တိုက်ကြီးအမတ် ဒေါ်မေနှင်း ( ရွှေကူမေနှင်း )
၁၉၈၈ ခုနှစ်၊ ဇွန်လ
ရန်ကုန်မြို့ရှိ ကျွန်မအိမ်က ပြည်လမ်းမကြီးဘေးမှာ ဖြစ်၏။
ပြည်လမ်း၊ လှည်းတန်းမီးပွိုင့်ကား ထူးခြားမှု ဝိသေသ ရှိသည်။
လမ်း ၅ လမ်းဆုံသဖြင့် စည်ကားသည်။ အနားမှာ ရန်ကုန် တက္ကသိုလ်ကြီး ထီးထီးရှိနေခြင်းကလည်း တစ်မျိုးဂုဏ်ရှိနေသည်။
ထို့ကြောင့်ပင် တစ်ခုခု လူသိရှင်ကြားဖြစ်လိုလျှင် ဤဆုံရပ်ကို လာတတ်ကြ၏။
ထိုနေ့က ပြည်လမ်းမပေါ်မှာ အဖြူ၊ အစိမ်းလေးတွေ လျှောက်လာကြသည်ဟု ကြားရ၏။
ကျွန်မ ထွက်ကြည့်ပါသည်။
ကလေးလေးတွေကို အံ့ဩစိတ်ဖြင့်ကြည့်ရင်း ဝမ်းနည်းသလို ခံစားရပါသည်။
စာရေးဆရာ မောင်အောင်မွန် ရောက်လာသည်။ သူက လက်ခုပ်တီး၏။ ကျွန်မက မတီးရဲချေ။
ထိုနေ့ ညနေမှာပါပဲ…..
ကလေးလေးတွေကို မြေနီကုန်း ရုပ်ရှင်ရုံအနီးတွင် လုံခြုံရေးခေါ် မော်တော်ကားကြီးများနှင့် တိုက်ပစ်သတဲ့။ ကျွန်မ ဝမ်းနည်းနေသည်။
နောက်နေ့မနက်…. ၉ နာရီလောက်မှာ ကျွန်မအိမ်သို့ ‘ ဦးဝင်းခက်’ ရောက်လာသည်။
အခြားတစ်ယောက်လည်း ပါသည်။ သူတို့က စာရွက်တစ်ရွက် (ဗြောင်ချော) ကိုပေးပြီး လက်မှတ်ထိုးဟု ဆိုသည်။
” မနေ့က ကျောင်းသားလေးတွေကို ကားနဲ့တိုက်သတ်တဲ့ ကိစ္စ ကန့်ကွက်စာတင်မလို့၊ ရေးထားတဲ့ ကန့်ကွက်စာက ‘မောင်ကိုယု’ ဆီမှာ၊
သူတို့က မောင်စွမ်းရည် အိမ် သွားနေတယ်၊ ကျွန်တော်တို့က ဆရာမဆီ လာတာ၊ လူခွဲလုပ်ရတာ ”
မောင်စွမ်းရည်နှင့် ကျွန်မက နှစ်အိမ်ခြားနေကြတာပါ။
“ဒီမှာ….ဆရာဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ် ထိုးပြီးပြီ”
“ဒါဆို….ကျွန်မလည်း ထိုးမယ်”
ဆရာတို့အိမ် ဝင်ခဲ့ပြီး ဖြစ်မည်။ ကျွန်မတို့ အားလုံး တစ်ရပ်ကွက်တည်းပါ။
ဝဂီ္ဂမှာ ပဉ္စဝဂီ္ဂရှိတယ်ဟု ကျွန်မတို့ ရယ်စရာ ပြောလေ့ရှိပါသည်။
ဟုတ်ပါသည်။
ဝဂီ္ဂ၌ (၁) ဆရာမကြီးခင်မျိုးချစ်၊ (၂) ဆရာမောင်စွမ်းရည်၊ (၃) ဆရာမောင်နီသင်း၊ (၄) ဆရာမောင်အောင်မွန်၊ (၅) ဆရာမရွှေကူနှင်း ဆိုတော့ ပဉ္စဝဂီ္ဂငါးဦးပေါ့။
(နောင် မောင်အောင်မွန် ပြောင်းသွားရာ ခင်မောင်တိုး (မိုးမိတ်) ဝင်လာသည်။ ပဉ္စဝဂီ္ဂပါပဲ။)
ကျွန်မတို့တစ်စု တစ်စိတ်တစ်ဝမ်းတည်း နေနေကျမို့ ဘာစာမှ မမြင်ရပေမယ့် ကျွန်မ လက်မှတ်ထိုးလိုက်ခြင်း ဖြစ်ပါသည်။
ထိုည… ၈ း၃ဝ ခန့်။
ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှ သတင်းလာနေ၏။
” ကျောင်းသားလေးများကို ကားဖြင့်တိုက်သတ်သည့် ကိစ္စ ရန်ကုန်မြို့မှ စာပေနှင့် အနုပညာရှင် ၁၀ဝ ကျော်က လက်မှတ်ထိုးပြီး ကန့်ကွက်စာ တင်လိုက်ကြောင်း….”
ကျွန်မ အံ့အားသင်းနေခဲ့၏။
ဟင်… မနက်ကမှ ငါတို့ လက်မှတ်ထိုးလိုက်တာ ဒီည သတင်းပါနေပါလား။
“ကိစ္စသည် လူ့အခွင့်အရေးကို ထိပါးခြင်း ဖြစ်ကြောင်း၊ ဥပဒေပုဒ်မ များအရ မညီကြောင်း၊ ကန့်ကွက်ကြောင်း”
အောက်တွင် ကန့်ကွက်သူက အောင်ဆန်းစုကြည်တဲ့။
ကျွန်မ အံ့အားသွားပြန်သည်။
ဟင်…အောင်ဆန်းစုကြည်ဆိုပါလား၊ ငါက ဘာပုဒ်မမှ မသိဘူး၊ သူက ဥပဒေတွေနဲ့၊ ပြီးတော့…တစ်ပွေတည်း။ သတိ္ကကောင်းလိုက်တာ။
ကျွန်မ သူ့ကို တစ်ချီတည်းနဲ့ အထင်ကြီးသွားသည်။ ဝရန်တာမှနေ၍ အော်လိုက်သည်။
“အောင်ဆန်းစုကြည် ပါတီထောင်ရင် ငါတို့ တစ်အိမ်လုံး ဝင်မယ်” ဟု။
(၂)
ထို ဇွန်လ (၂၁) ရက်မှစ၍ ရန်ကုန်မြို့ မိုးဖွဲဖွဲများကြား၌ အနယ်နယ်အရပ်ရပ်တွင် ချီတက်ပွဲများ ဖြစ်ပေါ်ခဲ့၏။
စင်မြင့်ဟောပြောပွဲများ ဖြစ်ပေါ်ခဲ့၏။
သတင်းတွေ ပလူပျံနေခဲ့၏။ သမ္မတ တစ်ယောက်ပြီး တစ်ယောက် နုတ်ထွက်ခဲ့၏။ ကျွန်မကား အိမ်ထဲမှသာ နားစွင့်နေခဲ့ပါသည်။
ဇူလိုင်လထဲ ရောက်လာသည်။
ထီးကလေးတစ်ချောင်းနှင့် ကျွန်မ လမ်းလျှောက်နေဆဲ ဘေးမှာ ကားတစ်စီး ထိုးရပ်ရင်း-
“ဆရာမ လာ တက်ပါ”
‘”ဘယ်ကိုလဲ”
“ဟောပြောပွဲလေ၊ ကားထဲမှာ ဆရာစွမ်းပါတယ်။ သူ့ကို လာခေါ်တာ၊ ဆရာမလည်း လိုက်ခဲ့ပါ”
“အေးလေ….လိုက်နားထောင်တာပေါ့”
ကျွန်မကို ကားရပ်ပြီး ဖိတ်ခေါ်သူမှာ ကုမုဒြာမဂ္ဂဇင်း (ယခု ဂျာနယ် မဟုတ်) အယ်ဒီတာ ဖြစ်၏။
သူ့မဂ္ဂဇင်းမှာ ကျွန်မ ဝတ္ထုရှည်ပေးထားသည်။ စာမူခ အမြင့်ဆုံးပေးသည်။ ငွေကြိုပေးသည်။
စေတနာကောင်းသည်။ စာပေစိတ်ရှိသည်။ သူခေါ်ခြင်းအတွက် ကျွန်မ လိုက်သင့်သည်။
မောင်စွမ်းရည်ပါနေခြင်းကလည်း ရှိသည်။
ကြို့ကုန်းဘူတာနားမှာပါ။
ကျွန်မတို့ရောက်တော့ ‘ဦးဝင်းခက်’ ဟောနေပြီ။ ဒေါတွေမာန်တွေနှင့်။ အတော် ရဲရင့်ကြပါလား။
သူ ဆင်းတော့ ဆရာစွမ်းတက်၏။
ဤတွင် ကုမုဒြာက “ဆရာမ ဟောဖို့ ပြင်ထား” တဲ့။ ကျွန်မက “မစမ်းနွဲ့လည်း သွားခေါ်ဦး” ဟု အဖော်စပ်ရ၏။ သူ့ကား လွှတ်လိုက်သည်။
ကျွန်မ နောက်နေ့ မသွားတော့ဘူးဟု ဆုံးဖြတ်ထားသည်။ သူများတွေ ပြောနေတာ လုံလောက်သည်ဟု ကျွန်မ ခံယူသည်။
သို့သော် မနက်လင်းခါစမှာပင်…
“မမနှင်း…မမနှင်း”
အိမ်ရှေ့မှာ ကားရပ်ပြီးအော်နေတာ ဘယ်သူပါလိမ့်ဟု ဝရန်တာမှ လှမ်းကြည့်ရာ ဘိုင်အိုမင်းသစ်။
“လာ…လာ…. ခင်ဗျား လိုက်ရမယ်”
ကျွန်မ လိုက်သွားခဲ့၏။ ဒေါ်ခင်မျိုးချစ်၏သား ဒေါက်တာခင်မောင်ဝင်းလည်း ပါသည်။ စင်တွေ အများကြီးပါ။
ကြည့်မြင်တိုင်စင်မှာ ရုပ်ရှင်မင်းသားလေး ‘စိုးသူ’ ပင်နီတိုက်ပုံနှင့် လက်သီးလက်မောင်းတန်းနေပုံက သဘောကျစရာ၊ အားတက်စရာပါ။
ဗိုလ်တထောင်စင်မှာက ဆီးကြိုနေသည်။ သူ ဟောပြီးပြီတဲ့။ သူတို့သစ်စက် (အစိုးရ သစ်စက်) ရှေ့ကစင်မှာ ဖြစ်၏။ ရန်ကင်းရောက်တော့ မြန်မာ့ အသံမှ မိတ်ဆွေသည် ကျွန်မကိုဆီးမကြိုဘဲ ရှောင်သွား၏။
ဆင်မလိုက်မှာ ကာတွန်းကိုငွေကြည်၊ မရမ်းကုန်းမှာ ဆရာမင်းသိင်္ခ၊ မောင်စိန်ဝင်း (ပုတီးကုန်း)။
ထိုပွဲမှာ ကျွန်မသည် စမ်းစမ်းနွဲ့ (သာယာဝတီ) နှင့် ကြူကြူသင်းပါသဖြင့် ပျော်နေခဲ့၏။ ဆရာ မင်းသိင်္ခကို “ဟုတ်ပြီ….ဒါမှ တို့အစ်ကိုကြီး” ဟု အားပေးနေခဲ့ကြ၏။
ဩဂုတ်လ (၈) ရက်။
ကားတွေမရှိ၍ မြို့ထဲသို့ လမ်းလျှောက်ကြရသည်။ လမ်းကရေတွေ အဆိပ်ခတ်သလိုလို သတင်းထွက်သဖြင့် အိမ်မှ ရေပုလင်းယူလာခဲ့ရသည်။ ဘားလမ်းရောက်တော့ သံရုံးရှေ့လိုက်ပါဆို၍ လိုက်ရသည်။
သံရုံးရှေ့ဆိုတော့ ကျွန်မ အင်္ဂလိပ်လို ဟောလိုက်၏။ စတန့်မဟုတ်ပါ။ လိုအပ်သည်ထင်၍ပါ။
မနက်တိုင်း မင်းသစ် လာခေါ်သည်။ မောင်စိန်ဝင်းပါသည်။ ချစ်ဦးညိုနှင့်လည်း ဆုံသည်။ နေ့လယ်စာ မစားဖြစ်။ အအေးပုလင်းပဲ သောက်ဖြစ်၏။
စီးကရက်တစ်လိပ်ကို ကားပေါ်ကျမှ တစ်လိပ်ကို နှစ်ယောက် တစ်လှည့်စီ သောက်ရသည်။ ဝင်ငွေမှ မရှိဘဲ။ မဂ္ဂဇင်းတွေ ရပ်သွားတာ (၂) လ ရှိပြီ။
စက်တင်ဘာ (၁၈) ရက်။
မောင်စိန်ဝင်းက လှည်းတန်းအဝိုင်းမှာ အစာငတ်ခံရင်း ကျန်ရစ်သည်။ မင်းသစ်က အင်းစိန် သွားနှင့်၏။
ကျွန်မက ကိုမိုးသူနှင့် သမိုင်းမှာ။
မောင်စိမ်းနီတို့က “အကုန်မရရင် တစ်ခုမှ မယူဘူး” ဟု အော်ကြသည်။
ညနေ ၄ း ၃ဝ ဝန်းကျင်။
ကိုမိုးသူနှင့် လက်ဖက်ရည်ဆိုင်မှာခဏနားဆဲ။
ဟင်…ရေဒီယိုက သီချင်းတွေက “Marching” စစ်ချီတေးတွေ ဆက်လာနေပါကလား။ အနောင်ဇာအသံလည်း မပါ။
၄း၃၀။
(ဦးသာဦး) အသံဖြင့်….
အာဏာသိမ်းလိုက်ပြီဖြစ်ကြောင်း……။
ကြုံရာကားကိုတားပြီး လှည်းတန်းသို့ ပြန်ရ၏။
“ပွဲကြမ်းတော့မယ်….” ဟု မောင်အောင်မွန်က ဆိုသည်။
ကလေးတွေကို ပြန်ခေါ်၍ မရ။
မှောင်လာပြီ။ စစ်ကားကြီးတွေက သတိပေးနေသည်။
ရပ်ကွက်ထဲပြန်ကာ ဆရာတော်ကို အကူအညီတောင်းရ၏။ ဆရာတော်လိုက်လာပြီး “လာ..အိမ်ပြန်ကြရအောာင်”ဆိုမှ ကလေးအားလုံး ရုပ်သိမ်းပြီး ဘုန်းကြီးကျောင်းသို့ လိုက်လာကြသည်။
သူတို့ စီစဉ်ထားသည့်အတိုင်း ည ၁၁းဝဝ နာရီအထိ ဆက်ထိုင်ကြသည်။ ကွေကာအုပ် ကျိုပြီးတိုက်ရ၏။
တစ်ည…တစ်နေ့…..နှစ်နေ့….သုံးနေ့…
ဝုန်းဒိုင်းကြဲရက်များ၊ ဘယ်မှ မထွက်ဖြစ်။
စက်တင်ဘာ (၂၅) တွင် သတင်းစာမှာ ပါလာ၏။ အောင်ဆန်းစုကြည်ပါတီကို (၂၇) ရက်မှာ စတင်ထည်ထောင်မည်ဟု။
ထိုနေ့မှာပင် အမှတ် (၅၆) တက္ကသိုလ်ရိပ်သာလမ်းသို့ အပြေးဝင်ခဲ့၏။
သို့ဖြင့် NLD (ခ) အမျိုးသားဒီမိုကရေစီထဲ ရောက်ခဲ့တော့သည်။
(၃)
စက်တင်ဘာ (၂၇) ရက်နေ့တွင် လိပ်စာပါအတိုင်း အမှတ် (၅၆)၊ တက္ကသိုလ်ရိပ်သာလမ်းသို့ ခြေကျင်လျှောက်ရသည်။ ထိုလမ်းသို့ ဘတ်စ်ကား မသွား၍ ဖြစ်သည်။
ခြံဝင်းထဲလှမ်းကြည့်တော့ တဲကြီးထိုးထားသည်ကို မြင်ရ၏။ လူတွေ တိုးဝှေ့နေကြသည်။ ကိုယ်လိုလူတွေပင် ဖြစ်မည်။ အသိတွေ့လိုတွေ့ငြားရှာတော့ ‘ကိုမိုးသူ’ကို မြင်လိုက်ရ၍ ဝမ်းသာအားရှိသွားသည်။
အာဏာသိမ်းသော စက်တင်ဘာ (၁၈) ညနေက ကိုမိုးသူနှင့်အတူ မရမ်းကုန်း ဘုန်းကြီးကျောင်းမှာ ဟောပြောကြပြီး လက်ဖက်ရည်ဆိုင်ထဲဝင်ထိုင်၊ လက်ဖက်ရည်သောက်နေစဉ် ၄း၃ဝ မှာ ကြေငြာချက်ကို ကြားခဲ့ရဖြင်း ဖြစ်သည်။ ထိုအချိန်ကတည်းက သူ့လမ်း ကိုယ့်လမ်း ခွဲပြန်ခဲ့ကြရာ ယခု သည်လိုနေရာမှာ ပြန်တွေ့ရသဖြင့် ‘အားရှိ’သွားခြင်း ဖြစ်၏။
ကိုမိုးသူက ခါတိုင်းနှယ်ပင် ရွှင်ရွှင်ပျပျနှင့် တလွှားလွှားလုပ်နေသည်။
“ဒီနေ့တော့ ဘာမှမလုပ်နိုင်သေးဘူး (၃၀) ရက်နေ့ကျမှ လျှောက်လွှာရမယ်။ ၄၄ ကို လာခဲ့ပါ။ အဲဒီမှာ ရုံးခန်း ဖွင့်မယ်”
ဟု သတင်းပေးသည်။ ကမာရွတ်မှ လူအချို့ကိုလည်းတွေ့၍ ပြောပြရသည်။ အဲဒီနေ့ အစောကြီးသွားရမယ်။ ဒါမှ နံပါတ်စောစောဝင်မှာဟု ကျွန်မ တက်ကြွနေခဲ့၏။
တကယ်တမ်း ထိုနေ့နံနက်တွင် ၄၄ သို့ မဝင်ရောက်နိုင်သေးချေ။ အပေါင်းအသင်း သံယောဇဉ်ကြီးသူမို့ ရန်ကင်းသို့ အရင်သွားသည်။
အနောက်ရန်ကင်းမှာ စမ်းစမ်းနွဲ့ (သာယာဝတီ) ရှိ၏။ သူ့ကို အဖော်သွားခေါ်ခြင်း ဖြစ်သည်။ သူ့အိမ်ခန်းရောက်တော့ ချစ်ဦးညို ရောက်နှင့်နေတာမို့ ဆုံကြသည်။
ဆွေးနွေးကြသည်။ ထိုနေ့က စမ်းစမ်းနွဲ့ ပြောသောစကားကို ကျွန်မ မှတ်မိနေသည်။
“အေးလေ….ကောက်ကောက်ထဲက ကွေးကွေးပေါ့” တဲ့။
သူ့စကားကို မငြင်းပယ်သော်လည်း ကျွန်မက အဲသည်လို မမှတ်ယူပါ။ “ကောင်းသည်” ဟုသာ အပြည့်အဝ ယုံခဲ့၏။
တစ်သက်လုံး နိုင်ငံရေးပါတီ မဝင်ခဲ့ပါဘဲနှင့် ဝင်ဖို့ ဆုံးဖြတ်ခြင်းသည် ယုံကြည်၍ ဖြစ်သည်။
၃ ယောက်သား အတူဝင်ကြမည်ဟု တိုင်ပင်ပြီး ကျွန်မနှင့် ချစ်ဦးညိုက ပြန်ရင်း လျှောက်လွှာဝင်ဝယ်မည်။ မစမ်းနွဲ့က နေရစ်သည်။
သို့သော်… ကုက္ကိုင်းလမ်းဆုံရောက်သောအခါ ချစ်ဦးညိုက “မမနှင်း၊ ကျွန်တော် ပြန်စဉ်းစားဦးမယ်” ဟု ဆိုပြီး ကုက္ကိုင်းမှတ်တိုင်သို့ ဆက်သွားသည်။
တက္ကသိုလ်ရိပ်သာလမ်းထဲသို့ ကျွန်မနှင့်အတူ မလိုက်တော့ချေ။
ကျွန်မကား ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ်မို့ ၄၄ သို့ သွားခဲ့သည်။ တစ်စောင် ၂ိ/ -ပါ ။ လျှောက်လွှာပုံစံဝယ်ရာတွင် ပို၍အားရှိသွားရ၏။
အကြောင်းမှာ လျှောက်လွှာရောင်းနေသူများမှာ အခြားမဟုတ်။ ပေဖူးလွှာမှ အယ်ဒီတာလေး မျိုးမြင့်ညိမ်း ဖြစ်နေ၍ ဖြစ်၏။
သူ့နှင့်အတူ စာရေးဆရာမလေး မသီတာ( စမ်းချောင်း) ကိုပါ တွေ့ခဲ့ရ၏။ ကိုယ့်လူတွေ ဆိုပြီး ကျွန်မ ပျော်ရွှင်နေခဲ့ပါသည်။
မစမ်းနွဲ့ကို သွားခေါ်နေရ၍ ကျွန်မ အဖွဲ့ဝင်နံပါတ်ရာကျော်မှာ ဖြစ်သွားကြောင်း ခံစားလိုက်သေးသည်။ ဦးဆုံးပါတီဝင် ဖြစ်ချင်နေပုံရ၏။
နောက်နေ့ မနက်စောစောပင် ၄၄ သို့ သွားသည်။ ” အဖွဲ့ချုပ်” ဟုပင် ခေါ်နေကြပြီ။ လူတွေ သောက်သောက်လဲ လာကြသည်။ စာရေးဆရာတွေ၊ ကာတွန်းဆရာတွေ၊ ရှေ့နေတွေ၊ မျက်နှာသိတွေများသဖြင့် အားလုံး ပြုံးပျော်နေကြသည်။ မသေလို့ တွေ့ရ မေ့နိုင်ပါ့မလားဆိုပြီး အားဖြည့်လာကြသည်။ နှစ်ထပ်တိုက် အပေါ်ထပ်မှာ အတွင်းရေးမှူး ဦးဝင်းတင် ရုံးထိုင်သည်။ ဦးဝင်းခက်က ဟိုပြေး သည်လွှားနှင့် ကျွန်မတို့ကို နေ့လယ်စာ စား၍ရအောင်လည်း စီစဉ်နေသည်။
တိုက်နောက်ဘက်မှာ သက်ငယ်မိုးတန်းလျားကြီးမှာ (ကျွန်မတို့က နွားတဲကြီးဟု ခေါ်သည်။)
ခုံတန်းရှည်တွချထားရာ၊ အဲ့သည်မှာ ကျွန်မတို့ စာရေးဆရာများ နေရာယူထိုင်ကြသည်။ အောင်စိုးဦးက ဒိုင်ခံဧည့်ခံနေရ၏။ ကြူကြူသင်းရောက်လာသည်။ မြမြလှိုင် လာသည်။
စမ်းစမ်းနွဲ့ လာသည်။ နောက်အပတ်လောက်မှ မောင်ဝံသ ရောက်လာသည်။ တစ်နေ့ တစ်နေ့ သတင်းဖလှယ်ကြ။ နယ်မှလာသူများနှင့် စကားပြောကြရုံပါပဲ။
ဤရက်ပိုင်းအတွက် ‘ပါတီ’ တွေထောင်ကြတာ၊ နေ့စဉ် သတင်းစားထဲ ပါလာသည်။ “ပါတီထဲပါပါ၊ အတွင်းရေးမှူးပေးပါ့မယ်၊ စီအီးစီ ပေးပါ့မယ်” စသဖြင့် လာခေါ်ကြသည်။
ကျွန်မကမူ ပါတီဆိုင်းဘုတ်တွေ လက်ညှိုးညွှန်ပြီး ကိုယ်ကတော့ ဒါပဲ… ဟု ပြတ်သားစွာ ပြောခဲ့၏။
အချို့ ဆရာ၊ ဆရာမများ အခြားပါတီထဲ အမည်ပါလာကြသည်။ ဤတွင် ဦးဝင်းတင်တို့က “ကိုယ့်လူတွေ” ဆိုပြီး နေရာချပေးတော့၏။
(ဥပမာ စမ်းစမ်းနွဲ့ကို ပဲခူးတိုင်း စည်းရုံးရေးအဖွဲ့ဝင်) ကျွန်မကိုလည်း ရုံးခန်းသို့ ဖိတ်ခေါ်ပြီး-
“အမျိုးသမီး ဗဟိုအဖွဲ့ကိုင်ပေးပါ။ ဒီမှာက အမျိုးသမီးထဲက စမ်းစမ်းနွဲ့လည်း ‘တက်သိ’ ထဲပဲဝင်မယ် ပြောတယ်။ ဒီတော့ ဆရာမလုပ်မှ ဖြစ်မယ်”
ဟု ဆိုပါသည်။
အမှန်ပြောရလျှင် ကျွန်မသည် ‘မိန်းမဝါဒ’ ရှိသူမဟုတ်။ ယောကျာင်္း၊ မိန်းမ ခွဲခြားစိတ်မရှိ။ မိန်းမတွေကိုလည်း ‘ပစိပစစ်များသည်’ ဟု အထင်မကြီးသူ ဖြစ်သည်။
သို့သော် ယခု ပါတီဦးဆောင်ပုဂ္ဂိုလ်၊ ကျွန်မလေးစားပြီးသူ ဦးဝင်းတင်က သင့်တော်သူအဖြစ် တာဝန်ပေးနေတာကြောင့် ဟုတ်ကဲ့ဟု လက်ခံခဲ့ရသည်။
တရားဝင်စာထွက်သောအခါ အမျိုးသမီး ဗဟိုလုပ်ငန်းအတွက် ကျွန်မနှင့် ကြူကြူသန်း( ကြူကြူသင်း မဟုတ်ပါ)၊ ကြူကြူသန်း (ဗန်းမော်) နှစ်ယောက်တည်း ပါသည်။
တာဝန်ပေးသူနေရာ၌ အထွေထွေအတွင်းရေးမှူါ် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးထားသည်။
(၄)
ဤသို့ဖြင့် ကျွန်မသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသမီး ဗဟိုလုပ်ငန်းအဖွဲ့၌ တာဝန်ခံဖြစ်လာခဲ့၏။ ရုံးစားပွဲ၊ ဗီရိုများ စတင်စုစည်းရ၏။
လုပ်ငန်းအဖွဲ့ ကြေညာစာတမ်းရေးရ၏။ ရုံးမှာ ကူညီရန် ချဉ်းကပ်လာသော အမျိုးသမီးများကို မျက်နှာမရွေး လက်ခံခဲ့ရ၏။
ဤအချိန်တွင် ကြူကြူသင်းတို့၊ မြမြလှိုင်တို့က သူတို့ ခင်ပွန်းများ ဝန်ထမ်းမို့လို့ဆိုပြီး ထွက်သွားကြပြီ။ မြသဲဖြူတစ်ယောက်ပင် ကလေးငယ်လို့ဆိုပြီး စာရင်းမပေးဘဲ အလည်အပတ်သာ လာတော့၏။
မြနှောင်းညိုတစ်ယောက်ကမူ ရံခါရံခါလာပြီး လက်ဖက်ရည်တိုက်သည်။
“ညို မလုပ်နိုင်တာတွေ မမတို့လုပ်လို့” ဟု ဆိုသည်။
အဖွဲ့ချုပ်က နေ့လယ်စာတစ်နှပ် ကျွေးပါသည်။ ရွှေကြေးစည် ဘုရားဖူးလုပ်ငန်းမှ စမ်းစမ်းအောင်က အလုပ်နားနေစဉ်နှင့်လည်း ကြုံသဖြင့် ထမင်းဟင်းကို အသက်သာဆုံးနှုန်းနှင် ့ချက်ကျွေးခြင်း ဖြစ်၏။
အဖွဲ့ချုပ်မှာ လူငယ်အဖွဲ့၊ သတင်းနှင့် ပြန်ကြားရေးအဖွဲ့၊ ခြံထဲမှာ လုံခြုံရေးအဖွဲ့ စသဖြင့် ထမင်းစားမည့်သူ အတော်များသည်။
ညအိပ်လူငယ်များ ရှိသည်။ သား တာဝန်ယူနေသော အဖွဲ့ဝင်ကတ်ပြား ထုတ်သောအဖွဲ့က မအိပ်မနေ အလုပ်လုပ်ရသည်။
ပြန်ကြားရေးအဖွဲ့က ကြေညာချက်များ၊ စာစဉ်များ လက်နှိပ်စက်ရိုက်၊ စာကူးစက်ကူး၊ အလုပ်အလွန်များကြပါသည်။
နေ့စဉ် တစ်ပြည်လုံးမှ အဖွဲ့ဝင်လိုသူများ ရောက်လာကြသည်။ နယ်မှလာသူများကို ထမင်းမကျွေးနိုင်ပါ။ သူတို့ကပင် လက်ဖက်ရည် တိုက်ကြရှာသည်။
ကျွန်မတိုပ အားလုံး အလုပ်မရှိကြတော့ပေ။ ဝင်ငွေ မရှိကြတော့ပေ။
အိမ်မှာရှိတာတွေ ထုခွဲစားပြီး အဖွဲ့ချုပ်၌ အလကား လုပ်အားပေးနေကြခြင်း ဖြစ်သည်။
မဂ္ဂဇင်းတွေ ရပ်ထားကြ၏။
တချို့ ထွက်ပြန်တော့ ကျွန်မတို့အမည်များ Black List တဲ့။ စာရေးဆရာဘဝကို ရုပ်သိမ်းခံလိုက်ရပြီ။ ကျွန်မတို့ ဝမ်းနည်းရကောင်းမှန်း မသိပါ။
တစ်နေ့ ထမင်းတစ်နပ်စားရခြင်းသည် လောလောဆယ် လုံလောက်နေသေးသည်။ ညနေပိုင်း တစ်ယောက်ယောက်က လက်ဖက်ရည်တိုက်လိုက်လျှင် ညစာပဲဟု ယူဆလိုက်သည်။
အနာဂတ်သည် ဘယ်လဲ ကျွန်မတို့ မသိပါ။ အားလုံးသည် အဖွဲ့ချုပ်၏ညွှန်ကြားမှုအောက်တွင် အသက်ပင် စွန့်ရစေတော့ဟု မာန်တင်းနေခဲ့ကြ၏။
နယ်များသို့ ဖွဲ့စည်းရေး သွားဖြစ်သည်။ အားငယ်နေသော လူထုက ကြိုဆိုသည်။
ကြည်နူးဖွယ်ကာလများတည်း။
၁၉ ဇူလိုင်ကိစ္စ။
သက်ဆိုင်ရာက ပါတီတွေများသဖြင့် တစ်ပါတီလျှင် (၁၀) ဦးသာ ချီတက်အလေးပြုရန် အမိန့်ထုတ်၏။
အဖွဲ့ချုပ်က ၁ဝ ဦးထက် ပိုမယ်ဟု ရင်ကော့ပြသည်။ မနက်ဖြန် ၁၉ ဆိုသောအခါ ဆရာမတစ်ယောက် ခြေထောက်မှာ ပတ်တီးချည်လာတာ မြင်ရ၏။
သူက လည်တယ်ဟုသာ သိလိုက်သည်။ အပြစ်မဆိုသာချေ။
ကျွန်မသဘောစင်စစ်မှာ အသေခံရဲသူ မဟုတ်ချေ။
ထိုမျှ သတိ္တ မရှိပေ။
သို့သော် မနက်ဖြန်အတွက် အားလုံး တက်ကြွနေကြပြီ။ ဘယ်သူက အလံကိုင်မယ်၊ ဘယ်သူက ပန်းခွေကိုင်မယ် စာရင်းပေးနေကြပြီ။
ကျွန်မသည် ဗဟိုလုပ်ငန်းအဖွဲ့တစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်၏။ ခြေထောက် ပတ်တီးစည်းမပြချင်ပါ။ မနက်စောစော အိမ်သော့ခတ်ရင်း ညနေဒီသော့ကို ဖွင့်နိုင်ချင်မှ ဖွင့်နိုင်မည်ဟု တွေးနေခဲ့မိသေးသည်။
အဖွဲ့ချုပ်ရောက်တော့ သံဃာတော်များ အချိုပွဲတည်နေပြီ။
တစ်စုံတစ်ရာကို စူးစူးစိုက်စိုက် စဉ်းစားနေပုံရ၏။ ညက တစ်ညလုံး ချီတက်သူများ စည်းကမ်းမလိုက်နာလျှင် လက်နက်သုံးမည်၊ အင်အားသုံးမည်ဟု ကားတွေနှင့် လှည့်အော်နေခဲ့သည်။
မြို့နယ်အချို့ကား အဖွဲ့ချုပ်သို့ မဝင်တော့ဘဲ အာဇာနည်ကုန်းသို့ တန်းသွားကြရန် စီစဉ်ထား၏။
နံနက် ရးဝဝ နာရီ။
ဒေါ်အောင်ဆန်းစုကြည်သည် သံဃာတော်များ ဆွမ်းကပ်၍ ပြန်ကြွအပြီးတွင် ထိုစားပွဲပေါ်၌ပင် စာရွက်နှင့် ဘောပင်တောင်းကာ လက်ရေးကြီးကြီး ကြမ်းကြမ်းနှင့် အတိုဆုံးကြေညာချက် ရေးလိုက်သည်။
ပြန်ကြားဌာနက လက်ရေးအတိုင်း အမြန်ဆုံးကူးကာ ရုံးရှေ့၌ ဝေရသ်။
“လွတ်လပ်စွာ ချီတက်ခြင်းမပြုရသဖြင့် မိမိအိမ်တွင်းမှာပင် နေတော့မည်” ဟုသဘောရသော စာတို၊ ကြေညာချက်ကို တွေ့သမျှ ကားများ၊ လူများကို ကျွန်မ အပါအဝင် လူငယ်များက လုပ်အားပေး ဝေကြသည်။
အချို့က ကားနှင့်ထွက်ပြီးဝေသည်။
မောင်ကိုယုက မျက်နှာနီနီနှင့် စိတ်ဆိုးနေ၏။ ဒီနေ့မှာ ချီတက်ချင်လွန်းလို့ အိမ်မှာ ညမအိပ်ဘဲ ရှောင်နေခဲ့တာ၊ ခုတော့ သွားပြီဟု ငိုမတက် သူ ခံစားနေ၏။
ကိုမိုးသူက ဦးဘဝင်းအိမ်မှာ မုန့်ဟင်းခါး ကျွေးနေတယ် သွားစားကြဟု ဆိုသည်။ တစ်ရုံးလုံး ဝရုန်းသုန်းကား။ ဘာလုပ်ရမှန်း မသိ။
ယခုခေတ်လို လက်ကိုင်ဖုန်းတွေ ပေါလျှင် ကောင်းလေစွ။ အရင်ကတော့ လမ်းဘေးဖုန်းပင် မရှိ။
မည့်သူ့ကိုမျှ အကြောင်းမကြားနိုင်။
ရေခဲဆိုင်ဘက်မှာ ချီတက်လာသော လူများအရိုက်ခံရသည်ဟု အတော်ကြီးကြာမှ ကြားရသည်။ အိမ်ပြန်သူပြန်၊ ရုံးမှာ ထိုင်မှိုင်သူမှိုင်။
ထိုညမှစ၍……
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်။သားတို့ ရုံးချုပ်ကလည်း အကျယ်ချုပ် ၊
ကိုမိုးသူ၊ မစမ်းနွဲ့၊ ဒေါ်မြင့်မြင့်ခင် စသူတို့ အင်းစိန်။
ကျွန်မကား မိတ်ဆွေတစ်ဦး အကြံပေးချက်အရ ညကတည်းက အိမ်ကထွက်ပြီး မနက်စောစော သာရဝေါရထားစီးသွားခဲ့သည်။
သာရဝေါမှာ အသိေ တွရှိ၍ ရှောင်နိုင်မည်စိတ်ကူးနှင့် လူငယ်တစ်ဦးပေးလိုက်သော ဂျာကင်ကိုဝတ်ပြီး လူငယ်တစ်ဦးထံမှ ခေတ္တယူခဲ့သော ငွေ ၁၀၀ဝိ/ နှင့် အဝတ်အပိုတစ်စုံ။
ဘယ်လောက်ကြာမည်လဲ။
လွတ်မလား၊ သေမလား၊ အနာဂတ်ကား ပိန်းပိတ်နေလေသည်။
(၅)
သာရဝေါရထားလမ်းဘေး လယ်ကွင်းထဲတွင် ငါးကန်လုပ်ငန်းလုပ်နေသော ကျွန်မ၏ အသိများ ၊
ရန်ကုန်လာလျှင် ကျွန်မအိမ်မှာ တည်းသည်။ စာပေဝါသနာ၊ ဂီတဝါသနာ၊ နိုင်ငံရေးဝါသနာ တူသည်။
သူ့အိမ်သို့ ကျွန်မ လာခြင်းသည်…..
ပထမနေ့တွင် ရွှေဧည့်သည်ပေါ့။
ဒုတိယနေ့တွင် ငွေဧည့်သည် ဖြစ်သွားသည်။ ဘယ်တော့မှ ပြန်မယ်မှန်းမသိ၊ ရှောင်တိမ်းလာသူဟု သိသွားသောအခါ၌ကား ကြေးဧည့်သည်ပင် မဟုတ်တော့ချေ။
အိမ်ရှင်မက မီးဖိုထဲမှ ရေရွတ်နေသံ ကြားရပြီ။
နံနက်စောစော ကျွန်မ ထရ၏။ ဘယ်သူမှ မနိုးခင် ထွက်ခဲ့သည်။ သာရဝေါဘူတာ ထမင်းဆိုင်လေးတွင် ကျွန်မ ခွင့်တောင်းပြီး ရေးစရာ ချွတ်စရာလေးတွေ ရေးသည်။
မုန့်လုံးကြီးနှစ်လုံးစားသည်။ ရေနွေးအိုး တစ်အိုးပြီးတစ်အိုး မှာသည်။
နေ့လယ် ၁၂းဝဝ နာရီမှာ ရန်ကုန်ကလာသော ရထားဆိုက်၏။ ကိုယ့်အသိတွေ ပါမလားဟု ကျောပေးနေရသည်။ ၂းဝဝ နာရီတွင် ရန်ကုန်ပြန်ရန် ဥဩဆွဲသည်။
ဤတွင် ထမင်းတစ်ပွဲဟု ကျွန်မ မှာလိုက်သည်။ ငါးဟင်းရတာ များသည်။ ဤထမင်းသည် ယနေ့အဖို့ အပြီးပါပဲ။
ညနေ ၆းဝဝ နာရီထိုးမှ ပြန်သည်။ ဂျာကင်အိတ်ထဲမှာ ပဲကြီးလှော်ထည့်ထားတာကို ဝါးသည်။ ရေသောက်သည်။ ဗိုက်ဆာမှာစိုး၍ စောစောအိပ်ရာဝင်သည်။
သည်လိုနှင့်…ရက်တွေ ကြာခဲ့သည်။
အိမ်လေးမှာ ရေဒီယိုမရှိသဖြင့် ဘာသတင်းမှ မကြားရ။ စာထည့်လိုက်ဖို့လည်း စာတိုက်မရှိ။
ယူနီဖောင်းဝတ်မြင်လျှင် ငါ့ကို လာဖမ်းတာလားဟု သွေးလန့်နေသည်။ အဖွဲ့ချုပ်က သူငယ်ချင်းတွေအားလုံး “အထဲရောက်ကုန်ပြီ” ဟု ကြားလာသည်။
ကိုယ်အဖမ်းမခံရတာ တော်သေး။ တစ်နေ့ ထမင်းတစ်နပ်စားလည်း အသက်ရှင်တာပါပဲ။ ညအိပ်ရတာ ကျေးဇူး…ဟု သဘောထားပါသည်။
ရက်ပေါင်း လေးဆယ် ကျော်သွားပြီ။
ပါလာသော ပိုက်ဆံလည်း ကုန်ပြီ။
နေ့စဉ် ရန်ကုန်ပြန်နေသော ရထားကြီးကို မြင်ရလျှက် မပြန်နိုင်သော အဖြစ်။ နောင်တကား မရ။
အိမ်မှာကအဖွဲ့ချုပ်၌ လုပ်အားပေးနေသောသားပဲ ကျန်ရစ်သည်။ သူ့ကိုလည်း စိတ်မချ။ အခြေအနေကြည့်ဖို့ ပြန်မှ ဖြစ်မည်။ ပိုက်ဆံချေးပြီး လက်မှတ်ဝယ်ရသည်။
သာရဝေါရထား ကြည့်မြင်တိုင်ဘူတာမှာ ဆုံးတော့ အိမ်မပြန်ရဲ။ ဟိုကြည့် ဒီကြည့်နှင့် ရထားသံလမ်းအတိုင်း လှည်းတန်းဘူတာသို့ လျှောက်ခဲ့၏။ လှည်းတန်းဘူတာမှ ကိုယ့်အိမ်သို့ နောက်ဘက်မှ လှည့်ဝင်ရ၏။ လူတွေ ၊ ဈေးသည်တွေ ဘာမှ ထူးခြားပုံမရ။
ေဩာ်… လက်ခုပ်တီးတုန်းက တီးခဲ့ကြသူများ။ ခုတော့ ထွက်ပြေးနေရတာက ငါ့တစ်ယောက်တည်း။ ဗိုက်ထဲမှာလည်း ဟာနေသည်။ အစာ မစားခဲ့ရတာ ဘယ်လောက်ကြာပြီ မမှတ်မိ။
အိမ်ပြန်ရောက်တော့ သားကို တွေ့ရ၏။
အဖွဲ့ချုပ်မှာ သူတို့ လူငယ်တွေ စောင့်ရှောက်နေဆဲဟု ဆိုသည်။
မျိုးချစ်ကြီးများအားလုံး ရုံးတက်နေကြသည်တဲ့။ တက်သိတွေအားလုံး အထဲမှာတဲ့။
နှစ်ရက်လောက်ကြာတော့ အိမ်ထဲမနေနိုင်။ အဖွဲ့ချုပ်သို့ စမ်းပြီး သွားခဲ့၏။ ဗိုလ်မှူးကြီးချစ်ခိုင် (အတွင်းရေးမှူး)နှင့် တွေ့သည်။
သူက- “ဒေါ်ရွှေကူရယ်.. ဒေါ်ရွှေကူသာ Wanted ဆိုရင် ဘယ်ပြေးလို့မှ မလွတ်ပါဘူး။ မဖမ်းချင်လို့ မဖမ်းတာပေါ့။ မိန်းကလေးတွေကို ထိန်းပေးပါဦး။
ဒေါ်မြင့်မြင့်ခင်တို့၊ စမ်းစမ်းနွဲ့တို့လည်း မရှိတော့ဘူးလေ။ ခင်ဗျားလာမှ ဖြစ်မယ်”
သို့ဖြင့် ပုံမှန်ရုံးပြန်တက်ရ၏။ နေ့လယ်စာ တစ်နပ်ရုံးက ကျွေး၏။
“တစ်နေ့ ထမင်းတစ်နပ်စားပြီး နိုင်ငံရေးလုပ်လာတာ” ဟု ကျွန်မ ကြွေးကြော်ခဲ့သည်။
(၆)
၄၄ ကို အိမ်ရှင်က မငှားတော့ဘူးဟု ပြဿနာလုပ်လာသည်။ ရွှေဂုံတိုင် ရန်ကုန်တိုင်းရုံး သို့ ရုံးပြောင်းရ၏။
ကားငှား၍ မရ။ စားပွဲတွေ သယ်ဖို့ပင် အခက်။
ကြက်ပျံမကျ စည်ကားခဲ့သော အဖွဲ့ချုပ်တဲ့။ ခုတော့ ကြက်ပျောက် ငှက်ပျောက်။
နယ်မှာလည်း အဖမ်းအဆီးတွေ များလှသည်။ ရွှေဂုံတိုင်မှာလည်း သရဲခြောက်မတက်။ ခက်ပြီ။
တန်ဆောင်တိုင် နီးလာ၏။
ရှိသမျှ မိန်းမတွေစုပြီး ကထိန်လှည့်မယ်ဟု ကျွန်မ ကြံစည်သည်။
CEC ထံ အမိန့်ခံရာ ၄ ရက်အလိုမှာ ခွင့်ပြုသည်။ ထို ၄ ရက်အတွင်း စည်းရုုံးလိုက်ရာ ပဒေသာပင် (၈) ပင်နှင့် မိန်းမကြီးငယ် (၈၀) ရ၏။
အမိုးဖွင့်ကား (၈) စီးငှားပြီး ကားမောင်းသူမှအပ ယောကျာင်္းမလိုက်ရ။ အမျိုးသမီးတွေ ပင်နီနှင့် ယောလုံချည် ရအောင်ရှာဝတ်ခဲ့ဟု များများမနှိုးဆော်ရ။
အဝေးဆုံးကျောင်းသို့၊ အဝေးဆုံးလမ်းကြောင်းနှင့် ကထိန်လှည့်ကြရာ…
လုံခြုံရေး ရဲဘော်များက-
“ဟင်- ဒီ အမျိုးသားဒီမိုကရေစီတွေ ထွက်လာကြပြန်ပြီ” ဟု အံ့ဩသွားကြလေ၏။
နောက်နေ့ကစပြီး ရွှေဂုံတိုင်မှာ လူဝင်လာသည်။
လူကြီးတစ်ဦးက-
“ဒေါ်ရွှေကူ ကျေးဇူးပဲ” ဟု အမှတ်တရ ဆိုသည်။
၁၉၉ဝ ရွေးကောက်ပွဲလုပ်မည်။
ဗဟိုတာဝန်ခံတွေ မဖြစ်မနေ ဝင်ရမည်။ တိုက်ကြီးမှ လာခေါ်၍ တိုက်ကြီးမှာ ဝင်ရသည်။
အစ်မရေ…ကျားဖြူကို ကျွန်တော်တို့ ရှုံးတော့မယ် လာပါဦးခေါ်၍ ရှမ်းတောင်/ကယားသို့ သွားရသည်။
တောင်ကြီးသင်္ကြန်မှာ ရေစိုတော့ အတွင်းခံဘရာစီယာတစ်ထည်တည်းပါတာမို့ လဲစရာ မရှိ။ အစည်းအဝေးမှာ ပင်နီအပေါ်အင်္ကျ ီအပေါ် မျက်နှာသုတ်ပဝါကြီး ထပ်ခြုံပြီး ဟောခဲ့ရသည်။ သစ္စာ…။
ဆီဆိုင်ဟောပြောပွဲလုပ်စဉ် ထုံးစံအတိုင်း သတင်းအဖွဲ့အမျိုးမျိုးက ပေါ်ပေါ်ထင်ထင်တစ်မျိုး၊ လျှို့ဝှက်၍တစ်မျိုး အသံဖမ်းကြသည်။
ထိုအထဲတွင် ထူးထူးခြားခြား တွေ့ခဲ့ရသူ တစ်ဦးမှာ ပခုံးပေါ်၌ ကြယ်နှစ်ပွင့်တင်ထားသော စစ်ဗိုလ်လေးဖြစ်ပြီး ထူးခြားပုံက သူသည် ပရိသတ်ရှေ့ရှိ ကျွန်မဟောပြောမည့် ရှေ့သို့ ရောက်လာကာ ဒူးတုပ်ထိုင်ချလိုက်ခြင်း ဖြစ်၏။
ကျွန်မ ဘာမျှမစဉ်းစားနိုင်မီမှာပင် သူက-
“ဆရာမ…ကျွန်တော်က ဆရာမ တပည့်ပါ။ ကိုးတန်းတုန်းက ဗန်းမော်မှာ….”
ဟု ဆိုသည်။ သူ ဆီဆိုင်မှာ တာဝန်ကျနေကြောင်း၊ တာဝန်အရ ဆရာမ ဟောတာတွေကို အသံဖမ်းထားပါရစေ ဟု ဆိုသည်။ မျက်နှာက မကောင်း။
“အို..ရပါတယ်၊ လုပ်……..လုပ်၊ မင်းတို့ တာဝန် မင်းတို့လုပ်ပါ။ အေးကွယ်၊ တပည့်ကို တွေ့ရတာ ဆရာမ ဝမ်းသာတယ်”
ဤစကားများအပြင် ပို၍ မပြောနိုင်ခဲ့ပါ။
ဆရာ၊ တပည့်ဆိုပေမယ့် ဆန့်ကျင်ဘက်နေရာမှာ ရပ်မိကြပြီပဲ။ လွိုင်ကော်မှာက ညပွဲ ဖြစ်၏။
ကယားဝတ်စုံနှင့် ဖျော်ဖြေရေးတွေလည်း ပါသည်။ ကျွန်မက အမြဲလိုလိုပင် ယောထဘီနှင့် ပင်နီရင်စေ့ကို ဝတ်သည်။
ပဝါ မခြုံပါ။ မျက်နှာမှာ ဘာမှမလိမ်း။ ဆံပင်ကို တင်းတင်းထုံးလျက်။ စကားပြောလျှင်တော့ ဘောင်အတွင်းကသာ ပြောသည်။
မည်သူ့မျှ စိန်မခေါ်။ အပြစ်မပြော။ ခရီးမဆုံးခင် လမ်းတစ်ဝက်၌ တက်အကျိုးမခံနိုင်။
ထိုညက ဟောပြောပြီး စင်ပေါ်မှအဆင်း-
“ဆရာမ…ရဲအုပ် က ဆရာမကို တွေ့ဖို့ စောင့်နေတယ်”
ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားသည်။ ငါ့ကို ခေါ်သွားဖို့ လူ…ဟု မသိစိတ်က သိနှင့်သည်။
လွိုင်ကော်ဆိုတော့ ရန်ကုန်နှင့် အဝေးကြီး။ ကိုယ်မရှိတော့လျှင် ကျန်အမျိုးသမီးတွေ အားလျော့ကြတော့မည်။
သို့သော် ထွက်ပြေး၍မဖြစ်။
ခေါင်းဆောင်လုပ်သူသည် ရှောင်၍ မရ။
စင်နောက်က အနားယူခန်းသို့ ခပ်ဖြည်းဖြည်း ဝင်ရ၏။
“ဆရာမ’
ကျွန်မကို ဝမ်းသာအယ်လဲ လက်လာကိုင်သူက ရဲဝတ်စုံနှင့်။ ပခုံးမှာ ကြယ်ပွင့်တွေနှင့်။
“ဆရာမ လာမယ့် သတင်းရလို့ စောင့်နေတာ။ ဒီမှာ ဆရာမအတွက် လက်ဆောင်”
ပြောပြောဆိုဆိုနှင့် ကမ်းပေးနေသည်။ ထိုင်းနိုင်ငံဖြစ် စလင်းဘက်ခ် လှလှလေးပါ။
“ဟယ်…ဒါနဲ့ မင်း….”
“ဗန်းမော်မှာတုန်းက မြင့်ဦးလေ၊ ဆယ်တန်းစီကလေ”
သူက အားရပါးရ ပြောနေ၏။ ကျွန်မလည်း ယခုမှ အကြောက်ပြေရလေသည်။
လွိုင်ကော်နှင့် ဆီဆိုင်လမ်းကား အညိုရောင်နယ်မြေဟု ဆိုသည်။ ကျွန်မတို့က ဘာအရောင်ဖြစ်ဖြစ် ရှောင်နေဖို့ မနေသာချေ။ ခရီးတွင်ဖို့သာ အာရုံထားရ၏။
လမ်းမှာ ကားပျက်သည်။ အောက်ပိုင်းမှ စက်ကိရိယာ တစ်ခု ကျိုးသွားသည်ဟု ဆိုသည်။ လွိုင်ကော်ပြန်ပြီး ပစ္စည်းယူရမည်။
ကျွန်မတို့ ကားမစောင့်နိုင်။ ရရာကားကို တားပြီး စီးကြရ၏။ သစ်လုံးများတင်လာသော ကားကြီးက ရပ်ပေးသည်။ အမျိုးသမီး (၃) ယောက်မို့ ရှေ့ခန်းဒရိုင်ဘာဘေးတွင် ၂ ယောက်ထိုင်ပြီး နောက်ဘက် သစ်လုံးပေါ်တွင် တစ်ယောက်က မတ်တပ်ရပ်လိုက်ရ၏။ မတ်တပ်ရပ်ခြင်းကို တစ်လှည့်စီ လုပ်သည်။
ကျွန်မ မတ်တပ်ရပ်ရသည့် အလှည့်တွင်….ရှေ့မှ ဖုန်တထောင်းထောင်းနှင့် နွားအုပ်ကြီးလာနေတာ မြင်ရသည်။ ယူနီဖောင်းစစ်သည် အချို့ ပါသည်။
နှင်တံကိုင်၍ နွားကို ထိန်းလာကြခြင်း ဖြစ်၏။ မျက်နှာချင်းဆိုင်အတွေ့တွင် နွားတွေက တရုန်းရုန်း၊ ကားကို ရပ်ရတုန်း နှင်တံကိုင်ထားသော စစ်ဗိုလ်လေးက ကားရှေ့ရောက်လာ၏။ သူ့တစ်ကိုယ်လုံး ဖုန်တွေနှင့်။
“ဟင်…ဆရာမကြီးတို့ ဒီလိုပဲ သွားနေကြရလား”
ကျွန်မကို လှမ်းပြော၍ ကြည့်လိုက်တော့ ဆီဆိုင်မှာတုန်းက တပည့်ကြီးပဲ။
“ဟယ်….မင်းတို့ ဒီနွားတွေ….”
“ခိုးထုတ်တာကို ဖမ်းလာတာပါ၊ လွိုင်ကော်ပို့ရမယ်”
“လွိုင်ကော်က အဝေးကြီး လိုသေးတယ်။ လမ်းလျှောက်ရတယ်လို့ကွယ်”
“ဒီလိုပါပဲ ဆရာမ”
“ဒါနဲ့ မင်း ဘာစားခဲ့လဲ၊ လမ်းမှာ ဆာမှာပေါ့၊ ရော့…အဲဒါ ယူထားလိုက်”
ထိုစဉ်က ကျွန်မမှာ အစာအိမ်ရောဂါ စနေသဖြင့် ဘီစကွတ်မုန့်လေးတွေ ဆောင်ထားရ၏။
လွယ်ထားသော လွယ်အိတ်ထဲမှ စားလက်စ လက်ကျန် ဘီစကွတ်ထုတ်ကိုထုတ်ပြီး သူ့ကို ကမ်းလိုက်သည်။ သူက တလေးတစား ယူသည်။
ကဲ…..သွားကြမယ်ဆိုပြီး ကျွန်မ သူ့ကို ‘အလေးပြု’လိုက်၏။
(ကျွန်မက ဆရာမ ဘဝတုန်းက စစ်သင်တန်းတက်ခဲ့သူပါ) သူကလည်း ပြန်၍ အလေးပြု (စလု) ရိုက်၏။
ကားထွက်သည်။ နွားအုပ်နှင့် သူ ခရီးဆက်သည်။ ဖုန်မှုန့်တွေကြား ကျွန်မ ကြေကွဲနေခဲ့၏။
သို့သော်….
‘အမှန်တရားသည် တစ်ခါတစ်ခါ နှုတ်ဆိတ်တတ်၏’ ဆိုတာ မှန်သည်။
စည်းရုံးရေးသွားဖို့ အဖွဲ့ချုပ်က ခရီးစရိတ် ထုတ်မပေးနိုင်ချေ။ ကိုယ့်ဘာသာ ဓာတ်ပုံလေးတွေ၊ တံဆိပ်လေးတွေ ရောင်းပြီး ရန်ပုံငွေရှာရသည်။
ဝါသနာအရရော၊ တာဝန်အရပါ စည်းရုံးရေး သီချင်းစပ်ပြီး၊ သီးချင်းသွင်းပြီး အရင်းအတိုင်း ရောင်းခဲ့သည်။ ဂီတ ရဲဘော်ရဲဘက်များက ကူညီခဲ့၍ ကုန်ကျစရိတ် နည်းနည်းသာ ကုန်ပါသည်။
ကထိန်လုပ်စဉ်တုန်းက ‘ဒေါ်ခင်စီ’ကို ကျွန်မ သဘောကျခဲ့၏။ ရုပ်ရည် ဖြူဖြူသန့်သန့်၊ ရိုးသားပုံရ၏။ အရောင်းအဝယ် နားလည်သဖြင့် သူ့ကို ‘ဘဏ္ဍာရေးမှူး’ ဆိုပြီး ခန့်လိုက်၏။
မန္တလေးသွားတော့ ခေါ်သွားခဲ့သည်။ သူ အတော်လှုပ်ရှားနိုင်သည်။
ရှမ်းပြည်နယ်မှအပြန် မကွေးဘက်လှည့်ပြီး ရေနံချောင်းအထိ သွားရမည် ဖြစ်ရာ ရန်ကုန်မှာ ကျန်ခဲ့သော ဒေါ်ခင်စီကို လိုက်လာဖို့ အကြောင်းကြားရ၏။ မကွေးရုံးမှာဆုံသောအခါ သူ့အထုပ်တွေက ၁ဝ ထုပ်လောက် ဖြစ်နေတာမြင်ရမှ ဒါလောက် မလိုဘူး၊ ခရီးစရိတ်ရရင် တော်ပြီဟု တားရသည်။
ထိုနေ့မှာပင် မြို့တော်ခန်းမအနီး ပြဿနာရှိနေသည်။ အန်တီ အမြန်ပြန်ဆင်းခဲ့ပါဟု ရန်ကုန်လူငယ်များက ဖုန်းဆက်သဖြင့် ရေနံချောင်းအစည်းအဝေးကို ဖျက်ပြီး အားလုံး ပြန်ကြသည်။
ဒေါ်ခင်စီ ဈေးမရောင်းရတော့ချေ။ (သူ ဘယ်လောက် စိတ်ဆိုးသွားမှန်း ကျွန်မ မသိခဲ့ပါ။)
ရန်ကုန်ပြန်ရောက်တော့ မန္တလေးသို့ သူ့ယောကျာင်္းတစ်လှည့်၊ သူ့တူတစ်လှည့် ပစ္စည်းပို့နေကြောင်း သိရ၏။ မြိတ်ကလည်း လူကိုယ်တိုင် လာပြောသည်။
ဒေါ်ခင်စီက သူတို့ဆီ အကြောင်းကြားကြောင်း၊ ပစ္စည်းတွေနှင့် လာမည်၊ ပါသမျှ အကုန်ဝယ်ရမည်ဟု ဗဟိုပါဝါသုံးကြောင်း ပြောပြ၏။
မဖြစ်တော့ပေ။ သူ့ကို ဘဏ္ဍာရေးမှူးအဖြစ်မှ ရုပ်သိမ်းရ၏။ (ခန့်စဉ်ကလည်း CEC အနေနှင့် ခန့်ခဲ့တာမဟုတ်ပါ။)
နောက်အပတ်မှာ ဗဟိုသို့ သူ့တိုင်စာ တက်လာသည်။ ကျွန်မသည် မော်လမြိုင်က လှူသော ကက်ဆက်ကို သူ့အား မအပ်ပါတဲ့။
ပင်နီတစ်အုပ်ဖိုးလည်း မရှင်းပါတဲ့။ ပြီးတော့ ပြည်မှာ ဘီယာသောက်နေသည်တဲ့။ (နှုတ်ကလည်း ဝက်သားဟင်းနဲ့ ချဉ်ပေါင်ဟင်း လဲပစ်မည်ဟု ကြိမ်းဝါးသေးဆိုပဲ။)ကျွန်မက ရယ်နေခဲ့၏။
မဟုတ်တာ တစ်ခု လုပ်မထားသဖြင့် ရယ်နိုင်ခြင်းပါ။ ကက်ဆက်က သီချင်းဖွင့်၊ အစည်းအဝေးမှ မှတ်တမ်းယူနေတာ အားလုံး အမြင်ပဲ။
ဘီယာသောက်တာက ကျွန်မသည် ရှမ်းသွေး တစ်ဝက်ပါသူဖြစ်ပြီး ကချင်ပြည်နယ်သူ ဖြစ်၏။
ငယ်ငယ်ကပင် ထန်းရည်အချိုနှင့် ခေါင်ရည်ကို သွားရေစာအဖြစ် မိဘများက ဝယ်ကျွေးနေကျပဲ။ ဘီယာဆိုတာ ထန်းရည်ချိုပဲလေ။
နိုင်ငံရေးလုပ်တော့မှ ဘာမှမသောက်ဖြစ်ပါ။
မကွေး၊ ရှမ်းပြည်နယ်၊ မန္တလေးခရီးမှ အပြန် ရန်ကုန်လည်း ပြဿနာရှိနေသဖြင့် အားရှိအောင် အိပ်ပျော်မှဖြစ်မည်ဆိုပြီး ပြည်တည်းခိုခန်း (ပြည်အမတ်အိမ်)မှာ တစ်ဘူးသောက်ခဲ့တာပါ။
ရန်ကုန်ကို ပြန်ရောက်တော့ မြို့တော်ခန်းမရှေ့ပြဿနာက ပြီးနေပြီ။ တိုက်ကြီးမှလူများ ဒေါပွနေကြသည်။
သူတို့နယ်မှာ အမတ်ရွေးခံမည့်လူက ယခု သူတို့ဆီ မလာသေး၍ ရွာကလူများ စိတ်ဆိုးနေကြောင်း စသဖြင့် ပြောကြ၏။
ကျွန်မသည် သူတို့ကို တောင်းပန်ပြီး အမျိုးသမီးအင်အားအချို့၊ လူငယ်အင်အား အနည်းငယ်ဖြင့် တိုက်ကြီးသို့ လိုက်ရသည်။
ရွေးကောက်ပွဲ တစ်လပဲလိုတော့သည်။
သူတို့ စိတ်ပူမည်ဆို စိတ်ပူလောက်သည်။
တိုက်ကြီးရှိ ‘ဦးကျော်တိုက်’မှာ စတည်းချပြီး ရွာအနံ့ သွားရောက် ဟောပြောရ၏။
တစ်နေ့ သုံးလေးပွဲဟောရသဖြင့် ညနေ အိမ်ပြန်ရောက်လျှင် မှောက်သွားတော့သည်။
ဘယ်သူလာပြီး ခြင်ထောင်ထောင်ပေးသွားမှန်းပင် မသိ။လူသည် စက်ရုပ်လို သွားနေခဲ့၏။
ပိုင်ဘက်တွေလို မာဇဒါမရှိ။ ဂျစ်ကားမရှိ၊ ဂျပန်စက်ဘီးအစုတ်ကလေးနှင့် တိုက်ကြီး၊ ဥက္ကံ လယ်ကန်သင်းရိုးတွေကြား မနားခဲ့ရပေ။
( တိုက်တိုက်ဆိုင်ဆိုင် ကျမနှင့် ပြိုင်ရသော တ – စ – ည အမတ်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီး အောင်ဆန်းဦး၏ ယောက္ခမ ရန်ကုန်တိုင်း ဒေသပါတီ ဥက္ကဋ္ဌ ဦးအောင်သိန်းဖြစ်သည် ၊
အဖွဲ့ချုပ် အောင်ပွဲ…..။
ကျွန်မက မပျော်ပါ။ စိတ်ထဲထင့်နေသည်။ ရွေးကောက်ပွဲရလဒ်တွေကို တစ်လတိတိကြာအောင် တုံ့ဆိုင်းထုတ်ပြန်နေကတည်းက သိပ်မဟန်တော့ဟု သိရသည်။
ဂနီ္ဓအစည်းအဝေး။
လူထုက တစ်ခဲနက် အားကိုးနေတာမြင်ပြီး မျက်ရည်ကျသည်။ ကျွန်မတို့ ဘာမှ မတိုက်ခိုက်နိုင်ခဲ့။
နိုဝင်ဘာ အမရပူရ အစည်းအဝေး။ ကျွန်မကို အသိမပေးခဲ့ကြချေ။
ဒေါ်ခင်စီတိုင်စာက သတင်းထဲပါလာသည်။
ဒေါ်မေနှင်းကို အရေးမယူသေးဘူးလားဟု ဖိအားပေးသည် ဆို၏။
ရုံးတွင်စစ်ဆေးမှု ခံရသည်။ ကျွန်မ ရယ်နေခဲ့၏။ စစ်ဆေးသူ ‘ဦးစိုးပိုင်’ က-
“ရယ်မနေနဲ့၊ ဒါဟာ နဝတ စိတ်ဝင်စားတဲ့ကိစ္စ” ဟု ဆိုသည်။
ကျွန်မက မရိုးမသားလုပ်ထားတာ တစ်ခုမှ မရှိ၍ ရယ်နိုင်နေဆဲ ဖြစ်သည်။ စာရင်းတွေက သူ့ဟာသူ ရှိပြီးသား။ ပူစရာ မရှိ။
သို့သော် ခရီးတစ်ခုကိုသွားတာ ဘယ်သူလွှတ်တာလဲ ဆိုပြီး ထိုခရီးစရိတ်ကို ပယ်ချသည်။
၆၇၂၂ိ/၄ဝါး ကွာသွားသည်။ ၂ ပတ်အတွင်း လျော်ရမည်။ မလျော်လျှင် အရေးယူမည်ဟု ဘဏ္ဍာရေးမှူးလက်မှတ်နှင့် အမိန့်ထုတ်သည်။
မြစ်ကြီးနားရှိ အစ်မဖြစ်သူလိုက်လာပြီး ၂ ပတ် မနေနဲ့၊ ခုချက်ချင်း ပေးလိုက်၊ ဒီအလုပ်လည်း မလုပ်နဲ့တော့ဟု ဆိုသည်။
လျော်ပြီးတော့လည်း မပြီးသေး။ ဗဟိုအမျိုးသမီ အဖွဲ့ခေါင်းဆောင်အဖြစ်မှ အရာချသည်။
ဒါကတော့ ကျွန်မကို စော်ကားခြင်းဟု ယူဆသည်။
တစ်ဖက်ကိုကြောက်ပြီး ကိုယ့်တပ် ကိုယ်နင်းခြင်း ဖြစ်သည်။
အမရပူရ အစည်းအဝေးတက်သူများအားလုံး ဖမ်းခံကြရပြီ။
၂၅ နှစ်စီ ထောင်ချသည်။
ကျွန်မက ရုံးတွင်းစစ်ဆေးရေးလုပ်ချိန်တွင် တိုက်နေ၍ အမရပူရသို့ မလိုက်ခြင်းဖြစ်သဖြင့် ထို ၂၅ နှစ်ထဲမှာ မပါခဲ။
စ သုံးလုံးက ၂ ပတ် စစ်သည်။
ဘာမှ အပြစ်မတွေ့ရ။
အမှု ပိတ်ပစ်ခဲ့၏။
သို့သော်….တစ်ခုခုနှင့် အရေးယူမည်ဟု ပြောတာ ခံရကြောင်း နောင်မှ မင်းကတော်အသိုင်းအဝိုင်းမှ ပြန်ကြားခဲ့ရ၏။
နောက်ဆုံး ပုဒ်မ ၁၉၃ နှင့် တရားစွဲခံရလေသည်။
၁၉၃ ဆိုသည်မှာ ‘မမှန်မကန် ကျမ်းကျိန်မှု’ ဖြစ်၏။
ရွေးကောက်ပွဲအတွက် မှတ်ပုံတင်စဉ်က ရွေးကောက်ပွဲ ကုန်ကျစရိတ် ငွေစာရင်းမှန်ကန်ကြောင်း တရားသူကြီးထံ လက်မှတ်ထိုးခဲ့ရ၏။
ရွေးကောက်ပွဲကာလအတွင်း ဥက္ကံမှာနေစဉ် မိတ်ဟောင်းဖြစ်သူ ဆေးလိပ်ခုံက အလှူငွေ ၂၀၀ဝိ/ ထည့်သည်။
အစ်မကို ခင်လို့လှူတာ၊ နိုင်ငံရေးပါတီအတွက် မဟုတ်ပါဘူးဟု အတိအလင်း ပြောရှာသည်။
ထို့ကြောင့် ထိုငွေကို ရ/သုံး ငွေစာရင်းထဲမှာ မထည့်ခဲ့ချေ။ သို့သော် ငွေစာရင်းစာအုပ် (Cash Book)မှာတော့ မှတ်ထားခဲ့၏။
ထိုနှစ်ခုကို တိုက်ကြည့်သောအခါ ကွာနေသည်။ ကွာတာက ဘာမှကိစ္စမရှိ။ –
စာရင်းမှန်ကန်ပါကြောင်း ကျမ်းကျိန်ထားသဖြင့် ‘မမှန်မကန် ကျမ်းကျိန်မှု’ မြောက်နေသည်။ တရားလိုကား တရာသူကြီးကိုယ်တိုင်တည်း။
အချုပ်ထဲ ထည့်ခံရတော့ စိတ်မပူပါ။
ဒါက အာမခံရနိုင်သော အမှုပဲ။ ပြီးတော့ အဖွဲ့ချုပ်မှာ ဗဟိုဥပဒေ အဖွဲ့ရှိသည်။ အမှုရင်ဆိုင်ရသမျှ အားလုံးကို လိုက်ပေးကြသည်။
ယခုလည်း သူတို့ သူတို့ရှင်းပေးလိမ့်မည်ဟု ယုံသည်။ ရုံးချိန်းရက်ကျတော့ ဘယ်ရှေ့နေမှ ရောက်မလာကြချေ။
ကိုယ်ခန့်ထားသော ‘ရှေ့နေမိန်းမကပင် ကလေးနေမကောင်းလို့’ ဆိုပဲ။
ရွေးကောက်ပွဲနိုင်ခါစကတော့ ကိုယ့်အစ်မ ဝန်ကြီးဖြစ်တော့မည် ထင်ပြီး ဟင်းတွေ ချက်ပို့ခဲ့သူတည်း။
အားလုံးကို ရွံရှာသည်။
အလကားလူတွေ။
အခွင့်အရေးမျှော်သမားတွေ။
အချုပ်ကားကြီးကို ကိုးကြိမ်တိတိ စီးခဲ့ရသည်။
ရုံးထုတ်တော့ သားကပဲ ရှေ့နေငှားရ၊ ထောင်ဝင်စာပို့ရနှင့် ပိုက်ဆံရှာကြရသည်။
ဘယ်အဖွဲ့ဝင်တစ်ယောက်ကမှ သတင်းမေးဖော်မရ။ ရပ်ကွက်အတွင်းရေးမှူးတစ်ယောက်ပဲ လာသည်။
၁၉၃ နှင့် (၃) နှစ်ကျသည်။ တချို့က ဒေါ်ခင်စီစာကြောင့် ၄၂ဝ ဟု ထင်ကြသေးသည်။
အထဲမှာတော့ (၅) ည ဟုပဲ သတ်မှတ်သည်။ ၁ဝ လတိတိမှာ ထောင်ကလွတ်သည်။
ကျွန်မ ပထမဆုံးလုပ်သည်မှာ ၆၇၂၂ိ/၄ဝါး ပြန်တောင်းခြင်း။
မှန်ပါသည်။ နဝတက ကျွန်မကို ထောင်ချတာ သဘာဝပဲ။ ကျွန်မ ဘယ်လိုမှ သဘောမထားပါ။
ကိုယ့်အချင်းချင်းနှိပ်ကွပ်တာတော့ လုံးဝ မခံနိုင်ပါ။ ဒါက ဂုဏ်သိက္ခာနှင့်ဆိုင်သည်။
သူတို့ ကျွန်မကို ၆၇၂၂ိ/၄ဝါး ပြန်ပေးရမည်။
ဤကိစ္စကို ရှင်းပေးနိုင်သူက နှစ်ဦးပဲ ရှိသည်။
ဦးချစ်ခိုင်၊ ဒေါ်စု။
ဦးချစ်ခိုင်က ထောင်ထဲမှာ။ ဒေါ်စုက နေအိမ်အကျယ်ချုပ်။
ဦးချစ်ခိုင် ထောင်ကလွတ်လွတ်ချင်း သွားတွေ့ရ၏။ ကျွန်တော် ဘာလုပ်ပေးရမလဲဟု မေးသည်။
ခရီးသွားရင် ကျွန်တော့်ကို ပြောပြီးသွား၊ CEC အစည်းအဝေးတင်ပြဖို့ စောင့်မနေဖို့ ပြောထားခဲ့ခြင်းမို့ ယခု ခရီးကိစ္စတွင် ဦးချစ်ခိုင်ခိုင်း၍ သွားကြောင်း စာရေးပေးပါ။
ဦးချစ်ခိုင်စာနှင့် တွဲပြီး ကျွန်မ ပြန်တင်သည်။
အဖွဲ့ချုပ်က အကြောင်းမပြန်ပါ။
ဒေါ်စု လွတ်လာသည်။ ဖိုင်တွဲအလိုက် တင်ပြခဲ့သည်။
ကိုယ်တိုင်တွေ့ဖို့တော့ အချိန်မရခဲ့ပါ။ သူ့မှာ ဧည့်သည်တွေ ရှုပ်နေသည်။
ကိုယ်က ကိုယ်ရေးကိုယ်တာမို့ ရှေ့တန်းမတင်ချင်။
ဖိုင်တွဲမှာ အပြည့်အစုံပါသဖြင့် ဖတ်ကြည့်လျှင် ဘာလုပ်ရမည်ဆိုတာ သူ့ဘာသာ နားလည်သွားမည်ဟု ယုံသည်။
မှတ်မှတ်ရရ ၁၉၉၃ ခု၊ မတ်လ ၂ရ ရက်။ ခြံထဲမှာ အခမ်းအနားနှင့် ဖျော်ဖြေရေးလုပ်သည့်နေ့ ဖြစ်သည်။
ထိုနေ့မှာပင် ကျွန်မ ဆုံးဖြတ်ခဲ့၏။
“သူ….ဒီကိစ္စ ရှင်းမပေးလျှင် ဒီခြံထဲကို ဘယ်တော့မှ ခြေမချတော့” ဟူ၍။
ကျွန်မ ဖိုင်ကို သူ ဖတ်၊ မဖတ် မသိပါ။
တစ်စုံတစ်ရာ အကြောင်းမပြန်ခြင်းကို ကျွန်မကလည်း ဂရုမစိုက်ပါ။
ထိုနေ့မှစ၍…..
NLD ခေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါ်၊ နိုင်ငံရေးပါတီကို မနှစ်မြို့ခြင်းကြီးစွာဖြင့် ကျွန်မ စွန့်ပစ်ခဲ့သည်။
ကျွန်မလုပ်အားနှင့် မထိုက်တန်ဟု ဆုံးဖြတ်သည်။
28 comments
Myo Thant
August 7, 2013 at 12:51 am
၈ လေးလုံး အရေးတော်ပုံ
ငွေရတုအထိမ်းအမှတ်
နိူင်ငံရေးအကျဉ်းသူများ
( ရွှေကူမေနှင်း )
သဂျီးရေ
ပွိုင့်မတက်အောင် ဘယ်လိုလုပ်ရမှန်း မသိလို့ ၊
အမေ့ ခံစားချက်ပါ ၊
ဒီပို့စ်အတွက် ငြင်းချင်ရင် ကျနော် ဖြေရှင်းပါ့မယ် ၊ အသက် ၄ဝ တော့ ကျော်ပါစေ ၊
kai
August 7, 2013 at 2:27 am
တကယ်ဖြစ်ခဲ့တာကို အချက်အလက်နဲ့ဖွဲ့တာမို့..
..ဒီစာတွေကို ဒေါ်အောင်ဆန်းစုကြည်ဖတ်မိစေလိုပါကြောင်းရယ်…
lele kyi
August 7, 2013 at 5:41 am
ဆြာမကိုလေးစားပါတယ်။တခြားအကြောင်းအရာတွေကို သိပ်နားမလည် ပေမဲ့ စာရွက်ဖြူပေါ်လက်မှတ်ထိုးတာ ကျမလည်းလက်မခံဘူး။ ဖြစ်ချင်တာတွေဖြစ်သွားနိုင်တယ်။ပြီးတော့ ကိုယ်တာဝန်ယူရလိမ့်မယ်။ဘယ်သူ့ကြောင့်ဘာကြောင့်လို့ပြောလို့မရတော့ဘူး။ကိုယ့် လက်မှတ်က သက်သေလေ။
Ma Ma
August 7, 2013 at 7:26 am
ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်။
နိုင်ငံကိုချစ်တဲ့စိတ်နဲ့ နိုင်ငံရေးလုပ်သူနဲ့
နေရာလိုချင်တဲ့စိတ်နဲ့ နိုင်ငံရေးလုပ်သူတွေ ခေတ်စနစ်တိုင်းမှာ ရှိနေမှာပါပဲ။ 🙁
ဦးကျောက်ခဲ
August 7, 2013 at 8:37 am
ကိုမျိုးသန့်ရေ…
ကျနော်ကတော့ ဆရာမကြီးစိတ်နာတာကို ကိုယ်ချင်းစာတယ်…
မုန့်ဝေတော့လူအုံ တုတ်ဝေတော့ အကုန်ပြေး အချောင်သမား တလှေကြီးနဲ့
အဲဒီတုန်းက ဒီချုပ်နဲ့ လူ့ဘောင်သစ်မှာ ကိုယ့်လူသူ့ဘက်သားတွေ အများကြီး၊
ဘွားတော်အနားကပ်ပြီး မသိင်္ဂီတို့ တန်ခိုးထွား မွှေနေတဲ့အချိန်ပေါ့၊
နောက်ဆုံးတော့ သူဘာလဲ လူသိသွားကြတာပါပဲ…
အခုလည်း ဒီမိုးဒီလေဒီလူတွေနဲ့ ဘယ်ဇာတ်ခင်းကြမယ် မသိ… စိတ်လေပါ့
🙁
KZ
August 7, 2013 at 8:49 am
အစပိုင်းဖတ်ရတာ ကြက်သီးတွေထလာတယ်။
နောက်ပိုင်း ဖတ်ရတာတော့ စိတ်မကောင်းစရာပဲ။
ဘယ်သူ သိသိ/မသိသိ ဘုရားသိတယ် ဆိုသလိုပါပဲ။
ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ပဲ လိုအပ်ပါတယ်လေ။
သံသရာမှာတော့ သိကြရမှာပဲ။
မကြောက်တဲ့သူ လုပ်ကြလို့ပဲ စိတ်လျှော့ထားတော့တယ်။ 🙁
Foreign Resident
August 7, 2013 at 9:17 am
” ထိုနေ့မှစ၍…..
NLD ခေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါ်၊ နိုင်ငံရေးပါတီကို
မနှစ်မြို့ခြင်းကြီးစွာဖြင့် ကျွန်မ စွန့်ပစ်ခဲ့သည် ”
အင်း ၊ ထွက်လောက်အောင် ကြီးကျယ်တဲ့ ကိစ္စကြီးတော့ မဟုတ်ပါဘူး ။
အမှန်က ၊ အမေစု ကို ဒဲ့တွေ့ပြီး ရှင်းပြသင့်တယ် ထင်တယ် ။
Myo Thant
August 7, 2013 at 10:02 am
ဘယ်လိုမှ တွေ့မရခဲ့ပါ ၊
အမေ ဘယ်လိုနာကျည်းခဲ့ရတယ်ဆိုတာ ကျနော်အသိဆုံးပါ ၊
အဆိုးဆုံးက ကိုယ့်လူ ကိုယ်ပြန်နင်းတာမျိုး
အဲသလိုနဲ့ တချို့တကယ့်လူကောင်းတွေကို လက်လွှတ်ခဲ့ရတယ် ၊
လူတိုင်းမှာတော့ အကြောင်းပြချက်ကိုယ်စီရှိကြမှာပါ ၊
နိူင်ငံရေးလုပ်သူထက် နိူင်ငံရေးလုပ်စားသူ ပိုများခဲ့တော့လည်း . . . .
ဦး ဂျစ်
August 7, 2013 at 5:06 pm
ဒဲ့တွေ့ဖို့ ဆိုတာ မလွယ်ကူလှဘူး ….
အသဲအသန်တွေ့ခွင့်ကြိုးစားမိလို့ ဝိုင်းအရိုက်ခံရသူ ရှိဘူး တယ် ကြားတယ် …
တရားဥပဒေ စုးိမိုးမှု အားနည်းတယ် …။
kyeemite
August 7, 2013 at 9:47 am
ဆရာမကြီးအပါအဝင် စစ်အုပ်ချုပ်ရေးအောက်မှာရဲရဲရင့်ရင့်
နိုင်ငံရေးလုပ်ကိုင်ခဲ့ကြသူများအားလုံးကို လေးစားဦးညွတ်မိပါကြောင်း…
ပြန်တင်ပေးတဲ့ ကိုမျိုးသန့်ကိုလည်း ကျေးဇူးတင်ပါတယ်
ဦးကြောင်ကြီး
August 7, 2013 at 9:54 am
လွမ်းစရာရှိရင် နာစရာနဲ့ ဖြေရတယ်တဲ့.. ဘယ်သူပြောခဲ့တာလည်းတော့ အသိဝူး.. ခလေးကျောင်းသားဘဝမှ ဦးနေဝင်း ပြောခဲ့တာ ကြားဖူးတယ်.. အတော်ကြီးလာသည်အထိ နားအလည်ဗူး.. အခုလည်း ရေးတေးတေးဗဲ..။ နားမလည်တဲ့အတူတူ ဗျောင်းဗျံလုပ်မယ်… နာစရာကို လွမ်းစရာနဲ့ ဖြေလိုက်ပါအန်တီဂျီး…။ တိုက်ပွဲရဲ့ အဖိတ်အစင်ထဲမှာ ကိုယ်ပါသွားတယ် မှတ်လိုက်ပါ။ ပုဂ္ဂိုလ်ရေးသိက္ခာအတွက် ဖြေရှင်းတာ တုံ့ပြန်တာကိုတော့ လက်သင့်ခံပါတယ်။ ကုလားမုန်းလို့ ဝက်သား နင်းကန်စားမယ်ဆို သွေးတိုးဖြစ်နိုင်လို့ပါ။။ အန်တီဂျီးရော၊ အန်တီ့သားရော၊ မြေးမလေးတွေပါ ခြစ်ပါတယ်။ (ဟိုအကောင် မျောက်လောင်းဂလေးဒေါ့ မပါ) 😳
Ma Ei
August 7, 2013 at 10:07 am
၁၉ ဇူလိုင်ကိစ္စ။
အိမ်မှာနေကြပါ ဆိုတဲ့စာ နောက်ကျခဲ့လို့ လူတွေလမ်းပေါ်မှာအပြည့်ပါ…
ရေခဲဆိုင်ဘက်မှာ ချီတက်လာသော လူများအရိုက်ခံရသည်..အဖမ်းခံရသည်…
…
ရွှေဂုံတိုင်ကို 15 မိနစ်နောက်ကျရောက်ခဲ့လို့ ဆက်လိုက်သွားရင်း
ရေခဲဆိုင်၊ ၃ လမ်း၊ ဘိနပ်တွေအမြောက်အများ ပြန့်ကျဲနေသောလမ်း…
လူသူကင်းမဲ့လို့ အစိမ်းရောင်တွေက အသင့်နေရာယူထားဆဲလမ်းတွေ …
ဤနေရာမှ မကျော်ရလို့ တားမြစ်ပိတ်ပင်ထားသော နေရာတွေကိုရှောင်ကွင်းလို့…
ရွှေဂုံတိုင်ကနေ ရေခဲဆိုင် ၃လမ်း ဦးထောင်ဗိုလ်ကနေ ရွှေတိဂုံတောင်ဘက်မုဒ်
စစ်ရုံးရှေ့ကနေ ဖြတ်လို့ သိမ်ကြီးဈေး ရောက်မှ ကားစီးလို့ရခဲ့တယ်…
15 မိနစ်စောခဲ့ရင် ကျမတို့လဲ….
koyinmaung
August 7, 2013 at 10:25 am
ဒီအကြောင်းအရာတွေ အမေစုတယောက်သိနိုင်မယ်မထင်ပါ….
ဆရာမကြီးရဲ့သမိုင်းနောက်ကွယ်ကဖြစ်ရပ်တွေ
သိခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုမျိုးသန့်ရေ….
ခင် ခ
August 7, 2013 at 11:07 am
၁၉၈၈ အရေးအခင်းကို စစ်တပ်မှအာဏာလွှဲပြောင်းယူလိုက်ခြင်းဖြင့် အဆုံးသပ်ခါ စစ်အာဏာရှင်စနစ် စတင်ခဲ့သည်။ ပြီးတော့ စစ်အစိုးရမှ ပြုလုပ်ပေးသောရွှေးကောက်ပွဲပြုလုပ်ပေးသည့် ၁၉၉ဝ ခုနှစ်။
အဲဒီ ၁၉၈၈ နှင့် ၁၉၉ဝ ကြားကာလမှာ NLD ပါတီအတွင်းမှာ ခွဲရေးတွဲရေးတွေ လက်ယျာ လက်ဝဲတွေ ၊ အောင်စုတင်တို့၊ အောင်ဆန်းစုကြည်နဲ့လူဘောင်သစ်တို့ ၊ အဲလိုအဲလိုတွေ ရှုပ်ထွေးမှု့တော့ ရှိခဲ့ကြပါတယ်။ ဒါကလည်း ပါတီထောင်ကာ ရွှေးကောက်ပွဲဝင်ခွင့်က အဲဒီအချိန်ကမှ မြန်မာနိုင်ငံမှာ ပြန်စ ခဲ့တာဆိုတော့ ကနဦးအစမို့ ကသောင်းကနင်းလေးတွေတော့ရှိခဲ့ တာနေမှာပါ။ အဓိက ကနဦး ဦးဆောင်တဲ့ အောင် စု တင် ဆိုတာတောင် ကွဲခဲ့ကြပြီး ဦးအောင်ကြီးက ပါတီသီးသန့်ခွဲထောင်ခဲ့တယ် အဲလိုတွေတောင် ဖြစ်ခဲ့ကြသေး တယ်လေ။
ဒါပေမယ့် ၈၈ အရေးတော်ပုံတုန်းက သွေးမြေခခဲ့တဲ့ ကျောင်းသားပြည်သူတွေ ထောင်နန်းစံပြီး ဘဝပျက်ခဲ့ တဲ့ကျောင်းသားပြည်သူတွေ ထောင်ထဲမှနှိပ်ဆက်ခံရပြီးအသက်နဲ့ခန္ဓာဘိုင်းဘိုင်ပြသွားသူတွေ တော ထဲ ရောက်ပြီး အခုထိအမိမြေကို ခြေချခွင့် အခွင့်မသာသူတွေရဲ့ ဘဝတွေ ဘဝတွေထက်စာရင်တော့ အခု ဆရာမကြီးရဲ့ကိစ္စက အားစိုက်ခါဖြေရှင်းမယ်ဆို ရနိုင်ပါလိမ့်မယ်လို့ ယူဆမိပါတယ်။ မဖြေရှင်းချင်လောက်အောင် နာခဲ့ပါပြီဆိုတာကိုလည်း ထိခဲ့ရသူဖြစ်ခဲ့လို့ ဖြစ်မှာဘဲလို့နားလည်စွာဖြင့်…။
ဦးဦးပါလေရာ
August 7, 2013 at 1:34 pm
ဒီစာလေးက တန်ဖိုးရှိပါတယ်။
NLD ကို ကောင်းအောင် မာအောင် တည်ဆောက်ဖို့ လိုကြောင်း မီးထိုးပြလိုက်သလိုပါပဲ…
အဲဒီတုန်းကတော့ …
လူကလဲ လူစုံ လေ
လူစုံဆိုတော့ အကျင့် စုံ တာပေါ့….
မိုးမခမှာလဲ ဒီလိုရင်ဖွင့်သံလေးတွေ ကြားရတတ်ပါတယ်…။
လုံမလေးမွန်မွန်
August 7, 2013 at 2:13 pm
သမီးတို့တောင် မမွေးသေးတဲ့အချိန်က အကြောင်းအရာတွေ… အဲဒီထဲကမှ ဟိုးနောက်ကွယ်က ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို ဖတ်ရတဲ့အတွက် ရေးတဲ့ ဆရာမကြီးကိုရော၊ တင်ပေးတဲ့ ဦးမျိုးကိုပါ ကျေးဇူးအကြီးကြီး တင်ပါတယ်လို့…
Myo Thant
August 7, 2013 at 2:23 pm
အမေရေးတဲ့
၈ လေးလုံး အရေးတော်ပုံ
ငွေရတု အထိမ်းအမှတ်
နိူင်ငံရေးအကျဉ်းသူများ ဆိုတဲ့ စာအုပ်လေးထဲကပါ ၊
Crystalline
August 7, 2013 at 4:45 pm
Real lives ..real stories မှာအန်တီရဲ့ဘဝအစိတ်အပိုင်းတချို့မြင်ခွင့်ရခဲ့ပါတယ်.. လေးစားမိတယ်..
TNA
August 7, 2013 at 4:51 pm
ဆရာမကြီးကတကယ့်ကိုရဲရဲတောက်ပါလား ကိုမျိုးသန့်ရေ။ အဲဒီလိုနဲ့ အမေစုလဲ တကယ့်အမာခံတွေ ဆုံးရှုံးနေတာနှမျောစရာပါ။ အဲဒီစာအုပ်ကဝယ်လို့ရလားကိုမျိုးသန့်။ ဖြစ်နိုင်ရင်ဆရာမကြီးလက်မှတ်နဲ့လို ချင်ပါတယ်။ ဘယ်လိုဝယ်ရမလဲဟင်။
Myo Thant
August 7, 2013 at 5:02 pm
ကျနော် အမေ့လက်မှတ်ထိုးပြီး လက်ဆောင်ပေးပါ့မယ် ၊
အဲ ဘယ်လိုဆုံရပါ့ ၊ ကျနော့်ဖုန်းက ဝ၉ – ၅၁၅၁၀၂ဝ ပါ ၊
စာအုပ်ကို ရုံးမှာ ယူထားပေးပါ့မယ် ၊
TNA
August 7, 2013 at 9:57 pm
ကျွန်မဖုန်းဆက်လိုက်ပါ့မယ်။ လာယူပါ့မယ်။ ကျေးဇူးပါကိုမျိုးသန့်ရှင့်။
ဦးကြောင်ကြီး
August 8, 2013 at 9:21 am
အလုပ်နဲ့ ဦးမျိုး.. အန်တီဂျီးလက်မှတ် အနော်ထိုးပေးမယ်.. ဒါမျိုး ငယ်ငယ်ထဲက ကျောင်းရီပို့ကတ်မှာ အမေ့လက်မှတ်အတု ထိုးနေဂျ…
Myo Thant
August 8, 2013 at 10:09 am
အဲသလိုကြောင့် သာမီးနဲ့စိတ်မချတာ 🙂
အရီးခင်
August 7, 2013 at 7:21 pm
ကျန်ခဲ့တဲ့ သမိုင်းတစ်ခု က နေ ကျွန်မ တို့ သင်ခန်းစာ ယူနိုင်မလားပါဘဲ ကိုမျိုးရေ။
padonmar
August 7, 2013 at 9:00 pm
အင်းစိန်မှတ်တမ်းထဲမှာလည်း
အဲဒီအမှုအကြောင်း ဖတ်ခဲ့ရတယ်။
နောက်ပိုင်း ဖြေရှင်းခွင့်မရခဲ့တာတွေတော့ မသိရသေးဘူး။
ဒီလိုနည်းနဲ့ လူကောင်းလူတော်တွေ ဆုံးရှုံးရတာ ပါတီအတွက် နစ်နာပါတယ်။
ခက်တာက အစုရှိရင် အမှုရှိတယ်တဲ့။
လူအများစုတဲ့ နေရာဆိုတော့ အမှုကိစ္စကတော့ အမျိုးမျိုးရှိမှာပါပဲ။
ဒါကြောင့် Human Resource Management ဆိုတာ အဖွဲ့အစည်းကြီးတိုင်းမှာ လိုတာပေါ့။
HR Manager ဟာ လူကောင်းဖြစ်သင့်သလို လူတော်လည်းဖြစ်သင့်ပါတယ်။
NLD မှာ အဲသလို လူတွေ များများမွေးသင့်ပါတယ်။
ဒါဆို ဆရာမကြီးလို လူတော်တွေကို မဆုံးရှုံးတော့ဘူးပေါ့။
ကိုပေါက်(မန္တလေး)
August 7, 2013 at 11:02 pm
ကျနော် မိတ်ဆွေရဲ့ အလုပ်ကို လူငယ်လေးတစ်ယောက်ရောက်လာတယ်။
ဆယ်တန်းအောင်ပြီးခါစ။
သူအဖေကတော့နိုင်ငံရေးနဲ့ အထဲဝင်ရပြီးမှ ပြန်ထွက်လာခဲ့သူတစ်ယောက်ပေါ့။
အပြင်ပြန်ရောက်ချိန်မှာ သူနဲ့လက်တွဲခဲ့တဲ့ ပါတီက သူ့ကိုမေ့ထားလိုက်ကြပြီ။
ကောင်လေးမှာတော့ မှတ်ပုံတင်လုပ်လို့မရ ဘာမရနဲ့ အခက်အခဲတွေအများကြီး။
နောက်မှ ကူညီသူရှိလို့အဆင်ပြေသွားခဲ့တယ်.
လူမသိသူမသိနဲ့ဘဝပျောက်သွားခဲ့တဲ့သူတွေအများကြီးပါ။
Mလုလင်
August 8, 2013 at 2:32 am
ပြောနေကျ အတိုင်းထပ်ပြောရရင် . . “ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲကဲ” ဇာတ်လမ်း တွေပါပဲ။ အခုလို “အဘ၊ အဖေကြီး၊ မယ်တော်၊ မမ၊ ကြီးမေ” ခောတ် ဖြစ်လာတာကလဲ . . အဲ့ဒီ့လို မယ်ဘော် တွေရဲ့ အခန်းကဏ္ဏက အဓိက ကျမယ် ထင်ပါတယ်။ အခုပိုစ့် လိုအဖြစ်အပျက် တွေက ခောတ်စနစ် တိုင်း မှာအုတ်မြစ်အဖြစ် ရှိနေမှာ သေချာပါတယ်။ ဆိုတော့ 2015 မှာ ဒေါ်အောင်ဆန်းဆုကြည် သမ္မတ ဖြစ်မှာ စိုးရိမ် နေကြတဲ့ သူတွေ ရှိကြတယ် . . ပညာတတ် လူတော်တော်များများ စိုးရိမ် နေကြတယ် ဆိုတာလေး . . . ပါ။ ကြံ့ခိုင်မာကျော တဲ့ နောက်လိုက်နောက်ပါ နည်းပါးတာရယ် နဲ့ အဲ့ဒီ့ ပါတီ အတွင်းမှာကို ပွင့်လင်းမြင်သာ မှု မရှိတာ အဓိက ပါ တွေးမိပါကြောင်း . . . ။
ပင်လယ်နှင့် တူသော ယောကျာ်းတစ်ယောက်
August 10, 2013 at 9:24 pm
ဝေမျှပေးလို ့…ကျေးဇူး ပါ…ဦးမျိုးရေ…