ်ဆိုရင် ကုန်ကျစရိတ်က တော်တော်များပါတယ်။ စတိုးဆိုင်ကလဲ အဲဒီစရိတ်ကို မပေးနိုင်ဘူး။ သူက ဘာမှဖြစ်မနေဘူး။ အကောင်းကြီးကနေ ဘာလို့သေရမှာလဲလို့ အကြိမ်ကြိမ်ပြောနေပေမယ့် ဆရာဝန်က အရမ်းကိုအခိုင်အမာပြောနေတယ်။ သေချာပေါက် သေမယ့်ရောဂါတဲ့။ သေရတော့မယ်ဆိုတော့ ဆောက်တည်ရာမရဖြစ်ပြီး မသေခင် သူဖြစ်ချင်တာတွေကို အားလုံးလုပ်သွားမယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဘဏ်ကိုသွားပြီး သူပိုင်ဆိုင်သမျှအကုန်ထုတ်ယူလိုက်တယ်။ Europe Grand Hotel Pupp ကို သွားတဲ့လေယာဉ်လက်မှတ်ကို ဝယ်လိုက်တယ်။ ရှက်တတ်၊ ကြောက်တတ်တဲ့ စရိုက်ကနေ ကိုယ်ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်တဲ့စရိုက်ကိုပြောင်းလဲသွားတယ်။ အချိန်တိုင်းကို အကောင်းဆုံးအသုံးပြုမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးပေါ့။ လေယာဉ်ပေါ်မှာ ရိုးရိုးတန်းထိုင်ခုံမှာ စီးရတာ အဆင်မပြေလို့ အကောင်းစား class ကိုပြောင်းစီးခဲ့တယ်။ ဟိုတယ်ကိုသွားဖို့အတွက် ဂျက်လေယာဉ်စီးလုံးငှားပြီးသွားခဲ့တယ်။ ရိုးရိုးဟော်တယ်ခန်းကို booking လုပ်ထားရာကနေ ဟိုရောက်တော့ presidental suite အခန်းကို ပြောင်းတည်းလိုက်တယ်။ အဲဒီလောက်အဆင့်ကို တည်းခိုနိုင်တာ တော်ရုံအဆင့်အတန်းမဟုတ်ဘူးဆိုတော့ အဲဒီမှာကြိုရောက်နေတဲ့ Congressman၊ Senator နဲ့ retail magnate တွေရဲ့ စိတ်ဝင်စားခြင်းကို ခံရပါတယ်။ ရိုက်ကွင်းရိုက်ကွက်တွေ အရမ်းကောင်းတယ်။ ကျွန်မဖော်ပြမို့မေ့နေတာက သူမနံမည် … သူမနံမည်က Georgia ပါ။ ဂျော်ဂျီယာက အကောင်းဆုံး ဝတ်စုံတွေ ဝယ်ဝတ်တယ်။ ညနေစာစားတော့ သူမသဘောကျတဲ့ စားဖိုမှူးလက်ရာတွေကိုမှာပါတယ်။ အဲဒီစားဖိုမှူးက တစ်နေ့ကို ၁ဝ မျိုးလောက် today special အနေနဲ့ချက်ပြီး နောက်နေ့တွေမှာ menu အသစ်ပြောင်းတယ်။ အဲဒါကြောင့် ဂျော်ဂျီယာက today special အားလုံးမှာလိုက်တယ်။ ဟိုဟာလျော့ ဒီဟာလျော့ ဘာမှဂျေးမများပဲ စားဖိုမှူးစိတ်တိုင်းကျ ချက်ပြုတ်စေတာမို့ စားဖိုမှူးအံ့အားသင့်သွားပြီး သူမကို ထွက်ပြီး စကားပြောပါတယ်။ လူကြီးမင်းတွေအဖွဲ့က ပိုပြီးစိတ်ဝင်စားလာတယ်။ နောက်တစ်နေ့ နှင်းလျောစီးတဲ့အခါမှာလဲ အန္တရာယ်များတဲ့၊ မဖြစ်နိုင်လောက်တဲ့ အခြေအနေမျိုးမှာ သူမက သတ္တိရှိရှိနဲ့ လျှောစီးပြခဲ့လို့ နံမည်ကြီးသွားခဲ့သေးတယ်။ သေရမှာကိုကြိုသိနေမှတော့ ဘာကိုမှ မကြောက်တော့ဘူးပေါ့နော်။ နောက်တစ်နေ့ ရေခဲတောင်ထိပ်ကနေ လေထီးနဲ့အောက်ကိုခုန်ချတဲ့နည်းကို လူကြီးမင်းအဖွဲ့နဲ့လောင်းကြေးထပ်ရာမှာလဲ သူမက အောင်မြင်စွာ ခုန်ချပြနိုင်ခဲ့တယ်။ (ဒိုင်ယာလော့စကားပြောတွေ အရမ်းကောင်းပေမယ့် ကျွန်မအသေးစိတ် မမှတ်မိတော့ပါ) လူကြီးလူကောင်းတွေနဲ့ စကားပြောရာမှာလဲ သူမှန်တယ်ထင်တာကို မကြောက်မရွံပြောတယ်။ သေမင်းကိုတောင်ရင်ဆိုင်ရမှာဆိုတော့ တခြားဘာကိုမှ မကြောက်ဘူးပေါ့ …
သူမကို စတိုးဆိုင်မှာမတွေ့တော့မှ ဆရာဝန်ကနေတဆင့် သူမသေတော့မှာကို လူမဲမင်းသားက စုံစမ်းပြီး သူမနောက် လိုက်လာခဲ့တယ်။ အဲဒီအချိန်မှာ ဆရာဝန်က နောက်ထပ်လူနာတစ်ဦးကို brain scan လုပ်ဖြစ်ရင်း အံ့အားသင့်နေတယ်။ ဂျော်ဂျီယာနဲ့ တစ်ပုံစံထဲတူတဲ့ရောဂါကိုတွေ့လိုက်လို့ပါ။ အဲဒါနဲ့ ဆရာဝန်ကိုယ်တိုင် ဦးခေါင်းကို scan လုပ်ကြည့်တယ်။ သူလဲ တစ်ပုံစံထဲရောဂါဖြစ်နေတယ်။ အဲဒီတော့မှ စက်ကမှားယွင်းမှန်းသိပြီး အမြန်ဆုံး အကြောင်းကြားတယ်။ အဲဒီနေ့ရဲ့ နောက်ဆုံးအခြေအနေတွေကတော့ အသဲတယားယား ရင်တဖိုဖိုပေါ့ (ပိတ်ကားပေါ်မှာ ဆက်လက်ကြည့်ရှုပါ) …
နောက်ဆုံးဇာတ်လမ်းမှာတော့ ဂျော်ဂျီယာရဲ့ စာအုပ်ခေါင်းစဉ်လေးကို Reality လို့ ပြောင်းထားတာနဲ့ပြပါတယ်။ စားသောက်ဆိုင်တစ်ဆိုင်နဲ့ အောင်မြင်နေတဲ့ ဂျော်ဂျီယာတို့စုံတွဲကို လူကြီးမင်းတွေအဖွဲ့က လာချီးမြှင့်တဲ့အခန်းနဲ့ ပျော်ပျော်ပါးပါး ဇာတ်သိမ်းထားပါတယ်။
ကျွန်မကိုပေးတဲ့သင်ခန်းစာကတော့ သေမယ်လို့သိလိုက်တဲ့စိတ်နဲ့ အသက်ရှင်နေတဲ့အချိန်လေးတွေအကြောင်းပါ။ နှမြောတွန့်တိုစိတ်မရှိတော့ဘူး။ အချိန်တိုင်းကိုတန်ဖိုးထားတယ်။ ဘဝမှာဖြစ်ချင်တာကို နေ့မဆိုင်းပဲလုပ်တယ်။ သတ္တိရှိတယ်။ ရဲရင့်တယ်။ နောက်တွန့်တဲ့စိတ်မရှိဘူး။ အပျော်ဆုံးအချိန်တွေဖြစ်အောင်ဖန်တီးယူတယ်။
တကယ့်လက်တွေ့မှာ ကျွန်မတို့က ဘယ်နေ့သေမယ်မှန်းမသိပါဘူး။ မနက်ဖြန်တောင်မှ သေနိုင်သေးတာပဲ။ နေ့တိုင်းနေ့တိုင်းကို မနက်ဖြန်သေရမယ်ဆိုတဲ့စိတ်နဲ့များ ရင်ဆိုင်ဖြတ်သန်းရင် ဘယ်လောက်အကျိုးရှိလိုက်မလဲ။ Last holiday လိုမျိုး သူမဘဝရဲ့နောက်ဆုံးအားလပ်ရက်များလို့ မှတ်ယူလိုက်ရင် အရမ်းတန်ဖိုးရှိတဲ့အချိန်တွေကို ပိုင်ဆိုင်ရမှာပါလားလို့ သတိတရားလေးတစ်ခု ဝင်လာခဲ့မိပါတယ်။
အဲဒီဇာတ်ကားကို ကျွန်မကြိုက်တဲ့ နောက်တစ်ချက်က သရုပ်ဆောင်မင်းသမီးဖြစ်ပါတယ်။ သရုပ်ဆောင်အလွန်ကောင်းကြောင်း အထူးပြောဖို့လိုမယ်မထင်ပါဘူး။ ၂၀၀၆ အတွက် သရုပ်ဆောင်မင်းသမီးဆု ရထားတဲ့ဇာတ်ကားလေ။ ကြီးကျယ်ခန်းနားတဲ့ ရိုက်ကွင်းနေရာတွေကို မြင်တွေ့ရတယ်။ ဟာသနှောပြီး ဇာတ်လမ်းဆင်ထားတဲ့ last holiday ရုပ်ရှင်က ထူးထူးခြားခြားရင်ထဲစွဲနေတဲ့ဇာတ်ကားလေးမို့ အမှတ်တရ ကြော်ငြာဝင်လိုက်ပါတယ်။
9 comments
weiwei
January 6, 2012 at 4:05 pm
ဒီပို့စ်က မနှစ်ကထဲက ရေးထားတာ … ဇာတ်လမ်းရေးတာ အဆင်မချောဘူးထင်ပြီး မတင်ဖြစ်ခဲ့ဘူး … ဘာပဲဖြစ်ဖြစ် ကောင်းတာလေးပြန်မျှချင်စိတ်နဲ့ နှစ်သစ်မှာ တင်လိုက်ပါတယ် … နောက်ထပ်လဲ နှစ်သက်တဲ့ ရုပ်ရှင်တွေရှိပါသေးတယ် … ရုပ်ရှင်ဇာတ်လမ်းများကို အလကားမတ်တင်း ကြော်ငြာဝင်ပါအုန်းမည် …
ဆူး
January 6, 2012 at 4:40 pm
နောက် ၂ပတ် နေရင် သေမယ်လို့ အတိအကျ ပြောလာမယ် ဆိုရင် သူလို အနေအထားမျိုးပေါ့..
အရင်ဆုံး စိတ်ကို တည်ငြိမ်အောင်လုပ်မယ်။ သူများစီမှာ ပေးစရာ အကြွေးတွေ ရှိမရှိ အရင် စဉ်းစားမယ် ပေးနိုင်တာ ပေးခဲ့မယ်.. အတတ်နိုင်ဆုံး ကြေအောင် ပေးခဲ့မယ်။
ရုပ်ရှင်ထဲက စိတ်ကူးကတော့ ကောင်းပါတယ်။ လူတွေက မသေခင်မှာ သုံးနိုင်ဖို့ ပိုက်ဆံ ရှာရတာ ဆိုတော့ သေမယ် ဆိုရင် ပိုက်ဆံက အလကားဖြစ်သွားပြီ ဘာမှ အဖိုးကို တန်မှာ မဟုတ်တော့ဘူး။
ဘာပဲ ဖြစ်ဖြစ် အရာရာကို တည်တည် ငြိမ်ငြိမ်နဲ့ ဖြတ်ကျော်နိုင်အောင် တရားပဲ အားထုတ်မယ်။
ကိုယ့် အမြင်နဲ့ ကိုယ် သုံးသပ်ကြည့်လိုက်တယ် အမ ရေ..
ဦးဦးပါလေရာ
January 6, 2012 at 5:42 pm
အဲဒီကား ကြည့်ဘူးတာ နဲနဲကြာပြီထင်တယ်။
သိပ်ကောင်းတယ်။
ဝေဝေပြောလိုက်တော့မှ ပိုတောင်အရသာရှိလာသေးတယ်။
သေတော့မယ်လို့ သိတဲ့လူတယောက်ဟာ အပြင်မှာ ဒီလောက်တည်ငြိမ်ဘို့တော့ မလွယ်မှန်းသိပေမယ့် အဲဒီကနေ သင်ခန်းစာတွေ အများကြီးရပါတယ်။
Thel Nu Aye
January 6, 2012 at 5:56 pm
အညွှန်းကောင်းလို့ရှာဝယ်ပြီးကြည့်လိုက်ပါ့မယ်။
inz@ghi
January 6, 2012 at 10:37 pm
ဂီ ကြည့်ဖူးတယ်ဗျို့ ….
အစောပိုင်းမှာ ပါတဲ့ …ဟင်းချက်တာတွေ … ဘာဘီကျူတခုလုပ်ဖို့တောင် ကရိကထများတယ်ပြောရလောက်တဲ့…
လွန်စွာ အသေးစိတ်ပစ္စည်းလေးတွေ အကြောင်း …စိတ်ဝင်စားတယ်ထင်ပါ့…
နောက်တာပါ အန်တီဝေဝေရယ်….
ဂီ အမှတ်မမှားဘူးဆိုရင် ဆြာဝန်နေရာမှာ အလွန် စကားကြီးစကားကျယ်ပြောတဲ့
အိန္ဒိယ သရုပ်ဆောင် ထင်တာပဲ …
ဟော်တယ်ကို သွားတာ ဂျက်လေယာဉ်မဟုတ်ဘဲ ..ဟတ်စကီးလား လို့ဗျာ…
ကမာ္ဘကျော် ..စားဖိုမှူး ကို ကယ်လိုရီတက်မှာစိုးလို့ ဟိုဟာလျော့ ဒီဟာ မထည့်နဲ့ ပြောတတ်တဲ့ လူ့မလှိုင်အလွှာကို
ရိထားတဲ့ ပြကွက်များ ..သိပ်ကြည့်ကောင်းတာပဲ..
ဟိုခုန်ချတဲ့အခန်းမှာလည်း ဟန်တခွဲသားနဲ့ …အထက်တန်းစား လူကြီးလူကောင်း …သေးထွက်ကျတာကို
ရိုက်ပြတာလည်း လွှတ်ကောင်း…..
ရွာသူားတို့ရေ ….
အလွန် …ကြည့် ကောင်းတဲ့ ကားပါဗျို့ .. ဂီ 100% ထောက်ခံသွားပါကြောင်း….
ခင်တဲ့ ဂီ….
weiwei
January 6, 2012 at 10:46 pm
ဂီဂီရေးတော့ ပိုပြည့်စုံသွားပါတယ် .. ကျေးဇူးပါဂီဂီ …
အပန်းဖြေရုပ်ရှင်ကြည့်တဲ့အခါ ဗဟုသုတလဲရ … ရသလဲခံစားရတဲ့ ဇာတ်လမ်းမျိုးတွေကို ကြိုက်ပါတယ် …
အဲဒီဇာတ်လမ်းထဲက အထက်တန်းစား လူ့မလိုင်တွေအကြောင်း ရိုက်ပြထားတာ အရမ်းပီပြင်တယ် … ဇာတ်သိမ်းခန်းမှာတောင် တရားထိုင်နေတဲ့ပုံနဲ့ ပြလိုက်တာမို့ မြန်မာလူမျိုး အကြိုက်ဖြစ်သွားပါတယ် …
မောင်သန်းထွဋ် ဦး
January 6, 2012 at 10:53 pm
ကျေးဇူးပါဗျာ။ကိုဂီနဲ ့မမဝေတို ့ကရှင်းပြပေးထားတော့ ကြည့်စရာမလိုအောင်ပြည့်စုံနေပီဘဲ။
နိုင်ငံခြားကားရော၊ပြည်တွင်းကားတွေရော လုံးဝမကြည့်ဖြစ်တဲ့ကျနော့်အဖို ့ကျေးဇူးအများကြီး
တင်ရပါမယ်။
လေးစားလျှက်။
ကြောင်ကြီး
January 7, 2012 at 2:04 pm
ကြောင်ကြီးလည်း သေတော့မယ်၊ ကြောက်တော့ဘူးဗျို့..။ ဟေ့ သဂျီး သတ္တိရှိရင် ထွက်ခဲ့၊ တယောက်ခြင်းချမယ်…။ ရွာထဲက အပျိုကြီး၊ အပျိုလတ်၊ အပျိုလေး၊ အပြိုဂျီး၊ အပြိုလတ်၊ အပြိုဂျီးတွေရေ နင်တို့ကို ကြောင်ကြီး ချစ်တယ်ဟေ့။ ကြေးမုံလေးရေ ဦးကြောင်သေရင် အသုဘတောင် လာမကြည့်ပါနဲ့ကွယ်၊ နင့်ကိုအဲလောက်ထိ စိတ်နာဒယ်…။ ဒေါ်စုရေ သွားနှင့်ပြီဗျာ၊ အားကိုးလို့ မရမဲ့အတူတူ အမေလည်း မတော်ချင်တော့ဘူး၊ စောင့်လည်း မနေတော့ပါဘူး။ အားလုံးကို ဘိုင်ဘိုင် ချဲရီးယို စတော်ဘယ်ရီယို ဇီးယို သရက်ယို…..
blackchaw
January 9, 2012 at 1:21 pm
ဒီကား မကြည့်ဘူးသေးဘူး။ ဆိုင်မှာရရင် ဝယ်ကြည့်ဦးမယ်။
အဲဒီ မင်းသမီး ကျွန်တော် သိတ်ကြိုက်တာဗျ။
နာမည်တောင်မသိပဲ ခိုက်နေတာနော်။ သရုပ်ဆောင်တာကို ပြောပါတယ်။
သူ့ရဲ့ နာမည်ကြီးဇာတ်ကားတစ်ကားက TAXI လို့ထင်တယ်။
နောက် မိန်းကလေးတွေချည်း စုပြီး ဘဏ်ဓါးပြတိုက်တဲ့ ကားလည်း
သူပါတယ်ဗျာ။
သေချာတာကတော့ အဲဒီမင်းသမီးကို ကျွန်တော်ကြိုက်ပါတယ်။