ကလေးငယ်များသည် အလွန်ဖြူစင်ရိုးသားကြသည်။ သူတို့စိတ်ထဲရှိသည့်အတိုင်း ဟန်မဆောင်တတ်ပဲ ပြုမူပြောဆိုကြသည်။ ကလေးတစ်ယောက်၏ အမူအယာ၊ အကျင့်စရိုက်နှင့် စိတ်နေစိတ်ထားတို့သည် မိဘနှစ်ပါးနှင့် ပတ်ဝန်းကျင်၏အရိပ်ကို ထင်ဟပ်စေသည်။ မိဘတိုင်း မိမိတို့၏သားသမီးများကို ချစ်ကြပါသည်။ သို့သော်နည်းလမ်းမှန်စွာ ချစ်တတ်ဖို့ လွန်စွာအရေးကြီးပါသည်။ ကလေးများသည် မိဘများဖြစ်စေချင်သည့်အတိုင်း လိုက်လုပ်ကြရရှာပါသည်။ မိဘများ၏ အပြုသဘောဆောင်သည့် အပြောအဆို၊ ကိုယ်ဟန်အမူအယာ၊ အတွေးအခေါ်များက ကလေးများကို လွှမ်းမိုးထားတတ်ပါသည်။ (ဥပမာ – သားလေးကြီးလာရင် ဆရာဝန်ကြီးဖြစ်အောင်လုပ်နော် ဆိုတာမျိုး၊ သားလေး ဆရာဝန်ကြီးဖြစ်ရင် ဖေဖေနဲ့ မေမေကို ဆေးကုပေးမှာလား) စသည်တို့သည် ကလေးများအတွက်ကန့် သတ်ချက်များ ဖြစ်လာပါသည်။ မိဘများသည် မိမိတို့သားသမီး၏ဉာဏ်ရည်နှင့် အရည်အချင်းကို အမှန်အတိုင်း နားလည်သိမြင်ပြီး လက်ခံနိုင်ဖို့လိုအပ်ပါသည်။ မိဘအများစုသည် မိမိတို့၏သားသမီးများကို ထူးချွန်ထက်မြက်သည်ဟု အထင်ရှိတတ်ကြသည်။ အရေးကြီးသည့်အချက်မှာ ကလေး၏မိမိကိုယ်ကိုတန်ဖိုးထားခြင်း ဖြစ်ပါသည်။ […]