လူဖြစ်ရခြင်း၏ ဒုက္ခကို ကျွန်မတော့ ကောင်းကောင်းကြီးခံစားဖူးပြီ။ ထိုအထဲမှာမိန်းမသားဖြစ်ရသော ဘဝကို ရွံရှာစက်ဆုပ်လာမိပြန်သည်။ ထိုအတွေးကိုမတွေးမိအောင် နေခဲ့ရင်းမှ ယနေ့ညအော်နေသောသံဆိုးသံကြောင်များကြောင့် ဆက်လက်တွေးတောမိရသည်။ နားနှစ်ဖက်ကိုပိတ်ဆို့ထားသည့် ခေါင်းအုံးထူထူသည်ပင် ထုတ်ချင်းပေါက်သည့် ထိုအသံများကို ကျွန်မမကြားချင်။ ည ရှစ်နာရီသာရှိသေးသော်လည်းတိတ်ဆိတ်ငြိမ်သက်နေသော ကျွန်မ၏ အိမ်သည့် ခြောက်ခြားစရာကောင်းလွန်းသည်ဟုထင်သည်။ ကျွန်မ၏ အိမ်ကလမ်းမကြီးဘေးတွင်ကပ်လျှက် တည်ရှိသည့်တိုင် သည်ညတိတ်ဆိတ်လွန်းလှသည်။ ရံဖန်ရံခါ ဖြတ်သန်းသွားသောဆိုင်ကယ်သံများပင်လျှင် မကြားရ။ သို့သော် နားစည်တွင် လာလာရိုက်ခတ်နေသောအသံများကိုဆက်တိုက်ကြားလာနေရသည်။ ကျွန်မစိတ်ကို ကျွန်မအတတ်နိုင်ဆုံးထိန်းချုပ်ထားလျှက် အခန်းပြင်ကိုမထွက်မိအောင် အောင့်အည်းနေရသည်။ ထိုဒုက္ခသည် ကျွန်မအတွက် မသေးလှ။ ကျွန်မအိပ်ခန်းအပြင်ကိုခြေကျွံမိလျှင် ဘာတွေဖြစ်လာမလဲမပြောနိုင်။ ထိုအသံများရပ်တန့်သွားအောင် ကျွန်မဘယ်လိုနည်းနှင့်မှ မစွမ်းဆောင်နိုင်သည်ကတော့ သေချာသည်။ ဒါသည်ပင် မိန်းမသားဖြစ်ရသောမိန်းမတစ်ယောက်၏ ဒုက္ခဟု ကျွန်မခံယူထားရသည်။ (၁) နံနက်တွင်တော့ သူဟူသော ကျွန်မခင်ပွန်း၏ မျက်နာသည် တည်ကြည်လေးနက်လွန်းသည်။ ကျွန်မ၏ […]