မျက်ဝန်းတွေထဲမှာအရိပ်တွေရှိနေတယ်။ နှလုံးသားမှာတော့ပျောက်ဆုံးနေခဲ့တဲ့ အရိပ်က လမ်းခုလပ်တစ်ဝက်မှာ ကျောခိုင်းသွားလေရဲ့….။ (၁) မျက်လုံးချင်းဆုံလိုက်တယ်။ဖျတ်ခနဲပဲ။ ပြီးတော့ အကြည့်တွေလွှဲသွားတယ်။ လျှင်လွန်းတဲ့ ကိုယ့်အကြည့်တွေက သူမရဲ့မျက်ဝန်းထောင့်ကလေးကိုလစ်ခနဲမြင်ဖြစ်အောင် မြင်လိုက်မိသေးရဲ့။ သူမမှာ မျက်မှန် လေးတောင် မပါလာတော့ပါလား။ နာကျည်း မုန်းတီးမှုတွေကြောင့်ဖယ်ရှားပစ်လိုက်တဲ့ မျက်မှန်လေးမှာ သမိုင်းတွေရှိတယ်ဆိုတာ သူမ မေ့သွားပြီလား။ ကိုယ်အဲဒီနေရာလေးကနေ သူမရဲ့ကျောပြင်ကို လိုက်ကြည့်နေမိတယ်။ မျှော်လင့်ချက်တစ်စုံတစ်ရာကလည်းကိုယ့်မှာရှိနေတယ်လေ။ သူမများ လှည့်ကြည့်လာဦးမလားလို့။ ခြေလှမ်းလေးတွေက ခပ်သွက်သွက်ကလေးလှမ်းမြဲ။လှည့်ကြည့်လိုက်ပါတော့လား။ လှည့်ကြည့်လိုက်ပါတော့လား။ ချက်ချင်းကိုယ်မေ့နေတဲ့သူမရဲ့အကျင့်ကို ခုမှသတိရတယ်။ သူမက ကျောခိုင်းပြီးရင် ဘယ်တော့မှ လှည့်မကြည့်တတ်တာ ခုထက်ထိအောင်ပါပဲလား။သူမလှည့်ကြည့်လာရင်ရော ကိုယ် သူမကို လိုက်ကြည့်နေတယ်ဆိုတာ အသိခံလို့ဖြစ်ပါ့မလား။ ဟင်သူမ ကိုယ်လေး ကိုယ့်ဘက်လှည့်လာတော့မယ်။ ဒါနဲ့ကိုယ့်ရဲ့ဦးတည်ရာလမ်းဘက်ကို ဆတ်ခနဲလှည့်လိုက်တယ်။ ဟူး…… သက်ပြင်းရှည်ကိုချလိုက်ပြီး ပြီးခဲ့တဲ့ အတိတ်ကို ပြန်တွေးရင်း လမ်းလျှောက်လာခဲ့တယ်။ (၂) […]