“တစ်ကျော့ပြန် …………………..” ကျုပ်ဆိုတဲ့အကောင်က သူများပြောတိုင်းမယောင်ဘူးဗျ။ ကျုပ်လုပ်ချင်တာကျုပ်လုပ်တာဘဲ။ ကျုပ်ဆေးလိပ်သောက်တုံးကလဲ တစ်ရက်တစ်ဘူးတော့အေးဆေးဘဲ။ အဆုပ်ကင်ဆာတွေ နီကိုတင်းတွေ ပါတ်ဝန်းကျင်လေထု ညစ်ညမ်းတာတွေလာမပြောနဲ့။ ကျုပ်တို့သောက်တဲ့ဆေးလိပ်ကမီးခိုးမထွက်လဲဒီပြင်နေရာတွေက ကျုပ်ဆေးလိပ်မီးခိုးထက်မကတာတွေထွက်နေတာ။ ဟိုဟာဒီဟာတွေနဲ့စာလာမဖတ်နဲ့ ။ မိုးအေးအေးမှာ တစ်ယောက်ထဲရှိနေချိန်မှာ စီးကရက်လေးခဲရင်း တွေးနေရတဲ့အရသာ ဘာနဲ့မှမတူဘူးလေ။ ကျုပ်သောက်ချင်သောက်မှာဘဲ။ ကွမ်းစားတုံးကလဲဒီလိုဘဲ။ ပါးစပ်ထဲကွမ်းလေးတစ်မြုံ့မြုံ့နဲ့နေရတာ ဖီလင်ဘဲ။ ထမင်းစားပြီးတာနဲ့ ပါးစပ်ထဲကွမ်းလေးတစ်ယာလောက်ပစ်ထဲ့ပြီး တမြုံ့မြုံ့နဲ့နေရတာ ဘယ်လောက်ကောင်းတယ်ဆိုတာ စားဘူးတဲ့သူမှသိတာ။ ပါတ်ဝန်းကျင်ညစ်ညမ်းတာတွေကျောက်တည်တတ်တယ်ဆိုပြီးလာမခြိမ်းချောက်နဲ့။ ကျုပ်တို့ကွမ်းတံတွေးမထွေးလဲ ညစ်ပတ်ပေရေနေတဲ့နေရာတွေက အနှံ့။ ကျုပ်စားချင်စားမှာဘဲ။ အရက်လဲဒီအတိုင်းဘဲ။ ကျုပ်သောက်ချင်သောက်မယ် မသောက်ချင်မသောက်ဘူး။ စိတ်တူရာမိတ်ဆွေလေးတွေနဲ့ သူတစ်ခွက်ကိုယ်တစ်ခွက်လှည့်ရင်း ဟိုပြောဒီပြော ပြောရတာ တယ်အရသာရှိသကိုးဗျ။ အရက်သမားလူမလေးစားတို့ အသဲခြောက်တာတို့ ဘာတို့လာမရွှီးနဲ့။ လူဆိုတာ တစ်နေ့တော့သေမှာပဲ။ အရက်မသောက်ဘဲနဲ့အကျင့်ပျက်နေတဲ့ကောင်တွေလဲတစ်ပုံကြီး ပိုက်ဆံကုန်တဲ့အကြောင်းလဲလာမပြောနဲ့ ဟိုလိုမကုန်လဲ ဒီလိုကုန်မှာဘဲ။ […]