“အတုမရှိ အတုလဝေယန်ကျောင်းတော်” ကျနော်ဆယ်တန်းကျောင်းသားဘဝ ကျောင်းခဏခဏပိတ်ပါတယ်။ အဲတော့ကျနော်တို့သူငယ်ချင်းတွေလဲ မန်းလေးမြို့ချောင်ကြိုချောင်ကြား မကျန်အောင်လျှောက်လည်ကြတာပေါ့။ အဲဒီခေတ်ကတော့ စက်ဘီးကိုယ်စီနဲ့ပေါ့။ ကျနော်တို့မကြာခဏရောက်တဲ့နေရာကတော့ အတုမရှိကျောင်းပျက်ကြီးဆီကိုပါဘဲ။ အရှေ့ကျုံးအတိုင်းလား 19လမ်း နန်းရှေ့တံတားရောက်ရင် အရှေ့ဘက်တက်။ 62လမ်းရောက်ရင် မြောက်ဘက်ကွေ့ လမ်းကျဉ်းကျဉ်းပေါက်စနလေးအတိုင်းစက်ဘီးနင်း။ အတော်လေးသွားလို့ အုတ်ရိုးအပျက်တွေနားရောက်ရင် အနောက်ဘက်ကွေ့။ ရေနံချေးတွေဝနေတဲ့ ကျောင်းကြီးတွေ့လို အထဲဝင်လိုက်ရင် ထနောင်းပင်လေးတွေ နောက်မှာ အုတ်ဖြူဖြူကျောင်းပျက်ကြီး။ တောင်ဘက်လှေခါးရင်းက ထနောင်းပင်အောက်မှာစက်ဘီးတွေထား။ အုတ်လှေခါးအတိုင်းအပေါ်တက်. နံရံလေးဘက်ဘဲကျန်နေပြီး အမိုးအကာမရှိတဲ့ ကြီးမားလှတဲ့ကျောင်းပျက်ကြီးကိုငေး။ အတွေးတွေက ပျံ့လွင့် ………ဟိုးအဝေးကို။ ဒီကျောင်းပျက်ကြီးကိုရောက်တိုင်း လွမ်းတာလိုလို သတိရတာလိုလို အမည်မဖော်နိုင်တဲ့ မဆုံးသောခံစားမူ့အသစ်တွေကရင်ထဲကိုတိုးဝှေ့လို့လာမြဲ။ ကျနော်တို့ အလွန်နှစ်သက်ခဲ့တဲ့နေရာလေးက သင်္ကြန်မိုး ရှပ်ရှင်ထဲမှာပါလာတော့ ပိုလို့တောင် နှစ်သက်ခဲ့။ တစ်ခါတစ်လေ နေအောင်နဲ့ခင်သန်းနုရပ်ခဲ့တဲ့နေရာကိုသွားကြည့်မိ။ ထနောင်းပင်ဝါဝါလေးအောက်မှာ လူသွားလမ်းဖြစ်နေတဲ့မြေလမ်းသေးသေးလေး။ […]