မဆုံးတဲ့သီချင်း………၄၄

naywoon niJanuary 26, 20121min2075

မဆုံးတဲ့သီချင်း………၄၄
သင်္ကြန်ပြီးတာတောင် မသိလိုက်ရဘူး…။ မွေးသဖခင်ဆင်းရတဲ့ရွာတွေ လိုက်သွားရတာနဲ့…..။ သင်္ကြန်တွင်း စလင်းမှာရှိနေလည်း ဘယ်မှသွားစရာရှိတာမှမဟုတ်….။ ရွာတွေလိုက်နေရတာပဲကောင်းပါတယ်….။ သင်္ကြန်အတက်နေ့က ဧရာဝတီ မြစ်ထဲမှာ….။ လှေနဲ့ …။ လှေက သိပ်မကြီးလှဘူး…။ လေးယောက်ပဲစီးလို့ရတယ်…။ မဲရွာကျွန်း ဆိုတဲ့ ရွာကိုသွားတာ…။ ကိုပြည်ကျော်ပါလာတယ်…။ တစ်ဖျစ်တောက်တောက်နဲ့…။
“ ဆရာ ကြီးမှူးက ဘာမှပြန်မပြောလို့ ခင်မောင်စိန်က လူလယ်လုပ်လွှတ်လိုက်တာ…။ ဒီရွာက အရင်တုန်းက ည အိပ်ရင် အောက်က လှံနဲ့ ထိုးလို့ ပေပါခွံတွေ ဖြန့်ပြီး ခင်းအိပ်ရတဲ့ရွာ…။ သူတောင်တစ်ခေါက်မှ မရောက်ဖူးဘူး…။ ပြီးတော့ ဘဏ်လုပ်ငန်း မှာ လှုပ်ရှားသက်ဝင်မှု (active) ဖြစ်နေတဲ့ရွာလည်းမဟုတ်ဘူး…။ ကျွန်တို့တို့ရုံးနဲ့ အဆက်အသွယ်ပြတ်နေတာကြာပြီ…။”
အဲဒိရွာက မြစ်လယ်ခေါင်မှာ …။ အရင်ကတော့ ကုန်းမြေ တစ်ဆက်ထဲပေါ့…။ နောက်ပိုင်း မြစ်က ရေစီးကြောင်းပြောင်းသွားတော့ မြစ်အလယ်ခေါင်က ကျွန်းအဖြစ်နဲ့ တည်ရှိနေတာပါ…။ သွားချင်ရင် ဆင်ဖြူကျွန်း အရှေ့ဘက် စွန်း(ကျွန်းညို) ဆိုတဲ့ ရွာက တစ်ဆင့်သွားရတယ်…။ အရင်က ဆင်ဖြူကျွန်းက မြစ်ဆိပ်ရွာပေါ့…။ နောက်ကျတော့ မြစ်က မြေပို့ချရင်း လမ်းပြောင်းသွားတော့ မြစ်နဲ့ နှစ်မိုင်လောက်ဝေးသွားရတာပါ…။ မြို့နယ်က ကျယ်ဝန်းပြီး လမ်းပမ်းဆက်သွယ်ရေက ခက်ခဲတော့ တစ်ချို့နေရာတွေက အဆက်ပြတ်နေပါတယ်…။ ဆင်ဖြူကျွန်းက မြို့နယ်ခွဲဖို့တော့ လုပ်နေလေရဲ့…။ သို့ပေမဲ့ မြိုမ့နယ်မခွဲထွက်ခင်တော့ သွားလာရဦးမှာပေါ့….။ တစ်ချို့ ရွာအဆင့် လျော့ကျနေတဲ့ ရွာတွေက တစ်ချိန်က မြို့ အဖြစ် ထင်ရှားခဲ့တာတွေ….။ ကျပင်း လိုရွာမျိုးပေါ့…။ ဆင်ဖြူကျွန်းမှာက ရဲစခန်းရှိတယ်…။ စာတိုက်ရှိတယ်…။ တိုက်နယ်ဆေးရုံရှိတယ်…။ စက်မှုလယ်ယာ (ထွန်စက်စခန်း)ရှိတယ် ။ တစ်နေကုန်ဖွင့်တဲ့ ဈေးရှိတယ်…။ မြစ်ဆိပ်နဲ့ နီးတယ်…။ နေဝန်းနီတို့လာတော့ ဆင်ဖြူကျွန်း ရဲစခန်းကို လုံခြုံရေးတောင်းရတယ်…။ စခန်းက သွားနှင့်ပါ…။ နောက်ကလိုက်လာခဲ့ပါမယ်…။ လူမရှိလေးလို့ …။ လူခွဲပြီးတာနဲ့ ဆိုလို့ ….. သူတို့တန်းစီ လူခွဲတာဝန်ပေးနေတာမစောင့်ချင်တာနဲ့ ကြိုထွက်လာကြတာ…။ ဟုတ်တယ်… စခန်းထဲသာပြောတာ …။ အချုပ်ခန်းကို လှမ်းမြင်နေရတာ စိတ်မချမ်းသာဘူးလေ…။ သူတို့က နေ့စဉ်တွေ့မြင်နေကြ ရီုးနေပြီ…။ နောက်ကတော့ မဖြစ်မနေလိုက်ပေးပါ ဆိုပြီးထွက်လာကြတာ….။
နေဝန်းနီအဖေကတော့ အေးအေးဆေးဆေးပဲ…။
“ ကိုပြည်ရေ…… ခင်ဗျားမန်နေဂျာက ပင်စင်သွားခါနီ းကြောက်လို့ရှိမှာပေါ့ဗျာ…။ သူကဒီမှာကြာကြာလည်းဆက်နေရမှာမဟုတ်တော့ ရှောင်ချင်မှာပေါ့….။ ကျုပ်ကတော့ ကြာကြာနေရမှာဆိုတော့ တောကြို အုံကြား တစ်မြို့နယ်လုံး မရောက်ဖူးတဲ့ နေရာမရှိအောင် သွားရလေ ကောင်းလေပဲ…။ မကြာခင် နောက်မန်နေဂျာအသစ်ရောက်လာဦးမှာပါ…။ ကြည့်ထား အဲဒိတော့ ကိုပြည်ဖြစ်ချင်တာပြောပြပေါ့…မဟုတ်ဘူးလား ”
“ ဟာ ဆရာက လျှိုထားပြန်ပြီ …။ တိုင်းရုံးက ပြောလိုက်ပြီလား နောက်မန်နေဂျာလာမယ်လို့ လုပ်စမ်းပါဗျာ မြန်မြန်လေး …. ဒီဟာကြီး ဘယ်ရောက်ရောက် နောက် တစ်ကယ်အလုပ်လုပ်မဲ့ မန်နေဂျာ မြန်မြန်လာမှ ကိုက်မှာ….။ အထက်ကလူကြီးတွေက သိတော့ သိသားပဲ…။ ဘယ်သူအလုပ်လုပ်တယ် မလုပ်ဖူးဆိုတာ…။”
“ ဘယ်သူ့မှတော့ မပြောနဲ့ဦး ….။ ကိုပြည့်စိတ်ထဲမှာပဲထား”
“ ဟုတ်…. နေဝန်းရေ… ရွာရောက်ရင် စကားပြောတာမလွတ်စေနဲ့နော် …။ ငါတောင်မရောက်တာ သုံးနှစ်လောက်ရှိပြီ…။ ရွာကတော့ ရောက်ပြီ…။ ဘယ်သူတွေ လူကြီးဖြစ်နေပြန်ပြီလဲမသိရသေးဘူး…။”
နေဝန်းနီ အကြောင်း သိနေတဲ့ ကိုပြည်ကျော်က သတိပေးရင်း ရွာထဲကို ဦးဆောင်ဝင်သွားပါတယ်…။ အရက်ဝိုင်းရောက်လာရင် စွတ်ကနဲ…စွတ်ကနဲ ပြောတတ်တဲ့ နေဝန်းနီကို သတိပေးတာပါ…။ ကိုယ်က အပေးသွားတာမဟုတ်ဘူး အတောင်းလာတာလို့ ဆိုပါတယ်..။ ပြိးတော့ ဘယ်သူ့ဆီကတောင်းရမယ်ဆိုတာ ကို မသိသေးဘူး လို့လည်း တစ်ယောက်ထဲညည်းနေပါသေးတယ်…။ ဟုတ်ပါတယ်…။ကြွေးဟောင်းအတောင်းသွားတာပါ…။ ဘယ်လောက်ကကြွေးဟောင်းလို့ ထင်လို့လဲ….။ အဟတ် ………1962 လောက်ကနေ 1977 ခုနှစ်လောက်အထိ ထုတ်ချေးခဲ့တဲ့ စိုက်ပျိုးစရိတ်ကြွေးဟောင်းတွေပါ…..။ သွားတောင်းရတာက 1989 ဧပြီ…။ ကဲ အဲဒိတော့ အဲဒိတုန်းက ထုတ်ချေးခဲ့တဲ့ တောင်သူများရှိပါဦးမလား….။ ဘယ်လိုတောင်းကြမလဲ…။ နေဝန်းနီတော့ အတွေ့အကြုံဆိုတာ ခုမှရတာပါ….။ ကြံရာမရတာနဲ့တူရဲ့…..။ ရွာလယ်လမ်းက ဆိုင်တစ်ဆိုင်မှာ ဝင်နားကြပါတယ်…။ ဆိုင်က အစုံရပါတယ်..။ လ္ဘက်ရည် -မုန့်လည်းရတယ်..။ အရက် -ခေါက်ဆွဲလည်းရတယ်..။ ဘေးမှာလည်း မီးဖိုချောင် ပစ္စည်းတွေ ရောင်းသေးတယ်..။ ဆိုင်မှာ ဝင်ထိုင်ရင် း ရွာ ရဲ့ အုပ်ချုပ်ရေးပိုင်းကလူကြီး အိမ်မေးပါတယ်…။ သိပ်ပြောချင်ပုံမရဘူး…။ အရင်က ဘဏ်နဲ့ ဆက်သွယ်လုပ်ဆောင်ခဲ့တဲ့ လူကြီးကိုမေးပါတယ်…။ အဲ.. အဲဒိတော့မှ အနားက ရှိတဲ့ ကလေးကို ခေါ်ပြီး
“ ဘကောင်းကို သွားခေါ်ချေ… ဒီမှာ မြို့က ဧည့်သည်တွေ ရောက်နေတယ်လို့ ပြော ……. ခဏလေးစောင့် သူက ရွာပြင်မှာနေတာ”
လို့ ကလေးကို ခိုင်းရင်း နေဝန်းနီတို့ ဘက်ကို ပြန်ပြီးပြောပါတယ်…။
“ ဒီရွာက တစ်မျိုး ပါလား ဟ”
ကိုပြည်ကျော်က တစ်ယောက်ထဲရေရွတ်ပါတော့တယ်…။

နေဝန်းနီ

5 comments

  • windtalker

    January 26, 2012 at 9:24 pm

    ဝေလုကျော် ရဲ ့စီအိုင်ဒီ ဘကောင်း နဲ ့တွေ ့ခဲ့တာတော့ မဟုတ်လောက်ပါဘူးနော် ဘိုနီ

    • naywoonni

      January 26, 2012 at 9:28 pm

      အဲဒိထက်ဆိုးတာပေါ့……..။ ကိုယ့် တွေ့အဖြစ်အပျက်တွေ ကိုပေ…။ ဒါကြောင့် ချရေးရမှာ နဲနဲတွန့်တွန့်နေတာ…။ တင်မိလက်စဖြစ်နေလို့ ကြိတ်ပြီးဆက်ရေးနေတာ….။

  • စိန်ပေါက်ပေါက်

    January 27, 2012 at 11:50 am

    ရွာလည်သွားတယ်ကွယ်

  • ကြောင်ကြီး

    January 29, 2012 at 12:34 pm

    ဇာတ်ရှိန်ကတော့ တက်လာဘီဗျို့….။ ဆြာနေ တရွာတကျီဆောက်တဲ့ ဇာတ်လမ်းလေးရှိရင် လုပ်ပါအုံး၊ ပညာယူချင်လို့…။

Leave a Reply