စဉ်းစားကြစေလိုပါတယ် ( ရ ) ( ခင်ညွန့် )

Foreign ResidentJanuary 21, 20123min26910

စဉ်းစားကြစေလိုပါတယ် ( ရ )
 
အင်းးးးးး
အခုတလော ဦး ခင်ညွန့်ကို
တချို့ မီဒီယာတွေက ဝိုင်း အမွန်းတင်တဲ့ကိစ္စ ကို
အဘ လည်းဝင်မပြောဘူးလို့ နေနေတာပဲ ။
 
ဒါပေသည့်
ဒီဆောင်းပါးမှာ ရေးထားတာတွေက
ပြောစရာတွေများ ဖြစ်လာသလားလို့ ။
 
စစ်အစိုးရ ရဲ့ Policy ဆောင်းပါးတွေ တင်လေ့ရှိတဲ့ ၊
” ပိတောက်မြေ ” ဝဘ်ဆိုက် မှာ တင်ထားတဲ့ ၊
” မြန်မာ သံတော်ဆင့် ”  ရေးသားထားတဲ့ ဆောင်းပါးပါ ။
အရင် ဖတ်ကြည့်ကြပါအုန်း ။
 

 
—http://padaukmyay.blogspot.com/2012/01/blog-post_8903.html—
Friday, January 20, 2012

ခင်ညွန့်ကို ခွင့်မလွှတ်နိုင်ရင် သိန်းစိန်နဲ့ အောင်ဆန်းစုကြည်ကိုလည်း ခွင့်လွှတ်နိုင်စရာမရှိ

(မြန်မာ သံတော်ဆင့်ရဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းသလို
အတော် အငြင်း အခုန် ဖြစ်မယ့် ဆောင်းပါး ဖြစ်ပါတယ်။)

ဝင်စတန် ချာချီဟာ သူရဲ့ နာမည်ကျော် အတွဲပေါင်း များစွာရှိတဲ့
ဒုတိယ ကမ္ဘာစစ်ကြီး (Second World War) လို သမိုင်းကျမ်းနဲ့ နှိုင်းယှဉ်ရင်
အရေးကြီးပုံချင်း အတူူတူပဲ ဖြစ်ပေမဲ့ အရွယ် အစားအစား လက်ဝါးသာသာ
လောက်သာရှိတဲ့ စာအုပ်(ကျမ်း) ကလေး တစ်အုပ်ကိုလဲ ရေးခဲ့ ဘူးတယ်။
စာအုပ်နာမည်က Great Contemporaries (pub. 1947) တဲ့။

စာအုပ်ထဲမှာ တခြားခေတ်ပြိုင် ပုဂ္ဂိုလ်တွေနဲ့ အတူူတူ ဟစ်တလာ၊ စတာလင်နဲ့
ထရော့စကီးတို့ အကြောင်းတွေလဲ ပါတယ်။ စာအုပ်ရဲ့ နိဒါန်းမှာတော့ ရေးတဲ့
ရည်ရွယ်ချက်ကို သူက ဝေ့လည်ကြောင်ပါတ် လုပ်မထားဘဲ ပြောင်ပဲ ပြောထားပါတယ်။
အာဏာရှင် စံနစ် (ကွန်မြူနစ်ဝါဒ)နဲ့ ထိပ်တိုက်တွေ့ရမဲ့ နောက်ဆုံးပိတ် တိုက်ပွဲကြီး
အကြောင်းပါ။ “ကြိုတင် မှာထားချင်တာ ကတော့ ကြိုတင်လက်နက် တပ်ဆင်ထားကြ”
(To be forewarned is to be forearmed) လို့ အတိအလင်း ပြောထားပါတယ်။

ဒီစာအုပ်ကို အကြောင်းပြုပြီး ကျနော် ပြောချင်တာက ချာချီဟာ သူနဲ ့ခေတ်ပြိုင်
ပုဂ္ဂိုလ်တွေကို (ဗကပလေသံနဲ ့ဆိုရရင်) ရန်/ငါစည်းခြား သတ်မှတ် ပြခဲ့ယုံသာမက
သူတို့ပြုမူခဲ့ပုံတွေကို သမိုင်းအမြင်နဲ့လဲ ကြည့်မြင်ခဲ့တဲ့ အချက်ပါ။ ဥပမာ စတာလင်
ကွယ်လွန် (၁၉၅၃) တော့စတာလင်ကို သူ(ချာချီ)က “ဒီပုဂ္ဂိုလ်ဟာ (ကမ္ဘာကြီး သံမဏိနဲ့
လျှပ်စစ်ခေတ်ကို ရောက်နေချိန်မှာ) သစ်သားထွန်တုံး ထွန်တံကိုပဲ သုံးနေရသေးတဲ့
တိုင်းပြည်မှာ မွေးဖွားခဲ့ပေမဲ့ သူသေသွားတဲ့ အချိန်မှာ သူ့တိုင်းပြည်ကို ညူကလီးယား
လက်နက်ပိုင်ရှင် နိုင်ငံအဖြစ် ချန်ထားရစ်ခဲ့တယ်။” (He was born into a country that
still used wooden ploughshares. When he died he left his country a nuclear
power.) လို ့အကဲဖြတ်ခဲ့ပါတယ်။ နိုင်ငံရေးအရ ရန်သူဖြစ်ပေမဲ့ ကိုယ့်တိုင်းပြည်
ကောင်းစားရေး ကိုယ်လုပ် သွားကြတာချင်းကတော့ အတူတူဘဲ ဖြစ်လို့ လူအရတော့
လေးစား ပြတာကို တွေ့ရတယ်။

စစ်ကြီးအပြီး အမေရိကန် ပြည်ထောင်စုမှာ သူပြောခဲ့တဲ့ မိန့်ခွန်း တွေထဲမှာ အရေးကြီးတဲ့
အချက်တစ်ခု ပါရှိခဲ့ပါတယ်။ အဲဒါကတော့ သူဟာ ဒီမိုကရေစီကို ကမ္ဘာနဲ့ချီပြီး
ကာကွယ်တဲ့ ခုခံစစ်ကြီးကို ကြီးမှုးခဲ့ပေမဲ့ “စင်စစ် ဒီမိုကရေစီဟာ အပြစ် အနာအဆာ
မကင်း၊ ချို့ယွင်းချက် ဗလပွနဲ့ စံနစ်တစ်ခုပါ။ ဒါပေမဲ့လဲ ကမ္ဘာကြီးအတွက် လက်တွေ့မှာ
ပိုကောင်းတဲ့ ဝါဒစံနစ် ဆိုတာလဲ မရှိသေးပါဘူး။ ဒါ့ကြောင့် အဲဒါကိုဘဲ ဖက်တွယ်
နေရပါတယ်” လို့ ဝန်ခံ မှတ်ချက် ပြုခဲ့ဘူးပါတယ်။

တဘက်မှာတော့ မဟာ့မဟာ အင်ပါယာဝါဒီ (Arch Imperialist) ဖြစ်တဲ့အတွက်
ချာချီဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဂန္ဓီတို့ကို ခွင့်မလွှတ်နိုင် ဖြစ်ခဲ့တာတွေလဲ ရှိသပေါ့။
သူကဂျပန်နဲ့ ပေါင်းခဲ့တဲ့ အောင်ဆန်းကို သစ္စာဖေါက်လို့ အတိအလင်း သတ်မှတ်ခဲ့ပြီး
ဗြိတိသျှ အင်ပါယာကို လူပုံအလယ်မှာ အရှက်ရစေတဲ့ ဂန္ဓီကြီးကိုလဲ လံကွတ်တီဝတ်
ဖကီးကြီး (half naked fakir) လို့ နစ်နစ်နာနာ ခေါ်ခဲ့တယ်။ ဂျာမဏီ အထိသွားပြီး
ဟစ်တလာနဲ့ မဟာမိတ်ပြုကာ အိန္ဒိယ အမျိုးသား တပ်မတော် ထူထောင်ပြီး အင်္ဂလိပ်ကို
လက်နက်နဲ့ တော်လှန်ခဲ့တဲ့ ဆူဘတ်စ်ချန္ဒရာဘို့စ် ကတော့ သူ့ဖာသာသူ စောစောစီးစီး
လေယဉ် ပျက်ကျပြီး သေသွားလို့ ချာချီ အပြစ်တင်ခွင့် မရခဲ့ပါဘူး။ (ဘိုစ်နဲ့ လမ်းစဉ်ချင်း
မတူဘဲ – အိနိ္ဒယမှာ သာမက ကမာ္ဘမှာပါ အဓိကရ အကြမ်းမဖက် လှုပ်ရှားမှု
ခေါင်းဆောင်ကြီး ဖြစ်တဲ့ ဂန္ဓီခမျာ -ချာချီနဲ့ ဗြိတိသျှ အင်ပါယာကြီးရဲ့ ဩဇာ အရှိန်အဝါကို
မဆန့်ကျင် ရဲကြလို့ နိုဗဲလ်ဆု ကော်မတီက သူ့ကို ဆုမပေးရဲလို့ -ကမ္ဘာ့ငြိမ်းချမ်းရေး
နိုဗဲလ်ဆုကြီးကို ရမသွားရှာဘူး။

ချာချီနဲ ့အလားတူ ပုဂ္ဂိုလ်တွေကြောင့် ‘သမိုင်းဆိုတာ နောက်ဆုံးပိတ် ဖြစ်တဲ့ စစ်ပွဲမှာ
နိုင်တဲ့ဘက်က ရေးတဲ့အတိုင်း’ (History is written by the winner of the last war.)
ဖတ်ရတာမျိုးပဲလို့ အငေါ်တူး စကားမျိုးတွေ ပေါ်လာတာလဲ ဖြစ်နိုင်ပါတယ်။ ချာချီနဲ့
ပါတ်သက်လို့ တခြား ပြောချင်တာတွေ ရှိသေးပေမဲ့ ဒီနေရာမှာတော့ သူနဲ့ ခေတ်ပြိုင်
ရာဇဝင်မြောက် လူပုဂ္ဂိုလ်တွေ (historical figures) တွေအပေါ် အပြီးသပ် တန်ဘိုးဖြတ်
(Final assessment)ရာမှာ သူအသုံးပြုခဲ့တဲ့ ပေတံ (measures) တွေက ဘာတွေလဲ
ဆိုတာကိုသာ လေ့လာစူးစမ်း တင်ပြ လိုရင်းပါ။

ဘာဘဲပြောပြော အထက်က တင်ပြခဲ့တဲ့ စတာလင်အပေါ် ချာချီရဲ့ အပြီးသတ်
မှတ်ချက်ကို ကြည့်ရင် သူဟာ (ဒီမိုကရေစီဝါဒ အမြင်အရ) “လူကြမ်းတွေ
တိုင်းပြည်ချစ်နည်း” ကို လက်မခံပေမဲ့ သူတို့ရဲ့ တိုင်းပြည် ချစ်စိတ်ကိုတော့ အသိအမှတ်
ပြုခဲ့တာ တွေ့ရတယ်။ ဒီလိုဆိုတော့ လူကြမ်းတွေရဲ့ (လူသား မဆန်တဲ့) တိုင်းပြည်
ချစ်နည်းတွေကို သူတို့ရဲ့ တိုင်းပြည် ချစ်စိတ်ကို ကြည့်ပြီး ခွင့်လွှတ်ထိုက်/ မလွှတ်ထိုက်
ဆိုတာကလဲ စူးစမ်းဆင်ချင် ကြည့်စရာပါ။ “နိဂုံးချုပ် ကောင်းရင် အားလုံး ကောင်းတယ်”
(All is well that ends well) ဆိုတဲ့ ခေါင်းစဉ်နဲ့ ရှိတ်စပီးယားက ပြဇာတ်တပုဒ်
ရေးဘူးတယ်။

ပြီးခဲ့တဲ့ နောက်ဆုံးအသုတ် ထောင်ခါပွဲကြီးမှာ အများက လွတ်စေချင်နေတဲ့ သူတွေနဲ့
အတူတူ အများက မလွတ်စေချင်တဲ့ သူတစ်ချို့လဲ ပါလာတယ်။ အဓိက လူကတော့
တချိန်က အနောက်တိုင်း စာနယ်ဇင်းတွေက ဒုစရိုက် မင်းသား (Prince of evil) လို့
နာမည်ပေး ခံရဘူးတဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း
ခင်ညွန့်ပါ။

[ခင်ညွန့်လို့ခေါ်တာ မြန်မာ့ ယဉ်ကျေးမှုအရ ဆိုရင်တော့ ရင့်သီးတယ် ထင်ကြမှာပဲ။
ဒါကတော့ ကျနော်ရဲ့ ဂျာနယ်လစ်ဇင် စတိုင်ဖြစ်လို့ မတတ်နိုင်ဘူး။ လူတွေကို ဦး/ဒေါ်
တပ်ခေါ်ပြီး စာစီရတာက ရှည်လွန်းတယ်။ စာထဲမှာ တစ်ကြိမ်မက အကြိမ်ကြိမ် ပြန်စီဘို့
လိုတဲ့ နာမည်တွေ ဖြစ်နေယင် အလွန် အချိန်ကုန်ပြီး လက်ညောင်းတယ်။ လူတွေကို
မလေးစားလို့ မဟုတ်ပါ။ ဒါကြောင့် စာမှာပါတဲ့ သူတိုင်းကို တပြေးညီ နာမည်ရင်း အတိုင်း
အတိအကျ သုံးစွဲတာပါ။ ဒါတောင် နဂို အမည်ရင်းကိုက ရှည်နေတဲ့ သီဟသူရ
တင်အောင်မြင့်ဦးတို့လို၊ အောင်ဆန်းစုကြည် တို့လို နာမည်တွေကျရင် မလွှဲမရှောင်သာ
အပြည့်အစုံ ရေးနေ ရတာပါဘဲ။ ပရိသတ် အသီးသီးက ခေါ်နေကြသလိုသာ “နိုင်ငံတော်
သမ္မတကြီး ဦးသိန်းစိန်” တို့ “မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်”
တို့ ဆိုတာမျိုးတွေ ရေးနေရယင် ခရီးတွင်မှာ မဟုတ်သလို၊ ရေးရသူ မဆိုထားနဲ့ ဖတ်ရသူ
အတွက်တောင် အတော်ရှည်ပြီး ဝါကျမှာ နေရာ ယူလွန်းတယ်။ ကျနော့် ပုဂ္ဂလိက
အမြင်မှာ ဂျာနယ်လစ်ဇင် မဆန်ဘူး၊ ပရိုဖက်ရှင်နယ် မဖြစ်ဘူး။ ပြည်ပက
ရေးသူမို ့တတ်နိုင်လို ့ ရေးတာဘဲလို့ ဆိုရင်လဲ ဟုတ်ပါတယ်။ ဝန်ခံပါတယ်။]

လူတစ်ယောက်ကို သူမသေခင် အပြီးသတ် သဘောမျိုး အကဲဖြတ်တာ မမှန်နိုင်ပါဘူး။
ဒါပေမဲ့လဲ လုပ်တော့ လုပ်နေ ကြတာပါဘဲ။ သတင်း နည်းပညာတွေ အဆမတန်
ထွန်းကား လာယုံမက လူတိုင်း လက်လှမ်း မှီလာတဲ့ ကနေ့ခေတ် မှာတော့
တကမ္ဘာလုံးမှာ လူတိုင်းက လူတိုင်းအပေါ် တရားသူကြီး ပြန်လုပ်တဲ့ ခေတ်ကို
ရောက်ပြီလို့တောင် ပြောရမလားဘဲ။

ကျနော်တို့ ဗမာတွေကလဲ အရာရာကို အလျင်စလို မှတ်ချက် ပေးတတ်တဲ့ လူမျိုးရေး
စရိုက် (racial character) ရှိလို ့ “မပြီးခင် ဗမာ မမြင်စေနဲ ့” လို့တောင် တခြား
တိုင်းရင်းသားတွေက ပြောစမှတ် ပြုရသူတွေ ဖြစ်ကြပါတယ်။

ဒီ ၂ ချက်အပြင် နှစ်ပေါင်း ၅ဝကျော် ပါးစပ်ပိတ် ခံထားရပြီး အခုဖွင့်ပေး လိုက်တော့မှ
ပြောရဲဆိုရဲ ဖြစ်လာကြတဲ့ တိုင်းပြည် ဖြစ်နေပြန်တဲ့ အတွက် အခု အချိန်မှာတော့ –
သခင်စိုး မှတ်ချက် ပေးဘူးသလို “အရူးထောင် ဖွင့်ပွဲကြီး” တစ်ခုဟာ တားမရ ဆီးမရ
ကန်ဘောင် ကျိုးကြလာနေ တော့ပါဘဲ။ ဒီမိုကရေစီ အရူးထောင် ဖွင့်ပွဲကြီးလို ့ပဲ
ဆိုကြပါစို ့။

ခင်ညွန့်ကို လွှတ်ပေး လိုက်တာကို မကျေနပ်တဲ့ လေသံနဲ့ မှတ်ချက် ပြုသူတွေ
Facebook မှာ ထောင်ဂဏန်း နီးပါးရှိ တာကို တွေ့ရပါတယ်။ ခင်ညွန့် အာဏာရှိစဉ်
ကာလမှာ ထိပ်တိုက်ရင်ဆိုင် နိုင်ငံရေး လမ်းကြောင်း လိုက်မိခဲ့သူတွေဟာ စစ်အစိုးရရဲ့
ဘက်ပေါင်းစုံက နည်းမျိုးစုံနဲ့ နှိပ်ကွပ်မှု ဒဏ်ကို ရက်ရက် စက်စက် ခံခဲ့ကြရတဲ့ အတွက်
သူ့ရာထူးကျပြီး တလှည့်တပြန် ထောင်နန်းစံ ရတဲ့အခါမှာ အလွန် အင်မတန်
ကျေနပ်အားရ ခဲ့ကြသလို အခု ပြန်လွတ် လာတော့လဲ ဝမ်းမသာနိုင် ဖြစ်ကြရ ပြန်တယ်။
လူ ့သဘာဝပါ။ အပြစ် ဆိုစရာမရှိ။ ဝေဘန် စောကြောစရာလဲ မလိုပါ။

သို့သော် အချိန်တန်ယင် မေ့ပျောက်သွားရမဲ့ သာမန် လူ့သဘာဝ ခံစားချက်ထက်
ကျော်လွန်ပြီး နိုင်ငံရေး ပြဿနာ တရပ် ဖန်တီး လာမယ် ဆိုရင်တော့ သတိထား
ရပါလိမ့်မယ်။ ဒီလိုဖြစ်လာရင် လက်ရှိ အကောင်းဘက်ကို ဦးတည် ရွေ့နေခြင်းကို
အန္တရာယ် ပြုနိုင်ပါတယ်။ ခိုင်မာတဲ့ သမိုင်း လက်တွေ ့အရ ဒီလို ပြောနိုင်တာလဲ
ဖြစ်ပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲ အပြီးမှာ အနိုင်ရပါတီက ခေါင်းဆောင် တစ်ဦးက Nuremberg
ဆိုတဲ့ အသုံးအနှုံး ကလေး တစ်ခုကြောင့် အာဏာလက်ရှိ စစ်အစိုးရ ခေါင်းဆောင်တွေကို
စိတ်ပြောင်းအောင် လုပ်လိုက်သလို ဖြစ်ပြီး သဘောထားတွေ တင်းမာ ကုန်ကြရာက
နိုင်ငံရေး လမ်းကြောင်း ပြောင်းသွားခဲ့ဘူးတယ်။ အခုတစ်ခါ ၁၉၉ဝ တုံးကလို တာဝန်မဲ့
လေသံမျိုးတွေ ကြားလာရပြန်တော့ ဒီတစ်ခါတော့ ဥပဒေထဲမှာ တရားဝင် အာဏာ
သိမ်းခွင့် ထည့်ရေးထားတဲ့ အထိ တဘက်က အဆုံးစွန် အတွက်ပါ အသင့်ပြင်ထား
(Prepared for the worst) တာနဲ့ ဆက်စပ် ကြည့်လိုက်ရင် နောက်ကြောင်း
ပြန်မလှည့်ပါဘူးလို့ ဘယ်သူက ပြောနေပါစေ အကြောင်း တိုက်ဆိုင်လာရင် ဘယ်သူမှ
အာမမခံနိုင်တဲ့ အခြေအနေမျိုး ဆိုတာ တွက်ဆ ကြည့်နိုင်ပါတယ်။

ဒီမိုကရေစီ နိုင်ငံသစ်တွေမှာ ယခင် အာဏာရှိစဉ်က လူ့အခွင့်အရေး ချိုးဖေါက်
ခဲ့ကြတယ်လို့ စွပ်စွဲ ခံကြရသူတွေကို လိုက်လံ ရှာဖွေပီး အရေးယူ အပစ်ပေးတဲ့ နိုင်ငံရေး
(Politics of Retribution) ဟာ အချိန်ကာလ အတိုင်းအတာ တစ်ခုအတွင်း
ခေတ်စားလေ့ ရှိပါတယ်။ တည်ဆဲ ကမ္ဘာကြီး (existing world system)ကလဲ ဒါကို
အားပေးပါတယ်။ သက်သေ ကတော့ The Hague က အပြည်ပြည် ဆိုင်ရာ
ရာဇဝတ်ကြောင်း တရားရုံး (International Criminal Court – ICC) ပါဘဲ။ ဒီရုံးရဲ့
တရားဝင်မှု (legitimacy) ကို နိုင်ငံ အတော်များများက လက်မခံကြဘူး။ ဥပမာ
အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံက အသိအမှတ် မပြုဘူး။ ဒါဟာ လွပ်လပ်တဲ့
နိုင်ငံတော်တွေရဲ့ အချုပ်အခြာ အာဏာ (national sovereignty)ကို ထိပါးရာ
ကျတယ်လို့ ယူဆကြတယ်။

ဒါပေမဲ့ ICC ဟာ အမေရိကန်လို မဟာ အင်အားကြီး နိုင်ငံကြီးတွေကို ဘာမှ
မတတ်နိုင်ပေမဲ့ အင်အား ချိနဲ ့နေတဲ့ နိုင်ငံတွေ (weak states) နဲ ့ကျဆုံးနေတဲ့ နိုင်ငံတွေ
(Failed states) ၊ ကျဆုံး သွားတဲ့ နိုင်ငံတွေ (Collapsed states) က ဒီအမှုမျိုးနဲ့ စွပ်စွဲ
ခံရသူတွေကိုတော့ ကောင်းကောင်းကြီး ဒုက္ခပေးနိုင် ပါတယ်။ ဥပမာ မီလိုဆိုဗစ်
(ယူဂိုဆလားဗီးယား)၊ ခမာနီ ခေါင်းဆောင်တွေ (ကမော္ဘဒီးယား)နဲ့ ချားလ်စ်-တေလာ
(Sierra Leone) တို့ကိုကြည့်ပါ။ အီရတ်နဲ့ အာဖဂန် နစ္စတန် ပြည်သူတွေရဲ့
လူ့အခွင့်အရေး တွေကို အကြီးအကျယ် ချိုးဖေါက်ခဲ့တဲ့ ဂျော့ဒဗလျူဘွတ်ရှ် (George W.
Bush) ကိုတော့ ICC က လေသံတောင် မဟရဲဘူး။ ဒါတွေဟာ လက်ရှိ အိုဘားမား
လက်ထက် မှာတောင် ဆက်ဖြစ်နေတာပဲ။

ပြည်တွင်းစစ် ရှိနေတဲ့ နိုင်ငံတိုင်းဟာ ချိနဲ့တဲ့နိုင်ငံ (weak state) ပါ။ ဒီ့ထက် ကိုယ်ပိုင်
နယ်မြေ၊ ကိုယ်ပိုင် စစ်တပ်နဲ့ ဗဟိုက အစိုးရကို မနာခံဘဲ တိုင်းပြည် ကြီးထဲမှာ
တိုင်းပြည်ငယ်တွေလို နေနေကြတဲ့ အုပ်စုတွေ အများကြီး ရှိနေယင်တော့ သာမန် ချိနဲ့ရုံ
မကတော့ဘဲ ကျဆုံးနေတဲ့ နိုင်ငံတော် (failed state) တစ်ခု ဖြစ်လာပါတယ်။ [F.S ရဲ့
လက္ခဏာရပ်တွေ (characteristics) ကို ကျနော် စာရင်းပြုစု ထားတာ အချက်ပေါင်း
သုံးဆယ်ကျော် ရှိပါတယ်။ နောင် အလျဉ်း သင့်တဲ့အခါ တင်ပြပါ့မယ်။]

ဒီလိုနေရာတွေမှာ ဒီမိုကရေစီ ဝေးလို့ တရားဥပဒေ အုပ်စိုးရေး (law and order) တောင်
မသက်ရောက်ဘူး။ လူ့အခွင့်အရေး ဆိုတာကတော့ အစိုးရကော၊ သူပုန်ကော၊
သူပုန်အမည်ခံ တောပုန်း ဓါးပြတွေ၊ မူးယစ်ဆေးဝါး မားဖီးယားတွေ ကကော အားလုံး
အပြိုင်အဆိုင် ချိုးဖေါက် နေကြတာ ပါဘဲ။ တခြားသူတွေ လုပ်နေ ကြတာတွေကို
သဘောလောက် ဝတ်ကျေ တန်းကျေ ပြောကြပေမဲ့ အစိုးရတွေ ကျူးလွန် တာတွေ
ကတော့ မိမိရရ မှတ်တမ်း မှတ်ရာ တွေနဲ့ ဖြစ်နေတတ်ကြတယ် (well documented)။

မြန်မာပြည်မှာ လူ့အခွင့်အရေး ကင်းတာ လွပ်လပ်ရေး ခေတ်ဦး ကတည်းကပါ။ ဦးနေဝင်း
လက်ထက် ဆိုရှယ်လစ် ၂၆နှစ်မှာ လက်နက်ကိုင် ပုန်ုကန်မှုတွေကို နယ်စွန်နယ်ဖျား
(peripheries) ရောက်ကုန်အောင် လုပ်နိုင် ခဲ့ပေမဲ့ ၁၉၈၈ မှာ ဗဟိုချက်မ ဒေသတွေ
(center)မှာ အရပ်သားများရဲ့ လက်နက်မကိုင် ပုန်ကန် ထကြွမှုကြီး ပေါ်လာပြန်တယ်။
ဒီအရပ်သားများရဲ့ အုံကြွမှုက မူလကတည်းက ရှိနေပြီးသား ပြည်တွင်းစစ်ကို ပြန်အရှိန်
တက်လာ စေပြီး လူ့အခွင့်အရေး ကိစ္စကို ပိုဆိုး လာစေတာဘဲ။

၁၉၈၈ခုနှစ် စက်တင်ဘာမှာ ပေါ်လာတဲ့ စောမောင်၊ ခင်ညွန့်တို့ရဲ့ နဝတ (State Law
and Order Restoration Council) ဟာ အသေအချာ လက္ခဏာ အကဲဖြတ် ကြည့်ရင်
အာဏာ သိမ်းပွဲ မဟုတ်ခဲ့ဘူး။ ဘယ်သူ့ လက်ထဲမှာမှ မရှိတော့တဲ့ အာဏာကို
ဘယ်လိုုလုပ် သွားသိမ်းရမလဲ။ အာဏာ သိမ်းတယ် ဆိုတာ ကမ္ဘာ အရပ်ရပ်မှာကော
မြန်မာပြည် (၁၉၆၂) မှာပါ အာဏာ လက်ရှိအစိုးရ ခေါင်းဆောင်တွေကို အရင်ဖမ်း၊
ထောင်ထည်းတည့်၊ သို့မဟုတ် လက်စတုံး ကွပ်မျက်ပစ်တာတွေ လုပ်ကြတာဘဲ။
၁၉၈၈မှာ ဘယ်အစိုးရ ရှိနေသေးလို ့ဘယ်တိုင်းပြည် အကြီးအကဲကို ဖမ်းဆီးခဲ့ရ၊
ရာထူးက ချခဲ့ရသလဲ။

တကယ်က မင်းမဲ့ အခြေအနေ (anarchy) ဖြစ်သွားတာကို ရန်ကုန်သား ဆိုသူတိုင်း
အသိဘဲ။ ၁၇၈၉ ပြင်သစ် တော်လှန်ရေးကြီး တုန်းကလို Robespierre နဲ့ Guillotine တို့
ပေါ်မလာ သေးတာဘဲ ရှိတယ်။ ဆင်ခြေဖုံးတွေမှာ ဆိုရင် ခေါင်းဖြတ် တာတွေ
လုပ်နေတယ်။ လမ်းတိုင်း၊ ရပ်ကွက်တိုင်း လုံခြုံရေး ပျက်ပြားကုန်ပြီး ဝါးကပ်ကာ
ခြံစည်းရိုးတွေကြောင့် သွားလာ ရေးတောင် ခက်ခဲကုန်ပြီ။

ဒီအချိန်မှာ အရပ်သား နိုင်ငံရေးသမား တွေဟာ ခေတ်ကို ရှေ ့ဆောင် နိုင်ဘို့ ဝေးစွ၊
အမှီတောင် မလိုက် နိုင်ခဲ့ကြဘူး။ သူတို့ အချင်းချင်း ငယ်ကျိုး ငယ်နာတွေ မပြေနိုင်ကြ၊
တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ချင် ဆက်ဖြစ် နေခဲ့ကြတာကို ကြည့်ယင်
သူတို့အားလုံး အတိတ်မှာဘဲ ကျန်ရစ် နေခဲ့ကြတာကို သိနိုင်တယ်။ အချိန်နဲ့အမျှ
မရပ်မနား ယိုယွင်း နေလာတဲ့ တိုင်းပြည် အခြေအနေကို ဘယ်လို လုပ်ရမလဲ။

ဒါကြောင့် သမိုင်းအမြင် (historical context) ကနေကြည့်ယင် SLORC ဟာ သမို်င်း
လိုအပ်ချက် (historical necessity) အရ ပေါ်လာရတဲ့ သမိုင်းရဲ့ အသွင်အပြင်
(historical phenomenon) တစ်ခုဖြစ်တယ်။ သူ့ထက် ပိုကောင်းတဲ့ သမိုင်း
လမ်းကြောင်းတွေ (betteralternative paths) ကို အရပ်သားတွေကမှ
မဖန်တီးနိုင်ခဲ့ကြဘဲ။

ယ္ခုတိုင် သက်ရှိထင်ရှား ရှိနေကြသေးတဲ့ နိုင်ငံရေး သမားတွေ ကိုယ်တိုင် ပါခဲ့ကြလို့
သိနေကြတဲ့ အတိုင်း မြန်မာပြည် အတွက် ပိုကောင်းမဲ့ သမိုင်းလမ်းကြောင်း အနည်းဆုံး
သုံးခုနဲ ့လွဲခဲ့ ကြပါတယ်။ အဲဒါတွေ ကတော့ –

(တစ်) – အရေးတော်ပုံ စောစောပိုင်းမှာ ဒေါက်တာ မောင်မောင် အစိုးရရဲ့ သုံးလအတွင်း
ရွေးကောက်ပွဲ ကမ်းလှမ်းချက်ကို လက်မခံနိုင်ခဲ့ကြတာ –
(နှစ်) – အရေးတော်ပုံ အထွဋ်အထိပ် ကာလမှာ ဦးနုရဲ့ ခြောက်လအတွင်း ရွေးကောက်ပွဲ
လုပ်ပေးပါ့မယ် ဆိုတဲ့ ကမ်းလှမ်းချက်ကို လက်မခံခဲ့တာ –

(သုံး) – ၁၉၉ဝ ရွေးကောက်ပွဲမှာ အကြီးအကျယ် နိုင်လို ့အောင်ပွဲနဲ ့ယစ်မူး (dizzy with
success) သွားတဲ့ NLD ပါတီက ခေါင်းဆောင် တစ်ချို ့ရဲ့ ဝင့်ဝါမှုကို သွေးလန် ့သွားတဲ့
စစ်တပ်ဟာ နိုင်ငံရေး ကူးပြောင်းရေး အစဉ် (political transition process) ကို
ချယ်လှယ်(manipulate) လာတာကို ပြည်ပအားကိုး သက်သက်လောက်နဲ့ ထိပ်တိုက်
ရင်ဆိုင်ရေး (confrontation) လမ်းလိုက်မိလို ့အနိုင်ကနေ အရှုံး ပြန်ဖြစ် သွားတာ –
စတာတွေဘဲ။

၁၉၈၈/၁၉၉ဝ အချိန်ကာလ အပိုင်းအခြား မှာတော့ ဦးနု – အောင်ဆန်းစုကြည် –
စောမောင် – ခင်ညွန့် စတဲ့ နိုင်ငံရေး သမားတွေကော စစ်ခေါင်းဆောင် တွေပါ
အခြေအနေသစ် ဖန်ဆင်းသူတွေ မဟုတ်ကြဘဲ ဖြစ်လာတဲ့ အခြေအနေတွေ အပေါ်
တုန့်ပြန်မှုတွေ (response)သာ လုပ်ခဲ့ကြတဲ့ သမိုင်း ဇာတ်ကောင်တွေ (historical
characters) ဖြစ်ခဲ့ကြတယ်။ ဆိုလိုတာက သမိုင်းကို ဖန်တီးတဲ့ ဇာတ်ဆရာတွေ
မဟုတ်ကြဘူး။ [ဇာတ်ဆရာ အဆင့် ရောက်ခဲ့ကြ သူတွေကတော့ ဦးနေဝင်းထံ
ပေးစာတွေ ရေးပြီး လှုံ့ဆော်ခဲ့တဲ့ ဦးအောင်ကြီး၊ အောင်ဆန်းစုကြည်ကို ပွဲထုတ်ပြီး
စင်တင်ခဲ့တဲ့ မောင်သော်က၊ သူမကို ဆရာ (mentor)လုပ်ဖို့ အားထုတ် ခဲ့ဘူးတဲ့
သခင်တင်မြ၊ ဦးထွေးမြင့်စတဲ့ သူတွေပါ။ သူတို့ရဲ့ ပါဝင်မှုကာလ တိုတောင်း ပေမဲ့ သူတို့ရဲ့
အဆင့်ကတော့ ဇာတ်ဆရာ အဆင့်ပါ။]

တပ်ထဲက ဖြစ်တဲ့ ခင်ညွန့်ဟာ အောင်ဆန်းစုကြည်လိုပဲ -သမိုင်း ဇာတ်ကောင် အဖြစ်
စင်ပေါ်ကို အခြေအနေက တွန်းပို့ လိုက်လို့ ရောက်လာတာ ဖြစ်တယ်။ ဒါပေမဲ့ စင်ပေါ်
ရောက်လာပြီးတဲ့ အချိန်မှာတော့ မိမိ ရောက်နေတဲ့ နေရာ (SLORC/SPDC
အတွင်းရေးမှုး-၁၊ ထောက်လှမ်းရေး အကြီးအကဲ) ကို အစွမ်းကုန် အသုံးချပြီး မိမိရဲ့
နိုင်ငံရေး ရန်သူတွေကို မလှန်နိုင်အောင် ဖိနှိပ် ထားနိုင်ခဲ့သူ ဖြစ်တယ်။
သူ ့အောင်မြင်မှုက သူ ့ကို ဒုစရိုက် မင်းသား (Prince of evil) ဘွဲ့ကို ရစေခဲ့တယ်။
တချိန်တည်းမှာပဲ အလုပ်ကို မရပ်မနား လုပ်လို့ အလုပ်စွဲနေသူ (Workaholic)လို့လဲ
အောင့် သက်သက်နဲ့ ချီးမွမ်းတာ ခံရသူ ဖြစ်တယ်။ သူဟာ ‘ဇာတ်ကောင်’ ကနေ
‘ဇာတ်ဆရာ’ အထိ ဖြစ်လာတယ်။

၁၉၉ဝ ရွေးကောက်ပွဲ နောက်ပိုင်း ထိပ်တိုက် ရင်ဆိုင်ရေး စလိုက်ချိန် ကစပြီး ခင်ညွန့်ဟာ
သူရဲ့ မက္ခီယာဗဲလီယန်း (Machiavellian) စတိုင် နိုင်ငံရေးကြောင့် “စစ်တပ်က လုပ်တဲ့
နိုင်ငံရေး” ရဲ့ ပင်ရင်း (author of military politics) ဖြစ်လာတယ်။ ကနေ့ အောင်မင်းတို့
အောင်သောင်းတို့ အောင်ကြည်တို့ သိန်းဇော်တို့ လူတွေအများကြီး ခွဲပြီး ကြိုးစားနေတဲ့
တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေနဲ့ အပစ်အခတ် ရပ်စဲရေး ပြန်ရရေးဟာ ခင်ညွန့်
တစ်ဦးတည်း လုပ်ပြ ခဲ့ပြီးသား ဖြစ်တယ်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း
(၁/၉၀)နဲ ့ဖွဲ့စည်းပုံ ဥပဒေသစ်/ ရွေးကောက်ပွဲသစ် လမ်းကြောင်း ချပြီး တဘက်က
ပုံစံတကျ အသွင် ကူးပြောင်းရေးကို ချခင်းပြီး တဘက်ကလဲ တိုင်းပြည်ကို ဖွံ့ဖြိုးရေး
(Developmental state) လမ်းကြောင်းပေါ် တင်ပေးခဲ့တယ်။ SLORC ကနေ SPDC
(၁၉၉၂/ ၂၀၁၀) ဖြစ်လာတယ်။ ဒီကနေ့ ဦးသိန်းစိန် အစိုးရသစ်က လုပ်နေတာတွေဟာ
ခင်ညွန့်ရဲ့ လုပ်ငန်းစဉ် (seven steps ‘Roadmap’ to democracy) ကို ခင်ညွန့်မပါဘဲ
ဆက်လုပ် နေတာသာ ဖြစ်တယ်။ ဒီနေရာမှာ ‘သိန်းစိန်က ခင်ညွန့်ထက် သာတယ်၊ သူက
အောင်ဆန်းစုကြည်ကို ရအောင် စည်းရုံး ယူနိုင်တယ်’ လို ့ဆင်ခြေ တက်ကောင်း
တက်ကြလိမ့်မယ်။

ဒီဆင်ခြေမျိုး ကတော့ အင်မတန် နုံချာပါတယ်။ ဦးသိန်းစိန် အစိုးရသစ်က သူ့လမ်းစဉ်
(တကယ်က ခင်ညွန့် လမ်းစဉ်) ဘာတစ်ခုမျှ အပွန်းအပဲ့ ခံပြီး အောင်ဆန်းစုကြည်ကို
လျှော့မပေး ခဲ့ရပါဘူး။ အချော့ကြိုက်တဲ့ သူကို ချော့လိုက်တာ လောက်ဘဲ ရှိပါတယ်။
ဒါမျိုးဟာ အနောက်တိုင်း လူဆိုးလောကက ‘Good cop / bad cop game’
လောက်ပါဘဲ။ ဘာဘဲဖြစ်ဖြစ် ခင်ညွန့်နဲ့ သန်းရွှေတို့ရဲ့ ၂၃နှစ် အထု အထောင်း ခံခဲ့ရတဲ့
NLD နဲ့ အသက် ရလာပြီ ဖြစ်လာတဲ့ အောင်ဆန်းစုကြည်ဟာ ဆက်တင်း ခံမနေ
နိုင်တော့ဘဲ တဘက်က လူလဲပြ လိုက်တာကို အကြောင်းပြ၊ ‘သူု့ကိုတော့ ယုံတယ်’ ဆိုပြီး
၂၃ နှစ် နိုင်ငံရေး လမ်းစဉ်ကို ‘flip flop’ လုပ်လိုက် ရတာဘဲ။ ရန်ကုန်မြို့က ပွဲစား
ဝေါဟာရနဲ ့ပြောရယင် “ပါးပါးကလေး”ပါ။ တဘက်မှာလူထုက NLD မပါဘဲလဲ
ဆက်သွားတော့မှာကို ၂၀၀၈ ဆန္ဒ ခံယူပွဲနဲ ့ ၂၀၁ဝ ရွေးကောက်ပွဲ တွေကနေ တဆင့်
သတိပေး နေပြီလေ။ နိုင်ငံတကာ ပွဲကြည့် ပရိသတ်တွေ ကလဲ ဒီနှစ်ဘက် ပဋိပက္ခ
ဘယ်နည်းနဲ့ ပြီးပြီး – ပြီးရင် ပြီးရောဆိုပြီး ဝိုင်းသာဓု ခေါ်လိုက်ကြရတာပါ။

ယခုအခါ NLD ပါတီက ၁၉၉ဝ ခုနှစ် ရလဒ်ကို လက်တွေ ့နိုင်ငံရေး လိုအပ်ချက်အရ
မေ့ပြစ်လိုက်ပြီး ပါတီကို မှတ်ပုံ အသစ် ပြန်တင် အောင်ဆန်းစုကြည် ကိုယ်တိုင်
ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ဘို့ စိတ်အား ထက်သန်နေတော့ ခင်ညွန့် ချပေးခဲ့တဲ့
လမ်းစဉ်ကို သိန်းစိန်က ဆက်အကောင် အထည် ဖေါ်နေပြီး အောင်ဆန်းစုကြည်က ပါဝင်
ပူးပေါင်းခြင်း အားဖြင့် တရားဝင်အောင် ပြုပေး (legitimize) နေပြီဖြစ်တယ်။ တစ်ချိန်က
‘အောင်ဆန်းစုကြည်ရဲ့ အသက်ကိုတောင် အန္တရယ် ပြုတာ ပါဆိုတဲ့’ ဒီပဲယင်း
လုပ်ကြံမှုကြီး ဆိုတာကို တကမ္ဘာလုံး ကြားအောင် အကြီးအကျယ် အော်ဟစ်ခဲ့ကြတာ
တွေကို NLD က မေ့ပစ်လိုက်ပြီ ဖြစ်တယ်။ ဒါဟာ တကယ်မဟုတ်ဘဲ လုပြ်ကံ
စွပ်စွဲခဲ့တာမို ့ဒီလောက် အလွယ်တကူ အသံတွေ တိတ်ကုန် တာလား။

ဘာဘဲဖြစ်ဖြစ် အတိုက်အခံနဲ့ အစိုးရသစ် နိုင်ငံရေးအရ တလှေတည်းစီးပြီး
တစ်ခရီးတည်း သွားဘို့ ပြင်နေတဲ့ ယ္ခုအချိန်မှာ ဒီလမ်းပြ မြေပုံ နိုင်ငံရေး လမ်းစဉ်ရဲ့
ဗိသုကာ ဖြစ်ခဲ့တဲ့ ခင်ညွန့်ကို ခွင့်မလွှတ် နိုင်ရင် သူ့ရဲ့ နိုင်ငံရေး နောက်လိုက် (အာဏာ
ရှိ/ အတိုက်အခံ) အားလုံးကိုလဲ ခွင့်လွှတ် နိုင်စရာ မမြင် ဖြစ်နေလိမ့်မယ်။

လူ့အခွင့်အရေး ချိုးဖေါက်မှု တွေဟာ မြန်မာပြည်မှာ အာဏာရှင် စံနစ်ကြီး စတင်
ကတည်းက စခဲ့တာ ဖြစ်တယ်။ ခင်ညွန့် မတိုင်ခင်ကလဲ ဖြစ်၊ ခင်ညွန့် လက်ထက်မှာလဲ
ဖြစ်၊ ခင်ညွန့် မရှိတော့တဲ့ နောက်ပိုင်းမှာလဲ ဆက်ဖြစ် နေတာဘဲ။ ထိပ်ဆုံးက
ပုဂ္ဂိုလ်ကတော့ ဘယ်သူဘဲ ဖြစ်နေနေ ယန္တယား သဘောအရ တာဝန်ရှိ မှာပေါ့။
(institutionally, structurally responsible)။ သူဟာ ဘော်လရှီဗစ် ခေါင်းဆောင်
လီနင်က ဇာဘုရင် မိသားစု တစ်ခုလုံးကို ပစ်သတ် ကွပ်မျက်ပြစ်ဘို့ ကိုယ်တိုင် လက်မှတ်
ထိုးအမိန့် ချမှတ်တဲ့ အထိ ရက်စက် တာမျိုးတွေတော့ မကျူးလွန် ခဲ့လောက်ဘူး လို့တော့
အောက်မေ့ ရတာပဲ။ ဒါကြောင့် ဗမာ နိုင်ငံရေးသမား တစ်ချို ့ကိုးကားတဲ့
တောင်အာဖရိက နမူနာအတိုင်း ဆိုယင် “အမှန် တရားမှ တဆင့် ကြေးအေးရေး
ကော်မရှင်တွေ” (Truth and Reconciliation Commissions) ဖွဲ ့ပြီး ဖြေရှင်း နိုင်တာပဲ။
ဒီလို မဖြစ်ချင်ရင်လဲ နောင်သင့်တော်တဲ့ အချိန်ကျမှ တကယ် လက်တွေ ့အပြစ်
ရှိခဲ့သူတွေကို တိတိကျကျ ဖေါ်ထုတ်ပြီး due process နဲ့ စစ်ဆေး စီရင်လို့ရတာပဲ။ အခု
ပြောနေကြသလို ယိုသမျှချေး ပုဇွန်ဆိပ်ခေါင်း စုပေးတာမျိုး လုပ်ဖို့ ကြိုးစားကြရင်
မဆိုင်တဲ့ သူတွေက လက်မခံဘဲ သူတို့ တတ်တဲ့ နည်းနဲ့ ဟန့်တားကြ
လက်တုန် ့ပြန်လာကြလိမ့်မယ်။ နိုင်ငံရေး သံသရာ တပါတ် ကျော့လာနိုင်တယ်။

ရ နှစ်ကြာ အကျယ်ချုပ်နဲ့ နေခဲ့ရတဲ့ ခင်ညွန့်ဟာ အခုအချိန်မှာ မာန်စွယ် ကျိုးပြီး
အရပ်သားတွေရဲ့ ဘဝကို စာနာလာပုံ ပေါက်နေတယ်။ ဒါတကယ် မဟုတ်ရင်တော့
တော်တော် ဟန်ဆောင် ကောင်းတယ်လို့ ဆိုရမယ်။ သူဟာ တစ်ချိန်က နေဝင်းနဲ့
အောင်ကြီး ပဋိပက္ခလို နိုင်ငံရေး ကွဲလွဲမှုကြောင့် အရာကျတာ မဟုတ်ဘဲ သူများထက်
တော်နေလို့ ခြေလှမ်း ကျဲသွားလို့ လုပ်ဖေါ် ကိုင်ဘက်တွေက သူတို့ကို ချနင်း ကျော်တက်
သွားမှာ စိုးလို ့ဆွဲချခံရတာ ဖြစ်တယ်။ အကျဉ်းကျခံ ရ နှစ်က သူ့ကို အရပ်သားစိတ်
ထည့်ပေးလိုကြ်ပီ (civilianized) ဆိုတာ သေချာရင် သူ့ကို ဒီအတိုင်း လွှတ်မထားဘဲ
သင့်တော်သလို ပြန်အသုံးချတာက တိုင်းပြည် အတွက်ကော သူ ့အတွက်ပါ
ကောင်းလိမ့်မယ်။ တာဝန်မဲ့ ပေါက်ပန်းဈေး ပြောနေ ရေးနေ ကြတာတွေဟာ
အစိုးရသစ်နဲ့ အောင်ဆန်းစုကြည် ကိုပါ အဖျားခတ်နေတယ်။ တင်းမာတဲ့ သဘောထား
ရှိသူတွေကို ပိုတင်းမာ သွားစေလိ်မ့်မယ်။

မြန်မာသံတော်ဆင့် ။

 

 
အရင်ဆုံး အဘ ရဲ့ အခြေခံ အယူအဆလေး ကို စပြောမယ်နော် ။
 
” လူ့အခွင့်အရေး ချိုးဖေါက်မှု တွေဟာ – – – –
ခင်ညွန့် မတိုင်ခင်ကလဲ ဖြစ်၊ ခင်ညွန့် လက်ထက်မှာလဲ ဖြစ်၊
ခင်ညွန့် မရှိတော့တဲ့ နောက်ပိုင်းမှာလဲ ဆက်ဖြစ် နေတာဘဲ “
 
ဟုတ်ပါတယ် ။ ဖြစ်နေဆဲ ။ ဖြစ်နေအုန်းမှာပါ ။
 
ပြည်သူတွေ / ဒီမိုကရေစီ အစိုးရတွေ ရဲ့ အဓိက တာဝန်ကတော့
အဲဒီလို လူ့အခွင့်အရေး ချိုးဖေါက်မှု တွေ ဖြစ်တိုင်း ဖြစ်တိုင်း မှာ
ချိုးဖေါက်မှု ကျူးလွန်တဲ့သူတွေကို
ထိရောက် ဟန့်တားနိုင်တဲ့ ပြစ်ဒါဏ်တွေ ချမှတ်ဖို့ပါပဲ ။
 
ဒါပေမယ့် ၊ ခင်ညွန့်မှ ၊ သန်းရွှေမှ ၊ ကဒါဖီမှ ၊ ဆက်ဒမ်မှ ၊ ဟစ်တလာမှ ဆိုပြီး
ပုဂ္ဂိုလ်ရေး အစွဲ မရှိရပါဘူး ။ မရှိသင့်ပါဘူး ။
 
တရားမျှတမှု ကို ဖေါ်ဆောင်ပေးချင်းသာ ဖြစ်ပါတယ် ။
အပြစ်ရှိတဲ့သူကို အပြစ်ပေးတာ / အပြစ် ပေးသင့်ကြောင်း တောင်းဆိုတာဟာ
လက်စားချေတာ မဟုတ်ပါဘူး ၊ တရားမျှတမှု ကိုတောင်းဆိုတာပါ ။
 
မှန်တာပြောရရင်
တရားမျှတမှု ကိုတောင်းဆိုတာ ဆိုတဲ့ အနက် အဓိပ္ပါယ် အပြင်
အရမ်းလေးနက်တဲ့အနက် အဓိပ္ပါယ် တွေလည်းရှိပါသေးတယ် ။
 
လူသား အသိုင်းအဝိုင်းကြီး မှာ လူတစ်ဦးချင်းစီမှာ အချင်းချင်း ယုံကြည်မှုရအောင် ၊
လူသား အသိုင်းအဝိုင်းကြီး ပေါ်ကိုလည်း ယုံကြည်မှုရအောင် ၊
လွယ်လွယ်ပြောရရင်
မတရားမှုတွေကို နောက် ဘယ်လူ ဘယ်အဖွဲ့အစည်းကမှ မလုပ်ရဲအောင် ၊
လူ့ အသိုင်းအဝိုင်းကြီး မပြိုကွဲအောင် ၊
ထိန်းညှိပေးတဲ့ အခြေခံ လိုအပ်ချက်ဖြစ်ပါတယ် ။
 
အနှစ်ချုပ်ပြောရရင်
အပြစ်ရှိတဲ့သူကို အပြစ်ပေးတာ / အပြစ် ပေးသင့်ကြောင်း တောင်းဆိုတာဟာ
ဖြစ်သင့် ဖြစ်ထိုက်တဲ့ ၊ မရှိမဖြစ် လိုအပ်တဲ့ ၊ လုပ်ကို လုပ်သင့်တဲ့ ၊
ရေရှည်ကိုထည့်သွင်းစဉ်းစားတဲ့ အမျှော် အမြင် ရှိတဲ့ တောင်းဆိုမှု တစ်ခုဖြစ်ပါတယ် ။
 
အဲဒီတော့ ၊ ခင်ညွန့်သာ တကယ် လူ့အခွင့်အရေး ချိုးဖေါက်မှု တွေ လုပ်ခဲ့ရင်
တရား စွဲဆို အပြစ်ပေးရပါမယ် ။
 
အထူးသဖြင့် နိုင်ငံတော် ခေါင်းဆောင် ဘဝ မှာလုပ်ခဲ့တာဆိုရင်
ပို အပြစ်ကြီးပါတယ် ။ ပို ကြီးလေးတဲ့ ပြစ်ဒါဏ်ကို ချသင့်ပါတယ် ။
 
ခင်ညွန့် ဘာသာ ခင်ညွန့် နိုင်ငံရေး လုပ်မလုပ်ကတော့
သူ့ကိစ္စပါ ။ သူ့ အခွင့်အရေးပါ ။
( ရွံရှာသော်ငြားလည်း ) ဘာမှ မပြောလိုပါ ။
 
အဲဒီလိုပဲ ၊
သူ့ကို တချို့ မီဒီယာတွေက ဝိုင်း အမွန်းတင်တဲ့ကိစ္စကတော့
အဲဒီ မီဒီယာတွေ သူတို့ သမိုင်း သူတို့ရေးနေတယ်လို့ သဘောထားပါတယ် ။
( ရွံရှာသော်ငြားလည်း ) သူတို့ ခံယူချက် နှင့် သူတို့ပါ ။
 
Hot News ဂျာနယ် ရဲ့ မျက်နှာဖုံးက ဓါတ်ပုံ မှာ
အရာရာကို ရွှေကွတ် ထားတဲ့ ဦးခင်ညွန့် အိမ်မှာ
Hot News ဂျာနယ် ရဲ့ အယ်ဒီတာချူပ် / ပိုင်ရှင် ဒေါ်မမ က
ဦးခင်ညွန့် ကို ဆက်ဆံပုံ ( Posture ) လေးကလည်း သင်းသကိုးဗျ ။
( ကိုဇာဂနာ က လက်ချင်းချိတ်ပြတော့ မမ ကလဲ အပြိုင်ပေါ့လေ )
 

နောက်ဆုံး အနေနှင့် ထပ်တွေးမိတာလေးတွေက ၊
 
ခင်ညွန့် ကိုလွှတ်ပေးဖို့ ပြည်သူတွေက မတောင်းဆိုခဲ့ပါဘူး ။
အမေစု တို့ NLD ကပေးပို့တဲ့ နိုင်ငံရေး အကျဉ်းသားစာရင်းမှာလည်း
ခင်ညွန့် ပါမယ် မထင်ပါဘူး ။
 
ဒီလိုတွေ ပွဲဆူအောင် နှင့်
နိုင်ငံရေး အင်အားစုတွေ အချင်းချင်း စိတ်ဝမ်းကွဲအောင်
တမင်များ လွှတ်ပေး လိုက်တာကျနေတာပဲ ။
သူရို့ မီဒီယာတွေကလည်း ဗိန်းဗောင်း တီးပေးနေသလိုပဲ ။
 
အဲဒီတော့ ၊ ရွာသူားတို့ စဉ်းစားကြစေလိုပါတယ် ။
အနဲဆုံး တစ်ကွက် နှစ်ကွက် လောက်ပဲ ဖြစ်ဖြစ် ကျော်ပြီးတော့ပေါ့ ။
 
တော်သေးဘီ ။
 
အဘ Foreign Resident.

10 comments

  • ဦးဦးပါလေရာ

    January 21, 2012 at 9:28 am

    ကိုဖေါရင်းကတော့ ကျန်စစ်သားဝင်စားတယ်ဆိုတဲ့ မင်းတရားကြီးပုံကို ထည့်ပြလိုက်ပြန်ပြီ။
    ဒီပိုစ့်မှာ ပြောစရာ ငြင်းစရာတွေလဲ အများသား။ လိုင်းတူတဲ့သူတွေကို လက်တို့လိုက်ဦးမယ်။
    ကျုပ်အနေနဲ့တော့ -ကိုဖေါရင်းပြောတဲ့-

    “ဒီလိုတွေ ပွဲဆူအောင် နှင့်
    နိုင်ငံရေး အင်အားစုတွေ အချင်းချင်း စိတ်ဝမ်းကွဲအောင်
    တမင်များ လွှတ်ပေး လိုက်တာကျနေတာပဲ ။”

    ဆိုတာလေးကိုပဲ ကုတ်လိုက်ပါတယ်။
    အဲဒါ ဘာလုပ်တာလဲဆိုတာ သတိထားစောင့်ကြည့်ကြဘို့ပါပဲ။

  • kai

    January 21, 2012 at 9:34 am

    သံတော်ဆင့်က ရေးထားတာနဲ့.. အဘဖောရေးတာကို ကွဲအောင်.. Bold လုပ်တာဖြုတ်ပေးထားပါတယ်..။

    အင်း..
    ဒီစာအပေါ်မှာ.. ဦးခင်ညွှန့်အပေါ်မှာ.. ရွာသူားတွေဆွေးနွေးရေးကြတာ ဖတ်ကြည့်ချင်ပါကြောင်း…။ 🙂

  • kyeemite

    January 21, 2012 at 9:38 am

    ကျုပ်တော့ ဦးခင်ညွှန့် ကိုရော လက်ရှိ ကာချုပ်ကိုပါ လုံးဝအယုံအကြည်မရှိကြောင်းပါဗျာ..
    အရေးအခင်းကာလတုံးက ကျုပ်မျက်စိ ရှေ့တင် လူမဆန်စွာ နှိတ်စက်ခဲ့ပုံတွေ..ဒီနေ့ထိမေ့မရသေးဘူး..
    ဂလဲ့စားခြေတာမခြေတာထားပါလေ..အနဲဆုံးတော့ မေးထူးခေါ်ပြောမလုပ်ဘဲ ကျဉ်ထားသင့်တယ်..
    ဒါမှ ဒီလိုလူမျိုးတွေ..လောကသဘာဝအကြောင်း..လောကဓံအကြောင်းပိုသိသွားမှာ..
    ကိုယ့်အိမ်ထဲမှာသက်တောင့်သက်သာအကျယ်ချုပ်ထားရုံလောက်လေးနဲ့.. ဒီလိုလူတွေ..
    ပြည်သူတွေခံစားခဲ့ရ ခံစားနေဆဲ လူမှု့ဒုက္ခတွေကို ကိုယ်ချင်းမစာတတ်သေးတာ သေချာပါတယ်..
    မီဒီယာ တွေနဲ့ သွားပီးဘက်လှဲတကင်းလုပ်ခဲ့ကြတဲ့ အနုပညာသယ်တချို့ကို ကျုပ်တော့နားကိုမလည်နိုင်ဘူးဗျာ….
    ကျဉ်ထားသင့်တယ်X (သန်းတစ်ထောင်)

  • htoosan

    January 21, 2012 at 10:00 am

    ဒင် ဒေါင် .. ဒင် ဒေါင် ။။။
    နာရီသံချက်မှန်မှန်….

  • စိန်ပေါက်ပေါက်

    January 21, 2012 at 12:00 pm

    ဟိုဆရာမ မမက ဘဇာကြောင့် ဒီပုတ်ဂိုကြီးကို ရှိမခိုးယုံတမယ် အဝှာပြုနေတာလဲဗျ
    ဧကန္တ ဒီပုတ်ဂိုကြီးရဲ့ ကျေးဇူးကန်..ကျေးဇူးတွေများ ရှိခဲ့ဖူးသလား 😆

    မောင်ခင်ညွန် ့
    အရင်က ရမ်းသန်းပြီး(ကြောက်တာလဲပါမယ်) အပြစ်ရှိတာကော..အပြစ်မရှိပဲ ဖမ်းဆီးတာ.နှိပ်စက်တာ..ထောင်ချခဲ့တာတွေ အများကြီးပဲ
    ပြောမဆုံးပေါင် တောသုံးထောင် အပြစ်တွေများလှပါတယ်
    သူ ့ကြောင့်..လင်းလက်ခွင့်မရှိပဲ ကြွေသွားခဲ့တဲ့ကြယ်တွေ များကြီးရှိမယ်လို ့လဲထင်တယ်
    သူ ့စနက်နဲ ့ အခုချိန်ထိ သံတိုင်ကြားထဲက မထွက်နိုင်သေးတဲ့လူတွေလဲ ရှိဦးမယ် ထင်ပါတယ်
    ဒီလူကြီး နိုင်ငံရေးလောကထဲ ထပ်ဝင်လာမယ်ဆိုပါက အင်မတန် အန္တရာယ်ကြီးတယ်..
    ဉာဏ်နီဉာဏ်နက် အလွန်များတဲ့ ပုတ်ဂိုကြီးပါ 😛

    ကျနုပ်စိန်ပေါက်ကြီး ပြောရရင်တော့
    ဒီလူကြီး သူ ့အပြစ်တွေအတွက် တိုင်းသိပြည်သူ ဝန်ချတောင်းပန်ခဲ့မယ်ဆိုရင်တောင် ခွင့်လွှတ်နိုင်မဲ့လူ ခပ်ရှားရှားပဲ ရှိပါလိမ့်မယ်
    အမှားသိရင် အမှန်ရှိတယ် ဆိုပေမဲ့ ဒီပုတ်ဂိုလို လူမျိုးမှားတဲ့ တစ်ခါဟာ အသက်ပေါင်းများစွာ အခွင့်အရေးပေါင်းများစွာ
    စတေးခဲ့ရတာဖြစ်လို ့..နောက်တစ်ခါ နိုင်ငံရေးလောကထဲပြန်ဝင်ခွင့်ပေးပြီး နောက်တစ်ခါ ထပ်မှားခွင့် ဘသူပေးမှာလဲ..
    ခင်ဗျားတို ့ဘာသာ ပေးကြ..ကျုပ်တော့..တတ်တာပဲ

    ပြီးဒေါ့
    ဘဇာကြောင့် သူဒုက္ခပေးခဲ့တဲ့လူတွေကို တောင်းပန်သမှုမပြုပဲ ရုပ်တည်ကြီးနဲ ့ ဘုရားသွားကျောင်းတက်၊ဓာတ်ပုံတွဲရိုက်လုပ်နေတာလဲ
    စဉ်းစားလို ့မရ..ရှက်တတ်ရင်လဲသေဖို ့ကောင်းဒယ်…ညှင်း.ညှင်း.ညှင်း..

    တော်တေးဘီ
    အဟွတ်..အဟွတ်

  • aungnng87

    January 21, 2012 at 12:33 pm

    အင်း…ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ်ပါတ်ဝန်းကျင်ကလူတွေကတော့ဦးခင်ညွန့်လွတ်လာတဲ့အပေါါ်မှာထူးခြားတဲ့ခံစားမှုမပြပါဘူး။ ဟယ် သူလွတ်လာတာငါဝမ်းသာလိုက်တာ သူ့ဟာသူဘာဖြစ်နေနေ သ.ူပုံစံကစမတ်ကျတာကိုငါကြိုက်တာတဲ့.သူငယ်ချင်းတယောက်ကပြောပါတယ်။ အခြားတယောက်ကလဲပြောပါတယ်။အကုန်လုံးကိုလွှတ်ပေးလိုက်တော့လဲကောင်းပါတယ်တဲ့။အဲလိုဘဲပြော တယ်။ အဲဒီလူတွေအကုန်လုံးဟာနိုင်ငံရေးနဲ့မပါတ်သတ်တဲ့သူတွေပါ။ နိုင်ငံရေးနဲ့ပါတ်သတ်တဲ့သူတွေကတော့
    သူကိုမုန်းမှာပါ။ အသေအချာပါဘဲ။ အမေဆိုရင်လည်းဦးခင်ညွန့်ကိုသဘောအရမ်းကျပါတယ်။ ဦးခင်ညွန့်များ
    ွှTV မှာလာရင်ကြည့်လိုက်ရတာအမောဘဲ။ ကို်ယ်တွေကတောင်ပြောယူရတယ်။ ဒါကတော့ကိုယ်ရဲ့ပါတ်ဝန်းကျင်ကလူတွေရဲ့အမြင်။

  • lynnthu

    January 21, 2012 at 6:33 pm

    ဆောင်းပါးရှင်သည်သမိုင်းအားထဲထဲဝင်ဝင်လေ့လာထားသည်။ဝါဒစွဲ၊ပုဂိုလ်စွဲကင်းသည်။ရေးသားမှု
    ရဲရင့်ပါပေသည်။တရားဝင်ထောက်ပံ့ကြေးများရထားသောနိုင်ငံခြားသတင်းဌာနကြီးများရေးသားရန်
    နှာစေးနေသည်များအားဖော်ထုတ်ရေးသားထားကြောင်းတွေ ့ရှိရပါသည်။အယ်ဒီတာchoiceထဲထည့်
    ပေးသင့်ပါသည်။နျူရင်ဘတ်ကြောင့်အနှစ်၂ဝကြာခဲ့ကြောင်းကိုယနေ ့ထောင်မှထွက်လာသောကျောင်း
    သားခေါင်းဆောင်ဆိုသူများသင်ခန်းစာကြိုယူထားသင့်သည်။မေးတိုင်းပြောနေသောငတုံးများကိုမသိ
    မသာအစဆွဲထုတ်နေသောသတင်းထောက်များသည်မြန်မာပြည်အားလက်ရှိအတိုင်းအောက်ကျနောက်
    ကျဘဝမှတက်စေချင်ပုံမရပါ။

  • thit min

    January 22, 2012 at 8:26 pm

    အဲဒီ ဒေါ်မမ ဆိုတာ ဗိုလ်ချုပ်ဟောင်း ခင်မောင်သန်းရဲ့ သမီး ဘဲလေ။
    သူ နဲ့ ဦးခင်ညွန့်တို့နဲ့က ဟိုတုန်းကတည်းက ရင်းနှီးသူတွေဆိုတော့။
    အဲဒါလေး။

  • maungmoenyo

    January 23, 2012 at 6:34 am

    မောင်မိုးညို လှည်းကူးမြို့မှာ တာဝန်ကျစဉ်က ကောင်းကောင်းဒုက္ခပေးခဲ့တဲ့ တပ်မ (၁၁) ရဲ့ တပ်မမှူးကြီး ရဲ့သမီးပေါ့ဗျာ။ ရန်ကုန်မန္တလေး လမ်းမကြီးဖေါက်လုပ်ရေး အထက်လူကြီးမင်းများ ကွင်းဆင်းစစ်မယ်ကြားတော့ တပ်မမှူး အသစ်ကြပ်ကြွပ် ဗိုလ်ခင်မောင်သန်းက တပ်တွင်းအစည်းအဝေးမှာ မြို့ကဌာနဆိုင်ရာတွေအစည်းအဝေးခေါ်ပြီး မိန့်ခွန်းခြွေပါတယ်။ တိုတိုပြောရရင် တမြို့လုံးရှိ ဌာနဆိုင်ရာတွေ အကုန်ထွက်ကြပေါ့ဗျာ။ မောင်မိုးညိုကမေးလိုက်ပါတယ်။ ဆေးရုံကိုကော လူနာတွေပစ်ပြီးဆရာဝန်တွေလာရမလား ဆိုတော့ ဘာပြောတယ်အောက်မေ့သလဲ။ ဆရာလေးတို့ကို စက် (စကားပြော walkie-talkie) နဲ့ လှမ်းခေါ်မယ် ဝတ်စုံပြည့်နဲ့စောင့်နေကြပါ…ဆိုဘဲ။ မြိုပေါ်ရောက်ခါစ မောင်မိုးညိုတယောက် မြို့ရဲ့အရသာ ကောင်းကောင်းကြီး သိလိုက်ရပါတယ်။ ပြောင်းချင်အုံးဟဲ့ မြို့ပေါ်။….သိရသလောက်သူတို့က (ဒေါ်ကွိုင်ကွိုင်)ဗိုလ်သန်းရွှေနဲ့ပိုနီးစပ်ပါတယ်။ ဗိုလ်ခင်ညွန့်နဲ့ဘယ်လိုနီးစပ်သွားသလဲ…အဲ့ဒါကတော့ စိတ်ဝင်စားစရာပါဘဲ။

  • ဂျက်ကီချီးပေ

    January 23, 2012 at 7:35 am

    ဒီအကြောင်းကို ချုပ်ပြီးပြောရရင်
    ခွင့်လွှတ်ခြင်တဲ့လူတွေက ခွင့်လွှတ်ဘို့ စိတ်အားထက်သန်နေပေမယ့်
    အဲ့သည်သတ္တဝါကြီးက ငါမသိဘူးငါမူးနေတယ် တောင်မဟုတ်ဘူး
    ငါမမှားဘူး မင်းတို့မှားတာဆိုတဲ့လေသံနဲ့
    တိုင်းပြည်ကြီးကို ကယ်တင်ခြင်နေတဲ့ပုံပေါက်နေလားတော့သိဘူး
    ဒါနဲ့ ဇဂါးမစပ်
    ဘကြီး အဆဲမခံခြင်တော့ဘူးလား
    ဆဲခြင်လို့ပါ ဘဘ 😀 😀 😀

Leave a Reply