ငယ်ငယ်တုန်းက ဆိုးလွန်းလို့ ကျွန်တော်မကြာခဏ ထိခိုက်ဒဏ်ရာရတယ်။ အနာတရဖြစ်တိုင်း မေမေကို ကျွန်တော်ငိုငိုယိုယိုနဲ့ လိုက်ရှာတိုင်း မေမေက ကျွန်တော့်ကို ချိုချဉ်တစ်လုံးပေးပြီး “မငိုနဲ့သား .. ချိုချဉ်စားလိုက်ရင် မနာတော့ဘူး” လို့ အမြဲပြောတတ်တယ်။ မေမေပေးတဲ့ချိုချဉ်လေးငုံ့ပြီး ကျွန်တော် ဆက်ပြေးလွှား ဆော့ကစားတတ်ခဲ့တယ်။ ကျောင်းပြီးတဲ့နှစ်မှာ ကျွန်တော်နဲ့(၂)နှစ်ကြာ ချစ်ကြိုက်ခဲ့တဲ့ကောင်မလေး ကျွန်တော့်ကိုထားသွားခဲ့တယ်။ ဆုံးရှုံးဝမ်းနည်းတဲ့နွံထဲ မဆယ်တင်နိုင်လောက်အောင် ကျွန်တော်နစ်ခဲ့ရတယ်။ “ငယ်ငယ်တုန်းကလို ဒဏ်ရာတွေကိုကုပေးတဲ့ ချိုချဉ်လေးရှိနိုင်သေးရင် သိပ်ကောင်းမှာပဲ” လို့ မေမေကို ဝမ်းပန်းတနည်း ကျွန်တော်ပြောဖြစ်ခဲ့တယ်။ ရုံးပိတ်ရက် မနက်ခင်းတစ်ခုမှာ ဖုန်းသံကြောင့် ကျွန်တော်နိုးလာခဲ့တယ်။ မေမေက သူ့ထမင်းထုပ် မေ့ကျန်ခဲ့လို့ သူအလုပ်ရှိရာ ဆေးရုံကို လာပို့ပေးဖို့ ကျွန်တော့်ကိုဖုန်းဆက်တာဖြစ်တယ်။ မေမေပြောတဲ့အတိုင်း ဆေးရုံဆောင်သုံးထပ်က ပြင်ပထိခိုက်ဒဏ်ရာကုဆောင်ကို ကျွန်တော်ရောက်လာခဲ့တယ်။ အဆောင်မှာ လက်ကျိုးသူ၊ ပေါင်ပြတ်သူတွေနဲ့ ပြည့်နေတယ်။ […]