သုံးပန်လှ တောင်သမန် အမှတ်(၂) “အဆင့်ဆင့်ဖြတ်သန်းလွမ်းစရာတွေချန်ထားခဲ့တဲ့ တောင်သမန်” ကျနော်ငယ်ငယ်က အိမ်နံဘေးနားက ဘကြီးအောင် ဆိုတဲ့ အဘိုးတစ်ယောက်ရှိပါတယ်။ သူ အမြဲတမ်းဆိုနေ ညီးနေလွန်းလို့အလွတ်ရနေတဲ့ သီချင်းလေးတစ်ပုဒ်ရှိပါတယ်။ သူဆိုတဲ့သီချင်းက အစလဲမပါ အဆုံးလဲမပါဆိုတော့ ဘာသီချင်းမှန်း မသိပေမယ့် သူဆိုတဲ့အသံနဲ့စာသားလေးက တော့လွမ်းစရာကောင်းလွန်းနေပါတယ်။ “ပုဆိုးကစို မိုးကညိုသနဲ့ သစ်ပင်အောက်မှာဝင်ကာခို ဦးပိန်တံတားကိုလျောက်ခဲ့ပြန် ပုဆိုးကစိုစိုနဲ့ မိုးကလဲညိုညိုနဲ့ သစ်ပင်အောက်မှာဝင်ကာခို ဦးပိန်တံတားကိုလျောက်ခဲ့ပြန်” သူဆိုတာက ဒီအပိုဒ်လေးကိုဘဲ ထပ်ခါထပ်ခါဆိုတာပါ။ အဲဒီကတဲက ဦးပိန်တံတားဆိုတာကြီးကိုလွမ်းနေခဲ့ရတာ။ ဦးပိန်တံတားပါမှတော့ သူ့ကို ရင်ခွင်ထဲ ထည့်သိမ်းထားတဲ့ တောင်သမန်အင်းက အလိုလိုပါတော့တာပေါ့။ မန်းလေးမြို့ မတည်ခင်က ကုန်းဘောင်ဆက်မင်းများနန်းစိုက်ခဲ့တဲ့ အမရပူရမြို့ကို ကျနော်တို့မန်းလေးသားတွေကတော့ မန်းလေးမြို့ရဲ့တောင်ဘက်မှာရှိလို့ တောင်မြို့လို့ဘဲခေါ်ပါတယ်။ “အင်းအိုင်ဝိုက်လည် မြို့ကြီးတည်ပြန်………..” ဆိုတဲ့ […]