ကောင်လေးမျက်နှာကိုကြည့်ရင်း သူတစ်စုံတစ်ခုကိုပြောချင်နေသည်။ ဟင့်အင်း မေးချင်နေသည်။ သူ့ရင်ထဲတွင် သိချင်နေသော အကြောင်းတွေ ကောင်လေးနှင့်ပတ်သက်၍ တစ်စုံတစ်ခုမက များစွာရှိနေသည်။ အမှန်တော့ သူသိပြီးသားဖြစ်သော အကြောင်းတွေဖြစ်ပါလျှက် ဤအကြောင်းတွေ မှန်ပါသည်ဟု ကောင်လေးနှုတ်မှ ဝန်ခံခြင်းကို လိုလားနေခြင်းဖြစ်သည်။ နားထဲတွင် လာရောက်ရိုက်ခတ်သော ကောင်လေး၏ အကြောင်းတွေကို သူသိပါလျှက်နှင့် မသိကျိုးကျွန်ပြုကာ တစ်နေ့ပြောလာနိုးနှင့် သူမျှော်နေခဲ့သည်။ ရက်တွေတစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့သည်။ ကောင်လေးဘက်မှ နှုတ်ဆိတ်နေမြဲ ။ မည်သို့သော စကားမျိုးနှင့် ဘယ်လို စမေးရမည်ကို သူမသိ။ သူ့ဘက်ကစပြီး မေးရခြင်းထက် ကောင်လေးဘက်က “ဒီလိုရှိပါတယ်“ဟု ပွင့်ပွင့်လင်းလင်း ပြောလာလျှင် ပိုကောင်းမည်ဟု တွေးမိသည်။ တစ်နေ့တစ်နေ့ သိချင်စိတ်ပြင်းပျခြင်းသည် တိုး၍လာလျှက် အမည်မသိသော ဝေဒနာတစ်မျိုးသည် သူ့ဦးခေါင်းကိုရော ၊ သူ့ရင်ဘတ်ကိုရော မွှေနှောက် ခလောက်ဆန်လျှက်ရှိနေသည်ကိုသာ […]


          လူများပြည့်ကျပ်နေသဖြင့် ဘယ်နေရာတွင် နေရာယူရမှန်း မသိဖြစ်နေသည်။ သူ ယောင်ချာချာ ဖြစ်နေစဉ်တွင်ပင် “ဟာ ဆရာ၊ ဟုတ်သားပဲ။ ဆရာအတွက် အခန်း ကျွန်တော်တို့စီစဉ်ပေးမယ် ခဏလေးနော်“ “ရပါတယ် ဒီနားလေးမှာပဲ နေရာယူလိုက်ပါ့မယ်“ “ဟာ မဟုတ်တာပဲ ဆရာ ။ ခဏလေး စောင့်ပါ။ ဒီနေရာမှာ မသင့်တော်ပါဘူး။ ခဏလေးပါ ဆရာ“ ပြောပြောဆိုဆိုဖြင့် ထွက်သွားသော စာရေးလေးကို သူ ကျေးဇူးတင်သွားမိသည်။ ဒီနေရာကို သူရောက်တော့ အောက်ထပ်ရော အပေါ်ထပ်မှာပါ နေရာတွေက ပြည့်သလောက်ရှိနေသည်။ သူ့မှာ ပါလာသော ပစ္စည်း ပစ္စယတွေကိုပင် နေရာချစရာ နေရာမရှိတော့။ သူ့ သားတပည့်တစ်ယောက်ဖြစ်သော ကျော်ခိုင်က နေရာတစ်နေရာရလို ရညားလိုက်ရှာနေသည်။ ကျန်သည့် တပည့်တွေက ပစ္စည်းတွေ စုပုံထားသည်နေရာမှာ မျက်နှာငယ်ကလေးတွေနှင့် […]


          တနေဝင် တမိုးသောက်ဆိုတဲ့အတိုင်း ခုတော့နေလုံးကြီးဝင်သွားခဲ့ပြီ။ မနက်ဖြန်မနက်မှာ နေ့သစ်တစ်နေ့က သူ့ကို ဆီးကြိုနေဦးမှာပေါ့။ ဒါ သေချာရဲ့လားလို့ မေးခွန်းပြန်ထုတ်မိတယ်။ ဟင့်အင်း သေချာမှုတွေဟာ လူတစ်ဦးတစ်ယောက်ချင်းဆီမှာ ဘယ်တော့မှရှိခဲ့တာမဟုတ်ဘူး။ သူ့ရှေ့မှာရှိနေခဲ့တဲ့ သူ့ သူငယ်ချင်းတွေတောင် သေချာတယ်ဆိုတဲ့ စကားကို ပြောသွားခဲ့ကြတာမှမဟုတ်ဘဲ။ ခနိုးခနဲ့ရယ်သံနဲ့ လောကကြီးက သူ့ကိုနုတ်ဆက်တယ်။ သူကတော့ ငိုကြွေးခြင်းနဲ့ စခဲ့တဲ့ ဘဝကို ခုထိ အံ့ဩနေတုန်း။ ငိုတယ်။ရယ်တယ်ဆိုတာ အသက်ရှင်သန်လာခဲ့တဲ့ ဘဝတစ်လျှောက်လုံး နပမ်းလုံးလာခဲ့ကြတာ ခုထိတောင် သူ ဖျန်ဖြေလို့မရသေးဘူး။ တော်တော်ကြာ ရယ်တယ်။ မပွင့်တပွင့်ကနေ ဟက်ဟက်ပက်ပက်၊ ပြီး အူလိုက်သည်းလိုက်။ တခဏကြာတော့ မျက်ရည်တွေ စီးလိမ့်လာပြန်ရော။ တသိမ့်သိမ့်ရှိုက်ငိုခြင်းနဲ့ ယူကြုံးမရသလိုငိုခြင်း။ သူ အဲဒီ ရယ်ခြင်း ငိုခြင်းကြားကာလမှာရှိနေသ၍ စိတ်ပျက်စရာကောင်းတဲ့အရာဟာ ဘာလဲလို့မေးလာခဲ့ရင် ခု […]


ခံပြင်းမှုဝေဒနာ အဟုန်ဖြင့် ညစဉ်အိပ်မရဖြစ်နေသော ကျွန်တော်သည် ယနေ့ညတွင်လည်း အိပ်စက်ခြင်းမရှိပဲဖြစ်နေသည်။ ဘဝတစ်လျှောက်လုံးလုံး ယနေ့ညလောက် နေရ ထိုင်ရခက်သည်မရှိ။ အိပ်ယာပေါ်တွင် ဟိုလူး ဒီလိမ့်ဖြင့် ညသည် ကုန်ဆုံးလုလုဖြစ်လာသည်။ မကြာမီအချိန်အတွင်းမှာပင် ရောင်နီလာတော့မည်။ အတွေးစဉ်တလျှောက်လုံးတွင် ထစ်ချုန်းမိုးတို့ရွာသွန်းလျှက် လှိုင်းထန်နေသော ပင်လယ်တစ်ခုနှယ် ဝုန်းဒိုင်းကျဲနေသည်မှာ သာ၍သာဆိုးနေသေး၏။ ရစ်ပတ်ချည်နှောင်ခြင်းမရှိသော်လည်း တရစ်ပြီးတရစ် လုံးထွေးပစ်လိုက်သည့်နှယ် ကျွန်တော် ရင်ဘတ်သည် သေးငယ်ဆူးအောင့်နေခဲ့သည်။ ရင်ဘတ်ကြီးတစ်ခုလုံးတွေ သေးငယ်သော ဆံမျှင်များချည်နှောင်ထားသဖြင့် အားကုန်ရုန်းကန်၍ရသော်လည်း ရုန်းကန်ရန် အင်အားမရှိနေသည်ကိုတော့ ကျွန်တော့်ကို ကျွန်တော် အံ့ဩမိရင်းဖြင့် လွန်ခဲ့သော ရက်သတ္တပတ်သည် အာရုံတွင် စွဲထင်လာတော့၏။ (တစ်) မျက်ဝန်းထောင့်တစ်နေရာတွင် အရိပ်ကလေးတစ်ခု ထင်ဟပ်နေသည်။ရနံ့တစ်မျိုးသည် လေအလျှင်တွင် ဝေ့ဝဲလျှက် ကျွန်တော့်နှာသီးဝမှတဆင့် အသက်ရှူရာလမ်းကြောင်း တလျှောက် တဖြည်းဖြည်း ချဉ်းနင်း ဝင်ရောက်လာသလိုမျိုး ခံစားနေရသည်။ […]


(၁)             သည်လောက် မျက်စိရှင်ရှင်ထားပြီး ကြည့်နေရဲ့သားနှင့် ခိုးဖြစ်အောင် ခိုးသွားသည့် သည်အဒေါ်ကြီးကို အံ့ဩလို့မဆုံး ဖြစ်နေရသည်။ ကိုယ့်ကောင်တာမှာဖြစ်တာဆိုတော့လည်း အဓိက တာဝန်ရှိသူက သူမမှလွဲ၍ ဘယ်သူ့အပေါ်မှ အပြစ်တင်လို့မဖြစ်သေး။ ဆိုင်ရှင်လင်မယားကတော့ ခိုးသူအဒေါ်ကြီးကို စစ်မေးနေသည်။ ပြောလေ အဒေါ်ကြီး ခိုးတုန်းက ခိုးပြီး ခုမှရှက်မနေနဲ့ အဒေါ်ကြီးကတော့ ခေါင်းပင်မော့မလာပါ။ ဆိုင်ပတ်ဝန်းကျင်မှာ စပ်စပ်စုစုနိုင်လှသည့် ဈေးသည်တွေက ဟိုကြည့် သည်ကြည့်။ အဒေါ်ကြီးရှေ့မှာတော့ ကြာဆံထုတ်တွေ၊ ဆပ်ပြာမုန့်ထုတ်တွေရယ်၊ ချိုချဉ်ထုတ်တွေ ကို စုပုံထားသည်။ ခေါင်းမမော့ပါပဲ တချုံ့ချုံ့ငိုနေသော အဒေါ်ကြီးကို မဆီမဆိုင် သူမ သနားနေမိသေးသည်။ အသက်အရွယ်က အရွယ်ကောင်းကောင်း။ ခြေလက်အင်္ဂါ စုံစုံလင်လင်ရှိရဲ့သားနှင့် သည်လိုလုပ်သည်ကိုတော့ သူမ အနည်းငယ်အံ့ဩမိပါသည်။ အဒေါ်ကြီး မဖြေရင်တော့ ရဲလက်အပ်ရမှာပဲ           မလုပ်ပါနဲ့ကွယ် […]


(၁) “ငါ ကံကောင်းပါတယ်”ဟုပြောလာသူက သူဇာအေး။ “ကိုမောင်က ငါ့ဆို သိပ်ဂရုစိုက်တာ အမှန်အတိုင်းပြောရရင် ငါအခု စိတ်ချမ်းသာတယ်” အဲဒီလို စကားပြောနိုင်ဖို့ သူမ အချိန်ယူရဦးမည်ဆိုတာတော့ သိလိုက်သည်။ သူဇာအေးတို့ အတွဲကိုကြည့်ပြီး ဝမ်းသာပီတိဖြစ်ရသည်မှာ အမြဲ။ အမြဲပြုံးရွှင်နေပြီး စိတ်ဆိုး စိတ်ကောက်ခြင်း အလျှဉ်းမရှိသော သူဇာအေးတို့အတွဲကို သူမ အားကျသည်။ သူမက ကံဆိုးခဲ့သည်လားဆို ခေါင်းငြိမ့် ခေါင်းခါ ရေရေရာရာ ပြောလို့မရသေး။ သော်မင်းဦးက သူမကို တကယ်မချစ်ဟု အများကပြောကြသည်။ သံသယနွ.ယ်ပင်သည် သူမနှလုံးသားကို ရစ်ပတ်တွယ်ပြီးနောက် သူမသည်လည်း အများနည်းတူ ထင်မြင်ခဲ့မိသည်မှာ မဆန်း။ လတ်သလော အချိန်တွင် သူမသည် သူဇာအေးတို့အတွဲကိုကြည့်ပြီး သူမနှင့် သော်မင်းဦး၏ အခြေအနေများကို ပြန်လည် သုံးသပ်နေရသည်။ သူဇာအေးနှင့် သူမက မနှစ်ကမှ […]


          နေပူကျဲတဲအောက်တွင်တချိန်လုံး လမ်းလျှောက်နေရရင်းမှ ရုတ်တရက် နေရိပ်အောက်ထဲ ဝင်လိုက်သဖြင့် မျက်စိတို့ပြာဝေသွားရသည်။ “ အောင်မလေး သေပါပြီတော့် “ သူ သည်လောက်အော်နေတာတောင် မည်သူမျှ လာရောက်ဖေးမထူခြင်းမရှိ။ ရှက်ကိုးရှက်ကန်းနှင့် လူးလဲထရင်း ခပ်လှမ်းလှမ်းကမြောင်းထဲသို့ကျသွားသော ဗန်းကို ပြေးကောက်ရသည်။ နီရဲစွာ ကျဲပြန့်နေသော ဖရဲသီးစိတ်များကတော့ ရစရာမရှိတော့။ သူ့ရင်ဘတ် အိတ်ထောင်ထဲတွင် ငွေနှစ်ရားငါးဆယ်ထဲရှိသေးသည်။ သည်နေ့အဖို့ အရင်းရဖို့မပြောနှင့် အမြတ်ပင် စုန်းစုန်းမြုပ်နေပြီဆိုသာ သူသိလိုက်ပါသည်။ ဖရဲသီးစိတ်များကို နှမြောတသစိတ်ဖြင့် ကြည့်နေရင်းက ပတ်ဝန်းကျင်ကို မျက်စိက ကစားဖြစ်သည်။ သူ့အား ရယ်ကျဲကျဲဖြစ်ကြည့်နေသော ကောင်လေးတွေ၊ ကောင်မလေးတွေကိုတွေ့ရသည်။ ရယ်ရက်လိုက်လေခြင်း။ သူ သိမ်ငယ်စွာခံစားလိုက်ရသည်။ (၁)           “မနေ့က နင် ဖရဲသီးဗန်းမောက်ကျလို့ဆို“ အမေးနှင့်အတူ ဗြန်းခနဲထိုင်ချလိုက်သော ခင့်ကို သူမုန်းပါသည်။ နုတ်သွက်အာသွက်နှင့် […]


၁။ မကြာခင်ကမှ သူ မြန်မာပြည်ကိုပြန်ရောက်သည်။ ထင်မှတ်မထားသော အချိုးအကွေ့တစ်ခုက သူ့ကို စောင့်ကြိုနေ၏။ ထို အကြောင်းအရာသည် သူ့ခေါင်းထဲတွင် တစ်ခါမှ နေရာ မယူစဖူး။ နေရာမယူခြင်းထက် သူ ခေါင်းထဲကို မထည့်ထားသည်က သေချာသည်။ သူ့အတွက် ပြီးပြည့်စုံခြင်းတွင် အချစ်မပါလည်း ကျေနပ်သည်ဟု ခံယူထားသူ။ သို့သော် ….။ မနက် အိပ်ယာထသည်နှင့် သူ့နဘေး အိပ်ယာထက်တွင် သူမကို မြင်တွေ့နေရပြီ။ သူမကတော့ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်လို့။ ၂။ သူ့ ကျောင်းနေဘက် အချစ်ဆုံးသူငယ်ချင်းနှင့်တွေ့တော့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်သည်။ ယခင်တုန်းက ဇာတ်လမ်းဟောင်းကလေးတွေက မပါမဖြစ်ပေါ့။ သူက မသိမသာ ထားခဲ့သူတွေရဲ့အကြောင်း။ နောက် သူက မသိမသာ ကျန်ရစ်ခဲ့ရသည့်အကြောင်း။ “စိုးထိုက်..မင်းမရောက်ခင် တစ်ပတ်က မင်းအိမ်ကို ငါရောက်တယ်။ […]


          သူလိုချင်ခဲ့သည်မှာ အရာဝတ္ထုပစ္စည်းမဟုတ်။ သက်ရှိလူသား တစ်ယောက်။ ရှင်းရှင်းပြောရလျှင် နှလုံးသားရှိသော မိန်းမသားတစ်ယောက်။ မနေ့တစ်နေ့ကမှ လက်ဝယ်ပိုင်ဆိုင်ရရှိလိုက်သော မိန်းမသားတစ်ယောက်သည် ကံစမ်းမဲမဟုတ်။ သူ ကံစမ်းမဲပေါက်ခဲ့သည်။  သူ လက်ခံရရှိလိုက်သော ကံစမ်းမဲသည် နောက်ဆုံးလက်ကျန် မဲတစ်မဲဖြစ်နေသည်ကိုတော့ သူမသိခဲ့ချေ။ ခုမှတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရလျှင် ပြောမယုံ ကြုံဖူးမှ သိဆိုသလိုဖြစ်ရတော့မည်။ သူ့မျက်နှာသည် ပူလှသည်။ သံယောဇဉ်သည် ပူနွေးနေတုန်းရှိသဖြင့် မျက်နှာကို ဖင်ခုထိုင်လျှက် ဆီလူးသထက်ပြောင်လှသော မျက်နှာကို လှလှကြီး ပြလျှက် ရယ်ကျဲကျဲလုပ်နေရတော့သည်။ (၁) ကဆုန်လနေသည် သူ့အတွက် ပူပြင်းသည်ဟု မခံစားမိချေ။ နေပူစပ်ခါးတွင် ချွေးတို့နှင့်ချွဲနေသော မျက်နှာကလေးသည် စိုစိုပြည်ပြည်လှနေတော့သည်။ မဆလာဗန်းကလေးရွက်ပြီး မျက်လုံးကလေး ကလယ်ကလယ်နှင့် သူ့အားကြည့်နေပုံက တစ်မျိုးဆန်းပါဘိ။ အသားတော်က ညိုညိုဆိုသော်လည်း သူ့အထင် ဝင်းဝါလှသည်။ လှုပ်လီ […]


          သူသည်နေ့ ညီ့အခန်းထဲရောက်သည်။ မရောက်တာကြာပြီဖြစ်သော ညီညီအခန်းသည် ရှုပ်ထွေးပွနေ၏။ မှောင်မှောင်မည်းမည်းနှင့် အလင်းရောင်သိပ်မရသော ညီညီ့အခန်းပြတင်းတံခါးတွေကို သူ ဖွင့်လိုက်သည်။ မျက်စိထဲတွင် ထင်းခနဲ လင်းခနဲမြင်လိုက်ရသော မြင်ကွင်းကြောင့် သူ့မျက်လုံးပင် သူရှက်သွားရလောက်အောင် အခန်းနံရံရှိ ပိုစတာတစ်ခုက မြင်ကွင်းထဲ ဝင်လာသည်။ သည်လို ဆန့်ကျင်ဘက် အမျိုးသားနှင့် အမျိုးသမီး ဖက်လည်တကင်း ချစ်တင်းနှောနေပုံမျိုးကို ညီညီမို့ အခန်းနံရံတွင် ကပ်ထားရဲသည်။ နောက် နံရံသုံးဘက်တွင်လည်း ထိုထိုသော မဖွယ်မရာမည်သော ပုံများ ကပ်ထားလိုက်သည်မှာ ခန်းလုံးပြည့်။ ဘုရား။ သူ ညီညီကိုလွတ်လွတ်လပ်လပ်နေပါစေဟု လွှတ်ထားမိသည်မှာ မည်မျှလောက်ကြာခဲ့သနည်း။ နေကုန်နေခမ်း ခြံထဲတွင်သာ အချိန်ကုန်နေပြီး ညီညီတစ်ယောက် ဘာတွေလုပ်လို့ ဘာတွေဖြစ်နေသနည်း သူမသိခဲ့။ ခုတော့ သူ ညီညီကို စစ်ကြောရေးဝင်မှရတော့မည်။ ၁။       ။ […]


          “အို့ ဆံပင်လေး ကောက်လာတာဘာဖြစ်လဲ၊ ဒါများ ရေးကြီးခွင်ကျယ်လုပ်လို့ သူများတွေ ဒီလို ကောက်နေကြတာပဲ မကြီးရဲ့“ မျက်နှာဆူပုတ်ပုတ်နှင့် ဧည့်ခန်းဆက်တီပေါ် လွယ်အိတ်ကို ပစ်ထည့်ပြီး ထိုင်ချလိုက်ပုံက  မလေးမစားနှင့်။ ဆံပင်လိမ်လိမ် ခွေခွေ ကောက်ကောက်လေးတွေကိုမှ ခု ညီမလေး မီက လှတယ်ထင်သတဲ့။ ပုံစံက ပြေးလိုက်လို့မှမမီသည့် ခေတ်ရှေ့ပြေးပုံနှင့် နီ မီ့အတွက်ရင်လေးနေမိသည်။ နီ ကတော့ ကျောင်းဆရာမဆိုသော ဂုဏ်ပုဒ်နှင့်အညီ အိန္ဒြေအပြည့်နှင့် ရိုးရိုးယဉ်ယဉ်သာဝတ်ပြီး မြန်မာဆန်ဆန်နေခဲ့ရတာ။ ခုတော့ နီ လက်နှင့်ရေးသည်ကို ညီမလေးမီက ခြေနှင့်နောက်မှ ဖျက်နေပြီ။ “သူများတွေ ကောက်နေကြတာ ပိုက်ဆံကိုရေလို သုံးနေနိုင်တာကိုး။ မကြီးတို့က ဝန်ထမ်းတွေလေ။ ခု မီဆံပင်ကောက်လာတာ ဘယ်ကပိုက်ဆံနဲ့ ကောက်လာတာလဲ။ ပြောစမ်းပါဦး။ မီ့ကို ရေကြီးခွင်ကျယ် လုပ်နေတာမဟုတ်ဘူး။ […]


ဒီပို့စ်လေးကိုတင်ရတဲ့ အကြောင်းက ကျွန်တော့်ကို ကျွန်တော် တာဝန်မကျေဘူးထင်လို့ တင်လိုက်ရခြင်းပါ။ ကျွန်တော်က တာဝန်မကျေဘူးဆိုတော့ ကျန်တဲ့သူတွေရောတဲ့။ ကျေပါတယ်ဗျာ။ ကျေလိုက်သမ အားနာမိရလောက်အောင်ကို တာဝန်ကျေကြတာ။ ကျွန်တော်က ရွာထဲမှာ ကိုယ်ရေးချင်တာရေးပြီး ပြန်လှည့်မကြည့်တဲ့ လူတစ်ယောက်လိုများဖြစ်နေပြီလားလို့။ ကျွန်တော် တင်သမျှ ပို့စ်တွေကို ဝိုင်းပြီး Commentပေးကြတဲ့ ဂေဇက်ရွာသူရွားသားတွေကို ပြန်ပြီး အကြောင်းမပြန်နိုင်တာ။ တစ်ခါတစ်လေမှ( ဒါလည်း ဝေးလွန်းလှပါတယ်) ကျွန်တော် Commentဝင်ရေးဖြစ်တယ်။ တစ်ခါတစ်လေ အခြား သူတွေရဲ့ ပို့စ်တွေကို ဝင်ဖတ်ဖြစ်ခဲ့ပါတယ်။ သို့သော်ပေါ့ဗျာ။ Commentတစ်ခုတောင် ကျွန်တော် မရေးသွားနိုင်ခဲ့ပါဘူး။ ဒါတွေကြောင့် တာဝန်မကျေဘူးလို့ထင်တာပါ။ စာရေးသူဆိုတာ ကိုယ်ရေးသမျှစာတွေ သူများတွေဖတ်နေဖို့ချည်းရယ်လို့ မသတ်မှတ်သင့်တာကိုလည်း သဘောပေါက်ပါရဲ့။ အပြန်အလှန်အားဖြင့် ဝေဖန်ဆွေးနွေးမှုဟာ လိုကိုလိုအပ်တာပါ။  ကျွန်တော်ကတော့ ပြေးပြေးလွှားလွှားဖြင့် ရွာထဲလာ။ ပြီးရင် ကိုယ်တင်ချင်တဲ့ […]


          လက်ဖမိုးနဲ့သုတ်လို့မှ ဒီမျက်ရည်တွေမကုန်ရင် လက်ညိုးနဲ့ ကော်ထုတ်ပစ်လိုက်မယ်။ ဒီမျက်ရည်တွေက မိန်းမသားတွေရဲ့ လက်နက်ငယ် တစ်ခုတဲ့လား။ အလကားပြောကြတာ။ တကယ်လို့ လက်နက်တစ်ခု ဖြစ်ခဲ့မယ်ဆိုရင်တောင် ဖော့ဖယောင်းနဲ့လုပ်ထားတဲ့ ကစားစရာ လက်နက် တစ်ခုပဲဖြစ်လိမ့်မယ်။ ၁။ ခြောက်ဆယ်ဝပ် မီးသီးကလေးက အခန်းထဲမှာ မိန်ပျပျလင်းနေတယ်။ ဒူးပေါ်မေးတင်လို့ မျက်ရည်တွေကျ ကျွန်မငိုနေမိတာ ဘယ်လောက်ကြာသွားပြီလဲ။ အိမ်ခန်းကျဉ်းကျဉ်းလေးထဲမှာ ကျွန်မတစ်ယောက်ထဲ။ မနေ့က မနက် ကျွန်မအဝယ်ထွက်ရင်း အမေ့အိမ်မှာ သမီးလေးကို ဝင်ထားခဲ့တယ်။ ဒီနေ့ည ကျွန်မတစ်ယောက်တည်း။ ကျွန်မ မီးဖိုချောင်ထဲ ဝင်ခဲ့တယ်။ မှောက်ထားတဲ့ ထမင်းအိုးကိုလှန်ပြီး ညနေက ဝယ်ခဲ့တဲ့ ဆန်လေးလုံးထဲက နှစ်လုံးကို ထည့်ပြီး ရေဆေးလိုက်တယ်။ လွှစာမီးဖိုးက မနက်ကတည်းကသိပ်ခဲ့လို့ အလွယ်ကောက်မွှေးလိုက်ရုံ။ ကျွန်မ ဈေးတောင်းထဲက ဆလားဗီးယားငါးခြောက်နှစ်ကောင်ကိုတော့ မီးဖုတ် သုပ်ရုံပေါ့။ […]