သုံးပန်လှ တောင်သမန် အမှတ်(နှစ်) “အဆင့်ဆင့်ဖြတ်သန်းလွမ်းစရာတွေချန်ထားခဲ့တဲ့ တောင်သမန်”
သုံးပန်လှ တောင်သမန် အမှတ်(၂)
“အဆင့်ဆင့်ဖြတ်သန်းလွမ်းစရာတွေချန်ထားခဲ့တဲ့ တောင်သမန်”

ကျနော်ငယ်ငယ်က အိမ်နံဘေးနားက ဘကြီးအောင် ဆိုတဲ့ အဘိုးတစ်ယောက်ရှိပါတယ်။
သူ အမြဲတမ်းဆိုနေ ညီးနေလွန်းလို့အလွတ်ရနေတဲ့ သီချင်းလေးတစ်ပုဒ်ရှိပါတယ်။
သူဆိုတဲ့သီချင်းက အစလဲမပါ အဆုံးလဲမပါဆိုတော့ ဘာသီချင်းမှန်း မသိပေမယ့်
သူဆိုတဲ့အသံနဲ့စာသားလေးက တော့လွမ်းစရာကောင်းလွန်းနေပါတယ်။

“ပုဆိုးကစို မိုးကညိုသနဲ့ သစ်ပင်အောက်မှာဝင်ကာခို ဦးပိန်တံတားကိုလျောက်ခဲ့ပြန်
ပုဆိုးကစိုစိုနဲ့ မိုးကလဲညိုညိုနဲ့ သစ်ပင်အောက်မှာဝင်ကာခို ဦးပိန်တံတားကိုလျောက်ခဲ့ပြန်”
သူဆိုတာက ဒီအပိုဒ်လေးကိုဘဲ ထပ်ခါထပ်ခါဆိုတာပါ။
အဲဒီကတဲက ဦးပိန်တံတားဆိုတာကြီးကိုလွမ်းနေခဲ့ရတာ။
ဦးပိန်တံတားပါမှတော့ သူ့ကို ရင်ခွင်ထဲ ထည့်သိမ်းထားတဲ့ တောင်သမန်အင်းက
အလိုလိုပါတော့တာပေါ့။

အုမ်အုမ်လာတုန်းအမှတ်တရ
မန်းလေးမြို့ မတည်ခင်က ကုန်းဘောင်ဆက်မင်းများနန်းစိုက်ခဲ့တဲ့ အမရပူရမြို့ကို
ကျနော်တို့မန်းလေးသားတွေကတော့ မန်းလေးမြို့ရဲ့တောင်ဘက်မှာရှိလို့
တောင်မြို့လို့ဘဲခေါ်ပါတယ်။
“အင်းအိုင်ဝိုက်လည် မြို့ကြီးတည်ပြန်………..” ဆိုတဲ့ “တောင်သမန်”
သီချင်းထဲက စာသားလိုဘဲ အမရပူရနန်းတော်အနီးမှာတောင်သမန်အင်းကြီး
ရှိနေပြန်ပါတယ်။
တောင်သမန်အင်းဆိုတာ ဒီအင်းကြီးရဲ့အရှေ့ဖက်မှာရှိတဲ့တောင်သမန်ရွာကို
အမှီပြုလို့ခေါ်တာပါ။

မန်းလေးကိုအလည်လာသူတိုင်းတောင်မြို့ရဲ့အရှေ့ဘက်ခြမ်းမှာရှိနေတဲ့
တောင်သမန်အင်းကို မရောက်ခဲ့ဘူးဆိုရင် မန်းလေးရောက်တာမပြည့်စုံဘူး
လို့ဆိုနို်င်ပါတယ်။
၁၈ရာစုနှစ်ကတည်းက တည်ထားခဲတဲ့ ဦးပိန်တံတားကတော့ရှည်လျားတဲ့
သစ်သားတံတားကြီးပါဘဲ။

ရေတိုးချိန်မှာ ရေအားဒဏ်ကိုခံနိုင်အောင် တံတားကို အတည့်မတည်ဘဲ
အလည်လောက်မှာတဆစ်ချိုးပြီးခပ်စောင်းစောင်းလေးတည်ထားပါတယ်။
ဒီတံတားကတော့ အနောက်ဖက်ခြမ်းမှာရှိတဲ့ အမရပူရမြိုဲနဲ့ အရှေ့ဘက်မှာရှိတဲ့
တောင်သမန်ရွာကိုဆက်ပေးထားတဲ့တံတားပါဘဲ။

တကယ်လို့များ ကျနော်က ငှက်ကလေးတစ်ကောင်ဖြစ်ခဲ့လို့ရှိရင် ဒီ
တောင်သမန်အင်းကို ဝေဟင်ထဲကနေပြီး အပေါ်စီးကကြည့်မယ်ဆိုရင်ဒီဦးပိန်တံတားကြီးကို
ကင်းခြေမျှားအရှည်ကြီးတစ်ကောင်လို
ဒါမှမဟုတ် ကွေ့ကောက်နေတဲ့ ချုပ်ရိုးကြောင်းကြီးတစ်ခုလိုမြင်ရမှာဘဲလို့
စိတ်ကူးနဲ့တွေးကြည့်မိပါတယ်။
ငယ်ငယ်ကတုံးက ရူးမိတဲ့အတွေးလေးပေါ့နော်။

ဟိုးငယ်ငယ်ကလေးဘဝ ကျောင်းပိတ်ရက်တွေမှာ တောင်သမန်အင်းကိုလူကြီးတွေနဲ့အတူရောက်ပါတယ်။
ပူပြင်းတဲ့နွေအခါမှာ ဦးပိန်တံတားအနောက်ဖက်ခြမ်းကမယ်ဇယ်ပင်တန်းကြီးရဲ့
အေးမြတဲ့အရိပ်အောက်မှာ ဖျာတွေခင်း ထမင်းတွေစား။
လူကြီးတွေက တရေးတမောအိပ်နေရင် ကျနော်တို့ကလေးတွေက
ဦးပိန်တံတားပေါ်ခေါက်တုံ့ခေါက်ပြန်လျောက်ကြ လူကြီးတွေကတော့
ဆော့ရင်းပြုရင်းလိမ့်ကျမှာစိုးတော့ ကျနော်တို့ကိုထိန်းဘို့အဖော်ထည့်ပေးပါတယ်။
တံတားပေါ်လျောက်လို့ဝရင် မယ်ဇယ်ပင်ရိပ်အောက်မှာ ကစားနည်းပေါင်းစုံနဲ့ မမောမပန်းနိုင်ဆော့ကြ ကစားကြပေါ့။
တစ်ခါတစ်ခါ အင်းရေစပ်စပ်မှာ ဆင်းဆော့ရင်တော့ လူကြီးတွေက တဟဲ့ဟဲ့အော်
ကျနော်တို့ကတော့ပျော်လို့။

ကျနော်တို့အကိုတွေဦးလေးတွေကတော့ အင်းအစပ်မှာငါးသွားမျှား။
ရတာ မရတာ အပထား သူတို့လဲ ပျော်လို့ပါဘဲ။
မနက်ကတည်းက ရောက်ပြီး ညနေမိုးစုပ်စုပ်ချုပ်မှုပြန်ကြတာပါ။

စည်ကားလှတဲ့ရတနဂူနတ်ပွဲကာလမှာတော့ အင်းရေကလည်းပြည့်လို့နေပါပြီ။
ရတနာဂူပွဲကအပြန်မှာ ကျောက်ပန်းခွေတွေကိုယ်စီဆောင်းလို့ တောင်သမန်
အင်းကိုဝင်ပြီး ငှက်စီးကြပါတယ်။
အင်းတစ်ပတ်လှည့်ပါတ်စီးကြရင်း ငှက်တစီးနဲ့တစ်စီးအဆုံမှာရေပက်ကြတာ
ပျော်စရာ။

ငှက်တိမ်းပြီးရေထဲ ပြုတ်ကျမှာတော့ စိုးရိမ်ရပါတယ်။
ဒါကလဲဖြစ်တောင့်ဖြစ်ခဲ။
ပြန်တွေးရင်တောင်လွမ်းစေတဲ့တောင်သမန်ပါဘဲ။
*******************************************

ဒီတောင်သမန်အင်းရဲ့အလှကို နွေ မိုး ဆောင်း သုံးပိုင်းခွဲလို့
“သုံးပန်လှတောင်သမန်”လို့ တင်စားခဲ့ကြပါတယ်။
နွေအခါမှာတော့ အင်းရေစပ်စပ်ကလေးထဲမှာ အလှတစ်မျိုး။
မိုးအခါရေတွေဗောင်းလံနေချိန်မှတော့ အလှတမျိုး။
ရေမရှိတဲ့ဆောင်းအခါမှာတော့အင်းရေပြင်ကကိုင်းခင်းယာခင်း တွေအသွင်ပြောင်းလို့
နှင်းငွေ့တွေဝေနေတဲ့အလှနဲ့၊
ဒီတောင်သမန်အလှကို ကဗျာများစွာ သီချင်းများစွာ အက်ဆေးများစွာနဲ့
ဖွဲ့လို့ မကုန်နိုင်အောင် လွမ်းခဲ့ကြပါတယ်။
လသာသာည ဆောင်းနှင်းမူန်မူန်မှာ ကဗျာချစ်သူများရဲ့ ကဗျာရွတ်သံ
တွေများ ကြားရရင် ပိုလွမ်းလာသလိုပါဘဲ။

အမရပူရ ဆိုတာ ရှေးခေတ်ကတည်းက ကဗျာစာပေရှင်များ
ပေါ်ထွန်းခဲ့ရာနယ်မြေဖြစ်ပါတယ်။
ဒီမြေဒီနေရာမှာဘဲ အနောက်နန်းမတော်မမြလေးရဲ့ ကဗျာရွတ်ဆိုသံတွေ
ပျံလွင့်ခဲ့မှာအသေအချာပါဘဲ။
ဒါကြောင့်လဲ ဝင်းဦး သီဆိုခဲ့တဲ့ “တောင်သမန်”သီချင်းထဲမှာတော့
“သန်းခေါင်ကျော်ရင် နတ်စည်မောင်းသံ ကြားတယ် ကြားတယ် ကြားရတယ်ဗျ အင်းကြီးတောင်သမန်” ပါတဲ့။

တက္ကလ်ကျောင်းသားဘဝမှာတော့ ဒီတောင်သမန်ကို မကြာခဏရောက်လေ့ရှိပါတယ်။
အဖော်ကောင်းပြီဆိုတာနဲ့ စက်ဘီးကိုယ်စီနဲ့ သွားလေ့ရှိတဲ့နေရာဖြစ်ပါတယ်။
အရိပ်ကောင်းကောင်းမှာ ဝိုင်းဖွဲ့လို့စားကြသောက်ကြ နဲ့ပျော်စရာကြီးပေါ့။

ကြီးမားလှတဲ့ မယ်ဇယ်ပင်ရဲ့ အမြစ်ဆုံတွေကလဲ ချစ်သူစုံတွဲများအတွက်အိန္ဒြေရရ အနှောင့်အယှက်ကင်းကင်းနဲ့
စကားပြောလို့ကောင်းတဲ့နေရာလေးလဲဖြစ်ပါတယ်။
(အခုတော့မယ်ဇယ်ပင်ကြီးတွေအသက်ရင့်တော့ လဲကျမသွားအောင်အောက်ခြေမှာ အုတ်ခုံခတ်ထားပါတယ်။
ဒီလောက်တောင်သမန်ကိုရောက်ပါရဲ့နဲ့ အမြစ်ဆုံကြီးတွေသဘာဝအတိုင်းရှိနေတဲ့ပုံ ကျနော်မရိုက်မိတာကို နောင်တရမိပါတယ်)
ချစ်သူနဲ့ ခွဲခွာရသူများအတွက်လဲ ဒီတောင်သမန်အင်းစောင်းကတွေးချင်တိုင်းတွေး
ဆွေးချင်တိုင်းဆွေးလို့ရတဲ့ နေရာလေးတစ်ခုပါဘဲ။

နောက်ပိုင်းမှာတော့ ဒီမယ်ဇယ်ပင်တန်းကြားထဲမှာ စားသောက်ဆိုင်လေးတွေဖွင့်
ခွင့်ပြုလို်က်တဲ့အခါမှာတော့ အရင်လို လွတ်လပ်စွာနေလို့မရတော့ပါဘူး။
ကျောင်းသားဘဝလွန်မြောက်ချိန်မှာတော့ အလုပ်ပိတ်တဲ့အချိန်တစ်ခါတစ်လေမှ
သာရောက်ဖြစ်ပါတော့တယ်။

အစစ်မရနို်င်တော့တဲ့ ဗမာ့ထန်းရည်နေရာမှာအစားထုိုးလာတဲ့
မြန်မာဘီယာကို် အင်းထဲက ဖမ်းလို့ရတဲ့ ငါးကြော်
လတ်လတ်ဆတ်ဆတ်နဲ့တွဲဖက်လို့ တောင်သမန်ညနေခင်းကို
ခံစားရင်း ကုန်လွန်ခဲ့တဲ့ညနေခင်းများကတော့ မရေမတွက်နို်င်အောင်ပါဘဲ။
နောက်ပိုင်းမှာတော့ နွေ မိုး ဆောင်း တမျိုးစီပြောင်းလဲတတ်တဲ့
တောင်သမန်ကို ဆယ့်နှစ်ရာသီပါတ်လုံး ရေဝင်နေတဲ့ တောင်သမန်ကန်အဖြစ်ကို
ပြောင်းလဲချိန်နဲ့ သူရာညနေခင်းများကို စွန့်လွှတ်ချိန် ဆုံသွားတဲ့အခါမှာတော့
တောင်သမန်ရင်ခွင်နဲ့ နှစ်ပေါင်းများစွာဝေးကွာခဲ့ပါတယ်။
တစ်နှစ်မှ တစ်ကြီမ်နှစ်လောက်ဘဲရောက်ခဲ့ပါတော့တယ်။

(လုလင်နဲ့သွားတုန်းက)
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ကျနော်ငယ်ငယ်ကျောင်းမနေခင်အရွယ်ကတောင်မြို့မှာတစ်နှစ်ကျော်ကျော်လောက်နေခဲ့ဘူးပါတယ်။
ညနေဆိုရင် ပုထိုးတော်ကြီးဘုရားအရှေ့ထိပ် တောင်မန်အင်းစောင်းကနေပြီး ကျနော်အမေဘက်ကတော်တဲ့အဖွား ဈေးရောင်းပြီးပြန်အလာကိုစောင်ခဲ့ရတာ
ကိုလည်း စိတ်ထဲမှာ မှတ်မိနေပြန်ပါတယ်။
အဲတော့ တောင်သမန်အင်းကိုမြင်ရင် အဖွားကို လာလာကြိုတာ သတိရမိတာပေါ့။
ဓါတ်ပုံနဲ့ပန်းချီကိုဝါသနာကိုခံစားရတာကို နှစ်သက်တဲ့ ကျနော်အဖို့တောင်သမန်အင်း
ဓါတ်ပုံတွေ ပန်းချီကားတွေမြင်ရတဲ့အခါတိုင်းရင်ထဲမှာ လွမ်းသလိုလိုခံစားရစမြဲပါဘဲ။
ကျနော်တို့ငယ်ငယ်က ကင်မရာ တစ်လုံးကိုဝယ်ကိုင်နိုင်ဘို့ဆိုတာ ငွေအတော်အ
ကုန်ခံနိုင်မှ ဖြစ်တာကိုး။

ကင်မရာရှိတောင်မှာ ဖလင်ဘိုး ကူးခ ဆေးခ ကုန်ကျပြီးမှ ကိုယ်ရိုက်ထားတဲ့
ပုံလေးကိုမြင်ခွင့်ရှိတာကိုး။
အဲတော့ ငွေမရှိရင် ဓါတ်ပုံတစ်ပုံဖြစ်မလာနို်င်ပါဘူး။
အဲတော့လဲ တောင်သမန်ကိုရောက်တိုင်း ကျနော့်စိတ်ကူးထဲမှာ
ဓါတ်ပုံတွေကို အကြိမ်ပေါင်းများစွာ ပုံစံပေါင်းများစွာနဲ့ရိုက်ကူးခဲ့ပါတယ်။
၂၀၁ဝခုနှစ်မှာတော့ ကျနော်မှာ ဆမ်ဆောင်းဒစ်ဂျစ်တယ်ကင်မရာပေါက်စလေးရှိလာပါတယ်။

ဆောင်းနံနက်တစ်ရက်မှတော့ တောင်သမန်အင်းမြောက်ဘက်ခြမ်းကနေပြီး
ဓါတ်ပုံရိုက်ခဲ့ပါတယ်။
အိမ်ပြန်ရောက်တော့ ကွန်ပြူတာထဲမှာ ဓါတ်ပုံလေးထည့်ကြည့်တော့
ဘယ်သူလှလှ မလှလှ ကျနော်မြင်ကွင်းမှာတော့ လှလို့ပါဘဲ။
နောက်တော့လည်း အခါအခွင့်သင့်တိုင်းတောင်သမန်ကိုရောက်ခဲ့
လက်ဆော့ခဲ့ တော့တာပေါ့။

၂၀၁၂ခုနှစ်ရဲ့တပေါင်းလပြည့် နံနက်ခင်းမှာ တောင်သမန်အင်းကို
မနက်အစောကြီး ၂ရက်ဆိုက်တိုက်သွားပြီး အားရပါးရရိုက်ခဲ့ဘူးပါတယ်။
စိတ်တိုင်းကျအောင်လှတဲ့ပုံတွေလဲရခဲ့ပါရဲ့။
နောက်ရွာထဲက မိတ်ဆွေများနဲ့ အပြင်မှာရင်းနှီးခွင့်ရတဲ့အခါ သူတို့မန်းလေး
ရောက်တဲ့အခိုက် တောင်သမန်ကိုအလည် ပို့ခွင့်ကြုံပါတယ်။

ပထမဦးဆုံးဈေးဦးပေါက်သူကတော့ ရိုစ်မင်းနဲ့သူ့အဒေါ်တွေသင်္ကြန်အပြီး
မန်းလေးလာတဲ့အချိန်မှာသွားခဲ့တုးံကတော့ ရေနည်းလို့ကုန်းတွေပေါ်နေတဲ့
တောင်သမန်ကိုမြင်ခဲ့ရပါတယ်။

နောက်တစ်ခါ မနိုဗွီတို့မိသားစု စစ်ကိုင်းကိုအလှူလာချိန်မှာတော့
ကိုခင်ခ ဘဲဥ ငုံးဥ တို့နဲ့အတူ တောင်သမန်အင်းမှာ ငှက်စီးပြီး
အင်းအလယ်မှာပေါ်နေတဲ့ကုန်းပေါ်မှ ငါးကြော်သွားစားခဲ့ကြပါတယ်။

အဲဒီလထဲမှာဘဲ မနီလာစိန်တို့ မိသားစုမန်းလေးကိုအလာမှာ
မနီလာတို့သားအမိရယ် ကျနော်နဲ့ မဒမ်ပေါက်ရယ် ငှက်စီးပြီး
တောင်သမန်ကလွမ်းစရာသစ်ပင်ကြီးဆီကိုသွားခဲ့ကြပါတယ်။
အဲဒီမှာ ကျနော်ပေးထားတဲ့ ကတိအတိုင်းမနီလာစိန်တို့သားအမိကို
ဦးပိန်တံတားနောက်ခံနဲ့ ဓါတ်ပုံတွေရိုက်ပေးခဲ့ရပါတယ်။

ရွာထဲက ဓါတ်ပုံဆရာတွေမှာ ရွှေမင်းသား ဘိုစိန်သော့ လုလင်တို့လေးယောက်ပေါင်းပြီး
တောင်သမန်အင်းကို လက်ဆော့ခဲ့ကြပါတယ်။
ရွာသူလေး အိတုန်ရောက်တော့ မင်းကွန်းစစ်ကိုင်း ကို ခရီးရှည်လိုက်ကြတာ တောင်သမန်ရောက်တော့ မှောင်မဲမဲ။
ဒါပေမယ့် လှပသောနေဝင်ဆည်းဆာလေးကိုရခဲ့ပါတယ်။

နောက်တစ်ခါ မနက်လင်းအားကြိးမှာတစ်ခါ တောင်သမန်ရဲ့နေဝင်ချိန်ကို
အရှေ့ဘက် ကမ်းကနေတစ်ခါ ကိုစိန်သော့နဲ့
လက်ဆော့ခဲ့ကြပါဘူးပါတယ်။

နောက်တော့ ရန်ကုန်ကနေ တကူးတကလာပြီး ဓါတ်ပုံရိုက်တဲ့ လုလင်ကို
တံခွန်တိုင်အဝိုင်းပါတ်မှာဆင်းခိုင်း ပြီး တောင်သမန်အင်းကိုလက်ဆော့ဘို့
မှောင်ကြီးမဲကြီးထဲသွားခဲ့ဘူးသလို မကြာသေးခင်ကမှရောက်လာခဲ့တဲ့
စာအုပ်ကိုလဲ မနက်အစောကြီးသွားကြိုပြီးတောင်သမန်အင်းကို
လက်ဆော့ခဲ့ဘူးပါတယ်။

ဘယ်အချိန်ရောက်ရောက်တောင်သမန်ကတော့ ကျနော်အတွက်
ဘယ်အချိန်ရောက်ရောက်လှပလို့ နေစမြဲပါဘဲ။
ရောက်တိုင်းလဲ လက်ဆော့မိစမြဲ။
တောင်သမန်ကို နောက်ထပ် ဘယ်အချိန်ဘယ်ကာလ
ဘယ်နှစ်နှစ်ထိ ကျနော်သွားခွင့်ကြုံမလဲဆိုတာတော့
……………………………………………………………………………..
………………………………………………………………………………

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
1-8-2013


31 comments
surmi
August 7, 2013 at 8:01 am
တော်တော်လှတဲ့တောင်သမန်ဗျာ
ချက်ခြင်းကိုလာချင်စိတ်ပေါက်သွားတယ်
တစ်နေ့တော့ ရောက်အောင်လာပါဦးမယ်
ကျနော်က ၁၉၈၉ လောက်မှာပဲ ရောက်ခဲ့ဖူးတာလေ။
မှတ်မိနေတာကတော့ ထန်းရည်တဲလေးတွေ ခုံဝိုင်းလေးတွေနဲ့ရောင်းနေတဲ့ အကြော်ဆိုင်လေးတွေ …..
ပြန်လာဦးမယ်အစ်ကိုရေ …..
ကိုပေါက်(မန္တလေး)
August 7, 2013 at 9:57 pm
မြန်မာပြည်အနှံ့သွားနေတဲ့ ကဆာမိ ခရီးစဉ်ကို မန်းလေးဘက်လှည့်လိုက်ပါတော့
KZ
August 7, 2013 at 8:41 am
လှတယ်ဗျို့။
လွမ်းချက်ကယ်။
ဟွန့်။
ထန်းရည်နဲ့ လယ်ကြွက်ကင် စောင့်နေတာ။
သုံးပန်လှ ၃ မှ မပါရင် လေးပေါက် အပြင်မှာ လိုက်ကျွေးရမယ် ဒါပဲ။ 😀
ကိုပေါက်(မန္တလေး)
August 7, 2013 at 10:01 pm
ကျနော်ရိုက်တဲ့အထဲမှာ ထန်းပင်နဲ့လယ်ကြွက်တော့ မပါဘူး။
မန်းလေးလာရင် လိုက်ကျွေးပါမည်။
ကေဇက်သာ အချိန်ပေးနို်င်မယ် တွေ့ချင်မယ်ဆိုရင် ဆက်သွယ်လိုက်ပါတော့
kyeemite
August 7, 2013 at 9:14 am
ကိုပေါက်ဓါတ်ပုံတွေကတော့ တကယ်ကိုဆွေးရိပ်သန်းသွားပါတယ်ဗျာ.. 😥
လှမှလှပုံလေးတွေနဲ့တောင်သမန်ကိုသရုပ်ဖေါ်သွားတာ ရှယ်ပါပဲ..
ပုံတွေထဲကမှ..“6-8-2013 နေ့မှာ သုံးပန်လှတောင်သမန်အတွက် ရိုက်လာခဲ့တဲ့ အသစ်စက်စက် တောင်သမန်” ဆိုတဲ့ပုံလေးက အပေါ်စီးပုံလေးဆိုတော့
ကိုပေါက်ဘယ်နေရာကရိုက်လာလဲသိချင်သားဗျ…
ကိုပေါက်(မန္တလေး)
August 7, 2013 at 10:16 pm
ကိုမိုက်ရေ ဒီပုံတွေကတော့ အနှစ်နှစ်အလလ စုဆောင်းထားတဲ့ပုံတွေပါဘဲ။
ဒါပေမယ့် ကျန်ပါသေးတယ် တောင်သမန်ပုံတွေ.
ဒီပုံတွေကတော့ ရွာသူားတွေ မန်းလေးလာတော့ လိုက်ပို့တဲ့ ရက်က မှတ်တမ်းတင်ခဲ့တာ
တွေကို ပြန်တင်ပြလိုက်တာပါ။
Foreign Resident
August 7, 2013 at 9:52 am
“တောင်သမန်” ကို မရောက်ဖူးဘူးဗျာ ။
အရင် မန္တလေး ကို အခါခါ ရောက်ခဲ့ချိန်တွေတုန်းကလဲ ၊
ရွာသား မဖြစ်သေး ၊ ဦးပေါက်တို့နှင့် မခင်သေးဘူး ။
တစ်နေ့ အရောက် လာကိုလာရမယ့် နေရာတွေပါပဲ ။
ကိုပေါက်(မန္တလေး)
August 7, 2013 at 10:17 pm
ကိုဖောရောက်လာရင်သာ ခေါ်လိုက်ပါ
ကျနော်ကိုဖော်ကို လိုက်ပို့ပေးပါမယ်
ဦးကျောက်ခဲ
August 7, 2013 at 10:09 am
မောင်ကျောက်လည်း မန္တလေးကိုသာ ရောက်တာ…
“တောင်သမန်” ကို မရောက်ဖူးဘူး…
ဒီတစ်ခါ အလည်လာရင် ကျောက်စ်တို့ကို လိုက်ပို့ပါ…
ဆြာပေါက် ဓာတ်ပုံတွေက ရှယ်ပဲ၊ ရိုက်တတ်ပါ့ဗျာ…
🙂
ကိုပေါက်(မန္တလေး)
August 8, 2013 at 12:16 pm
မောင်ကျောက်က တစ်ညမှ တခဏလေးဘဲတွေ့ခွင့်ပြုတာကိုးဗျ
Ma Ei
August 7, 2013 at 12:04 pm
မန ္တလေး ဦးပိန် အခေါက်ခေါက် ရောက်
တံတား ဆုံးအောင် မလျှောက်ဖူးဘူး…
တစ်ခန်းလောက်နဲ့တင် ခေါင်းမူးလို့…
တံတားစဆုံး လျှောက်ကြည့်ချင်တယ်…
ဓာတ်ပုံတွေ တော်တော်လှတယ်…
ခုချက်ခြင်း ပြေးလာကြည့်ချင်တော့တယ်…
ကိုပေါက်(မန္တလေး)
August 7, 2013 at 10:45 pm
ညနေခင်း ဒါမှမဟုတ် မနက်စောစောဆိုအဆုံးထိ လျောက်လို့ကောင်းတယ်
ဦးဦးပါလေရာ
August 7, 2013 at 12:39 pm
ဆောင်းဦး မြေပဲခင်းတွေ စိမ်းချိန် ဦးပိန်တံတားပေါ်မှာ အပြန်ပြန်အလှန်လှန် စက်ဘီးစီးဘူးတယ်။
(အဲဒီတုန်းက စက်ဘီးစီးလို့ရတယ်)
ဝါခေါင် တံတားကြမ်းခင်းထိလုနီး ရေတက်ချိန်မှာ ဦးပိန်တံတားပေါ်က တောင်သမန်အင်းထဲ ခုန်ဆင်း ရေကူးဘူးတယ်။
တောင်သမန်ရွာဘက်က ဘုရား (နာမည်မေ့နေပြီ)ကို သူငယ်ချင်းတွေနဲ့အတူသွားရင်း တနေကုန်နေခဲ့ဘူးတယ်။
ကိုပေါက်ဓါတ်ပုံလေးတွေကြည့်ပြီး ပြန်လွမ်းမိလိုက်တာဗျာ…
kyeemite
August 7, 2013 at 1:30 pm
တောင်သမန်ရွာဘက်က ဘုရား (နာမည်မေ့နေပြီ)ကို သူငယ်ချင်းတွေနဲ့အတူသွားရင်း တနေကုန်နေခဲ့ဘူးတယ်။
အဲဒါကျောက်တော်ကြီးဘုရားပေါ့ ဦးပါရ..
ကျနော်တို့နေခဲ့ချိန်က ဆင်းတုတော် ရင်ဘတ်တော်မှာ ကျောက်စိမ်းပွင့်လို့ဆိုပြီး
နာမည်ကြီးလိုက်သေးတယ်..၁၉၇ရလောက်ကမှတ်တာပဲ
Mr. MarGa
August 7, 2013 at 1:46 pm
သုံးပန်လှ တောင်သမန်ရဲ့ ဒုတိယပိုင်းပေါ့
ရတနာပုံ မတက်ရလို့လားတော့မသိ တောင်သမန်ကို ခဏခဏ မရောက်ဖြစ်ဘူး
တစ်ခါတစ်လေပဲ ရောက်ဖြစ်တယ်
အခုလို ကျပြန်တော့လဲ လွမ်းစရာ အပြည့်နဲ့ပါလား….
ကိုပေါက်(မန္တလေး)
August 7, 2013 at 4:55 pm
နောက်ဆုံးရိုက်ခဲ့တဲ့ပုံက
(ရေမရှိတော့ ကုန်းတွေဖြစ်နေတာပေါ့ အုမ်အုမ် တို့ မိသားစုနဲ့ သွားတုန်းက)ပုံမှာပါတဲ့ဘုရားပါ။
မနေ့က ကျနော်နဲ့ကိုစိန်သော့ နေ့လည် 2နာရီလောက်ကတည်းကဓါတ်ပုံအရို်က်ထွက်ကြပါတယ်.။
စစ်ကိုင်းတံတားအောက်ကိုသွားပြီးလေးနာရီကျော်ကျော်လောက်တောင်သမန်ရောက်ပါတယ်။
အဲဒီဘုရားကိုသွားမယ်လုပ်တော့ ဘုရားမှာရေတွေဝိုင်းနေပါတယ်။
မေးကြည့်တော့ ခါးလောက်ထိနက်ပါသတဲ့။
ဒါနဲ့ လှေသမားကို အသွားအပြန်လိုက်ပို့ဘို့ အကူညီတောင်းတော့ စေတနာရှိသလောက်ပေးပါ
ဆိုတာနဲ့ ကျပ်တစ်ထောင်နဲ့တည့်သွားပါတယ်။
ညနေခြောက်နာရီလောက်မှာလာကြိုပါလို့ခိုင်းပြိး ဒီပုံလေးကိုရခဲ့တာပါ။
တောင်သမန်နဲ့ဦးပိန်ကိုအပေါ်စီးကရနိုင်တဲ့ နေရာလေးပါ။
လုလင်လဲရောက်ဘူးပါတယ်။
ဂန္ဓာရီ ဆြာအုပ်
August 8, 2013 at 12:23 am
ဟွန်း သများလာတုန်းကတော့လိုက်မပို့ဘူး
လှလိုက်တဲ့ပုံလေးတွေ
ကင်မလာ ပေါက်စနဲ့ရိုက်တယ်လို့တောင် မထင်ရဘူး
ကင်မလာနောက်ကလူက ပိုအရေးကြီးတယ်
ဆိုတာကို ဥပေါက်က သက်သေပြလိုက်တာကိုး
ကိုပေါက်(မန္တလေး)
August 8, 2013 at 12:21 pm
သများ ကမိုးခေါ်လာတာကိုးအေ့
ဒီပုံတွေက နွေမိုးဆောင်း ရာသီဥတု သုံးခုစလုံးက ပုံတွေမို့ပါ။
မကုန်သေးဘူး တင်မယ်ဆိုရင် ကျန်သေးတယ်နော်
ခင် ခ
August 8, 2013 at 8:31 pm
ကျွန်တော် ရန်ကုန်မှာနေတုန်းက မန်း လာလည်ဖြစ်ရင် မန်းကမိတ်ဆွေတွေကို တောင်သမန် ဦးပိန်တံတားကို လိုက်ပို့ခိုင်းပြီးသွားခဲ့ရတယ်။ အခုမန်းမှာနေတော့ ရန်ကုန်နဲ့အခြားမြို့က လာလည်တဲ့မိတ်ဆွေတွေကို အဲဒီတောင်သမန် ဦးပိန်တံတားကို လိုက်ပို့ပေးရတယ်။ အဲဒီလို အခေါက်ခေါက်ရောက်ပေမယ့်လည်း ရိုးသွားတဲ့နေရာအဖြစ်တော့ မဖြစ်ခဲ့ဘူးဗျ။ သွားခဲ့ပေမယ့်လည်း သွားချင်နေစဲ တောင်သမန်ပါဘဲဗျ။ အခုပိုစ့်ထဲက ပုံတစ်ပုံကိုတော့ ကိုပေါက်အမှတ်တရ လက်ဆောင်ပေးလို့ ခင်ခ ရခဲ့ဖူးပါတယ်ဗျ တောင်သမန်အလှတရားတွေကတော့ ချယ်သတတ်သူတွေအတွက် ကုန်မယ်မထင်။
ကိုပေါက်(မန္တလေး)
August 8, 2013 at 10:49 pm
ိသိပ်မှန်တဲ့စကားပါ ကိုခရေ
တောင်သမန်အလှက မကုန်နိုင်အောင်ပါဘဲ
အလင်းဆက်
August 8, 2013 at 8:49 pm
အရမ်း…ရောက်ချင်တယ်။…..
အခုလာမယ့်..ဒီဇင်ဘာ.မှာ..
ရောက်အောင်..ကြိုးစားဦးမယ် ဗျာ..။
padonmar
August 8, 2013 at 10:15 pm
လှလိုက်တာနော်။
ရောက်ဖူးတာ နွေခေါင်ခေါင်ပဲ။
uncle gyi
August 8, 2013 at 10:21 pm
တောင်သမန်ဖြတ်သွားဖြတ်လာ
ဒီလောက်လှတဲ့ရှုခင်းတွေ
သတိမထားမိဖူးဗျို့
ပုံကောင်းတပုံလိုချင်
အချိန်ကောင်းတပုံတပင်ပေးမှရတာဆိုတော့
အချိန်ရှားပါးတဲ့ကျွန်တော့အဖြစ်ကြောင့်
သတိမထားမိတာဖြစ်မယ်ထင်ပါတယ်
ကိုပေါက်(မန္တလေး)
August 8, 2013 at 10:55 pm
အလှတရားတွေက ကျနော်တို့အနားလေးတင်ရှိနေတာပါ
ကျနော်တို့ကသာ အပူတွေနဲ့ မို့ မမြင်ကြရတာပါ
အီးကယ်ဂျန်ရေ
ကိုပေါက်(မန္တလေး)
August 8, 2013 at 10:25 pm
မိုးလဲလှတာဘဲ
နွေလဲလှတာဘဲ
ဆောင်းလဲလှတာဘဲ
ဘယ်အချိန်ရောက်ရောက်လှတာပါဘဲ ခင်ဗျာ
အလက်ဆင်းရေ
ဟန်းနီးမွန်းလာရင်ပိုကောင်းမယ်နော်
အလင်းဆက်
August 9, 2013 at 12:26 pm
ဘူနဲ့ လာရပါ့
🙂
ကိုပေါက်(မန္တလေး)
August 9, 2013 at 10:07 pm
အဖော်ရှာလိုက်လေ
Novy
August 10, 2013 at 11:46 am
လေးပေါက်ရေ..
တောင်သမန်ကို လေးပေါက်-ကိုခ -ဘဲဥ-ငုံးဥတို့နဲ့ အင်းတဲလေးထဲမှာ အကြော်တွေစား
စကားတွေပြောခဲ့ကျတာကို အခုလေးပေါက်တင်တဲ့တောင်သမန်အလှတွေကိုကြည့်ပြီး
ပြန်လည်တမ်းတမိနေပါတယ်
လေးပေါက်ရဲ့လက်ရာတွေအရမ်းလှလို့ သတိရစိတ်ပိုဖြစ်ပါတယ်လို့
ထက်လာရင်လည်း တောင်သမန်ကို ပို့ပေးပါအုံးလို့
Mလုလင်
August 21, 2013 at 12:45 am
မမေ့နိုင်စရာ အတိတ် တွေ နဲ့ မန်းလေး . . . မန်းလေးက မှ တောင်သမန် . . . အောင်မြေ လာနင်း ဦးမယ် ဗျာ . . .။ အရုဏ်တက် ဝမ်းစာအရှာထွက်တဲ့လှေကလေးတွေ . . . ဆိုတဲ့ ပုံ ကြိုက်တယ် ဗျို ့ . . .။
ကိုပေါက်(မန္တလေး)
August 21, 2013 at 3:27 pm
ကလုရေ အဲဒီပုံလေးက ကိုစိန်သော့နဲ့သွားတဲ့ ဆောင်းနံနက်ခင်းမှ ရထားလိုက်တဲ့ ပုံကလေးပါ
ငေးလ
August 21, 2013 at 4:50 pm
ပထမ ဆုံးဉီးပိန် တံတား သွားတုန်းကလို ခံစားမှုမျိုးကို ထပ်မံ ခံစားခွင့်ပေးတဲ့ ပိုစ့်လေးပါ လေးလေးရယ်