‘ပျော်ရာမှာမနေ တော်ရာမှာနေ’ တဲ့။ ပျော်နေသင့်ပါပြီ အခုတော့… နေသားတောင်မကျသေးဘူး။ ငါကပဲ ပျော့ညံ့တာလား… ကိုယ့်ကိုကိုယ်အထင်ကြီးခဲ့တာ တစ်ယောက်တည်း နေနိုင်မယ်လို့လေ။ တကယ်တမ်းတော့… ဝိုင်ဝိုင်းရဲ့ ‘အိမ်လွမ်းသူ’ က ငါ့အတွက်များလား။ ဟင်းကောင်းတွေရှေ့ချပြီး အိမ်က ငါးပိရည်ကို လွမ်းမိတယ်။ မနက်စာမေ့နေတာကြာပြီ အိမ်နားက မုန့်ဟင်းခါးပဲ စားချင်လို့။ ဘတ်စ်ကားတွေ တိုးမစီးချင်ဘူး စက်ဘီးလေးနဲ့ လျှောက်လိမ့်ချင်တယ်။ နီယွန်မီးတွေအောက်မှာ မနေချင်ဘူး လရောင်အောက်ကညကို တမ်းတမိတယ်။ တစ်ယောက်တည်း ပင်ပန်းနေချိန် အမေ့ရင်ခွင်ကို လွမ်းလိုက်တာ အလိုလိုနေရင်း ငိုချင်တယ်။ ငါ အရမ်း ပျော့ညံ့ပါတယ်… ဒါပေမယ့်လည်း… ထပ်တူမကျနိုင်တော့တဲ့ ဘဝခရီးလမ်းကိုတော့ အားတင်းလို့ ဆက်လျှောက်ရဦးမယ်…။ ။


ဘဝနာရီ လည်မည်ပတ်မည် အရီ (ရယ်) မလွန်ကြစေနှင့်…။ **ဒီကဗျာလေးက သောကြာစာစောင်မှာ ပါဖူးပါတယ်။ ဒါပေမယ့် အယ်ဒီတာရဲ့ အယူအဆနဲ့ မွန် ပြောချင်တာနဲ့က လွဲနေတယ်။ ရွာသားတွေလည်း ဘယ်လိုယူဆလည်းဆိုတာ သိချင်ပါတယ်။ အယ်ဒီတာနဲ့ တူနေတယ်ဆိုရင်တော့ မွန်က ကိုယ် ပြောချင်တာကို ပေါ်အောင် မရေးနိုင်လို့ပဲ။


လောကဘုံဝယ် မကြုံစဖူး၊ တမူထူးခဲ့ အရူးပမာ၊ ဖြစ်နေပါသည် ပညာကိုယ်ကျင့်၊ နှစ်ဖြာချင့်လည်း အဆင့်မပေး၊ သပြာကြေးသာ အရေးပါပေ၊ အကျင့်ထွေလည်း အဆွေဖွဲ့တတ်၊ ပေါင်းသင်းတတ်သည် လူ့ဇာတ်ဖြစ်ကြောင်းကုန်စင်တည်း…။