တနေ့မှာ ကျောင်းက အပြန် တက်စီစီးလာရင်း ယာဉ်ကြောကြပ်တဲ့နေရာအရောက်မှာ တက်စီဆရာက ညည်းချင်းစလာပါတယ်။ သူက အင်ဂျင်နီယာဘွဲ့ရပြီး စင်္ကာပူမှာ (၇)နှစ် အလုပ်သွားလုပ်ခဲ့ပါတယ်တဲ့။မိသားစုနဲ့မခွဲနိုင်လို့ မြန်မာပြည်ကို ပြန်လာပြီး အီလက်ထရွန်နစ် ပစ္စည်းပြုပြင်ရေး လုပ်ငန်းလေးလုပ်ရင်း တဖက်က အပိုဝင်ငွေ ရအောင် တက်စီထွက်မောင်းပါသတဲ့။ ခုလိုယာဉ်ကြောပိတ်တာနဲ့တိုးရင် အုံနာကြေးတောင် မရတော့ပါဘူးလို့ ညည်းပြောလေး ပြောပါတယ်။ အဲဒီတော့မှ ကျမရဲ့အင်တာဗျူးစပါတော့တယ်။ `စင်္ကာပူမှာ (၇)နှစ်တောင် လုပ်ခဲ့တာ ဒီမှာနဲ့တော့ တော်တော်ကွာမှာပေါ့နော်´လို့ စပေးလိုက်ပါတယ်။ တက်စီဆရာလည်း ရင်ဖွင့်ချင်ချင်ဆိုတော့ ဆက်တိုက် ပြောတော့တာပါပဲ။ “ကွာတာပေါ့ဗျာ ၊ ဆီနဲ့ရေလိုပဲ။ ဒီကိုပြန်ရောက်ရောက်ချင်း လေဆိပ်ထဲရောက်တာနဲ့ တခြားစီပဲ ဆိုတာတွေးလိုက်မိတယ်။ မိသားစုသံယောဇဉ်ကြောင့်မို့လို့သာပေါ့ဗျာ။ ဟိုမှာဆိုရင် အစစအရာရာ စည်းကမ်း ရှိတယ်။ အမှိုက်တစ မတွေ့ရဘူး။ အခုက လေဆိပ်မှာတောင် အမှိုက်တွေတွေ့နေရတယ်။ […]