“သံယောဇဉ်အဖွဲ့” တကယ်တမ်းပြောရရင် အိမ်မွေးတိရိစာ္ဆန်တွေနဲ့ ကျနော်ယဉ်ပါးခြင်းမရှိခဲ့။ အိမ်မှာမွေးထားတဲ့ခွေးတွေကြောင်တွေရှိပေမယ့် ကျနော်က ဖာသိဖာသာနေတတ်သူ။ ဒါပေမယ့်လည်းတိရိစာ္ဆန်မုန်းတီးသူတော့လဲမဟုတ်။ ပွတ်သီးပွတ်သတ် တယုတယ မနေတတ်သူ လို့ဆိုကြပါစို့။ ပြီးခဲ့တဲ့ နှစ်ကတော့ အလုပ်တာဝန်အရ တစ်မြို့တစ်ရွာကို သွားနေရပါတော့တယ်။ ကျွန်တော်နဲ့အတူနေတဲ့ သူက “ငါးချစ်သူ”။ အိမ်မှာရွှေငါးတွေကို ကန်ကြီး ကန်သေးတွေနဲ့မွေးထားတဲ့သူ။ နေ့စဉ် နေ့တိုင်း ငါးတွေကို အစာကျွေးတာ ငါးအညစ်အကြေးတွေကို ဆယ်ပြီးလွှင့်ပစ်တာ သူ လုပ်သပေါ့။ ငါးကန်အကြီးထဲမှာ ဗိုက်ပူပူငါးလေးတွေနဲ့ခေါင်းလုံးလုံးထူထူငါးလေးတွေက ခြောက်ကောင်ရှိပါတယ်။ မြူနီစပါယ်ငါးလို့ခေါ်တဲ့ ရေညှိတွေကိုစားတဲ့ အမဲရောင်ငါးကတစ်ကောင်။ စဉ့်အင်တုံကြီးထဲမှာတော့ ဒေါင်းမြီးကွက်လိုငါးလေးတွေ အနီရဲရဲငါးလေးတွေက အကောင်နှစ်ဆယ်ကျော်လောက်။ လက်ဆေးကန်နားက မှန်ကန်လေးထဲမှာတော့ ငါးပေါက်စလေးတွေက အုံခဲနေလိုက်တာ ဘယ်နှစ်ကောင်မှန်းမသိလောက်အောင်များပါတယ်။ မနက်မနက်ဆိုရင်အစောကြီးထပြီး ငါးတွေကိုအစာကျွေးရပါတယ်။ ငါးအကြီးအတွက်ကတော့ ဘူုးကြီးနဲ့ထည့်ထားတဲ့ ငါးစာနီညိုရောင်အလုံးလေးတွေ။ ငါးအလတ်တွေအတွက်တော့ ဘူးအသေးလေးထဲကငါးစာအမူန့်တွေ။ မွေးခါစ […]