ဒီဇင်ဘာဆောင်းမနက်မှာ ဘယ်သွားရရင်ကောင်းမလဲလို့တွေးမိတော့ အောင်ပင်လယ်ဘက် နဲ့ ရန်ကင်းတောင်အရှေ့ဘက်ကို မရောက်တာ ကြာပြီဆိုတာကို သတိရလိုက်ပါတယ်။ အဲဒါနဲ့ဘဲ 26ဘီလမ်းအတိုင်းအရှေ့တက် အောင်ပင်လယ်အနောက်ဘက်ကန်ဘောင်ရိုးကိုရောက်လာပါတယ်။ ဆောင်းမနက် မြူမူံခပ်ဝဲဝဲဆိုတော့ အရှေ့ဘက်က ရန်ကင်းတောင်ကလဲ မသဲမကွဲပါဘဲ။ ဒါနဲ့ဆိုင်ကယ်ကို မြောက်ဘက်ဦးတည် လို့ 19လမ်းအရောက်မှာ အရှေ့တည့်တည့် ကို သွားလိုက်တော့ ရန်ကင်းတောင်ကြီးကိုလှမ်းမြင်နေရပါတယ်။ အရင်က ကြာပွင့်ကြီးတွေရှိခဲ့တဲ့ ကြာကန်မှာတော့ ကြာပင်တွေမရှိပါဘူး။ အရင်ကဒီ ကန်လည်လို့ ခေါ်တဲ့အောင်ပင်လယ် လယ်ကွင်းတွေနဲ့လမ်းကို ခြားထားတဲ့ ချောင်းကို ဖြတ်တဲ့တံတား မရှိပါဘူး။ အခုတော့ တံတားလေးခင်းထားတာတွေ့တော့ အဲဒီတံတားလေးကိုဖြတ်ပြီး တောင်ဘက်လယ်ကွင်းထဲကိုဝင်လို့ ရန်ကင်းတောင်ကိုရော ရွှေဝါရောင်သန်းနဲ့အစိမ်းရောင်ရောယှက်နေတဲ့လယ်ကွင်းကိုရော မှတ်တမ်းတင်မိပါတယ်။ အဲဒါနဲ့မန်းကျည်းပင်လေးတွေကို လွန်တော့ လမ်းမြောက်ဘက်မှာ ချောင်းကလေး။ ချောင်းနံဘေးမှာ တမာပင်ကောက်ကွေးကွေးလေးတပင်တည်းက မူနွဲ့နွဲ့နဲ့နေတတ်တဲ့ မော်ဒယ်ဂဲလေးလို အလှတွေပြနေတာကို တွေ့တော့ […]