တခါတုန်းက ပန်းပွင့်တဲ့ကဗျာနဲ့ စံပယ်အရိုင်းတစ်ပွင့်မှာ ခေတ်နောက်ကိုလိုက်တတ်တဲ့ကဗျာအယောင်ဆောင်အဖွဲ့တွေရှိခဲ့တယ် ဆိုကြပါစို့ ပန်းပွင့်တိုင်းကဗျာတစ်ပုဒ်ကလှသလား လက်သည်းခွံတစ်ခုဆွဲခွာတာလောက် လူတစ်ယောက်ကိုဖဲ့ခြွေရတာလွယ်ကူတယ်ဆိုရင် ငါဟာ လက်မပါဘဲလူဖြစ်ခဲ့သင့်တယ် ကြည့်ဦး ကဗျာဆရာနှစ်ယောက် ခတ်တဲ့ပွဲက ငါ့သွေးတွေနဲ့ချင်းချင်းနီ ကဗျာဆရာနှစ်ယောက် အမြင်မတူခြင်းဟာ ငါ့ပယောဂမကင်းလို့တဲ့ ပြောချင်သပဆိုရင်ဖြင့် ကဗျာနှစ်ပုဒ်ဟာရင်ဘတ်တစ်ခုတည်းနဲ့ ထပ်တူမကျနိုင်ဘူးဆိုတာ ငါသိတယ် ရင်ဘတ်နှစ်ခုဟာလည်းကဗျာတစ်ပုဒ်နဲ့ ထပ်တူမကျနိုင်မှန်းလည်း ငါသိတယ် သိနိုင်မလား ပန်းပွင့်တဲ့ကဗျာအတွက်စံပယ်ရိုင်းဟာမလိုအပ်သလို စံပယ်ရိုင်းဟာလည်း ကဗျာတောထဲမှာမပွင့်လိုဘူး ရေခံမြေခံကောင်းတဲ့ရင်ဘတ်ဟာလည်း ကဗျာတစ်ပုဒ်အတွက် ဖြစ်တည်မှုတွေမရှိဘူး ဘယ်တော့မှလည်းရှိလာမှာမဟုတ်ဘူး ဒီတော့ နှင်းဆီနီတောထဲက ခလုတ်ကန်သင်းစံပယ်ကို ရုန်းထွက်နိုင်အောင် ခုတုံးလုပ်ခဲ့တယ်ဆိုရင် စံပယ်မွှေးတဲ့ နှင်းဆီစူးညအတွက် မျက်ရည်ကြိုစုလိုက်ဦး ကဗျာစုတ် ။ ။