သိပ်ချစ်ရတဲ့  ချစ်သူရယ်…. လွတ်လပ်တဲ့ပျော်ရွှင်မှု့လေးတွေအတွက် နှစ်နှစ်ခြိုက်ခြိုက်       မင်းပြုံးလိုက်တဲ့အခါ တစုံတခု  မွေးဖွားလာလိမ့်မယ်လို့ မင်းသိခဲ့မှာမဟုတ်ပါဘူး…။ ဒါကြောင့်လဲ ကိုယ့်ရင်ထဲက နိုးကြားလာတဲ့အချစ်တွေကို မင်းသတိမပြုမိနိုင်ခဲ့တာပဲ ထင်ပါရဲ့ ……။။   အေးမြတဲ့ လေညှင်းငယ်ရယ်…. နွေဦးရဲ့လက်ဆောင်မွန်အဖြစ် ဖြေးညှင်းသာယာ    မင်းတိုက်ခတ်လာတဲ့အခါ တစုံတခုလိုအပ်နေသေးတယ်လို့ မင်းသိခဲ့မှာ မဟုတ်ပါဘူး…။ ဒါကြောင့်လဲ ကိုယ့်နှလုံးသားရဲ့တောင့်တမှု့တွေကို မင်းမေ့လျော့နေခဲ့တာပဲ  ထင်ပါရဲ့ ….။။   ဝေးကွာခဲ့တဲ့  ရက်စွဲလေးတွေရယ်…. တိတ်တခိုးကြည်နူးခဲ့ဘူးတဲ့ရင်ခုန်သံတွေကို မင်းချန်ရစ်ထုတ်ပယ်လိုက်တဲ့အခါ တစုံတခု အစားထိုးဝင်ရောက်လာလိမ့်မယ်လို့ မင်းသိခဲ့မှာ  မဟုတ်ပါဘူး….။ ဒါကြောင့်လဲ ကြေကွဲစွာအထီးကျန်ခဲ့သူကိုယ့်အတွက် တမ်းတမ်းတတ  လွမ်းနေရတဲ့အချိန်တွေကို မင်း…  စေစားနေတော့တာပဲ   ထင်ပါရဲ့ …..။။   (April, 1985)