၁။ မကြာခင်ကမှ သူ မြန်မာပြည်ကိုပြန်ရောက်သည်။ ထင်မှတ်မထားသော အချိုးအကွေ့တစ်ခုက သူ့ကို စောင့်ကြိုနေ၏။ ထို အကြောင်းအရာသည် သူ့ခေါင်းထဲတွင် တစ်ခါမှ နေရာ မယူစဖူး။ နေရာမယူခြင်းထက် သူ ခေါင်းထဲကို မထည့်ထားသည်က သေချာသည်။ သူ့အတွက် ပြီးပြည့်စုံခြင်းတွင် အချစ်မပါလည်း ကျေနပ်သည်ဟု ခံယူထားသူ။ သို့သော် ….။ မနက် အိပ်ယာထသည်နှင့် သူ့နဘေး အိပ်ယာထက်တွင် သူမကို မြင်တွေ့နေရပြီ။ သူမကတော့ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်လို့။ ၂။ သူ့ ကျောင်းနေဘက် အချစ်ဆုံးသူငယ်ချင်းနှင့်တွေ့တော့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်သည်။ ယခင်တုန်းက ဇာတ်လမ်းဟောင်းကလေးတွေက မပါမဖြစ်ပေါ့။ သူက မသိမသာ ထားခဲ့သူတွေရဲ့အကြောင်း။ နောက် သူက မသိမသာ ကျန်ရစ်ခဲ့ရသည့်အကြောင်း။ “စိုးထိုက်..မင်းမရောက်ခင် တစ်ပတ်က မင်းအိမ်ကို ငါရောက်တယ်။ […]