အိပ်ပျော်စပြုပြီဟု ကျွန်တော်ထင်လိုက်ချိန်၌ သူ့ အသံအက်ကွဲထွက်လာသည်။ ”သားသိပ်မောတယ်” သူအိပ်ပျော်သွားချိန်ထိ ကျွန်တော်စောင့်သည်။ သူနှင့်ကျွန်တော့်ကြား တစ်ခုခုပျောက်ဆုံးနေခဲ့ပြီ။ စိုးရက်ပ် ကျွန်တော့်ကိုစကားပြောဖို့ နောင်တစ်နှစ် နီးပါးကြာအောင် စောင့်ရမည်ကို ကျွန်တော့်မသိဘဲ ကျွန်တော် ဆေးရုံခန်းမှ ခွာကာ ဟိုတယ်နောက်တစ်လုံးအရှာထွက်ရသည်။ …………………………………… နောက်ဆုံးတွင် စိုးရက်ပ်သည် ကျွန်တော့်ကမ်းလှမ်းချက်ဟူသမျှကို ခေါင်းမညိတ်ခေါင်းမခါ တုံဏှိဘာဝေလုပ်နေတော့သည်။ သို့သော် သူ့ပတ်တီး များကိုခွာချပြီးလျှင်၊ ဆေးရုံအဝတ်အစားကိုချွတ်ပြီးလျှင်၊ သူသည် နေအိမ်မဲ့ မိဘမဲ့ ဟာဇာရာကလေးတစ်ယောက်ဘဝကိုသာ ပြန်ရောက်ရတော့မည်ဟု သူသိ နေခဲ့သည်။ သူ့မှာ ဘာများရွေးချယ်ခွင့်ရှိဦးမည်နည်း။ သူ ဘယ်ကိုများသွား နိုင်ဦးမည်နည်း။ သို့ဖြစ်ရာ ကျွန်တော်ကသူ့ထံမှ ခေါင်းညိတ်မှုကိုတောင်းခံနေ လျှင် သူ၏လက်သင့်ခံခြင်းမဟုတ်ဘဲ အသံတိတ်အရှုံးပေးခြင်းသာ ဖြစ်နေလိမ့် မည်။ သူတမ်းတနာကျင်နေသည်က သူ့အရင်ဘဝ။ […]