တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်း တောစပ်ရှိ အယူတော်မင်္ဂလာခြံသို့ မိန်းမ ကြီးတစ်ဥိး ရောက်ရှိလာလေ၏။ ထိုမိန်းမကြီးမှာ ၎င်း၏လင်ယောကျာ်းရှိစဉ်က အခြေနှင့်အနေနှင့် အကျအန နေထိုင်ခဲ့သော်လည်း ၎င်း၏ယောကျာ်းဆုံးပြီ တစ်နှစ်အတွင်း၌ပင် စီးပွားဥစ္စာများ ပျက်စီးသွားရ ရှာလေ၏။ ထိုမိန်းမကြီးသည် အသက်အားဖြင့် ကျွန်ုပ်ထက် နှစ်နှစ်ခန့်ငယ်သည်။ သူ၏အမည်မှာ ဒေါ်ဩဟူ၍ဖြစ်၏။ သူသည်ငယ်စဉ်က ကျွန်ုပ်နှင့် ကျောင်းနေဖက်လည်း ဖြစ်ခဲ့ဖူး၏။ ၎င်းဒေါ်ဩသည် မည်သည့်အရာကိုမျှ နှစ်နှစ်ကာကာ ယုံကြည်သည်ဟူ၍ မရှိပေ။ လူတော်တော်များများ ယုံလေ့ရှိသော နတ်များ၊ ဘိုးတော်များကို သူမယုံပေ။ ထို့အတူ ငယ်စဉ်အခါက ကလေးဘာဝ သရဲအကြောင်း ပြောလျှင်လည်း မည်သည့်အခါမျှ နားထောင်လေ့မရှိပေ။ ထိုအရာများကိုလည်း မယုံပေ။ ထိုအရာများကို ယုံကြည်လေ့ရှိသော ကျွန်ုပ်နှင့် မတွေ့ သည်မှာ နှစ်အတန် ကြာပြီဖြစ်၏။ […]