“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း ” (ပထမပိုင်း- ကလေးဘဝနဲ့ဓါတ်ရှင်) (၁) (ဓါတ်ရှင်=ဘိုင်စကုပ်=ပစ်ချာ……….ဘယ်လိုခေါ်ခေါ် တကယ်တော့ရုပ်ရှင်) တစ်ရက် ကျနော်နန်းရှေ့ကပြန်လာတော့ မင်္ဂလာတံတားမီးပွိုင့်မှာ မီးနီမိလို့ ခဏရပ်စောင့်နေရပါတယ်။ အဲဒီအချိန်လမ်းဟိုဘက်ခြမ်း ဆိုင်ကယ်နောက်မှာထို်င်နေတဲ့ အမျုးိသမီးတစ်ယောက်က လှမ်းရီပြတာကိုတွေ့ လိုက်တော့ အလိုက်သင့်ပြန်ရီပြလိုက်ပါတယ်။ ခက်တာက သူ့ဘယ်သူဆိုတာ သေသေချာချာမမှတ်မိတာပါဘဲ။ အမြဲတွေ့နေမြင်နေကျ မဟုတ်တာလဲပါပါတယ်။ ဆိုင်ကယ်သာမောင်းနေတာ စိတ်ကတော့ သူဘယ်သူလဲဆိုတာ ပြန်စဥ်းစားနေမိပါတယ်။ အသားလေးက ဖြူဖြူ လူက ပိန်ပိန် မျက်နှာလေးကသွယ်သွယ်။ ပြုံးလိုက်ရင်သွားတက်ကလေးနဲ့။ သွားတက်ကလေးကိုမြင်မှ သူဘယ်သူလဲဆိုတာကိုပြန်သတိရပါတယ်။ ဝင်းလိုက်ရုပ်ရှင်ရုံနားက စက်ဘီးအပ်လက်ခံတဲ့အိမ်က ကောင်မလေးပေါ့။ အခုတော့သူလဲ လူလတ်ပိုင်းအသက်အရွယ်။ လွန်ခဲ့သော နှစ်သုံးဆယ်ကျော်ကျော် အဲဒီတုန်းကတော့ကျနော်တို့ကလူပျိုပေါက်စ သူက ကြီးကောင်ဝင်စအရွယ် ကျနော်တို့တစ်တွေ “ဝင်းလိုက်ရုံ” မှာရုပ်ရှင်ကြည့်တိုင်း 32လမ်းမှာရှိတဲ့သူတို့အိမ်မှာစက်ဘီးအပ်နေကျ၊ သူ့ကိုလဲ မခံချင်အောင်စနေကျ။ […]