“နေရာပေး၏ မပေး၏”
“နေရာပေး၏ မပေး၏”
မနေ့ကအလုပ်ကပြန်ရောက်တော့ ဖိတ်စာလေးတစ်စောင်ခုံပေါ်မှာတွေ့ရပါတယ်။
ကောက်ဖတ်ကြည့်လိုက်တော့ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်သွားကြတဲ့ ဆွေမျုးိအိမ်က အလှူဖိတ်စာလေးဖြစ်နေတာကိုတွေ့ရပါတယ်။
နောက်စာတိုလေးတစ်ကြောင်း။
“အကိုလေးရေ.. လူကြီးတွေလက်ထက်ကဖြစ်ခဲ့တာ ကျနော်တို့လက်ထက်မှာသင်ပုန်းချေလိုက်ရအောင်နော်”
လို့ဝိုင်းစက်လှပတဲ့လက်ရေးလေးကိုဖတ်လိုက်ရပါတယ်။
ရေးတဲ့သူကတော့ကျနော့်ညီမဝမ်းကွဲ “အေးအေးမြင့်”
အိမ်နောက်ဖေးကထွက်လာတဲ့ မဒမ်ပေါက်က
နေ့လည်က” မိအေးကိုယ်တိုင်လာပေးသွားတာ လာမယ့်ဥပုဒ်နေ့
အကိုလေးလာဖြစ်အောင်လာပါလို့လဲ ပြောသွားသေးတယ်”လို့ သတင်းပေးပါတယ်။
ကျနော်လဲ အိမ်ထဲဝင် အဝတ်အစားလဲပြီး ပက်လက်ကုလားထိုင်ပေါ်မှာထို်င်မိမှ
မိအေးရေးသွားတဲ့စာလေးကနေအစပြုပြီး အရင်ဖြစ်ခဲ့တဲ့အကြောင်းတွေကို ပြန်စဉ်းစားမိပါတယ်။
@@@@@@@@@@@ @@@@@@@@@@@@@@ @@@@@@@@@@@@@@@@@@@@
အတိတ်ဆိုတာ အကောင်အထည်မပြနိုင်ပေမယ့် မေ့ပျောက်လို့ မေ့ဖျောက်လို့မရစကောင်းတာလဲအမှန်။
လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်လောက်ကဘဲဆိုပါစို့။
မိအေးတို့ အဖွား နဲ့ ကျနော့် အဖွားက အထက်အောက်ညီအမ။
အဖွားက အကြီး မိအေးတို့အဖွားက အငယ်။
မိအေးနဲ့ကျနော်ကျပြန်တော့လဲ ကျနော်က 2နှစ်ကြီးတယ်။
သူ့အကိုက ကျနော်ထက် 2နှစ်ကြီးတော့ သူ့အကိုက ကိုကိုကြီး ကျနော်က ကိုကိုလေး အလိုလိုဖြစ်သွားပါတယ်။
တစ်နှစ်မှာ မိအေးတို့ အဖွားက သူ့မြေးတွေကို အလှူကြီးလုပ်ပေးပါတယ်။
ကျနော်ကို သူတို့အလှူမှာထည့်ပြီး လှူဘို့ပြောတော့ ကျနော့်အဖွားကလက်မခံပါဘူး။
အဲဒီအချိန်မှတ်မှတ်ရရ အမေ့ဖက်က အဖွားတို့ အဖိုးတို့က စီးပွားရေးအဆင်မပြေဖြစ်နေတဲ့အချိန်၊
အဲတော့ သူများအလှူထဲမှာကိုယ့်မြေးကို ရောကောသောကောနဲ့ မလုပ်ချင်လို့ မထည့်တာလဲဖြစ်နိုင်သလို
နောက်အဖွားကိုယ်တို်င်ကလဲ ကျနော်တို့ကို ရှင်ပြုပေးမယ်လို့ ဆုံးဖြတ်ချက်ချထားတာကြောင့်လဲပါ ပါမယ်။
မန်းလေးထုံးစံအတိုင်းအလှူမတိုင်ခင်ကတည်းက မောင်ရှင်လောင်းအတွက်အကျီတွေသွားငှားကြ
သင်္ကန်းတောင်းတွေကျက်ကြ နဲ့ တစ်ပျော်တစ်ပါးကြီးပါဘဲ။
ဒါနဲ့ဘဲ အလှူမှာပါတဲ့ ညီအကိုမောင်နှမတတွေ တရုန်းရုန်း တပြုုံးပြုံးနဲ့သွားကြလာကြ
ဝတ်ကြစားကြတာကို ပါဝင်ခွင့်မရတဲ့ ကျနော့်မှာငေးကြည့်နေရတာပေါ့။
အဖွားရဲ့ ညီမကလဲ သူ့အလှူထဲကို ကျနော့် မထည့်လို့ အဖွားကိုသိပ်တော့ အစာမကြေပါဘူး။
သူကလဲ မောင်နှမအားလုံး တစ်စုတစ်ဝေးကြီး အလှူထဲမှာပါစေချင်ပုံရပါတယ်။
ဒီလိုနဲ့ဘဲ အလှူနေ့ရောက်လာပါတယ်။
ကျနော်တို့ အိမ်နဲ့သိပ်မဝေးတဲ့ ဘုန်းကြီးကျောင်းထဲမှာလုပ်တာပါ။
တကယ့်ကို တပျော်တပါးကြီးပါဘဲ။
မောင်ရင်လောင်းတွေ ကို ဆံချခါနီးတော့ ထမင်းကျွေးတဲ့အချိန်မှာမှာ ပြဿနာတက်တော့တာပါဘဲ။
ခဏနေရင် ဆံချတော့ မယ့် မောင်ရင်လောင်းတွေကို ထမင်းကျွေူးပါတယ်။
အဲဒီအချိန်ကျနော်ကလဲ သူတို့နဲ့ရောပြီးထမင်းစားဘို့ဝိုင်းထဲဝင်လိုက်ပါတယ်။
ဖြစ်ချင်တော့ မောင်ရင်လောင်းတွေက များတော့ ထမင်းဝိုင်းက မဆန့်ဘူးဖြစ်နေပါလေရော။
မိအေးတို့အမေက ကျနော်ကို
“နင်နောက်မှစားလိုက် မောင်ရင်လောင်းတွေက အရေးကြီးတာ။
သိပ်စားချင်နေရင်လဲ ဒီနားမှာမစားနဲ့ ဟိုဘက်သွားစား”
လို့ပြောလိုက်တော့ ကျနော်လဲ အဲဒီထမင်းဝိုင်းထဲက ထွက်လိုက်ရပါတယ်။
အဲလိုပြောတဲ့ အချိန်မှာမိအေးတို့အမေ လေသံက နည်းနည်းလေးတော့ မာသလိုလိုရှိပါတယ်။
မိအေးပြောတာကို ကြားသွားတဲ့ ့အမေကြီးက ကျနော့်လက်ကို ခပ်ကြမ်းကြမ်းဆောင့်ဆွဲပြီး
“လာ ပြန်မယ်” ဆိုပြီးဘုန်းကြီးကျောင်းထဲက နေထွက်လာခဲ့ကြပါတယ်။
အဲဒီနေ့ကစပြီး အဖွားနဲ့သူ့ညီမတို့ အိမ် လုံးဝကို အဆက်အဆံမရှိကြတော့တာ
သူတို့တစ်တွေ အသီးသီးကွယ်လွန်သွားတဲ့အထိပါဘဲ။
လူကြီးတွေကိုယ်တိုင် အဆက်အဆံမရှိဘူးဆိုတော့
ကျနော်တို့လူငယ်တွေကလဲဖာသိဘာသာ နေလိုက်ကြပါတယ်။
ဒီတော့လဲ ဆွေခန်းမျိုးခန်းပြတ်သလိုဖြစ်သွားပါတော့တယ်။
မိအေးတို့ကျနော်တို့က လမ်းတွေ့နုတ်ဆက် အခေါ်အပြောပြန်ရှိပေမယ့် သာရေးနာရေး ကတော့
တစ်ယောက်နဲ့တစ်ယောက် ဖိတ်တယ်ပြုတယ်မရှိကြတော့ပါဘူူး။
အခုမှသာ မိအေးက ဘယ်လိုစိတ်ကူးပေါက်သွားလို့ပြန်ဆက်တယ်မသိပါဘူး။
&&&&&&&&&& &&&&&&&&&&&&&&& &&&&&&&&&&&&&&&&& &&&&&&&&&&&&& &&&&&
ကျနော်ဆယ်တန်းအောင်ပြီးတော့ အစိုးရအလုပ်ထဲကို ငယ်ငယ်ရွယ်ရွယ်နဲ့ရောက်သွားပါတယ်။
ကျနော်အလုပ်လုပ်ရတဲ့စက်ရုံက လူကြီးများ အာရုံမရှိတဲ့ မျက့်စေ့မကျတဲ့စက်ရုံဖြစ်နေတော့
ဘာလေးဘဲဖြစ်ဖြစ်သူများ ရဲ့ နောက်မှာပါဘဲ။
အဲဒီခေတ်က လူကြီးမျက်စေ့ကျတယ်ဆိုတဲ့ နေရာတွေက လုပ်ငန်းအောင်မြင်တယ် ဝင်ငွေကောင်းတယ်ဆိုတဲ့
စက်ရုံတွေ ဌာနေတွေပါဘဲ။
အဲတော့ရုံးသုံးဘို့ပေးထားတဲ့ကားတွေက သူများမလိုချင်တဲ့ကားခပ်စုတ်စုတ်တွေပေါ့။
ကျနော်တို့စက်ရုံက မြို့ရဲ့ အနောက်ဖက်ဆုံးမြစ်ဆိပ်နားမှာ။
ဈေးသွားဝယ်မယ် အလုပ်ကိစ္စနဲ့ရုံးတွေကိုသွားမယ် သမဝါယမကပေးတဲ့ပစ္စည်းတွေသွားထုတ်မယ်
ဆိုတဲ့ကိစ္စတွေရှိလို့ မြို့ထဲသွားမယ်ဆိုရင်
တစ်ပြလောက်သွားပြီးရင် ထိုးထိုးရပ်တတ်လို့ စီးသူတိုင်းဆင်းတွန်းမှဆက်သွားတတ်တဲ့
ရှေးချက်ဗလက်ကားကြီးကို တွန်းစီး စီးချင်ရင်စီး ။
ဒါမှမဟုတ်ရင် ရှေ့ခေါင်းကလွဲရင် နောက်က ဘော်ဒီတစ်ခုလုံး ပုခက်လွဲသလိုလှုပ်နေတတ်တတဲ့
“ကားပုခက်”အီး2000ကို စီးချင်စီးပေါ့။
ရွေးစရာကားက ဒီနှစ်စီးပါဘဲ။
ဒီတော့လဲ နှစ်စီးထဲက တွန်းစရာမလိုတဲ့ ကားပုခက်ကိုဘဲသုံးကြပါတော့တယ်။
“ကားပုခက်”ကိုစီးမယ်ဆိုရင် ရှေ့ခန်းကို ရအောင်ဦးကြပါတယ်။
ဒါမှ အလှုပ်သက်သာတာကိုး။
တစ်ရက်တော့ စီကျူက အပျိုကြီး မကြည်ကြည်ဝင်း ကလဲ မြို့ထဲသွားမယ်။
ရုံးပေါ်က ငွေစာရင်းက မမြမြဝင်းကလဲ ဘဏ်သွားပြီး လစာတွေထုတ်မယ်။
စီမံကဒေါ်ခင်ရီ်ကလဲ ဈေးထဲမှာ ရုံးသုံးစာအုပ်တွေအဝယ်ထွက်မယ်ဆိုတော့
မင်းသုံးပါးဆုံနေပါတယ်။
သွားမယ်လဲလုပ်ရော ထုံးစံအတိုင်းရှေ့ခန်းစီးနိုင်ဘို့နေရာဦးတော့တာပေါ့။
ဖြစ်ချင်တော့သွားခါနီးမှ မမြမြဝင်းအတွက်ဖုန်းလာတော့ ရုံးထဲတစ်ခါပြန်ဝင်ရပါတယ်။
ဒေါ်ခင်ရီ က လူကြီးဆိုတော့ အော်တော်မက်တစ်ရှေ့ခန်းပေါ့။
မကြည်ကြည်ဝင်းက စောရောက်တော့ ရှေ့ခန်းမှာထိုင်နှင့်ပါတယ်။
ကားကလဲ မောင်းတဲ့သူနဲ့ဆိုမှ သုံးယောက်ထက်ပိုထိုင်လို့မရ။
အဲဒီမှာ မကြည်ကြည်ဝင်းကလဲဖယ်မပေးတော့ မမြမြဝင်းက မလိုက်ဘူးဆိုနေခဲ့ပါတယ်။
နောက်တော့ မိန်းမတွေထုံးစံအတိုင်း ဗျောက်ဖောက်တော့ တာပေါ့။
သူများသွားမယ်ဆိုမှ ဇွတ်လိုက်တယ်ပေါ့။
ဟိုဘက်ကလဲ ဒီလိုမှန်းမသိရင်မလိုက်ပါဘူး ကားဆရာကိုအောင်မောင်းက မြို့ထဲသွားမယ်ဆိုလို့
ကြုံတာနဲ့လိုက်တာပေါ့။
နောက်ဆုံးတော့ ကားဆရာကိုအောင်မောင်း ကဘဲ အပျိုကြီးကို ဇွတ်နေရာပေးသလိုအပြောခံရပါတယ်။
ဇာတ်သိမ်းခန်းကတော့ အရင်က အတော်လေးတည့်တဲ့ ကြီးကြီးဝင်နဲ့များများဝင် လို့နာမည်ပြောင်ပေးထားတဲ့ သူငယ်ချင်းနှစ်ယောက်ခပ်တန်းတန်းဖြစ်သွားတာပါဘဲ။
$$$$$$$$$$$$$$$$$$$$$ $$$$$$$$$$$$$$$$$$$$ $$$$$$$$$$$$$$$$$$ $$$$$$$$$$$$$$$$$
ဒီကားရှေခန်းကိုလုထို်င်တဲ့အကြောင်းလေးတွေးမိတော့ ကျနော်မိတ်ဆွေအယ်ဒီတာတစ်ယောက်ပြောတာကို
သွားသတိရမိပါတယ်။
လွန်ခဲ့ ထဲ့ နှစ်လလောက်က သူတို့စာပေသမားတွေ အဖွဲ့လိုက်ကြီးခရီးအတူသွားပါသတဲ့။
အဲဒီမှာ နာမယ်ရသော မရသော စာပေဝါကြီးသော နုသော
အသက်ငယ်သောကြီးသော အောင်မြင်နေသော မအောင်မြင်သော
ဆရာ့ဆရာကြီးများအစုံပါ ပါသတဲ့။
အဲဒီအထဲမှာ လက်ရှိအောင်မြင်တက်ကြွနေတဲ့ လူလတ်ပိုင်းစာရေးဆရာလဲပါ ပါသတဲ့။
လူအများကြီးသွားကြတော့ ကားကလဲကားအကောင်းတွေလဲပါ ခပ်လတ်လတ်လဲပါပေါ့။
အဲ တစ်နေရာရာကိုသွားတော့မယ်ဆိုရင် အဲဒီအောင်မြင်တက်ကြွနေတဲ့ဆရာက
အကောင်းဆုံးကားရှေ့ခန်းမှာ ဖျပ်ကနဲနေရာယူပြီးသာဖြစ်နေတတ်ပါသတဲ့။
အစကတော့ ဘယ်သူမှသတိမထားမိပေမယ့် သွားတဲ့ရက်ကြာလေလေ သူနေရာယူတာကပေါ်လွင်လေ
ဆိုတာအများမေးငေါ့စရာ ဖြစ်သပေါ့နော်။
######### ################## ############### ###########
နောက်တစ်ခါက တော့ မင်္ဂလာဆောင်တစ်ခုမှာဖြစ်တာပါ။
သူငယ်ချင်း “ခင်စန်းလွင် “ရဲ့သားမင်္ဂလာဆောင်တော့ အားလုံးက ဝိုင်းကူကြရတာပေါ့။
သားဦးလဲဖြစ် တော့ သတို့သားအမေက လဲ ဧည့်ခံတဲ့နေရာမှာ လိုမှာပြုမှာစိုးတော့
သူငယ်ချင်းတွေကို ဝိုင်းကူဘို့မှာတာပေါ့။
သူပိုစိတ်ပူတာက မင်္ဂလာဆောင်နေတဲ့အချိန် မုန့်တို့ ရေခဲမုန့်တို့မလောက်မငှဖြစ်မှာကို ပိုစိတ်ပူပါတယ်။
နောက် သူများတွေပြောတာက မင်္ဂလာဆောင်မှာစိတ်အပူရဆုံးနေရာက မုန့်ပြင်တဲ့နေရာ၊
မကြည့်နိုင်ရင် မုန့်တွေပစ်စလက်ခတ်ဖြစ်အောင်လုပ်တာတို့ အိမ်သယ်တာတို့ လုပ်တတ်တယ်။
အဲဒီနေရာမှာကိုယ့်စိတ်ချရတဲ့လူထားဘို့အကြံပေး ကြပါသတဲ့။
အဲဒါနဲ့သူကလဲ သူငယ်ချင်းတွေထဲက သွက်သွက်လက်လက် ပြောရဲဆိုရဲရှိတယ်” မထား “ကို
အကူအညီတောင်းလို့ သေချာကြည့်ပေးဘို့မှာတော့ မထားကလဲ စိတ်ချပါပေါ့။
အဲဒီနေ့မနက် “မထား”ကလဲ အားလုံးနဲ့အတူမလိုက်ဘဲ မနက် ခြောက်နာရီခွဲလောက်ကတည်းက
ရောက်ပြီး အားလုံးကိုနေရာတကျဖြစ်အောင်စီစဉ်။
သူ့အလုပ်ဆိုင်က တပည့်လေးနှစ်ယောက်ကိုပါခေါ်လာပြီး မုန့်ပြင်တဲ့နားမှာထားပါသတဲ့။
တကယ်မင်္ဂလာဧည့်ခံတဲ့အချိန်ရောက်တော့ ဧည့်ကျလာတော့ ့ “မထား” လဲ ဝင်ဧည့်ခံပါသတဲ့။
ဖြစ်ချင်တော့ သူတို့ငယ်သူငယ်ချင်းတွေ တစ်ဝိုင်းထဲစုမိတဲ့အချိန့် “မထား” ပါဝင်ထိုင်ပြီးစကားတွေ
ပြောမိတာပေါ့။
အဲဒါကို မြင်သွားတဲ့ ခင်စန်းလွင်က
“မထားရယ်ငါကညည်းကို မုန့်ပြင်တဲ့နေရာ နေခိုင်းတာ ညည်းက ဒီမှာလာ လေပေါနေတယ်”
လို့စိတ်တိုတဲ့လေသံနဲ့ပြောလိုက်ိတော့ မထားလဲ ထသွားပါသတဲ့၊
မင်္ဂလာဆောင်ပြီးလို့ ညမှာ ဧည့်ခံပွဲလုပ်တဲ့ အချိန် မထား ကိုမမြင်တော့ ခင်စန်းလွင်က သူငယ်ချင်းတွေကို
မေးတော့ မှ “လာမှာ မဟုတ်ဘူး မနက်က မင်္ဂလာဆောင်ပြီးတော့ ငါ့အိမ်လာပြီး ငိုချင်းချသွားတယ်။
သူငယ်ချင်းချင်းအတူတူ သူများကိုတော့ ကျော့ကျော့လေးဧည့်ခံခိုင်းပြီး သူ့ကျမှ နောက်ဘေးချောင်မှာ
သူခိုးစောင့်ခိုင်းထားတယ်လို့လာပြောသွားတယ်”လို့ မနွယ်က ဇာတ်ကြောင်းပြန်ပါတယ်။
############ $$$$$$$$$$$$$$$$$ ^^^^^^^^^^^^^ $$$$$$$$$$$$$$$$$$
ဒါကတော့ ခေတ္တခဏလေး နေရတဲ့ နေရာနဲ့ပါတ်သက်လို့ အမှတ်ရစရာလေးတွေပေါ့။
ဟိုတစ်ရက်က ဆရာမကြီးနဲ့ ဒီနေရာလေးတွေအကြောင်းပြောဖြစ်ကြပါတယ်။
ဆရာမကြီးက မြန်မာနိုင်ငံအပြင်ထွက်လို့ ပညာလဲသင်ဘူးပါတယ်။
သူပြောပြတာလေးက တော့
“ဆရာမကြီးတို့ ဟိုမှခဏနေတုန်းကတော့ ဒီလိုဧည့်ခံပွဲမျုးိဆိုရင် စားစရာသောက်စရာလေးကို
လက်ထဲကိုင်၊ဟိုဟိုဒီဒီလျောက်သွားရင်း စကားပြောကြတာဘဲ။
အုပ်စုဖွဲ့ပြီးထိုင်နေတာတွေ့ရင်ကြည့်လိုက် ဆရာမကြီးတို့ အာရှကလူတွေဘဲ”လို့ပြောပါတယ်။
အဲတော့ ရှေ့မှာထားတယ် နောက်မှထိုင်ရတယ်ဆိုတဲ့ ပြဿနာမရှိတော့ဘူးပေါ့နော်။
နောက်အခု မြန်မာပြည်ကခေတ်နဲ့တပြေးညီတိုးတက်လာတော့ နိုင်ငံခြားရုပ်ရှင်တွေလဲ
ကြည့်လာရပါတယ်။
အဲဒီရုပ်ရှင်တွေထဲမှာ သူဌေးတို့ ပိုင်ရှင်တို့မော်တော်ကားစီးရင် နောက်ခန်းက ခပ်ခန့်ခန့်ကြီး
ထိုင်လိုက်သွားတာတွေကို တွေ့နေရပါရော။
ဒီမှာကတော့ ပြောင်းပြန် ကားခေါင်းခန်းမှာ ထိုင်ရမှ “ဆရာကြီး”လို့စိတ်မှာ
မှတ်ကြတာကိုးဗျ။
@@@@@@@@@@@@ ##################$$$$$$$$$$$$$$$$^^^^^^^^^
တကယ်တမ်းတွေးကြည့်တော့လဲ အမြဲလဲမဟုတ် တကယ့် ကို ခဏလေး အချိန်ပိုင်းလေး
ပိုင်ဆိုင်ခွင့်ရတဲ့ နေရာလေးအပေါ်မှာ အရမ်းကို ခံစားလိုက်ကြတာကိုး။
နောက်ကျနော်တို့မြန်မာတွေ့ရဲ့ အတွင်းစိတ်ထဲမှာ ရှေ့မှာနေရမှ ဦးစားပေးခံရတယ်လို့
စိတ်ထဲမှာစွဲနေတာလဲ ပါ ပါတယ်။
အဲတော့ ကိုယ့် ကို ရှေ့မှာမထားရင် အလိုလိုနေရင်းသိမ်ငယ်သွားသလို အနှိမ်ခံရတာလိုလို
ထင်မိသပေါ့နော်။
ကျနော်တို့ သုံးစွဲတဲ့စကားလုံးထဲမှာကိုက” ဦး”ဆိုတဲ့စကားကို ရှေ့တန်းတင်ထားတာကိုး။
အိမ်ဦးနတ် တို့ အိမ်ဦးခန်း တိုု့ အဦးဆုံးနေရာတို့ဆိုပြီး အလေးအမြတ်ထားခဲ့ကြတာကိုးဗျ။
ကဲ ဘာမဟုတ်တာတဲ့ နေရာလေးနဲ့ မောင်နှမတစ်တွေ နှစ်ပေါင်းများစွာ ဝေးကွာခဲ့ရတာကြာပေါ့။
ဒီတစ်ခါတော့ သူတို့ဘယ်နေရာထားထား ကျနော်ကတော့ ကျေနပ်စွာ နေမယ်လို့ ဆုံးဖြတ်ပြီးသားပါ။
ကျနော်တို့အသက်တွေလဲ မငယ်တော့ဘူးလေ။
နောင်အလွန်ဆုံး ဒီလိုဆုံနိုင်မယ် ဆုံခွင့်ရမယ်ဆိုရင်တောင် မင်းသားကြီး ကျော်ဟိန်းက
မင်းသားငယ် ကျော်သူကို ပြောသလောက်လက်ကလေးထောင်ပြသလောက် နှစ်အပိုင်းအခြားလောက်
နေရရင်ကံကောင်းပါဘဲ…………………………………………..။
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(21-1-2012)
28 comments
ကိုပေါက်(မန္တလေး)
January 20, 2012 at 10:46 pm
ဒီပိုစ်ကတော့ 2012 ခုနှစ်အတွက် ပုံမပါတဲ့ ပထမဆုံးသောပိုစ်လေးပါ.
Khin Latt
January 21, 2012 at 3:38 am
ကိုပေါက် ရေ – ဒီတစ်ခါ “စကား ပြော တဲ့ ဓာတ်ပုံ တွေ” မဟုတ်ပေမဲ့လဲ “မျက်စိ ထဲမှာ ပုံပေါ်လာသော စကားလုံး” တွေ အတွက် ကိုယ်စားပြု Post ပါဘဲ။
ကိုပေါက် ရေးဘူးတဲ့ ရန်ကုန်က တူမ မင်္ဂလာဆောင် တုန်း ကလဲ ဒီလိုဘဲ။ စာဖတ်သူ ရဲ့ အာရုံမှာ ပေါ်လာအောင် ရေးနိုင်ပါပေတယ်။
အဓိက မြင်ခဲ့တာကတော့ အဖွား ဆွဲခေါ်ရာနောက် ကို ပါသွားရလို့ အလှူထမင်း မစားလိုက်ရရှာတဲ့ ကိုပေါက် အငယ်စားကလေး ရဲ့ မျက်နှာ ပါဘဲ။
သနားပါတယ်။ 😀
ကားခေါင်းခန်းကို လူတွေကြိုက်လို့ အဲဒီမှာစီးရင် ပိုပြီး ဈေးကြီးတာပေါ့။
တကယ်တော့ ခရီးပေါက်ဖို့က အဓိကပါဘဲ မဟုတ်လား။
ကျွန်မတို့ လူ့ဘဝ အတိုလေးမှာ အမုန်းစစ်ပွဲ တွေနဲ့ ပူလောင်ပြီး အချိန်ကုန်ရမှာ အရမ်းနှမြောဖို့ကောင်းပါတယ်။
နောင်ဘဝ ကို ဘာမှ သယ်သွားနိုင်မှာ မဟုတ်တဲ့ အတူတူ ရှိတာလေးတွေကို ညှာတာ ဖေးမ ဝေမျှ စားချင်တဲ့ စိတ်ထားတွေ ထားနိုင်ကြတဲ့ တစ်ချိန်တော့ မြန်မာပြည်သာမက ကမ္ဘာကြီး တစ်ခုလုံး အေးချမ်းနိုင်မယ် ထင်ပါရဲ့။
ကိုပေါက်ပြောတဲ့ “လက်ကလေး ထောင်”ပြောတဲ့နှစ် ကို အဲဒီ နှစ် နဲ့ဘဲ ပြန် မြှောက် ဆိုရင်တော့လဲ ၁ဝ x ၁ဝ (သက်ပြင်းသာချမိပါ၏)
ဒါထက် – ရန်မပွါးချင်ပေမဲ့ လဲ အမြင်မတော် တာလေး တစ်ကြောင်း တွေ့လိုက် မိတယ် ခင်ဗျ။
~~~ နောက်တော့ မိန်းမတွေထုံးစံအတိုင်း ဗျောက်ဖောက်တော့ တာပေါ့။ ~~~
အဟမ်း…. အဟမ်း …. အဟမ်း …..
ဆင်ခြင်ပါမောင်မင်း။ ဒီတစ်ခါတော့ ရှိစေတော့။ 😉 jk
MaMa
January 21, 2012 at 6:52 am
နိုင်ငံခြားကပြန်လာတဲ့ သူငယ်ချင်းတစ်ယောက် ပြောပြတာ-
သူအလုပ်လုပ်တဲ့ကုမ္ပဏီက သူဌေးရဲ့ကားနဲ့ ကားကြုံလိုက်တော့
မြန်မာပြည်ထုံးစံအတိုင်း ကားနောက်ခန်းက ဝင်ထိုင်တယ်။
အဲဒီတော့ သူ့သူဌေးက နင်ငါ့ကို ဒရိုင်ဘာထင်နေလားတဲ့။
MaMa
January 21, 2012 at 6:55 am
နိုင်ငံခြားကပြန်လာတဲ့ သူငယ်ချင်းတစ်ယောက် ပြောပြတာ-
သူအလုပ်လုပ်တဲ့ကုမ္ပဏီက သူဌေးရဲ့ကားနဲ့ ကားကြုံလိုက်တော့
မြန်မာပြည်ထုံးစံအတိုင်း ကားနောက်ခန်းက ဝင်ထိုင်တယ်။
အဲဒီတော့ သူ့သူဌေးက နင်ငါ့ကို ဒရိုင်ဘာထင်နေလားတဲ့။
ကိုပေါက်ရေ-
မလတ်လိုပဲ ပြောရဦးမယ်။ မိန်းမတိုင်း ဗျောက်ဖောက်တာ မဟုတ်သလို
ရှေ့တမျိုး နောက်တမျိုး၊ မကြိုက်ရင် မကြိုက်သလို ပြောတတ်တဲ့
မိန်းမထက်ဆိုးတဲ့ ယောကျင်္ားလေးတွေလည်း အများကြီး ရှိသေးတယ်။
pooch
January 21, 2012 at 3:48 pm
ဟုတ်ပါတယ် မမ ပြောတဲ့ မိန်းမတွေ ဗျောက်ဖောက်တာထက် ပိုဆိုးတဲ့ ယောက်ျားတွေ အများကြီး ရှိတယ်ဆိုတာကို ထောက်ခံပါတယ်
နောက်ပြီးရှိပါသေးတယ် မိန်းမမာယာ သဲကိုးဖြာဆိုပြီးတော့ တကယ့်တကယ်က ယောက်ျားမာယာက သဲကန ္တရကြီးလောက်ရှိတာပါ
လေးပေါက် နော် ပြောတဲ့အတိုင်း ယောက်ျားတွေ မီးပန်း မီးပုံးပျံလွှတ်တဲ့အကြောင်း ရေးရမှာနော် ဒါမှ တရားမျှတမှာ မဟုတ်လို့ကတော့ အန်တီနဲ့ တိုင်မှာ ဟီး…
အင်း……လေးပေါက် ပြောတဲ့နေရာလုတတ်တာက အနော်တို့ လူမျိုးတွေရဲ့ မကောင်းတဲ့ အကျင့်များလားမသိဘူးနော် ရထား ၊ ကား ၊ သဘောင်္ ဘယ်ပေါ်ပဲတက်တက် အတင်းလုယက်တိုးဝှေ့ပြီး တက်တတ်ကြသေးတယ် ဘယ်နေရာမှာပဲ တန်းစီတန်းစီ သူ့ထက်ငါဦးအောင် လုယက်ပြီး တိုးတတ်တယ်
အယုတ်စွဆုံး မီးပွိုင့်မှာတောင် သူ့ထက်ငါဦးအောင် မောင်းပြီး သွားကြတယ် စည်းကမ်းလည်းမသိဘူး သီးခံပြီး စောင့်မယ်လည်း မရှိဘူး ကိုယ်ကအစ 🙁
ကိုပေါက်(မန္တလေး)
January 21, 2012 at 8:45 am
မခင်လတ်နဲ့ မမ အခုပိုစ်မှာက မိန်းမတွေဗျောက်ဖောက်တာကိုရေးတယ်လေ။
နောက်ပိုစ်မှာတော့ ကျနော်တို့ယောကျာ်း မီးပန်းလွှတ် မီးပုံးပျံလွှတ်တဲ့အကြောင်းတွေလာမယ်လေ။
လေဒီဖတ်ဆိုတော့ မိန်းမတွေအကြောင်းအရင်ရေးပေးလိုက်တာလေဗျာ။
တွမ်………………………………………………..
kyeemite
January 21, 2012 at 9:40 am
ခံစားသွားပါတယ်ဦးပေါက်ခင်ဗျား။ကျွန်တော်လဲငယ်ငယ်ကဒါမျိုးကြုံဘူးတယ်..ကိုပေါက်လိုတော့
လှလှပပပြန်မရးပြတတ်ဘူးဗျာ..အားပေးနေပါကြောင်း..
ဦးဦးပါလေရာ
January 21, 2012 at 10:02 am
ကိုပေါက်ပြောမှပဲ…
ကျုပ် လူတွေနဲ့မတည့်တဲ့ အဓိကအကြောင်းရင်းတခုကတော့
အဲဒီနေရာတွေကို သိပ်အလေးမထားလို့ပဲ။
တစ်ခါက အမျိုးထဲက အကြီးအကဲတယောက်အပါအဝင် အမျိုးတစုနဲ့ ကားတစီးထဲစီးမိတယ်။
တထွာလောက် ခရီးတိုလေးပါ။
အဲဒီအကြီးအကဲကပဲ လက်ဆွဲပြီးအတင်းနေရာချပေးလို့ ကျုပ် ခေါင်းခန်းကထိုင်လိုက်မိတယ်။
အဲဒါကို ဗျာ..။
ကွယ်ရာမှာ ကျုပ်ကိုပြောဆိုရှုတ်ချလိုက်ကြတာ…။
ဒါပေမယ့် မှတ်သွားပြီမထင်နဲ့။ ကျုပ်စတိုင်က အခုသေခါနီးအထိ ဒီအတိုင်းပဲ။
တခါတလေ ကိုယ့်ဟာကိုယ်မှန်ပေမယ့် သူများကြားမှာ မှားနေတတ်တာပါပဲ။
စိန်ပေါက်ပေါက်
January 21, 2012 at 11:21 am
သများလဲ နောက်ကစီးရတာပဲ ကြိုက်တယ်..
အလှူက ထမင်းဝိုင်းဆိုလဲ ခလေးဝိုင်းပဲ ရွေးတယ်.
(ခလေးတွေနဲ ့ပြိုင်ပြီးလုစားလို ့ရတယ်..သိက္ခာဆည်စရာမလိုဘူးလေ 😆 )
မောင်ပေတို ့ ဓာတ်ပုံရိုက်တာတောင် သများက ကိုလင်းမြွေနဲ ့ကွယ်ပြီး နောက်ကနေတာချင့်
ညှင်း..ညှင်း..ပွေး
windtalker
January 21, 2012 at 11:56 am
ကြောက်၏ မကြောက်၏
အီကား ငပေါက်ပေါက် ၏ တရားတည်း
ကိုပေါက်(မန္တလေး)
January 21, 2012 at 1:30 pm
စိန်ပေါက်ပေါက်ကို ကလေးဝိုင်းမှာပို့ပေးမယ်နော်။
အဲတော့ ငါတို့ ဘီယာစုပ်ရင် မင်းမပါနဲ့။
စိန်ပေါက်ပေါက်
January 21, 2012 at 4:42 pm
အဲရိုတော့ ရက်စက်နဲ ့လေဂျာ
ပေါက်ချင်းအတူတူ ပေါက်ကြီးသောက်ရင် ပေါက်ကလေးလဲ ဂလုချင်တာပေါ့ရို ့
ညှင်း.ညှင်း.. 😀
windtalker
January 21, 2012 at 7:25 pm
ပေါက်ဂျီး က
ရေနွေးဘဲ သောက်မှာတဲ့
စိန်ပေါက်ပေါက်
January 21, 2012 at 8:38 pm
ပေါက်ကြီးက ရေနွေးသောက်တော့ ပေါက်ကြီးကိုတာ ဘီယာကို ပေါက်ကလေးပဲ မှီဝဲရတာပ
ညှင်း.ညှင်း.
😀
aungnng87
January 21, 2012 at 3:20 pm
ကိုပေါက်..ဒီလိုစာများများလေးနဲ့ပိုစ်တွေကိုဖတ်ချင်တယ်။ ဖတ်ရတာအားရပါးရရှိတယ်။ ကိုပေါက်ရဲ့အရေးအသားလေးတွေကအေးအေးလေးနဲ့အများကြီးတွေးလို့ရတယ်။
ကိုပေါက်(မန္တလေး)
January 21, 2012 at 4:15 pm
ကောင်းပါပြီ aungnng87 ရေ အခုရက် စာတွေဆက်တိုက်ရေးဘို့ တွေးထားပြင်ဆင်ထားပါတယ်။
ဟိုရက်က စိတ်ညောင်းလို့နားတာလေဗျာ။
နောက်လက်ဆော့ထားတာတွေလဲများတော့ ပုံတွေအရင်တင်ပေးတာပါ။
ဆူး
January 21, 2012 at 4:34 pm
စာပန်းချီလေး မြင်ရတာ တကယ် ဝမ်းသာလှပါတယ်။
ကြိုဆိုပါတယ်။ များများရေးပေးပါ။
ငယ်ငယ်ကတော့ ကျောင်းလွတ်ချိန်သူထက်ငါ အလုအယက် ကျောင်းပေါက်ဝ ကို ပြေးထွက်ပြီး ကျောင်းကားပေါ်မှာ အပေါက်ဝ အနားမှာ လုစီးပြီး နေရာလုတာ သွားသတိရတယ်။
ကိုပေါက်(မန္တလေး)
January 21, 2012 at 6:34 pm
အပျင်းထူပြီးစာတွေမရေးဘဲနေမိတာကို တောင်းပန်ပါ၏။
hmee
January 21, 2012 at 7:05 pm
လေးပေါက်ရေ နေရာဆိုတဲ့ အဲ့သည့် ခဏတာ နေရာလေးအတွက် တချို့တချို့တွေ ဖြစ်နေတာ မြင်ရပါများတော့ သံဝေဂပဲ ရသလိုလို ဖြစ်နေပြီ။ ကျွန်မတော့ အဲ့လိုလူတွေကို မြင်တိုင်းသနားမိတယ်။ လေးပေါက်တွေးသလိုပဲ ကျွန်မလည်း အဲ့လို နေရာကို အလေးထားသူတွေ မြင်တိုင်းတွေးမိတယ်။ အော်…ဘယ်လောက်များကြာဦးမှာ မို့လို့ ဒီလို ဖြစ်နေပါလိမ့်လို့လေ။ တခါတခါများ ဒါ ငါ့နေရာဆိုပြီး မျက်နှာကိုမော့ပြီး မေးကိုချီထားတဲ့သူလည်း တွေ့ဖူးပါရဲ့။ သူ့ရဲ့ နိမ့်ပါးစိတ်ကို သူကိုယ်တိုင်ပဲ သူတပါးမြင်အောင် ပြနေသလိုပါပဲ။ ဒေါ်စုကို အနုပညာရှင်တွေ သွားတွေ့တော့ ဦးကျော်သူတယောက် နောက်ဆုံးတန်းမှာ ထိုင်နေတာ မြင်တော့ စိတ်ထဲမှာ ပိုလေးစားသလိုပဲ။
ဇွဲမာန်(အင်းဝ)
January 21, 2012 at 8:54 pm
အကိုပေါက်ရေ….
တော်တယ်ဗျာ များများသာလက်ဆော့ဗျာ …..ကျွန်တော့်ကတော့အကိုပေါက်လိုမရေးတက်ဘူး
ရေးတက်တာလေးတွေရေးတော့လည်း မလုပ်တက်လို့ ဘယ်ရောက်သွားလည်းမသိဘူး
လမ်းညွန်းပေးပါအုံး…အကိုပေါက်ရေ….။
TTNU
January 21, 2012 at 9:07 pm
ကိုပေါက်
“နေရာလေး” အတွက် သူများတွေထက်အရင်နားထောင်ခွင့်ပေးတာကို
ငါ့ကိုဦးစားပေးတယ်လို့ မာမီတွေးနေမိရင် မောင်ရင်ဘာများစောဒကတက်ဦး
မှာလဲ။ 😛
Khin Latt
January 23, 2012 at 5:18 am
နောက်ဆို သူများလဲ မာမီ ခေါ်ပါရစေ တီချာနု။ နော်။ 🙂
ကိုပေါက်(မန္တလေး)
January 21, 2012 at 9:59 pm
မာမီရေ အရင်နားထောင်ခွင့်ပေးတာမဟုတ်ရပါခင်ဗျာ။
ကျနော်တော့ ဒီလိုလေးရေးချင်တယ်လို့ ခင်းပြတာကို မာမီက ဖြည့်ပေးလိုက်တော့ ပိုလှသွားပါသဗျာ။
blackchaw
January 22, 2012 at 2:34 pm
မရေးမရေးနဲ့ ရေးပြန်တော့လည်း
အမိုက်စားတွေချည်းပဲ။
မိုက်တယ်ဗျာ။
ကိုပေါက်(မန္တလေး)
January 22, 2012 at 9:57 pm
ဆက်လက်ကြိုးစားနေပါတယ် ကိုချောရေ
ကြောင်ကြီး
January 23, 2012 at 5:06 am
ကြောင်ကြီး ဦးပေါက်တူမကို ရရင် ဦးပေါက်ကို အိမ်ဦးခန်းမှာ တင်ထားမယ်ဗျာ….။ လာသမျှ အကြွေးရှင်ကို ဦးပေါက်ဒိုင်ခံ ဆပ်ရမယ်…။
zaw min
January 23, 2012 at 2:51 pm
ကိုပေါက်ရဲ့ပိုစ့်ဖတ်ပြီး ချက်ချင်းသတိရသွားတာတော့ မကြာသေးခင်က မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဦးတင်ဦးရဲ့ စကားလေးပါ…အင်း..နေရာ ပေါ်လာပြီဆိုတော့…လူတို့ရဲ့ထုံးစံအတိုင်း ဗျစ်တောက်ဗျစ်တောက်တွေအရင်ပေါ်လာတာပါပဲတဲ့…
နေရာပေး၏ မပေး၏ဆိုတာထက် လက်ခံမဲသူက နေရာယူ၏ မယူ၏ ဆိုတဲ့အပေါ်မှာမူတည်နေပါတယ်။
ဥပမာအနေနဲ့…ကိုမင်းကိုနိုင်ကို အမတ်အရွှေးခံမလားလို့မေးရင် သူပြန်ဖြေတဲ့အသံကိုကြားစေချင်ပါတယ်…
ကိုပေါက်ရဲ့ ခေါင်းစဉ်လေးတစ်ခုကနေ အကြောင်းအရာမျိုးစုံကို ဖေါ်ပြပေးတဲ့အထူးကျေးဇူးတင်ပါတယ်..
ကိုပေါက်ရဲ့ စာတွေမဖတ်ရတာကြာပီမို့…ဆက်လက်စောင့်မျှော်လျှက်…
ကိုပေါက်(မန္တလေး)
January 23, 2012 at 9:10 pm
ကောင်းပါပြီ ကိုဇော်မင်းရေ ကြိုးစားပြီးရေးပါမယ်။
ရတယ်တူတော်မောင်ကြောင်ကြီးရေ မင်းအခုရနေတဲ့ဝင်ငွေတွေ လေးပေါက်ဆီအရင်လွှဲပေးလိုက်။
ုစုထားပေးမယ်လေ.။
ပြန်လာရင်တော့ ဒန် ဒန့် ဒန်ပေါ့ကွာ။